Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မဟာဆွေ - အချစ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အချစ်
(၁)

          ဆရာဝန်နှင့် သူနာပြု ဆရာမတို့သည် တစ်ညလုံးလုံး မအိပ်မနေ ကြိုးစားကုသကြရာမှ လူနာသတိရကာ ညည်းသံထွက်လာသဖြင့် ဆရာမ သည် ဝမ်းသာသောအမူအရာနှင့်..

          “မခင်ချစ်. မခင်ချစ်” ဟု လူနာ၏နာမည်ကို အထပ်ထပ်ခေါ်လေ၏။

          “ရှင်” ဟု လေးလေးကြီးထူးကာ မျက်လုံးလှန်ကြည့်မှ ဆရာဝန်လည်း ကောင်းကောင်းစိတ်ချရပြီဟူသော အမူအရာနှင့် အောင့်ထားရသော အသက် ရှူခြင်းကို ပြင်းစွာ မှုတ်ထုတ်ရှူရှိုက်လေ၏။

          “ငါ့တူမကြီး... စိတ်ချရပြီကွယ့်၊ ဘာမှမပူနဲ့တော့” ဟု ဆရာမကြီး သည် ထပ်မံ အားပေးစကားပြောကြားလေ၏။ မခင်ချစ် ဆေးရုံရောက်စ ပထမ ၂ ရက်၌ကား အပြင်းဖျားရောဂါကြောင့် ကြံတောသို့ ပို့ရမလောက် ဖြစ်ခဲ့၏။ အပူဒီဂရီအားကြီးလွန်းသဖြင့် သန့်ရှင်းနက်မှောင် ရှည်လျားသော ဆံပင်များကိုပင် သီလရှင်လုပ်သူပမာ ဖြတ်ပစ်ခဲ့ကြရ၏။ မခင်ချစ်မှာ အသက် ၁၅ နှစ်မျှသာရှိသေးရာ သူ၏တစ်သက်တွင် ဤမျှပြင်းထန်သော ရောဂါမျိုး ကို ပထမအကြိမ် ခံစားရခြင်း ဖြစ်၏။

          လူများသည် မခင်ချစ်အကြောင်း မသိကြသော်လည်း သူ၏မိခင်ကား ထူးသောသမီးဟု ခင်လည်း ခင်၏။ ချစ်လည်း ချစ်၏။ နာမည်ကိုပင် “မခင်ချစ် ́ဟု မှည့်ခေါ်ခဲ့၏။ သူ့မိဘများသည် ရန်ကုန်နှင့် နေ့ချင်းပေါက်မြို့တစ်မြို့မှ ရန်ကုန်တွင် ကျောင်းအိပ်ကျောင်းစားအဖြစ် ပို့လွှတ်ကာ ပညာ သင်စေခဲ့၏။ ကျောင်းတွင်ဖျား၍ ကျောင်းဆရာဝန်နှင့် မတတ်နိုင်သဖြင့် ရန်ကုန်ဆေးရုံကြီး မိန်းမလူနာခန်းသို့ရောက်၍လာခြင်း ဖြစ်၏။

          မခင်ချစ်ကား အခြားကျောင်းသူကလေးများကဲ့သို့ ကျောင်းတွင် ထင်ပေါ်ကျော်စောခြင်း မရှိချေ။ သူသည် ပြေးပွဲ ခုန်ပွဲကိုသော်လည်းကောင်း၊ အခြားအပေါင်းအဖော်များနှင့် ဟီလားဟားလား နေခြင်းသော်လည်းကောင်း ရွံမုန်းစက်ဆုပ်၏။ သူကား မြန်မာကဗျာ လင်္ကာ၊ အင်္ဂလိပ်လင်္ကာများကို ဝါသနာပါ၏။ ပန်းသစ်ပင်တို့ကို နှစ်ခြိုက်၏။ အချိန်အားလျှင် ပန်းသစ်ပင် ကြား၌ သီချင်းကလေး တအေးအေးနှင့် နေတတ်၏။

          သူနာပြုဆရာမ၏အမည်ကား ဒေါ်ချန်မီ ဖြစ်၏။ အင်္ဂလိပ်စာတတ် ကုလားမဖြစ်၍ သူ၏ယောက်ျားမှာ ဘောင်းဘီဝတ် ဗိုလ်စိတ်ပေါက်နေသော ဆရာဝန် ဖြစ်၏။ သို့ရာတွင် ထိုဆရာဝန်သည် ဒေါ်ချန်မီအား စွန့်လွှတ်သွား ၏။ ဒေါ်ချန်မီမှာ မြန်မာစကားကို မြန်မာမများကဲ့သို့ ပြေပြစ်စွာ ပြောနိုင် ၍ လူနာ အပြုအစုကောင်း၏။ အသက် ၃၀ ကျော်ကလေးမျှ ရှိသေး၏။လောကဇာတ်ခုံ လူတို့ဘုံ၌ တွေ့ကြုံ ဖြစ်ပျက်တတ်သည်ကို နားလည်သူဖြစ် သည့်အတိုင်း မခင်ချစ်ကလေး သက်သာလာသောအခါ အဖြစ်သနစ်များကိုပြောပြလေ့ရှိ၏။ သူ့ယောက်ျားနှင့် စတင်ချစ်ကြိုက်ခဲ့ပုံမှ ကွဲကွာခဲ့သည်အထိ လည်း ပြောပြ၏။

          ဒေါ်ချန်မီသည် သူတို့ရည်းစားဘဝက သူ့ရည်းစားပေးဖူးသော လင်္ကာ တစ်ပုဒ်ကို ရွတ်ပြကာ မျက်နှာရှုံ့မဲ့ ခေါင်းယမ်းနေ၏။

          “ကျွန်မလည်း ကဗျာဝါသနာပါတယ် အန်တီရဲ့”

