Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

မဟာဆွေ - ဘိုးဝဇီရ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
ပထမပိုင်း
ဘိုးဝဇီရအား စုံစမ်းရှာဖွေပုံ

          “တို့ကျောင်းတော်က စိန်ပန်းတော၊ အပျိုလေးတွေ လက်နှင့် ခေါလို့ ရွှေမုမှာတင်” ဟု ဋ္ဌော ကာရန်ကိုငဲ့၍ ခူး ကို ခေါ်လို့ ရေးသောစာမျိုး၊ “ကဗျာလွှတ်ကသုတ်ကြောင်နှစ်ကောင်ထိုင်တဲ့ ရာဇဝတ်အုပ် မောင်မောင်ဆိုင်” စသည်ဖြင့် အသီးအသီးစပ်ဆိုကြသော စာပြောင် စာပြက်များမှ အရှင်မဟာ ရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ ရှင်အဂ္ဂသမာဓိ၊ နဝဒေးကြီး၊ ရှင်သံခို၊လှော်ကား သုံးထောင်မှူး၊ တွင်းသင်းမင်းကြီး၊ ရှင်ထွေး၊ ရှင်မင်း။ မြကလေး၊ ခင်ဆုံ စသော ရဟန်း-လူ-မိန်းမ-ပညာရှိ အသီး အသီးတို့ စပ်ဆိုကြသော ကဗျာလင်္ကာကောင်းများအထိ ရှာဖွေစုဆောင်းမှတ်သား နာယူလေ့ရှိသော အကျွန်ုပ်မှာ မိတ်ဆွေအယ်ဒီတာတစ်ဦးထံမှ ဘုရင့် အယ်ဒီတာ ရှေးသတင်းစာ ဆရာကြီးတစ်ဦး စစ်ကိုင်းမြို့ စီရင်စု ဆားတောင်မ- ငါးရွာတွင်ဖြစ်စေ၊ကျောက်ပ နံရွာတွင်ဖြစ်စေ ရှိပါလိမ့်မည်။ သွားရောက်စုံစမ်း၍ အဆိုပါ ပုဂ္ဂိုလ်ကြီး၏ အတ္ထုပ္ပတ္တိအကျယ်နှင့် မြန်မာဘုရင် လက်ထက်က ရေးသား သော ဆောင်းပါးများစုဆောင်းပြီး စာတစ်အုပ်ရိုက်ထုတ်ရန် အကြောင်းဖြင့်တောင်းပန်စာတစ်စောင်ကို ရသည်နှင့်တစ်ပြိုင်နက် ဝမ်းမြောက်ဝမ်းသာစွာ လူလာတိုင်း မေးမြန်းစုံစမ်းနေရာ ဝက်လက်နယ် ပင်းစင်းရွာ-အငြိမ်းစား ရာဇဝတ်အုပ်မင်း ဦးပေါထယ်နှင့် တွေ့သောအခါကျမှ ဆားတောင်မ-ငါးရွာ တွင် “ဦးဝဇီရ ́ အမည်ရှိသော အဘိုးကြီးတစ်ယောက်ရှိကြောင်း၊ လောကီလောကုတ် အဟုတ်တတ်စွမ်း၍ ကျမ်းဂန်နှံ့စပ်ကြောင်း၊ ဗဟုသုတအလွန် လျှင် များပြားကြောင်း စသည့် သဲလွန်စကို ရရှိပါတော့သည်။

