Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မဟာဆွေ - တောနဲ့တောင်စွယ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

တောနဲ့တောင်စွယ်

တိမ်ဝေဝေ... တိမ်ဝေ ..

သာဓု ... သာဓု ... သာဓု

          ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နားတွင် ကဏ္ဏသုခအဖြစ် ဆုံးကား ကြေးစည်သံပင်ဖြစ်သည်။ ဘယ်အချိန်ပင် ကြားရ ကြားရ နားဝ တွင်ချိုကာ အလိုလိုပင် ပီတိဖြစ်လာတတ်သည်။

          မန်းရွှေမြို့တော်ကြီး၏ အနောက်ပိုင်း ပိုက်ကျုံးရင်း တစ်ခုသော ဝင်းခြံကြီးအတွင်း၌ သစ်စက်ကြီးတစ်လုံး၊ပျဉ်အစားစားထားသော အဆောက် အဦများ၊ တစ်နေရာ၌ ညီညာသောမြေပြန့်တွင် လက်တစ်ပတ် သာသာခန့် ကျွန်တိုင်လုံးချောကြီးများဖြင့် ဆောက်လုပ်ထားသည့် ၄ ပင် ၅ ခန်းတိုက်ခံ အိမ်ကြီးရှိ၏။

          နေ့ကား ၁၃၀၉ ခု၊ သီတင်းကျွတ်လပြည့်နေ့ဖြစ်၏။ တဝီဝီ တချောင်းကျောင်း မြည်နေသော လွှစက်ခုံကြီးလည်း ပိတ်၍ မီးခိုးတိတ်ကာ ဆိတ်ငြိမ်၍နေသည်။ ထိုသို့ ဆိတ်ငြိမ်နေသဖြင့်လည်း အိမ်ကြီး၏ အပေါ် ထပ်မှ ကြေးစည်သံနှင့် သာဓုခေါ်သံများကို ထင်ထင်ရှားရှား ကြားနေရ ခြင်းဖြစ်သည်။

          အချိန်ကား မွန်းလွဲတစ်နာရီခန့်၊ အိမ်ကြီး၏အပေါ်ထပ်ခန်း အဆောင်ကြီးတွင် ကြည့်ရှုမည်ဆိုပါက ရှေးဦးစွာ ရွှေကျောင်းဆောင်ကြီး နှင့်တကွ ဉာဏ်တော်တစ်ထောင့်ထွာခန့်ရှိ ရွှေဆင်းတုတော်၊ ငွေပန်းစိုက်၊ ငွေရည်သွတ်ခေါင်းများတွင်လည်း ကြာပန်း၊ရွက်လှပန်း၊ နှင်းဆီပန်းများ လန်းဆန်း ဝေဆာလျက်ရှိသည်ကို မြင်ရမည်ဖြစ်၏။

          ထိုကျောင်းဆောင်အောက် ရှေ့ ကျကျတွင် ကြိမ်ပက်လက်ကုလား ထိုင်ကြီးတစ်လုံးပေါ်၌ ဦးပြည်းစိမ်းနှင့် သံမဏ သံရုပ္ပရှိတော်မူသော ဝါတော် ၃ဝ ကျော်၊ သက်တော် ၅ဝ ကျော်ခန့် ရဟန်းတော်တစ်ပါး၊ တင်ပျဉ်ခွေကာ ထိုင်နေတော်မူ၏။ စင်တင်ကော်ဇောကြီးများ အပြည့် ခင်းထားသော ရဟန်းတော်၏ရှေ့၌ ပုဆစ်ဒူးချလျက် လက်ယှက် တရား နာနေကြသော ပရိသတ် ၅၀ ခန့် ရှိလေသည်။

          ရဟန်းတော်ကြီးမှာ “လာပါ .. လာပါ ကြည်ရဲ့ လို့ မလွယ် ပေါက်နဲ့ အိမ်” စသော လေးပေါက်သံခုနစ်သံချီ စသည်တို့ဖြင့် သုံးမတာ ထက်လွန်ကဲကာ ဆွဲချင်သလိုဆွဲ၊ ချွဲချင်သလိုချွဲ၍ ဟောလေ့ရှိသော ရွှေတိဂုံ ဘုရားကြီးမှ ဝါတွင်း တရားသံမျိုးမဟုတ်၊ လယ်တီဆရာတော် ဘုရားကြီး ၏တပည့်ကောင်းပီပီ ခပ်တည်တည် အသံမှန်မှန်နှင့် ကာရန်တစ်လုံးချိတ်၊ နှစ်လုံးချိတ်ပါဝင်ကာ တရားဟောတော်မူနေခြင်း ဖြစ်သည်။