          ဒေါ်ချန်မီသည် မခင်ချစ်ကိုကြည့်ကာ သာ၍ မဲ့ရွဲ့သွားလေ၏။

          “အလကားပဲ တူမရယ်.. ဒင်းတို့ဟာ မရခင်သာ လျှာအရိုးမရှိတိုင်း စာတွေရေး၊ ဒီကဗျာလေးလိုပဲ ပြောတာ။ အန်တီကလည်း ငယ်ငယ်ရွယ်ရွယ် ရူးတုန်း မိုက်တုန်းဆိုတော့ ကြိုက်မိတာပေါ့ ။ ပျားများ ပန်းဝတ်ရည်ဝရင် ပျံသွားသလို ဒင်းလည်း အန်တီရဲ့ အရေအသား၊ အဆီအနှစ် စုတ်ပြီး မယားငယ်တစ်ယောက်နဲ့ ပျော်ပြန်တာပဲ”

          မခင်ချစ်သည် ခုတင်ပေါ်တွင် ခပ်စောင်းစောင်း ခေါင်းအုံးကို တံတောင်နှင့်ထောက်လျက် ထိုင်ရင်း နားထောင်နေရာက ပြတင်းပေါက်မှ တောင်ဘက် သို့မျှော်လှမ်းကာ သစ်ပင်များ၊ အမိုးနီနှင့် အဆောက်အဦများကို ငေးမော ကြည့်ရှုနေလေ၏။ မျက်နက်အိမ်နှင့်တကွ ကြည်လင်သော မျက်လုံးသည် အသားအရေ ရင်းစားပြန်ဖြစ်လျှင် မိန်းမချောတစ်ယောက်ဖြစ်မည့်အသွင်ကို ဆောင်လျက် ရှိ၏။

          “အန်တီယောက်ျားက စစချင်း ဘယ်လိုပြောသလဲ အန်တီရဲ့”

          “ချစ်ပြီးရင်း ချစ်ချင်ရင်း..... ချစ်ပြီးရင်း ချစ်ရင်း... ချစ်သမျှကို မြင်းမိုရ် ရွှေတောင်လုံးသာပလေး.. ဆိုသလိုပေါ့ အေ”

          ဤမျှ မြန်မာရည်လည်လိမ့်မည် မထင်သော မခင်ချစ်သည် ဖြူဖွေး သော သွားကလေးများပေါ်အောင် ပြုံးရယ်မိလေ၏။

          “ယောက်ျားတိုင်း ဒီလိုချည်းပဲ တူမရဲ့... သိလား”

          “အန်တီအပေါ် ဘာပြုလို့ စိတ်ပြောင်းသွားရတာလဲ”

          “အဟောင်းကိုပစ်ပြီး အသစ်ကိုလိုချင်တဲ့ သဘောပေါ့။ ကဲ ကဲ.. ငါ့တူမကြီး အိပ်ဦး... မွန်းလွဲရင် အိပ်ရမယ်လို့ ဆရာဝန် မှာထားတယ်”

          ဒေါ်ချန်မီသည် မခင်ချစ်အား အိပ်ရာနေရာပြင်ပေးလျက် စောင်ပါး ကလေး လွှမ်းခြုံပေးပြီး ထွက်ခွာသွားလေ၏။ မခင်ချစ်ကား အိပ်၍မပျော် ချေ။ သင်္ဘောဆေးစိမ်းပြာနု သုတ်ထားသော အမိုးမျက်နှာကြက်ကို ကြည့် လိုက်၊ ခုတင်အစွန်းမှ ကျော်ကာ ပြတင်းပေါက်နှင့် ကောင်းကင်ပြင်ကို ကြည့် လိုက် လုပ်နေ၏။ သူသည် အသက် ၁၅ နှစ်မျှ ရှိသေး၏။ လင်သားစကား တစ်ခါမျှ မကြားဖူးချေ။ စိတ်သဘောကောင်းသော်လည်း လင်ကို စိတ်နာ သော ဆရာမသည် ယောက်ျားတွေ စိတ်ပြောင်းလွဲတတ်ကြောင်းကို ပြောပြ လေ၏။ သူသည် အင်္ဂလိပ်ကပြားကျောင်းတွင် နေသူဖြစ်သဖြင့် အင်္ဂလိပ် ဝတ္ထုများကို ဖတ်ရှုဖူး၏။ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်မှာ သူ့အနှစ်ခြိုက် ဆုံး ဖြစ်၏။ သူကိုယ်တိုင်မှာ ဝမ်းနည်းပူဆွေးသော အရသာကို ခံစားရခြင်းမှာ စည်းစိမ်တစ်မျိုးဟု မှတ်ထင်ဟန် ရှိ၏။ ။

          မိန်းမနှင့် ယောက်ျား၊ တစ်ဦးနှင့်တစ်ဦး အသိအကျွမ်း မဟုတ်ဘဲ ချစ်ခင်တတ်ခြင်းကို သူ ယုံကြည်၏။ သူ၏ ကျောင်းနှင့် မလှမ်းမကမ်းတွင် ယောက်ျားကလေး ကျောင်းတစ်ကျောင်း ရှိ၏။ ထိုကျောင်းသားများနှင့်ကျောင်းသူ များ မကြာခဏ ရင်ဆိုင်တွေ့ကြရ၏။ ထိုမြောက်မြားစွာသော ကျောင်းသားထဲမှ အရပ်ရှည်ရှည် အသက် ၁၇ နှစ်ခန့် ကျောင်းသား တစ်ယောက်ကို မခင်ချစ် မျက်မှန်းတန်းမိ၏။ စိတ်ထဲက အလိုလိုချစ်နေ ၏ ။

          သူ ငါ့ကိုချစ်ရင် ဘယ်လောက်ဟန်ကျမလဲဟူသော ငယ်ရွယ်သူတို့ အတွေးသည် တစ်ဖက်သောသူငယ်၏ ရုပ်ရည်၊ အပြုအမူ၊ အသွားအလာ ကို ပါ ထပ်တလဲလဲ ပေါ်လာစေတော့၏။ မခင်ချစ်သည် အဘယ်ကြောင့် ထိုသူငယ်အား ချစ်ခင်နေမိသည်ကို သူကိုယ်တိုင် မသိချေ။ တွေးတောရင်းပင် ခဏမျှမှေးခနဲ အိပ်ပျော်သွား၏။ သို့ရာတွင် များစွာမကြာချေ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်တွင် ပြန်၍ နိုးလာ၏။ ထိုအခိုက် ဒေါ်ချန်မီလည်း လက်ဖက်ရည် နှင့် ပေါင်မုန့်နှစ်ခု ယူလာကာ ခုတင်ရှေ့ ခေါင်းရင်းဘက်ရှိ စားပွဲကလေး ပေါ်သို့ တင်ထားရင်း..