          ၁၂၉၄ ခု၊ ကဆုန်လဆန်း ၁၁ ရက်၊ (၁၅-၅-၃၂) ဝက်လက်မြို့ တောင်ဘက်၊ ဗိုလ်တဲကြီးဘေးက အနောက်စူးစူးသို့ စကားတပြောပြောနှင့် စက်ဘီးစီးနင်းကာ သွားရောက်ကြသော လူရွယ်သုံးဦးကား ကျွန်ုပ်နှင့်တကွ အဖော် ကိုသိန်းမောင်နှင့် ကိုစိန်မောင်တို့ ဖြစ်ပေ၏။ ကျွန်ုပ်မှာ ဒေသန္တရ ခရီး ထွက်ရာ၌ အလွန်ဝါသနာပါသူဖြစ်သည့်အတိုင်း ပျော်ရွှင်စွာ ထွက်ခဲ့ရာ ခေါတောရွာသို့ ရောက်သောအခါ နောင်တော်ကြီးလက်ထက် နောင်တော် ကြီးနှင့် နပန်းလုံးကြသော ခေါတောရွာသား၊ သခွာယာခင်းရှင်တစ်ယောက် အကြောင်းကို အမှတ်ရမိပါကြောင်း၊ ထိုအလွန် တစ်မိုင်ခန့် စက်ဘီးစီးပြီး တစ်ဖန် လမ်းကြမ်းပြန်သဖြင့် မိုင်ဝက်ခန့် သဲလမ်းတွင် စက်ဘီးကိုတွန်းကြ လျက်လာကြရာ မကြာမီ မန်ကျည်းသုံးပင်စခန်းသို့ရောက်ပါကြောင်း။ ထိုကမှ လက်ဖက်ရေကြမ်းများသောက်၊ ရေမိုးချိုးပြီး အကြော်သည် မိန်းမကြီး ၏ ‘ကျက်ကောင်း ကြိုးမလွတ်” ဟူသော စကားပုံတစ်ခု၊ ခရီးစဉ်နှင့် မဆိုင် သော်လည်း မှတ်သားကာ ထွက်ခဲ့ကြရာ တစ်မိုင်ခန့်တွန်း၍ သွားကြရပြန် ၏။ ထို့နောက် တစ်မိုင်ခန့်စက်ဘီးစီးပြီး ပင်းတာရိုးသို့ရောက်လျှင် မူးမြောင်း ဘေးတစ်လျှောက်မှ ညက်ညောစွာ စီးနင်းလျက် ခရီးပြင်းနှင်ခဲ့ရာ ပင်ပန်း သည့်သဘောကို မည်သူမျှ မစောမိကြသေးချေ။ နေမင်းသည်ကား မွန်းတည့် ဘက်သို့ မြင့်တက်လျက်ရှိစဉ် သရက်ကြီးရွာသို့ရောက်ရှိ၊ ထိုရွာကမှတစ်ဖန် စစ်ကိုင်းမှ ရွှေဘိုသွား ကားလမ်းဘက်သို့ ဖြတ်သွားပြီး ဘုရားပြန်ပြွန်ဦးသို့ရောက်သောအခါ ခေတ္တနားနေကြပါကြောင်း။ ခရီးမှာ ၈ မိုင်ခန့်ပေါက်ခဲ့၍ အချိန်ကား ၁၀ နာရီခွဲခန့်ရှိရာ ဆားတောင်သို့သွားရန် ၈ မိုင်ခန့်သာလိုတော့ သဖြင့် ကျောက်လမ်းဖြစ်၍ ခဏနှင့်ရောက်မည်ဟု အောက်မေ့ကြ၏။ သို့ရာ တွင် လေမင်းသည် ကျွန်ုပ်တို့အား အငြိုးထားသကဲ့သို့ တောင်အရပ်မှ ကျွန်ုပ်တို့ဆီသို့ ပက်ပင်းပါ တိုက်ခတ်လျက်ရှိရာ နေမင်းသည်လည်း မြူတိမ် ကင်းလျက် အစွမ်းကုန်ပူပြင်းကာ မွန်းတည့်ချိန်သို့ချဉ်းကပ်လျက် ရှိ၏။ ဝတ်ခဲ့သော အင်္ကျီသုံးထပ်လုံး ချွေးစိုလျက် တံခါးကျည်းလျှိုသလို စက်ဘီး လက်ကိုင်ကို ကိုင်ထားသော လက်များမှာ လေခတ်သဖြင့် နိုင်အောင် မထိန်းနိုင်ဘဲ တစ်ခါ တစ်ခါ ဟိုဝှေ့-သည်ကွေ့နှင့်ဖြစ်၍ ခရီးနှစ်မိုင်လောက်မှာ သစ်ပင်ရိပ်တစ်ခုတွင် နားနေ ညည်းတွားကြရာမှ ဝါသနာအလျောက် ရေးစပ် မိသော တေးထပ်မှာ...