          ပါဠိနှင့် အနက်ရှင်းပြသည်၏ အဆုံး၌တရားနာခံသူဖြစ်သူက ကြေးစည်တီး၍ ပရိသတ်က သာဓုခေါ်ကြသောအသံများဖြစ်သည်။ တချို့ လည်း တရားတော်ကို အာရုံစူးစိုက်လျက်၊အချို့မှာမူ မွန်းမလွဲမီ အဝစား၍ တရားတော်ကလည်းနက်သဖြင့် မျက်တောင်စင်းသူစင်း ဖြစ်နေကြသည်။

          “ကဲ .. တရားဆက်ကြဦးစို့ ...”

          “ယခုအခါ ကမ္ဘာမှာရှိတဲ့လူတွေကို မေးကြည့်လိုက်ရင် အလုပ် ကိစ္စများလွန်းလို့မအားနိုင်ဘူး၊ အချိန်မရနိုင်ဘူးနဲ့ အမျိုးမျိုးအဖုံဖုံပြောကြ သည်။ ဘာကိစ္စလဲလို့ မေးကြည့်တဲ့အခါ စားရေးဝတ်ရေးနဲ့ သား မယား ကျွေးမှု ကိစ္စတွေသာ ဖြစ်တယ်။ ဟုတ်တယ်မှတ်လား ဒကာငြိမ်းရဲ့ ”

          “ဟုတ်ပါကြောင်းပါ ဘုရား” (တရားနာခံ၏ အာမဘန္တသံ) “

          " အဲဒါတွေဟာ အချုပ်မှာတော့ အိမ်ထောင်ရေးကိစ္စတွေပါပဲ။

           ဒါ့ကြောင့် ရှင်တော်ဘုရားကလည်း ဃရာဝါသော ဗဟုကိစ္စာရယ်လို့ ဟောကြားတော်မူခဲ့ပေတယ်။ ဃရာဝါသောအိမ်ရာတည်ထောင် လူတို့ ဘောင်၌ နေထိုင်ရခြင်းသည်၊ ဗဟုကိစ္စအချိန်မအားအောင် များပြား ရှုပ်ပွေ သောကိစ္စရှိတယ်တဲ့”

          အဲဒီလို ဗဟုကိစ္စတွေဟာ ဘယ်နေရာမှာ အသုံးကျပါသလဲလို့ သူတော်ကောင်းတို့ရဲ့ တွက်ကိန်းနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် ဘာတစ်စုံ တစ်ခုမှ အသုံးမကျဘဲ ပပဉ္စခေါ်တဲ့ သံသရာနယ်ချဲ့တဲ့ အပိုလုပ်တွေ၊ ကိစ္စ ရှုပ်တွေ၊ အညစ်အကြေးထူပြောပြီး ကိလေသာ တောထတဲ့အလုပ်တွေသာ ဖြစ်တယ်။ မကောင်းမှု ဒုစရိုက်ကြီးတွေ၊ ဆိုးဝါးကြမ်းတမ်းတဲ့ လောဘကြီး တွေ၊ ဒေါသကြီးတွေ၊ မာနကြီးတွေ၊ အဘိဇ္ဖာကြီးတွေ၊ ဣဿာနဲ့မစ္ဆရိယ ကြီးတွေဆိုတာ ဒီလိုအလုပ်ရှုပ်တွေထဲ က ထွက်ပေါ်လာကြတဲ့ ကိလေသာ ဆိုးကြီးတွေ ဖြစ်ကြတယ်”

          “မှန်လှပါဘုရား”

          “ဥပမာအားဖြင့် ဆိုရင် တောချုံရှုပ်ပွေရာမှ မြွေဆိုး၊ ကျားဆိုးတွေ ထွက်ပေါ်လာသလို ပုထုဇဉ်သတ္တဝါတို့ရဲ့ ဃရာဝါသသဆိုတဲ့ အလုပ်ရှုပ် တွေထဲက မြွေဆိုး၊ကျားဆိုးတွေနဲ့တူတဲ့ ကိလေသာတွေ ထွက်လာတာပဲ လို့ အမြဲမှတ်သားကြပေတော့။ အဲဒီလို အလုပ်ရှုပ်တွေမရှိရင် ကိလေသာ အဆိုးအရွားတွေလည်း ထွက်ဖို့လမ်းပေါက်မရှိတော့ဘူးမဟုတ်လား ဒကာ ငြိမ်းရဲ့”