          “အိပ်ပျော်ရဲ့ လား မခင်ချစ်...” ဟု မေးလေ၏။

          “နည်းနည်းအိပ်ပျော်ပါရဲ့ အန်တီ” ဟုပြောကာ စောင်ပါးထဲမှ ကိုယ် ကလေးကို ကြုံပြီးလျှင် ခပ်စောင်းစောင်း ခေါင်းအုံးကို တံတောင်နှင့်မှီရင်း ထိုင်လေ၏။

          “ဒါထက် မခင်ချစ်လိုပဲ ကျောင်းက သူငယ်တစ်ယောက် အပြင်းဖျား လို့ ဆေးရုံရောက်လာတယ်။ ပူလိုက်တာ ချစ်ချစ်တောက်လို့...”

          ကျောင်းနာမည် ကြားလိုက်ရုံနှင့် မခင်ချစ်မှာ ရင်ကလေး ဖိုသွားကာ “အို” ဟု ဆိုမိလျက် “ဘယ်သူလဲ အန်တီ” ဟု မေးလေ၏။

          ဒေါ်ချန်မီသည် ကောင်းစွာ မသိချေ။ လက်ဖက်ရည်ပွဲကို ထိုးပေးရင်း “ကျောင်းက ခေါင်းဆောင်ကျောင်းသားလို့ ပြောတာပဲ။ အရပ်မြင့်မြင့်၊ ဗလ ကောင်းကောင်းနဲ့ အဲသည်ကျောင်းက သူငယ်ပဲတဲ့...”

          “သူ့နာမည်က ဘယ်သူတဲ့လဲ အန်တီ” မခင်ချစ်သည် လည်ပင်း ကလေး ဆန့်ထွက်လာကာ မေးမြန်းသော်လည်း ဒေါ်ချန်မီ မသိချေ။

          “ကဲ... ကဲ... လက်ဖက်ရည်သောက်၊ အေးကုန်ရင် မကောင်းဘူး”

          ဟုပြောကာ တံခါးပေါက်ဆီသို့ ပြန်ထွက်သွား၏။

          မခင်ချစ်ကား မျက်စိမှိန်းကာ စဉ်းစားနေ၏။ ထိုကျောင်းကမူကား

          ဤသူဖြစ်ရမည်ဟု မုချသိ၏။ တစ်ခါတစ်ရံ ကျောင်းနှစ်ကျောင်း ရင်ဆိုင်ကျော်လွန်သွားကြရာ အများထဲမှ ခေါင်းတစ်လုံးစား၍ လိုက်ပါလာသူကို မခင်ချစ် မှတ်မိ၏။ မခင်ချစ်၏ကိုယ်ကာယမှာ ပိန်ပိန်ပါးပါးဖြစ်သော်လည်း သူသည် သန်မာထွားကျိုင်းသူကို နှစ်သက်သဘောကျ၏။

          ထိုကျောင်းသားသည်လည်း တွေ့ဆုံတိုင်း မြောက်မြားစွာသော ကျောင်းသူကလေးအများထဲမှ မခင်ချစ် တစ်ဦးတည်းကိုသာ စူးစိုက်ကြည့်ရှု သွားတတ်၏။ မခင်ချစ်ကိုယ်တိုင်မှာလည်း ကျောင်းသားအများထဲမှ ထို သူငယ်ကိုသာ တိတ်တိတ်ခိုး မကြာခဏ ကြည့်မိ၏။ စက္ခုရူပေနသည် ရာဂပုတ္တံကို ကာလလရေကြည် တည်ခဲ့ကြပြီ ဖြစ်၏။

          မခင်ချစ်ကား မိမိကိုယ်တိုင် ပြေးပွဲခုန်ပွဲတွင် ဝါသနာမပါသော်လည်း ပြေးခုန်ပွဲတွင် ထူးချွန်သူများအား နှစ်သက်တတ်၏။ ထိုသူငယ်၏ အထက်တန်းကျောင်းကြီးသည် ကျောင်းပေါင်းစုံပြိုင်ပွဲ၌ ထိပ်တန်းကနေခဲ့ သော ကျောင်းဖြစ်၏။ စံချိန်ပေါင်းများစွာကို နှစ်စဉ်ချိုးခဲ့၏။ မခင်ချစ် စွဲလမ်း သော သူငယ်သည် ပြေးခုန်ပွဲ ၆ မျိုး ၇ မျိုးတွင် ပထမရသူဖြစ်၏။ ဘောလုံး၊ ကရိကက်၊ တင်းနစ် စသည်တို့တွင်လည်း နာမည်ထွက်စ ဖြစ်၏။ ရေကူး ပြိုင်ပွဲ၊ ၅ မိုင်ပြေးပွဲတွင်လည်း သူရှေ့က ဖြစ်၏။

          မခင်ချစ်မှာ အနာဟောင်းကို ဆွသကဲ့သို့ အချစ်အကြောင်း နားမလည် ဘဲ မျက်မှန်းတန်းမိနေသူတစ်ယောက် ဆေးရုံရောက်လာပြီဟု ကြားရခြင်း၊ ရောဂါမှာလည်း မိမိကဲ့သို့ အပြင်းဖျားခြင်းတို့ကြောင့် ဝေဒနာကို ဝေမျှခံစား လိုသောစိတ်များပင်လျှင် ပေါ်ပေါက်နေခဲ့၏။