          ဆန်းကဆုန် မိုးမရောက်ခင်မို့၊ ဖြိုးတဖြောက်မရွာ၊ ဆိုးကျောက်ဟု ကမ္ဘာနာမှာ အရွာရွာပေါက်ဆဲ၊ နေမင်းက ပူပြင်းလောက်တယ်၊ လူချင်းတောင်ထိက တောက်စွဲ ။ ။ သည့်ကလောက် ပူတဲ့အင်ကို၊ ကူမယ့်ခင်မြင်ဘဲ၊ လူနဲ့ စင် မရွှင်ဘဲပါလို့၊ ဘွင်အသဲ ညှို့ထင်၊ ချွေးပြိုင်ပြိုင်ယိုကာ စီးတာ မတော့၊ လိုခရီးလမ်းခုလတ်တွင်။ ။ နေမွန်းတည့်ချိန်ချဉ်းစဉ်မှာ၊ တိမ်မင်းလွင်မြူတွေပျောက်ပါလို့၊ မြူလေနောက် ပက်ပင်းဆိုင်၊ တိမ်းမတ်မနိုင်၊ စက်ဘီးက လက်ကျည်းကိုင်တောင်၊ တက်စီးယိုင် ဝှေ့လဲလို့လေး။ ။

          သို့နှင့်ပင် ပညာရှိကြီးတစ်ဦးတစ်ယောက်အား တွေ့မြင်လိုသော အာသာဆန္ဒဖြင့် မရရအောင်၊ မတွေ့တွေ့အောင် ရှာမည်ဟူသောသဘောဖြင့် မိတ်ဆွေများအား အားပေးကာ ခရီးဆက်ကြပြန်ရာ နေပူအားကြီးသဖြင့် စက်ဘီးတာယာများပင် ကွဲအက်လာပါကြောင်း။ အတော် ဝဖြိုးကျန်းမာသော ကျွန်ုပ်ပင်လျှင် အတော်ပင်ပန်းနွမ်းနယ်လျက်ရှိရာ ပိန်ပိန်ချည့်ချည့် စိတ်ရှိသဖြင့်သာ လိုက်၍လာရှာသော ကိုသိန်းမောင်အား ရောက်လုပြီ၊ နီးကပြီ ဟု အားပေး၊ ရယ်စရာကလေးများပြောသည့်အခါ ပြောနှင့်ပင် ခရီး ၃ မိုင်ခန့်ပေါက်သောအခါ လမ်းအရှေ့ဘက် မန်ကျည်းပင်ရိပ်တွင် စက်ဘီးတာယာများကို ရေအိုးစင်က ရေနှင့်လောင်းရင်း နားနေတုန်း၊ ကိုသိန်းမောင်တို့အား ပျော်တော်ဆက်အဖြစ်နှင့် ရေးခြစ်ထုတ်လိုက်သော လေးဆစ်တစ်ပုဒ်ကား

          ပညာရှိ-ကဝိတဲ့ ရှေးဆရာ။ ။ မြင်မြင်နိုးငယ်နှင့် ထင်ကိုးကာ ဆား တောင်ရောက်အောင်ပ၊ လောင်တောက်ချိန် နေပူထဲတွင် ခဲ၍သာလာ။ ။ မက်ကြီးစွာ အာသာစွဲသူမဖြင့်၊ စက်ဘီးမှာ “တာယာ”ကွဲပါလို့၊ ညှာတာဘဲ ရဝိန္ဒာငယ်၊ ထိန်ဝါတဲ့ရောင်လင်း။ ။ သောဠဿ-တောရပ်ရွာမြေသို့၊ တာ အရှည် မိုင်ခရီးကိုလ၊ စာကဝေကိုဆိုင်ကာ နီးတဲ့အောင်၊ စီးရဇွတ်တင်း။

          အနည်းငယ် အမောပြေကြသောအခါ ကျောက်လမ်းပေါ်သို့ စက်ဘီး ကိုတွန်းတင်ကာ စီးကြပြန်ရာ နာရီပြန်တစ်ချက်ခန့်အချိန်တွင် ဆားတောင်မရွာ မြောက်ဖျားသင်းတွဲစု၊ ဦးစံမြဲ၏ ခေါက်ဆွဲဆိုင်သို့ရောက်ရှိ။ ခေါက်ဆွဲနှင့် လက်ဖက်ရည်ကြမ်းများ စားသောက်ရင်း စုံစမ်းရပါကြောင်း။