          “မှန်ပါ၊ မရှိတော့ပါဘုရား”

          “အဲဒီလို ကိလေသာတို့ရဲ့ ယိုစီးကြောင်းဖြစ်တဲ့အလုပ်ရှုပ်၊ ဗာလု သုက္ကတွေနဲ့သာ သံသရာတစ်ပြင်လုံး မဆုံးနိုင်ဘဲ ကျင်လည်ခဲ့ရတဲ့ သတ္တဝါတွေသာများကြတယ်။ ကိလေသာယိုစီးပြီး သံယောဇဉ်မီးတောက် တဲ့အလုပ်မျိုးတွေကိုပင် အဟုတ်ကြီးထင်ကာ ထင်ကာနဲ့ ဘဝသံသရာတွေ အနန္တမျောခဲ့မြှုပ်ခဲ့ အချိန်ဖြုန်းခဲ့ကြရတယ်”

          မိမိတို့မှာလွန်စွာအရေးကြီးတဲ့ သက္ကာယဒိဋ္ဌိ ဖြိုဖျက်ကိန်း အလုပ် ကြီးဆိုတာကိုတော့ တစ်ခါလောက်မှ အိပ်မက်ကလေးမျှ မက်ဖူးကြမယ် မဟုတ်ဘူးနော်၊ သံသရာတစ်ခွင်မှာ မင်္ဂလာကြီးတွေ၊ ကျက်သရေကြီးတွေထင်ပြီး ခင်မင်စွဲလမ်းစွာ လက်မလွှတ်နိုင်ဘဲ လုပ်ခဲ့ကြတဲ့ သံသရာအလုပ် တွေဆိုတာ သက္ကာယပြုတ်ဖို့ နေနေသာ အတ္တဒိဋ္ဌိ ခိုင်မြဲသထက် ခိုင်မြဲဖို့၊ ကိလေသာ အညစ်အကြေး ထူပြောပြီး သံယောဇဉ်ကြိုးတွေကို ဗလရှုပ် ဗလပွေ ခိုင်မြဲသထက် ခိုင်မြဲဖို့သာဖြစ်တယ်။

          “မှန်လှပါဘုရား”

          “အဲဒါကြောင့် ယခုလို ဗုဒ္ဓသာသနာတော်ကြီး တညီးညီး တပြောင် ပြောင် အရောင်အဝါထွန်းလင်းနေတဲ့အခါကြီးများမှာ သံသရာတစ်ခွင် အရိုးအစဉ်ကြီးဖြစ်နေတဲ့ ဗာလုသုက္ကအလုပ်ရှုပ်များကို အားကျ ခြင်းမရှိဘဲ အတ္တဒိဋ္ဌိဖြုတ်ကိန်းနဲ့ လွတ်ငြိမ်းချမ်းသာခြင်းဆိုတဲ့ သန္တိသုခ အလုပ်ကြီး၊ အလုပ်မြတ်သာအားထုတ် လုပ်ကိုင်သင့်ကြတယ်မဟုတ်လား ဒကာငြိမ်း ရဲ့”

          “မှန်ပါ အားထုတ်သင့်ကြောင်းပါ ဘုရား”

          “သံသရာတစ်ခွင်မှာ အရိုးအစဉ်ကြီးဖြစ်တဲ့ လက်ကိုင်အလုပ် ရိုးကြီးတွေဆိုတာ ဘယ်အခါမှပြီးနိုင်တဲ့ ကိစ္စမျိုးတွေမဟုတ်ဘူး။ ကမ္ဘာကြီးတွေ အသင်္ချေ အသင်္ချာ ကြာချင်တိုင်း ကြာအောင် ပြုလုပ်အားထုတ်ပေမဲ့ ငါတို့မှာ ကိစ္စငြိမ်းပေါ့၊ ချမ်းသာကိန်းကြီးပေါ်ပေါ့၊ အငြိမ်းစားလမ်းကြီးသို့ရောက်ပေါ့လို့ ဘယ်တော့မှ ထင်စားစရာမရှိကြဘူး။ လှုပ်လေမြုပ်လေဆိုတဲ့ စကားမျိုးလို သံသရာလက်ရိုးအလုပ်ကြီးတွေဆိုတာ ကြာကြာကြီးလုပ်လေ၊ သံသရာမှ ကြာကြာကြီးမြုပ်လေသာ ဖြစ်ကြတယ်” ။