          ညဘက်၌မူ မခင်ချစ်နှင့် ထိုသူငယ်ကိုပါ တစ်ဦးတည်းကုသရသော ဆရာဝန်ကို တွေ့လေ၏။ သို့ရာတွင် ဆရာဝန်သည် မည်သို့မျှမပြောချေ။ ဒေါ်ချန်မီသည် သူငယ်အကြောင်း ဂရုမစိုက်သကဲ့သို့ ဘာမျှမပြော။ မခင်ချစ် မှာလည်း ကိုယ်နှင့် ပိုင်ပိုင်နိုင်နိုင် သိကျွမ်းခြင်းမရှိသဖြင့် မမေးဝံ့နှင့်နေရာ ၂ ရက်လောက်ကြာမှ မခင်ချစ်ကိုကုသော ဆရာက သက်သာနေသော မခင်ချစ်ကို စမ်းသပ်ပြီး အင်္ဂလိပ်ဘာသာဖြင့်

          “မင်းတုန်းကတော့ သေရောမှတ်တာ၊ တို့ ဝီရိယကောင်းလို့ မင်း အသက်ရှင်လာတယ်။ မင်းလို ဖျားလာတဲ့ သူငယ်တစ်ယောက်ကတော့ သူ့ကျန်းမာရေး အစကတည်းက ခိုင်လုံပြီး ဘီလူးကြီးလိုအကောင်မို့ သိပ်မခံရ ပါဘူး။ ခဏနဲ့ သက်သာသွားတာပဲ”

          “ကျွန်မဖြင့် ကိုယ့်လိုဖျားလာတဲ့ လူတစ်ယောက် သက်သာတယ် ကြားတော့ သိပ်ကို ဝမ်းသာတာပဲ ဆရာရယ်”

          ဆရာဝန်သည် လှည့်ပြန်သွားမည်အလုပ် မခင်ချစ်က

           “ဒါထက် အဲဒီလူနာမည်က ဘယ်သူတဲ့လဲ...”

          ဆရာဝန်သည် သူ၏မျက်နှာကို ပခုံးပေါ်က လည်ပြန်ကြည့်ရင်း သနားကြင်နာသော

အမူအရာနှင့်...

          “သူ့နာမည်က မောင်ကျော်ဦးတဲ့ကွယ့်.. ဒီနှစ်ကောလိပ်ပြောင်းမလို့တဲ့”

          မခင်ချစ်မှာ မောင်ကျော်ဦးဟူသော အမည်ကို ကြားသိရသည်နှင့် တစ်ပြိုင်နက် သူ၏လူဖြစ်သည်ကို သေချာစွာ သိနေသဖြင့် မျက်နှာကလေး ပိုမိုကြည်လင်လာရှာလေ၏။ ရောဂါဝေဒနာမှာလည်း ရှေးကထက် ပိုမို သက်သာလာလေ၏။

          ဆရာဝန်ကား မောင်ကျော်ဦး၏အကြောင်း မခင်ချစ်အား ပြောသလို မောင်ကျော်ဦးအားလည်း မခင်ချစ်၏အကြောင်း ပြောပြလေ၏။

          “အေးကွယ်... မိန်းကလေးက နုနုနယ်နယ် ရုပ်ချောချော၊ အဖျားကြမ်း ကြီး ဝင်ဆောင့်လိုက်တော့ ကံကောင်းလို့ မသေရှာတယ်”

          “အနို့ သူကလေး အခု ဘယ့်နှယ်နေရှာသေးသလဲ ဆရာ”

          “အခုတော့ သေတွင်းက ထွက်ပါပြီ။ အားနည်းနေတာကို ဆက်လက် ကုသရဦးမှာပဲ။ သူကလည်း သူနဲ့ အဖျားချင်းတူတဲ့ မင့်အကြောင်း မေးရှာ တာပဲ” မောင်ကျော်ဦးကား မခင်ချစ် မသေနိုင်ဟု ကြားရသဖြင့် စိတ်ထဲ၌ အလိုလို ဝမ်းသာနေ၏။ ဆေးရုံအဆောက်အဦကြီးတစ်ခုတည်းတွင် နေကြ ရသော်လည်း အခန်းခြား၍ မမြင်မတွေ့နိုင်ကြချေ။ မခင်ချစ်ဆိုသူကလေး မှာ မည်သူဟူ၍ မောင်ကျော်ဦး စဉ်းစားမရချေ။ မခင်ချစ်၏မျက်နှာကလေး ပြုံးပြုံးနှင့်နေတတ်သူဟူ၍ ကျောင်းသားများ ပြောပြဖူးသည်ဟုဆိုသော်လည်း ရိုစီခင်ချစ်ကို မျက်နှာပုံပန်း ဖမ်း၍ မရပေ။ မောင်ကျော်ဦးသည် ခုတင် ခေါင်းရင်းဘက် စားပွဲငယ်ဘေးတွင် ချိတ်ဆွဲထားသော ပစ္စည်းထည့်စရာလွယ်အိတ်တစ်ခု ရှိ၏။ ထိုလွယ်အိတ်ထဲမှ လက်တစ်ဝါးခန့်နှင့် အရှည် တစ်မိုက် ခန့်ရှိသော ချောကလက်သေတ္တာတစ်ခုကို ထုတ်ယူကာ..

