မအိ - မြန်မာရနံ့ကလေးကဗျာများ
တန်ခူးလ (April)
- ဧပရယ် သင်္ကြန် တန်ခူးလ
ပိတောက် ငုဝါ ပွင့်ဖူးစ
မြန်မာနှစ်ဆန်း သမယ
သင်္ကြန်မိုးနဲ့ မမ က။
- ပွဲတော်နွှဲပျော် ခေါင်းလျှော်မြဲ
သက်ကြီးရွယ်အို ပူဇော်ပွဲ
လူကြီးလူငယ် တူယှဉ်နွှဲ။
ရင်ထဲအသည်းထဲ ကြည်ကြည်လင်
မေတ္တာစိတ်ထားပွားကာပင်
ပရိတ်ရေစင် ပရိတ်ပန်း
ကရုဏာနှင့် လွှမ်းခြုံဖျန်း။
ဘေးမသန်းစေ မျှတမ်းဝေ
သတ္တဝါတွေ ရှင်ပါစေ
သင့်အသက်ကို တစ်ခါလွှတ်
ကိုယ့်အလှည့်ကျ ဆယ်ခါလွတ်
သားလွှတ် ငါးလွှတ် ဒါနဆွတ်။
ကဆုန်လ (May)
- လမြတ်ကဆုန် မေမှာကြုံ
မိုးဦးလေရူးတသုန်သုန်
မိုးသားကျူးပုံ တပ်လှန့်ပြ
မြေသင်းနံ့ ထုံ ကြိုင်တဲ့လ။
- ညောင်ပင်ဗောဓိ ခက်လက်ဖြာ
ပွဲတော်ချိန်ခါ လောင်းမည်သာ
သဗ္ဗညုတ ကျေးဇူးဆပ်
လူသားဗုဒ္ဓ လွန်ထူးမြတ်။
- ဂုဏ်ပြုအပ်ပေ တို့မေမေ
ခြေစုံဦးတိုက် ဦးခိုက်လေ
အမေများနေ့ ဆုံလာတွေ့
မွေးကျေးဇူးရှင် ဘယ်မမေ့။
- ကမ္ဘာ့အလုပ်သမားနေ့မဟာ
စံပြစံပြု သတ်မှတ်လာ
မေ ၁ ရက်မှာ နွှဲစို့လား
မြန်မာပြည်ဖွား တို့လုပ်သား။
နယုန်လ (June)
- ဇွန်လ နယုန် စာပြန်ပွဲ
သံဃာတော်များ အားထုတ်နွှဲ ၊
စွဲစွဲမြဲမြဲ ကျက်မှတ်ကာ
ပါဠိပါဌ်သား ကျမ်းဂန်လာ
ရေးပါ၊ ဖြေပါ ဘုန်းဘုရား
ဂုဏ်သရေတော် တိုးစေသား။
- ဖခင်များနေ့ ရောက်လို့လာ
ညွတ်တွားရင်မှာ မမေ့ပါ
အနန္တဂိုဏ်းဝင် ဖခင်အား
ဦးထိပ်ပန်ထား တို့ကိုးစား။
ကျောင်းအပ်နှံရေး နေ့သေချာ
ရွှေအိုးပညာ ရှေးရှုပါ
နောင်ချိန်ခါ တို့ကျောင်းသား
တိုင်းပြည်တာဝန် ထမ်းစို့လား။
ဝါဆိုလ (July)
ဇူလိုင်ဝါဆို မိုးစွတ်စို
အာဇာနည်နေ့ လွမ်းစိတ်ပို
တုယူကြိုးစား လူငယ့်အား
နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်များ။
လောကထွတ်ထား တရားရှင်
ဓမ္မစကြာ ခါတော်သဘင်
စဉ်လာဦးခိုက် မြိုက်ရေအေး
လူနတ်ဗြဟ္မာ တိုက်ခါကျွေး။
အမျိုးသမီးများ နေ့ထူးခါ
မိန်းမသားကို လေးစားပါ
ကမ္ဘာတစ်ခြမ်းကို ထမ်းပင့်ထား
ပုခက်လွှဲသူ ရွှေလက်များ။
ဝါခေါင်လ (August)
သြဂုတ်ဝါခေါင် ရေဖောင်ဖောင်
သပြေသီးမှည့် ကောက်ရအောင်
တောင်ခြေတောစပ် ရေဖွေးဖွေး
လယ်ကွင်းဆည်မြောင်း အားမာန်သွေး။
- မိတ်ဆွေများနေ့ မှတ်သားပါ
ဖော်သဟာအပေါင်းနဲ့ ပျော်ကြောင်းရှာ
ပညာဥစ္စာ ရှာဖွေ
နောက်နောင်ကာလ စိတ်ချရ။
ဝဿန်လရဲ့ နိမိတ်ပုံ
လျှပ်ပြက်မိုးသား သိုင်းကာခြုံ
သီးဝလံစုံ ဖြိုးကြွယ်ဝ
မိုးသည်းသည်းနဲ့ ချမ်းအေးလှ။
- လေထဲမိုးထဲ ကစားကာ
သားသားမီးမီး ကျောင်းကိုလာ
ခြိမ်းမယောင်ယောင် ဟန်ဆင်ပြ
ကောက်စိုက်သမတွေ ပျော်လွန်းလှ။
တော်သလင်းလ (September)
- တော်သလင်းလ စက်တင်ဘာ
လှေပွဲသဘင် ကျင်းပရာ
ခွန်အားညီညာ လုံ့လထား
အောင်ပွဲမှန်သရွေ့ တို့လက်ဖျား။
ဘိုးဘွားများနေ့ မမေ့ပါ
ထိခြင်းငါးပါး ကန်တော့မှာ
ဘာဝနာကို ဦးထိပ်ထား
ဒါနသီလ မေတ္တာပွား။
- ဝါတွင်းကာလ စောင့်ထိန်းတည်
ဘုရားရှင်ကျေးဇူး မြတ်ဂုဏ်ရည်
ဖွဲ့သီဟစ်ကြွေး ရနံ့မွှေး
သာဓုခေါ်သံ တအေးအေး ..... ။