          “အဲဒါကြောင့် သားကျွေးမှု၊ မယားကျွေးမှု၊ အိမ်ထောင်ရေးအမှု၊ တုရေးပရေး၊ ဂုဏ်ပြိုင်ရေးအစရှိတဲ့ သံသရာ လက်ရိုးအမှုကြီးတွေကို ဗာလု ယုက္က အလုပ်ရှုပ်ကြီးတွေရယ်လို့ ပညာရှိသူတော်ကောင်းကြီးတွေက မိန့်ဆိုတော်မူကြတာပေါ့”

          “ဗာလာနံဥဿတိ ဗာလုဿကော ဒီလိုဝိဂြိုဟ်ပြုရမယ်လို့ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး မိန့်ကြားတော်မူဖူးတယ်။ ဗာလာနံ ဘာမှန်းမှမသိသော ပုထုဇဉ်သတ္တဝါတို့၏ ဥဿက္ခာ၊ အပင်ပန်း ခံကာ အဆမတန်ကုန်းရုန်း၍ အရှုံးအဖတ်တင်အောင်ပြုလုပ်အားထုတ်ခြင်း တည်း။ ဣတိတသမာ၊ ထိုကြောင့် ဗာလုသုတွာ၊ဗလုသုက္ကမည်တဲ့၏”

          ဘုန်းတော်ကြီးကား၊ အသံဝါပြတ်သားစွာနှင့် နက်နဲသောတရား တော်များကို ဟောကြားတော်မူရာ လူကြီး ၄ ဦး ၊ ၅ ဦးမှအပ၊ ကျန် ပရိသတ်များ မျက်တောင်စင်းသူစင်းပြီးလျှင် အပျင်းကြီး ပျင်းကြကာ၊ အချို့မှာ အိပ်ငိုက်၍ ပင်နေကြသည်။ နေရာမှ ထသွားခြင်းကိုကား မဝံ့ကြပေ။

          ရွှေတိဂုံကိုယ်တော်များ၏ ယပ်လှဲတရားမှ ပရိသတ်များ မပျင်းမရိ နားထောင်တတ်ကြသဖြင့် ထိုထို မကြည့်ရဲ ကိုယ်တော်များကိုလည်း အပြစ် မတင်သာတော့ပေ။ ဘုန်းတော်ကြီး၏ စေတနာကလည်း သူနားလည်တော်မူသလို ပရိသတ်တွေ နားလည်စေချင်သည်။ သံသရာဝဋ်အတွင်းက လွတ်ကင်းအောင်ကြံစည်ကြစေချင်သည်။ ထို့ကြောင့် ရေခဲရည် ဖန်ခွက် တစ်ဝက်မျှ အာစိုအောင်သောက်တော်မူပြီးလျှင် တရားတော်ကိုဆက်ပြန်သည်။

          “သို့ကလို သံသရာလက်ရိုးကြီးတွေဖြစ်တဲ့၊ အလုပ်သမားကြီးတွေ ကို ဗလုဿုက္ကဖြစ်ကြောင်းနဲ့ ချဲ့ထွင် ဟောပြောခဲ့ရတာက ဘာကြောင့်လဲ ဆိုတော့ ယခုလိုခေတ်အခါမှာ သာသနာ့လက်ရိုးဖြစ်တဲ့ အတ္တဒိဋ္ဌိဖြုတ် ကိန်း၊ အလုပ်ကြီးများကို လုပ်ကိုင်ချင်တဲ့ စေတနာကလေးများ၊ ပေါ်ပေါက် ကြပါစေတော့လို့ ဟောပြောခဲ့ရခြင်းဖြစ်တယ် ဒကာငြိမ်းရဲ့ ”

          “အလွန်မွန်မြတ်လှကြောင်းပါဘုရား”

          “အတ္တဒိဋ္ဌိဖြုတ်ကိန်းဆိုတဲ့ အလုပ်မြတ်ကြီးဆိုတာ ယခုလိုသာသနာ တော်ကြီးအတွင်းမှာမှ လုပ်ခွင့်ကိုရနိုင်ကြတယ်။ အနမတဂ္ဂ သံသရာမှာ လွန်စွာ တွေ့နိုင်ခဲ့တဲ့ အလုပ်ကြီးဖြစ်တယ်။ ဘုရားပွင့်တော်မူတဲ့ ခေတ်အခါ ကြီးကို လွန်စွာကြိုက်ခဲ့တဲ့ ဒုလ္လဘဆိုရသလို သက္ကာယဒိဋ္ဌိ ဖြုတ်ကိန်းဆိုတဲ့ အလုပ်ကြီးကိုလည်း ဒုလ္လဘအလုပ်ကြီးနဲ့ ကြုံတဲ့အခါ၊ ဒုလ္လဘသာသနာတော်ကြီးကို ခိုလှုံခဲ့ရတဲ့အတိုင်း သက္ကာယဒိဋ္ဌိဖြုတ်ကိန်းကြီးခေါ်တဲ့ ဒုလ္လဘ အလုပ်ကြီးကို အားထုတ်သင့်ကြကြောင်း ကောင်းကောင်းကြီး သတိပြုကြရမယ် ”