          “ဆရာလွင်လို့လည်း ခေါ်တယ်၊ ဦးဝဇီရလို့လည်း ခေါ်တယ်။ ပညာရှိကြီးတစ်ယောက် ရှိပါတယ်။ ဆားတောင်ထဲတွင် သူ့သမီးအငယ်ဆုံး နှင့်အတူ နေတာပဲ။ သည်မှာမရှိရင်လည်း ကျောက်ပနံရွာသား ဘုန်းကြီးများ ဆီ နေကောင်းနေလိမ့်မယ်၊ အသက်ရှစ်ဆယ်ကျော်လို့ အိုလှပါပြီ”

          “နို့ နေပါဦးခင်ဗျာ၊ ဘယ်လိုများ အသက်မွေးရှာပါသလဲ၊ သမီးက တောင့်တောင့်တင်းတင်းနဲ့ ကျွေးမွေးထားနိုင်ပါသလား”

          “သမီးက မကျွေးနိုင်ပါဘူး။ အဘိုးကြီးဘာသာ အမွေမှုကလေး ဆုံးဖြတ်ပေး၊ မော်ကွန်းရေးတဲ့အခါ ရေးနဲ့ ဖြစ်တတ်သလို ဆင်းဆင်းရဲရဲ ရှာကြံ စားသောက်နေထိုင်ရတာပဲ”

          “တခြားက လူများ အဘိုးကြီးဆီ မလာကြဘူးလား”

          “တယ်ကြီး မလာကြပါဘူး၊ တစ်နေ့က ၂၁ ဦး လူကြီးများ ကျွန်တော့် ဆိုင်မှာ ဦးဝဇီရအကြောင်း * မေးမြန်းရေးမှတ်သွားတာပဲ”

          ဤကဲ့သို့ မေးမြန်းစုံစမ်းပြီးလျှင် ဆားတောင်မရွာ-ရွာစိုက်ရပ်ကွက် အဘိုးကြီး၏ သမီးအငယ်ဆုံး၏အိမ်သို့ စက်ဘီးစီးသွားကြရာ အခန့်သင့်ပင် တွေ့ရှိမေးမြန်းသောအခါ အဘိုးကြီးမှာ အရင်က အတူတူနေကြောင်း၊ ယခု သားများဆီမှာ လိုက်၍နေကြောင်းများကို ကြားရသည်နှင့် တစ်ပြိုင်နက် အားပြတ်ကာ များစွာစိတ်မအီမသာဖြစ်၍ သွားပါကြောင်း။ သို့ရာတွင် အဘိုးကြီး အသက်နှင့်ရှိသေးသည်ဟူသော သတင်းကိုကြားရလျှင်ပင်မျှော်လင့်ချက်များစွာရှိသေးရကား သားသမီး ၉ ယောက်နှင့် အဘိုးကြီး သမီးအငယ် “အသက် ၃၀ ကျော်အရွယ်” အား ကျွန်ုပ်တို့၏ရည်ရွယ်ချက် အချို့တို့ကို ပြောပြကာ ရွာဝေးရပ်ကွက်ရှိ ကိုစိန်မောင်၏အရီးများအိမ်ဆီသို့ ထွက်ခဲ့ကြပါကြောင်း။ ကျွန်ုပ်တို့မှာ ရွာဝေးရပ်ကွက်တွင် တစ်နာရီခန့်မျှ လက်ဖက်ရည်ကြမ်း၊ ပဲလှော်၊ ထန်းလျက်၊ သရက်သီးတို့ကို စားသောက်နားနေပြီး ၃ နာရီခန့်အချိန် နေရှိန်ပူပြင်းဆဲမှာပင် ပြန်ခဲ့ကြရာ ဝက်လက်သို့ ည ၇ နာရီခွဲခန့်မှ ရောက်ရှိကြပါကြောင်း။