          “ဒါကလေး သူ့ကို ပေးပေးပါလား ဆရာရယ်... ကျွန်တော့်ကို ကိုယ်ချင်းစာတဲ့အတွက် ကျွန်တော်ကလည်း ဒါလေးလက်ဆောင်ပေးတယ် လို့ ပြောပေးပါလားခင်ဗျာ”

          “အေး... မင်းပေးစေချင်ရင် ပေးလိုက်ရတာပေါ့ ”

          ဆရာဝန်သည် ချောကလက်သေတ္တာကိုယူကာ ဆေးရုံကြီး ၃ ထပ်မှ ၂ ထပ်ခန်းသို့ ဆင်းသွားလေ၏။ မခင်ချစ်အား အပြင်းဖျားနေသော သူငယ် မောင်ကျော်ဦးက ပေးလိုက်ကြောင်းပြောကာ ချောကလက်သေတ္တာကို မခင်ချစ်၏လက်ထဲသို့ ထည့်လိုက်လေ၏။ မခင်ချစ်သည် ချောကလက် သေတ္တာကလေးကို လှမ်းယူလိုက်ကာ ဝမ်းမြောက်ကြည်သာသော အမူအရာ ကို ဖော်ပြလျက် ရှိလေ၏။

          “မင်း... မောင်ကျော်ဦးကို သိသလား”

          “သိတော့ မသိပါဘူး။ သူနဲ့တော့ ခဏခဏ ရင်ဆိုင်တွေ့ ဖူးတာပဲ။ ဒါပေမဲ့ စကားမပြောဖူးဘူး”

          ဆရာဝန်ကား တစ်ဦးနှင့် တစ်ဦး မေတ္တာကူးစက်ပုံကို စဉ်းစားနေဟန် ရှိလေ၏။

          မောင်ကျော်ဦး၏ရောဂါကား တနင်္ဂနွေတစ်ပတ်မတိုင်မီ ကောင်းစွာ ပျောက်ကင်းသွားလေ၏။ ဆေးရုံမှဆင်းမည့်နေ့၌ မိတ်ဆွေသင်္ဂဟနှင့် မိဘ များ လာရောက်ကြိုဆိုကြ၏။ ဆေးရုံအဝတ် အပြာစင်းဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီတို့ကိုချွတ်ကာ အိမ်က အဝတ်အစားများဖြင့် လဲလှယ်လိုက်လေ၏။ လူချောတစ်ယောက် မဟုတ်သော်လည်း မေးရိုးအနည်းငယ်ကြီးသည်မှအပ မျက်လုံးမျက်ခုံးပြေပြစ်၍ ကြည့်ကောင်းသူလေး ဖြစ်၏။ ၎င်းတို့လူသိုက် သည် ဆရာဝန်များ၊ ဆရာမများကို နှုတ်ဆက်ပြီး ဂျာရူးဝါလားနှင့် ဆေးရုံ အစေခံများကို တစ်မျိုးတစ်မတ်စီ ကုသိုလ်ပြုပြီးနောက် အောက်ထပ်သို့ ဆင်းလာကြလေ၏။ ထိုအချိန်ကား ဆေးရုံတွင် အပြင်လူများဝင်ခွင့်ပြုသော ၅ နာရီအချိန် ဖြစ်လေ၏။

          မောင်ကျော်ဦးသည် မိဘနှင့် အဖော်များ အောက်ကစောင့်နေကြရန်ပြောဆိုလွှတ်လိုက်ပြီးလျှင် မိန်းမလူနာအခန်းသို့ ဝင်ရောက်လာလေ၏။ ခုတင်ပေါ်တွင် အသီးသီးလဲလျောင်းနေသော မိန်းမလူနာများကို ကြည့်ရှုရာမှ ချောကလက်သေတ္တာကလေး မြှောက်ကိုင်နေသူကို မြင်ရသဖြင့် အနားသို့သွား ကာ အရဲစွန့်လျက်... ။

          “မခင်ချစ်” ဟု ခေါ်လိုက်လေ၏။ မခင်ချစ်သည် မောင်ကျော်ဦးကို မော့ကြည့်၏။ ကျန်းမာရွှင်လန်းပုံရသော မောင်ကျော်ဦး၏ မျက်နှာကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်ရှုရာ အဝတ်သစ်များနှင့် တွေ့ရသဖြင်...

          “ကိုကျော်ဦး... ကနေ့ဆင်းတော့မလား” ဟု လွှတ်ခနဲ နာမည်ကို ခေါ်ကာ မေးလိုက်ရှာလေ၏။

          “ဟုတ်တယ်... ကနေ့ဆင်းမလို့ပဲ။ အခု လာနှုတ်ဆက်တာ...”

          မောင်ကျော်ဦးသည် ယခုမှ ရိုစီခင်ချစ်ကို ကောင်းစွာ သိရှိတော့၏။ ကျောင်းနီးချင်းဖြစ်ကာ တိတ်တိတ်ခိုးကြည့်ရာမှ မျက်နှာချင်းဆုံသူမှာ မခင်ချစ်ဟု ကောင်းစွာ မှတ်မိ၏။ မယ်သီလရှင်လူထွက်ပမာ ဆံပင် လက် ၄ လုံးခန့်နှင့် ဦးခေါင်းအဆင်းပျက်သော်လည်း မျက်လုံး၊ နှုတ်ခမ်း၊ ပါးပြင် ကလေးကား အဆင်းမပျက်ရှာသေးပေ။

          “ကျွန်မလည်း ကနေ့ဆင်းရမလား မသိဘူး။ အတော်ကြာသွားပြီ ရှင့်”

          “အခုလို ကျန်းမာလာတာ သိပ်ဝမ်းသာတာပဲ။ အောက်မှာလည်း အဖော်တွေ စောင့်နေတယ်။ သွားတော့မယ်နော်.. မခင်ချစ်” ။

          မောင်ကျော်ဦးသည် ယုယကြင်နာစွာ ကရုဏာမိုးရွာသော အသွင်ဖြင့် ကြည့်ရှုရင်း နှုတ်ဆက်လေရာ မခင်ချစ်မှာ ဝမ်းနည်းလွန်းသဖြင့် ခေါင်းညိတ် ရုံသာ ညိတ်ပြလိုက်ရှာ၏။ မောင်ကျော်ဦး၏ ဘလေဇာ နက်ပြာရောင်