          ပရတောသုညတောစေဝ၊ ပံသောအဝသဝတ္တတော။

          အသာရတောဝိဒွါခန္ဓေ၊တတ္တဒိဋ္ဌိ”ပဟာတဝေ။ တဲ့“ဝိဒွါ၊ ဒိဋ္ဌိခွာခန်း၊စခန်းသိမြင်ပညာရှင်သည်၊ အတ္တဒိဋ္ဌိ၊ ကမ္ဘာ့ ကမ္ဘာသံသရာက မကွာ မကွဲ အစွဲကြီးစွဲ၍၊ အမြဲကိန်းဝပ်လာသော၊ အတ္တဒိဋ္ဌိဆိုးကြီးကို၊ ပဟာ တဝေ။ နင်လား ငါလား၊ ကြိမ်းဝါးမောင်းမဲ အားမာန်ခဲ၍ ခွာရှိနှင့် ထုတ်ခြင်းငှာ၊ ခန္ဓေ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို၊ ပရတောစ၊ ငါနှင့်မဆိုင် ငါပိုင် မထား၊ တခြားပြင်ပအားဖြင့်လည်းကောင်း၊သုညတောစေဝ၊ ငါသူတစ်ပါး၊ ယောက်ျားမိန်းမ၊ ပုဂ္ဂလနှင့်ဒေဝဗြဟ္မာ၊ သတ္တဝါအထင်အမြင်မှ စင်စင်ကြီး ဆိတ်သုဉ်းသောအားဖြင့်လည်းကောင်း၊ အဝသဝတ္တတောဝ။ အလိုမလိုက် အကြိုက်မပါ၊ ထင်ရာမြင်ရာဖြစ်ချင်ရာဖြစ်တတ်သော သဘောအားဖြင့် လည်းကောင်း၊ အသာရတောစ၊ အနှစ်ဟူ၍ မြူမေဘဲ၊ ပြကတေ့ အကာ အတိ သဘောအားဖြင့်လည်းကောင်း၊ ပသော ဝိပဿ ယျ၊ ဝိပဿ လျှံထွန်းညှိ ဉာဏ်မျက်စိဖြင့် သိအောင် မြင်အောင် ထင်အောင် များများ ရှုစားရာသတည်း။”

          သာဓု .. သာဓု ... သာဓု ... တိမ်ဝေဝေ .... တိမ်ဝေဝေ ... တိမ်ဝေဝေ ...

          သာဓုခေါ်သံ၊ ကြေးစည်သံကြောင့် ပရိသတ်များ ခေါင်းထောင် လာကြပြန်သည်။ ဘုန်းတော်ကြီးဟောပြောနေသော တရားတော်မှာ အတ္တဒိဋ္ဌိ ဖြုတ်ကိန်း၏ ပဏာမလောက်မျှရှိသေးရာ ထိုမျှကိုပင် ပရိသတ် များလိုက်နိုင်ပုံမပေါ်သဖြင့် အကင်းပါးသောဘုန်းကြီးက တရားကိုမဆက် တော့ဘဲ။

          “ကဲ ... ကဲ ... ဒကာ ဒကာမတွေ ညောင်းလှရော့မယ်။ ဒီနေ့ဒီမျှ နဲ့ပဲရပ်ကြအုံးစို့” ဟု မိန့်တော်မူလိုက်သည်နှင့် တစ်ပြိုင်နက်ပရိသတ်များ လှုပ်လှုပ်ရှားရှားဖြစ်ကာ နေရာမှထကြသည်။ ခါးဆန့်လက်ဆန့်၊ ဇက်ချိုး လက်ချိုးဖြင့် ငြိမ်အောင့်နေရသမျှ အညောင်းဖြေကြ၏။ ဘုန်းတော်ကြီး လည်း ကုလားထိုင်မှ မတ်တတ်ရပ်တော်မူကာ ကြွမည်ရှိသောအခါ လူကြီး များကန်တော့ကြပြန်သည်။