          ဤသည်တို့ကား ပထမအကြိမ် ပင်ပန်းခြင်းဖြစ်ပါတော့၏။ ကျွန်ုပ် သည် သာမန်ပင်ပန်းရုံနှင့် “ဗာရာဏသီဖွဲ့ခြင်း” မဟုတ်။ နေမပူ လေ မလာဘဲ ဝက်လက်နှင့် ရွှေဘို ၁၆ မိုင်ခရီးကို သက်သက်သာသာ တစ်နာရီ တည်းနှင့် ရောက်အောင်သွားခဲ့ဖူးပါ၏။ ထိုစဉ်အခါက ဝက်လက်အရိပ် ထဲမှာ ဖာရင်ဟိုက်ဒီဂရီ ၁၀၅° - ၁၀၆° အထိရှိခဲ့ရာ နေမွန်းတည့်အချိန် ပြင်းထန်သော တောင်လေနှင့် ဖီလာသွားကြရသော အကျွန်ုပ်တို့သည် အဘယ်မျှပူ၍ အဘယ်မျှလောက် ပန်းမည်ကို ခန့်မှန်းနိုင်တော့၏။ အိမ်သို့ ရောက်ကြသောအခါ ကျွန်ုပ်မှာ တစ်ရက်လုံးလုံး မထနိုင်တော့ချေ။ ကိုသိန်းမောင်လူပျော့မှာကား ၅ ရက်ခန့်မထနိုင်ဘဲ မျက်တွင်းဟောက်လျက် ကျန်တော့၏။ ကျွန်ုပ်လက်များမှာ နေပူရှိန်ကြောင့် ညိုမည်းပြီးလျှင် အလှပ်လှပ် အဖူးပေါက်ရာမှ ပိန်ချပ်ကွာကျလျက်ရှိရာ အရက် ၂၀ ခန့်ကြာမှ ပျောက်တော့၏။ ရွက်ထည်ဖိနပ်အတွင်းမှ နင်း၍ လိုက်ရသော ခြေဖျားများ မှာကား ကြက်ကောင်ကို ရေနွေးအိုးအလုံပိတ်၍ ပြုတ်ထားသကဲ့သို့ ဖြူဖပ် ဖြူရော်ဖြစ်ကာ အရေခွံအလှပ်လှပ်ကွာကျသည်မှာ တစ်လမျှ ခံစားရတော့ ၏။ ယခုအခါ၌ ကျွန်ုပ်တို့၏ပစ္စုပ္ပန်အကြောင်းဖြစ်၍ ဆွမ်းဆန်တွင် ကြွက်ချေး နှောဟူသကဲ့သို့ အရောရောအထွေးထွေး မထည့်သင့်ဟု ဆိုဖွယ်ရှိစေကာမူ ကျွန်ုပ်၏တစ်သက်၌ ယခုအထိ စာရှာရာတွင် ဤမျှမပင်ပန်းခဲ့ဖူးသော ဤအဖြစ်ကို ကျွန်ုပ်ကွယ်လွန်သည့်တိုင်အောင် မှတ်မိရန်အတွက် ကြားညှပ် ၍မထည့်ဘဲ မနေနိုင်တော့ချေ။

အဘိုးကြီးနှင့် တွေ့ဆုံခြင်း

          ၁၂၉၄ ခု၊ ကဆုန်လဆန်း ၁၃ ရက်၊ (၁၇-၅-၃၂) နေ့တွင် ညောင်နာ နာဖြစ်နေသော ကိုသိန်းမောင်အား အတင်းဆွဲခေါ်ကာ ဝက်လက်သို့ နံနက် ၆ နာရီတစ်မတ်အချိန် ဆိုက်ရပ်သော အစုန်စာပို့ရထားဖြင့် စာရေးဘူတာသို့ လိုက်ခဲ့ပြီးလျှင် နံနက် ၈ နာရီခန့်အချိန် စာရေးဘူတာသို့ရောက်ရှိ၊ ၎င်းဘူတာ မှ ၂ မိုင်ခွဲခန့် ခြေလျင်လျှောက်ခဲ့ကြရာ ၉ နာရီခန့်တွင် သံလမ်းအရှေ့ဘက်