          နောက်ကျောပြင်ကြီးကို လှမ်းမျှော်ကြည့်ရှုရင်း ကျန်ခဲ့ရာမှ ကွယ်ပျောက်သွား သည်နှင့် တစ်ပြိုင်နက် မျက်ရည်များ တသွင်သွင် စီးဆင်းလာရှာလေ၏။ ချောကလက်သေတ္တာအခွံကလေးသည် မခင်ချစ်အား ဝမ်းနည်းသလို ကြည့်ရှု နေဟန် ရှိ၏။

          မကြာမီ မခင်ချစ်၏ မိဘများနှင့် ဒေါ်ချန်မီ ရောက်ရှိလာကြ၏။

          “ကဲ.. သမီး၊ ကနေ့ဆင်းဖို့ ပြောထားတယ်။ အဝတ်များလဲပေတော့”

          ဟု မခင်ချစ်၏ လုံချည် အကျီစသည်တို့ကို ထုတ်ပေးလေ၏။ မခင်ချစ်ကား မောင်ကျော်ဦးသာ ဆေးရုံတွင် ရှိနေသေးက ဆင်းချင်မည် မဟုတ်ချေ။ ယခုမူကား ဆေးရုံကြီးတစ်ခုလုံး ခြောက်ကပ်ကပ်ဖြစ်နေသည်ဟု ထင်မှတ်နေ ၏။ အဝတ်အစားများကိုယူကာ ရေချိုးခန်းသို့သွား၍ လဲလှယ်လေ၏။ ပြန်လာသောအခါ ဒေါ်ချန်မီသည် မျက်ရည်ဝိုင်းလျက်... ။

          “အန်တီဆီ စာ ခဏခဏထည့်နော် မခင်ချစ်...”

          ဟုဆိုရာ မခင်ချစ် မှာ ဒေါ်ချန်မီကို လွမ်းလှ၍မဟုတ်၊ မောင်ကျော်ဦး နှုတ်ဆက်ထွက်ခွာသွား သည်ကို ဝမ်းနည်းမပြေသေးသဖြင့် မျက်ရည်ပြန်ဝိုင်းလာ၏။ “ဟုတ်ကဲ့ အန်တီ” ဟုဆိုကာ ဆေးရုံကြီးနှစ်ထပ်မှ မိဘများနှင့်အတူ ဆင်းသက်လာခဲ့ ကြလေ၏။

          မခင်ချစ်၏မိဘများကား မခင်ချစ်ကို မိမိတို့မြို့သို့ ခေါ်ဆောင်သွား လေ၏။ မခင်ချစ်မှာ ရောဂါပျောက်ကင်းသော်လည်း အားအင်သန်စွမ်းခြင်း မရှိချေ။ ကျောင်းဆက်ထားရန် မဖြစ်နိုင်တော့ဟု သဘောရကြကာ အိမ်တွင် နေစေ၏။ ထင်သည့်အတိုင်းလည်း အသက်ကြီးပြင်းလာရာ၌ ပိန်ပိန်ပါးပါး ဖျော့တော့သော မိန်းမပျိုတစ်ယောက် ဖြစ်နေရှာ၏။ အိမ်၌ စာအုပ်ကိုအဖော် ပြုကာ အချိန်ကုန်ခဲ့ရှာ၏။ မောင်ကျော်ဦး၏ အကြောင်းကိုကား သူ မကြား၊ မသိရရှာတော့ချေ။

          ရက် လစား၊ လ နှစ်စားဖြင့် အချိန်ကုန်မှန်းမသိ ကုန်ခဲ့လေ၏။ တစ်နေ့သ၌ကား မခင်ချစ်တို့မိဘနေအိမ်သို့ လူရွယ်တစ်ယောက် ရောက်လာ ၏။ ထိုလူရွယ်ကား မခင်ချစ်၏ညီမနှင့် ချစ်ခင်နေသူဖြစ်၍ မိဘကလည်း သဘောတူသူဖြစ်၏။ ထိုလူရွယ် ဧည့်ခန်းတွင်ထိုင်နေရာသို့ လျှောက်သွား လျက်...

          “ဒါထက် ကိုသိန်းထွန်းတို့ကောလိပ်မှာ ကိုကျော်ဦးဆိုတဲ့ လူ တစ်ယောက် မရှိဘူးလား၊ သူ့ကို မသိဘူးလား”

          သိန်းထွန်းသည် စိတ်အားထက်သန်စွာ မေးမြန်းလာသော မခင်ချစ် ၏ အမူအရာကို အံ့သြစွာကြည့်ရင်း...

          “ဘောသမား လူကြမ်း လူရှည် ကိုကျော်ဦးလား... လူချင်းတော့ မသိဘူး မခင်ချစ်။ ဒါပေမဲ့ သူ့ကို ကျောင်းသားတိုင်း သိကြတယ်”

          “ဟုတ်ပြီ.. ဟုတ်ပြီ။ သူပါပဲ။ သူလိုလူ သူတစ်ယောက်ပဲ ရှိမှာပါပဲ” “မခင်ချစ်နဲ့ ဘယ်မှာသိဖူးလို့လဲ... မိတ်ဆွေလား” “မသိပါဘူး.. မိတ်ဆွေလည်း မဟုတ်ပါဘူး။ တစ်ခါနှစ်ခါ မြင်ဖူးတာပါ”

          မခင်ချစ်သည် သူ၏စကားကို သူ၏နားက လက်ခံချင်ဟန်မတူချေ။ သူစိမ်းပြင်ပြင်အနေနှင့် ပြောလိုက်ရသည်ကိုပင် ရင်လေးသွားရှာလေ၏။