          ကော်ဇောတွေသိမ်းသူကသိမ်း၊ ထွေးခံ၊ပြာခံခွက်ယူသူက ယူဖြင့် အိမ်ကြီး၏အပေါ်ထပ်တွင် ရှင်းလင်းနေကြလေသည်။

          အိမ်နီးနားချင်း ပရိသတ်များရဲ၍ သွားကြသောအခါ အိမ်ကြီးများ၏အပေါ်ထပ်တွင် အိမ်ရှင်များနှင့် အိမ်ဖော်များသာကျန်ရစ်ကြသည်။

          အသက် ၈၅ နှစ်ခန့်၊ အရပ်၅ ပေ ၁၁လက်မခန့်၊ ဆံပင်ဆွတ် ဆွတ်ဖြူ၍ တည်သီးခန့် လျှောင်ထုံးနှင့် အဘိုးကြီး ဘိုးရဲကျော်၊ သူ၏ အရပ်မြင့်သည် ဦးအောင်ဇေယျ၏ အရပ်နှင့်အတူတူဖြစ်သည်ဟု ဂုဏ်ယူ ပြောလေ့ရှိသော ရွှေဘိုနယ်သားကြီးဖြစ်သည်။

          အသက် ၅၅ နှစ်ခန့်၊ အရပ် ၅ ပေ ၁၀ လက်မခန့်မြင့်၍ အသား လတ်လတ်၊ နက်မှောင်သောညောင်ချောထုံးထားသည့် ဦးတောက်ထိန်၊ (ဘိုးရဲကျော်၏သား) “ကုန်းဘောင်သီရိန်” သစ်စက်ပိုင်လူရည်တတ်ကြီး။

          အသက် ၅၀ခန့်၊ အရပ်၅ ပေ ၅ လက်မခန့်ရှိ အသားဖြူဝင်း သည်နှင့်အညီ မွန်ရည်သန့်ရှင်းသောရုပ်နှင့် ဒေါ်ဂွမ်း၊ ဦးတောက်ထိန်၏ ဇနီး၊ ရှေးဆန်ဆန် ဘီးဆံပတ်ဆံထုံး၊ ပဒုမ္မာ မထူမပါးအကျီ၊ ယောဂီ တဘက် ပခုံးတွင် သိုင်းထားသည့်။

          အသက် ၂၂ နှစ်ခန့်၊ အရပ်၅ ပေ ၁၀ လက်မခန့်။ အသားဖြူနီ နှာတံပေါ်နှင့် လူရွယ် မောင်ထွန်းဝင်း( ဦးတောက်ထိန်၏သားကြီးသြရသ) ရန်ကုန် တက္ကသိုလ်တွင် “ဘီ အက် စီ” အင်ဂျင်နီယာ သင်ကြားခါစ။ သီတင်းကျွတ်ကျောင်းပိတ်တွင် ရွှေမန်းသို့ ခေတ္တပြန်လာခြင်းဖြစ်သည်။

          အသက် ၂၀ခန့်၊ အရပ်၅ပေ ၅လက်မခန့် ၊ အသားဖြူဝင်းနုထွား ကြီးဖြစ်သော ခင်ဖြူ (ထွန်းဝင်း၏နှမငယ်)

          ကုန်းဘောင်သီရိန်စက်ကြီးနှင့်တကွ ပစ္စည်းပစ္စယအားလုံးမှာ ထိုပုဂ္ဂိုလ်ငါးဦးနှင့် အညမညဆက်စပ်နေသည်။ ထိုအိမ်ကြီး၏ အရေးကြီး ဆုံး ပုဂ္ဂိုလ်များမှာလည်း ထိုငါးဦးပင်ဖြစ်သည်။

          အချိန်ကား မွန်းလွဲနှစ်နာရီခန့် ရှိသေး၏။ ကားဟွန်းသံတစ်ချက် ဝင်းခြံပေါက်ဆီမှ ကြားရပြီးနောက် အိမ်အောက်ထပ်ကွက်လပ်တွင် ကား ရပ်သံ၊ ကားဆီပေါက်ပိတ်သံပါကြားကြပြန်သည်။ ခင်ဖြူ၏မျက်နှာ သာယာပြုံးရွှင်နေခိုက် ခပ်သွက်သွက်တက်လာသော ခြေသံနှင့်အတူ “ဖြူဖြူရေ” ဟု သာယာသော အသံကြားရ၏။