          မောင်ကျော်ဦး ၁၇ နှစ်သား၊ မခင်ချစ် ၁၅ နှစ်သမီးအချိန် စိတ်ကူး ယဉ်စဉ်က ယနေ့ အချိန်အထိ တွက်ချက်လျှင် လပေါင်း ၃၀ ကျော်ခဲ့ပြီ ဖြစ်၏။ မခင်ချစ်သည် သူ၏စိတ်တွင် မောင်ကျော်ဦးကို မမေ့ချေ။ ထိုအခိုက် မခင်ချစ်၏ညီမ မတင်မြ ရောက်လာသဖြင့် လူငယ်ရေးတွင် ဝင်မစွက်လိုသော သဘောနှင့် မခင်ချစ် ရှောင်ထွက်သွား၏။

          “မြရဲ့ အစ်မကတော့ တော်တော်ဆန်းတဲ့ မိန်းမပဲ။ သူ ကိုကျော်ဦးကို အရေးတကြီးမေးပြီး သူနဲ့လည်း တကယ်မသိဘူးတဲ့... မြကော သိသလား”

          မတင်မြသည် “ဟင့်အင်း” ဟုဆိုကာ ခေါင်းကလေးယမ်းပြရင်း “မမက လူတစ်မျိုး ကိုကိုရဲ့.. သူ့စိတ်ထဲက တစ်ခုခုကိုစွဲလမ်းနေရင် ဘယ်တော့မှမမေ့ဘူး။ ဒီလူကို သူကြိုက်တာ တစ်ခုရှိလိမ့်မယ်” ။

          “sportsman ပဲလေ... နာမည်ကျော်ပေါ့”

          “ ဒါကြောင့် သူမှတ်သားထားပြီး မေးတာ ဖြစ်ပါလိမ့်မယ်”

          မောင်သိန်းထွန်းကား ထိုစကားကို ဖြတ်ပြီးနောက် ချစ်သူတို့ဘာဝ ချစ်တင်းစကားပြောဆိုကာ အချိန်ကုန်မှ နှုတ်ဆက်ထွက်ခွာသွားလေ၏။

          မခင်ချစ် ၁၉ နှစ်အရွယ်၌ မိခင်ကြီးဆုံးသဖြင့် အပူတစ်ခု တိုးလာ ပြန်၏။ ဖခင်ကြီးနှင့် ညီအစ်မ ၂ ယောက် ဥမကွဲ သိုက်မပျက်နေကြရာမှ မတင်မြသည် မောင်သိန်းထွန်းနှင့် လက်ထပ်ရန် အရေးပေါ်ပေါက်လာပြန်လေ၏။ လက်ထပ်အခမ်းအနားတွင် ဝတ်စားရန်အတွက် အဝတ်အစားများ ကိုလည်း မခင်ချစ်ကိုယ်တိုင် ကူညီဝယ်ခြမ်းပေးရလေ၏။

          “မဟုတ်လည်း မြ လက်ထပ်တော့မှာပဲ။ ဒါပေမဲ့ မမ သိချင်တာက မြနဲ့ ကိုသိန်းထွန်းတို့ဟာ တကယ်ချစ်ကြရဲ့လား..... မြ သူ့ကို တကယ်ချစ်ရဲ့လား။ ကိုသိန်းထွန်းလာတိုင်း မြ လက်ခံစကားပြောတာ မြင်ရပေမဲ့ မြရဲ့ အမူ အရာက နှစ်နှစ်ကာကာ ရှိပုံမရလို့ မမ မေးကြည့်တာပါ”

          “ချစ်တော့ ချစ်တာပဲ... ဒါပေမဲ့ သေရမလောက် အချစ်မျိုးတော့ မရှိဘူး။ နို့ပေမဲ့ မေမေရှိကတည်းက သဘောတူလာတာ မမလည်း သိသား နဲ့။ သူ့မှာ လူပျိုစစ်၊ မိကောင်းဖခင်သား၊ ကောလိပ်ကျောင်းထွက်ဆိုတော့ မြ ဘာငြင်းစရာရှိသလဲ မမရဲ့.. တစ်နေ့ ပျော်လာရမှာပေါ့”

          မခင်ချစ်ကား ဤကဲ့သို့ နှစ်နှစ်ကာကာ မရှိလှဘဲ နောင်တော့ ပျော် လိမ့်မည်အထင်နှင့် အိမ်ထောင်ပြုခြင်းကို လုံးဝ မနှစ်သက်ချေ။ အစီအစဉ် များ လည်း ပြုလုပ်ပြီးပြီဖြစ်၍ ဖျက်ဆီးရန်လည်း မကောင်း၊ မတင်မြသည် သူ၏အမှားကို တစ်နေ့တွင် တွေ့လိမ့်မည်ဟု ထင်မိ၏။ မတွေ့ခင်က တားမြစ်ခြင်းသည်လည်း အကြောင်းပြခိုင်လုံမည် မဟုတ်သဖြင့် လက်ထပ်ပွဲ မြန်မြန်ပြီးပါစေဟု ဆုတောင်းလေ၏။ သိန်းထွန်းကား မခင်ချစ် အမူအရာကို ကြည့်ရှုပြီး နောက် မာနကြီးတဲ့မိန်းမတစ်ယောက်၊

          ဒါကြောင့် အပျိုကြီးဖြစ် တာပဲဟု အသက် ၂၁ နှစ်မျှရှိသေးသော မခင်ချစ်အား အပျိုဟိုင်းနှင့် နှိုင်းယှဉ်ကာ သူ့ချစ်သူ မတင်မြအား ပြောပြလေ့ရှိ၏။