          အသက်၂၀ခန့်၊ အရပ် ၅ပေ ၄ လက်မခန့် အသားဝါဝင်း၍ အတော်ကြီး ချောသောမိန်းမပျိုတစ်ယောက် တက်ရောက်လာသည်။

          ခင်ဖြူသည် မိန်းမပျိုတက်လာရာသို့ ဆီးကြိုကာ လည်ပင်းကိုဖက်၍ ဧည့်ခန်းဆီသို့ လာကြပြန်သည်။ မိန်းမပျိုက

          “ဖြူဖြူ လိုက်မယ် မဟုတ်လားဟင် ...” “အို ... လိုက်မှာပေါ့ .... မြင့်မြင့်ရဲ့ .... ကိုကို့တောင်ခေါ်ဦးမယ်”

          “ဘာ ... ကိုကိုလိုက်ရမှာလဲ၊ နင်တို့ဘာသာ ကမြင်းချည်ကြ ကိုကိုမလိုက်ဘူး ... ”

          လူထွားကြီးသည် ရှုသိုးသိုးနှင့် စောင်းငဲ့ကြည့်ကာ ဘုမှုတ်လိုက် ရာ မိန်းမပျိုမှာ မသိမသာ မျက်နှာပျက်၍ သွားရှာသည်။

          မန်းရွှေမြို့တွင်ကား သီတင်းကျွတ်လ အဖိတ်နေ့၊ လပြည့်နေ့ - လပြည့်ကျော်တစ်ရက်နေ့တွင် လူကြီးများ အလှူဒါနပြုကြ၍ သီလစောင့် ထိန်းကြသလောက် လူငယ်လုံမပျိုတို့မှာ ပွဲလမ်းသဘင် အပျော်အရွှင်ဖြင့် ခင်မင်ရာတစ်သိုက် ဟိုသွားလိုက်သည်လာလိုက် ဖြစ်နေကြသည်။ အထူး သဖြင့် လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့များမှာ မန္တလေးတောင် ခြေရှိ ကုသိုလ်တော်ကြီး၊ ကျောက်တော်ကြီး၊ စန္ဒမုနိ စသော ဘုရားပွဲနေ့ များဖြစ်သဖြင့် မန္တလေးတစ်မြို့လုံးသာမက အနီးအဝေးမြို့ရွာများကပင် လာရောက်လေ့ရှိကြသည်။

          ရှေးကလို ယဉ်ကျေးဖွယ်ရာ ကုသိုလ်ပွဲသက်သက်မဟုတ်တော့ဘဲ ပျော်ရွှင်ပွဲပမာ မန္တလေးရွှေနန်းတော်ကြီး မြောက်ဘက်ကျုံးဘေး လမ်းမကြီး တစ်လျှောက် အနောက်မှအရှေ့သို့ လည်းကောင်း၊ အရှေ့မှ အနောက်သို့ လည်းကောင်း၊ မော်တော်ကား၊ မြင်းရထား၊ ဆိုက်ကား၊ လှည်းကြမ်းစသော ယာဉ်များဖြင့် ဝါ စိမ်း နီ ပြာ ရောင်စုံ အဝတ်အဆင်များဖြင့် တစ်ဖွေးဖွေး တစ်လက်လက် ရှုပ်ယှက်ခတ်ဖြစ်၍ နေလေသည်။

          လူငယ်လုံမပျို တစ်သိုက်နှင့်တစ်သိုက် တောင်ပြုံးပွဲပမာ မထိ တရိ မခံချိ မခံသာ ညံစာစာနှင့် သံဝါသံကြောင်၊ လှောင်ပြောင် နှုတ်ဆက် ရုတ်တရက် သောင်းပြောင်း ဖုန်တထောင်းထောင်းထကာ များစွာ ပျော်ရွှင် ကြလေသည်။

          လူကြီးများကမူ ဘု ရားပွဲကို နတ်ပွဲပမာ သွားလာကြသည့် အတွက် မနှစ်သက်ကြခြင်းကြောင့် ကမြင်းကြောထကြသည်ဟု ပြောလေ့ရှိသည်ကို လုလင်ကြီးက သံယောင်လိုက်ကာ နှမငယ်အား ပြောလိုက်မိ ခြင်းဖြစ်သည်။

          ထိုအိမ်ကြီးသူတို့၏ အရပ်မြင့်ကို ဖော်ပြခြင်းဖြင့် မျိုးရိုးအလိုက် ကျန်းမာရေးနှင့် ကာယဗလမည်မျှဂရုပြုကြကြောင်း ထင်ရှားနေ၏။ ခင်ဖြူ နှင့် သူငယ်ချင်း မြင့်မြင့်ခေါ် ခင်မျိုးမြင့်မှာလည်း အရပ် ၅ပေ ၄ လက်မမြင့် သဖြင့် ချွေးမလောင်းအဖြစ် ရွေးကောက်လိုသောဆန္ဒရှိကြသည်။