          မကြာမီ မတင်မြနှင့် မောင်သိန်းထွန်းတို့ လက်ထပ်ရန် ရက်နီးကပ် လာလေ၏။ လက်ထပ်ပွဲမှာ ကြီးကြီးကျယ်ကျယ် မဟုတ်။ မတင်မြတို့မြို့ တွင်ပင် မိန်းကလေးအိမ်၌ လက်ခံရမည်ဖြစ်သည့်အတိုင်း လူ ၃-၄ဝဝ အထိ ဖိတ်ခံထားပြီး ဖြစ်၏။ ၅ ခန်း ၄ ပင် ပျဉ်ထောင်၊ သွပ်မိုး၊ ၂ ထပ်အိမ်ကြီး ၏ ရှေ့ဝင်းထဲတွင် လူ ၅ဝဝ မှ ၆ဝဝ ခန့်ဆံ့သော မဏ္ဍပ်အလတ်စားတစ်ခု ထိုးထား၏။ မောင်သိန်းထွန်းနှင့် ရင်းနှီးသော မိတ်ဆွေများသည်လည်း လက်မထပ်ခင် တစ်ရက်၊ နှစ်ရက်က မတင်မြတို့မြို့သို့ ရောက်ရှိလာရာ မောင်သိန်းထွန်းမှာ ရက်တစ်ပတ်ခန့် တင်ကူးလာသူ ဖြစ်၏။

          ထိုမိတ်ဆွေများအနက် မောင်မင်းအောင်ဆိုသူကား မောင်သိန်းထွန်း နှင့် ရင်းနှီးချစ်ခင်သူဖြစ်သဖြင့် ၂ ရက်ခန့် တင်ကူးရောက်ရှိလာလေ၏။ မခင်ချစ်ကား မောင်ကျော်ဦးနှင့် မောင်သိန်းထွန်း ကျောင်းနေဖက်ချင်းဖြစ် သဖြင့် လာလေမလားဟု မျှော်လင့်မိ၏။ မောင်သိန်းထွန်းက လူချင်း မသိကျွမ်းဆိုသဖြင့်လည်း လာမှာမဟုတ်ပါဘူးလေဟု အားငယ်မိရှာ၏။

          မောင်မင်းအောင်မှာ မောင်သိန်းထွန်းနှင့်သာမဟုတ်၊ မောင်ကျော်ဦးနှင့်လည်း ရင်းနှီးသည်ဟု မတင်မြက မောင်သိန်းထွန်းဆီက စကားအတိုင်း တစ်ဆင့် ပြောပြသဖြင့် မခင်ချစ်မှာ အိမ်ခံလူလည်း ဖြစ်သည်ကတစ်ကြောင်းကြောင့် မောင်မင်းအောင်အား ဖော်ရွေစွာ ပြုစုလေ၏။ မောင်မင်းအောင်ကား မောင်သိန်းထွန်းနှင့်ရင်းနှီး၍ အစ်ကိုကြီးဟု အကြိမ်ပေါင်းများစွာ ပြုံးရယ် ခေါ်ငင်မိသော်လည်း မခင်ချစ်ရှေ့၌ ကောလိပ်ကျောင်းထွက်ပီပီ ဣန္ဒြေရရနှင့် နေထိုင်လေ၏။ သူ၏မျက်လုံးများကား မခင်ချစ်ကို စွဲလမ်းချစ်ခင်နေပုံရ ၏ ။

          တစ်ညအိပ်မျှကြာသောအခါ မောင်မင်းအောင်နှင့် မခင်ချစ်သည် ပြောရဲ ဆိုရဲ ဖြစ်လာလေ၏။ မခင်ချစ်၏အမူအရာကား အမြဲကြည်လင်သော် လည်း ရင့်သောဣန္ဒြေကို မျက်လုံးက သက်သေခံလျက် ရှိ၏။ သို့ရာတွင် မောင်မင်းအောင်ကိုကား ဖော်ဖော်ရွေရွေ ပြောဆိုလေ့ရှိ၏။ မောင်မင်းအောင် ၏စိတ်၌ တစ်ဦးမေတ္တာ တစ်ဦးမှာဟူသကဲ့သို့ မိမိက မေတ္တာထား၍ မခင်ချစ် ကလည်း မိမိအပေါ် မေတ္တာတုံ့ပြန်သည်ဟု မှတ်ထင်ဟန်ရှိ၏။ အမှန်ကား မခင်ချစ်မှာ မောင်မင်းအောင်သည် မောင်ကျော်ဦးနှင့် ရင်းနှီးသူဟု ကြားသိရ သဖြင့် ပိုမိုဂရုစိုက်ခြင်းမျှ ဖြစ်၏။

          လက်မထပ်ခင် ညနေခင်း၌ မခင်ချစ်သည် ဧည့်သည်များထိုင်သော စားပွဲတစ်ခုပေါ်မှ တစ်စုံတစ်ရာသည် လေတိုက်၍ လှုပ်ရှားနေ၏။ ဘာပါလိမ့် ဟု သိလိုသောဇောနှင့် သွားရောက်ကြည့်ရှုရာ ကျန်းမာရေးမဂ္ဂဇင်းစာအုပ် ဖြစ်နေ၏။ အဖုံးတွင် မင်းအောင်ဟု အင်္ဂလိပ်စာနှင့် နာမည်ရေးထား၏။ မခင်ချစ်သည် စာအုပ်ကို တောင်လှန်၊ မြောက်လှန် ကြည့်ရှုနေရာမှ တစ်စုံ တစ်ရာကို တွေ့ရသဖြင့် အံ့အားသင့်နေလေ၏။

          ထိုအရာကား အခြားမဟုတ်၊ ပြေးခုန်ပွဲချန်ပီယံ မောင်ကျော်ဦးဟု စာတန်းထိုးလျက် ကြွေရောင်စက္ကူတွင် ပီသပြတ်သားစွာ ရိုက်နှက်ထားသော မောင်ကျော်ဦးပုံ ဖြစ်နေလေ၏။ မောင်ကျော်ဦးကား လွန်ခဲ့သည့် ၅ နှစ်က မောင်ကျော်ဦးကဲ့သို့ နုပျိုခြင်းမရှိ၊ အနည်းငယ် အသက်ကြီးနေ၏။ သို့ရာ တွင် လေးထောင့်မေးရိုး၊ စူးရှပြူးကျယ်သော မျက်လုံး၊ နဖူးကျယ်နှင့် နားရွက် ကား ကြီးကိုကား မခင်ချစ် မမေ့နိုင်ချေ။