          သည်နှစ် သီတင်းကျွတ်ကျောင်းပိတ်၍ သားကလေးပြန်လာလျှင် ရှေးဦးစွာ လူငယ်ချင်းရင်းနှီးချစ်ခင်စေမည်။ ထို့နောက် လူကြီးချင်းစေ့စပ်ကြောင်းလမ်းထား၍ နေ့ကောင်းရက်သာ အခါသင့်ချိန်တွင် လက်ထပ် ထိမ်းမြားရန် ရည်ရွယ်ထားကြ၏။

          ခင်မျိုးမြင့်မှာ မိဘမျိုးရိုးကောင်း၏။ စက်ပိုင်ရှင်သမီးဖြစ်၍ ခေတ်ပညာတတ် သွက်လက်ချက်ချာသည်။ လိမ္မာရေးခြားရှိသည်။ ဘိုး ရဲကျော်၊ ဦးတောက်ထိန်၊ ဒေါ်ဂွမ်းတို့ အထူးသဘောကျကြပြီးဖြစ်၏။ လူ့ဂွစာ မောင်နှင့်ရင်းအောင် ခင်ဖြူလမ်းခင်း၍ ဆက်သွယ်ပေးရန်လည်း တာဝန်လွှဲထားသည်။ ထို့ကြောင့် ခင်ဖြူက “ကိုကိုတောင် ခေါ်ရဦးမယ်” ဆိုတော့ ဘာ ကိုကိုလိုက်ရမှာလဲ .. စသည်ဖြင့် ဘုတောလိုက်ခြင်းဖြစ် သည်။

          မောင်ထွန်းဝင်းနှင့် ခင်မျိုးမြင့်မှာ ယခုမှ မြင်ဖူးကြခြင်းမဟုတ်။ ခင်မျိုးမြင့် ၁၆ နှစ်ရွယ်၊ မောင်ထွန်းဝင်း ၁၈ နှစ် အရွယ်ကပင် စစ်ကိုင်း ချောင် စစ်ပြေးဘဝက လူကြီးချင်းပိုမိုရင်းနှီးရာမှအစ ခေါ်ပြော မေးထူး လုပ်ခဲ့ဖူးသည်။ “လိုက်သွားပါသားရဲ့ ” (ဦးတောက်ထိန်၏အသံ) “ဟုတ်သားပဲ သားရဲ့၊ မိန်းကလေးတွေချည့်ဟာ” (ဒေါ်ဂွမ်း၏ အသံ)

          မောင်ထွန်းဝင်းသည် မိဘစကားကို နားထောင်သူဖြစ်၏။ မိဘ နှစ်ပါးက ဝင်ရောက် တိုက်တွန်းသဖြင့် လိုက်ပါမည်ဟု စဉ်းစားနေခိုက်

          “ခရီးအဝေးကြီး တောထဲတောင်ထဲသွားတာမှ မဟုတ်ဘဲ၊ ပြီးတော့ ကားနဲ့ သွားတာပဲ ဒေါ်ဒေါ်ရယ် ....။ ကျွန်မတို့ သွားဝံ့ပါတယ်” ။

          ခင်မျိုးမြင့်က ပြုံးချိုသောအမူအရာနှင့် ဒေါ်ဂွမ်းအားလှမ်း၍ ပြောလိုက်ရာ လုလင်ကြီးသည် ဒေါပွသွားပြီးလျှင်

          “ဒါဖြင့် သွားကြ သွားကြ၊ ကိုယ်မလိုက် ရေးမှမလိုက်”

          “ကောင်းပါတယ် ..... ကောင်းပါတယ်၊ ပါလာရင် ဂေါ်ငနဲတွေက ယောက်ဖ ယောက်ဖ ခေါ်တာနဲ့ နောင်ဂျိန်မှာ မြင်သေးတယ်”

          ခင်မျိုးမြင့်သည် ထိုသို့ပြောကာ ခင်ဖြူနှင့်အတူ အခန်းဆောင် တစ်ခုသို့ ဝင်၍ သွားကြ၏။ သူငယ်ချင်းမ နှစ်ယောက်စကားတပြောပြော တခစ်ခစ်ရယ်မောနေကြသံများကို အပြင်ဘက် ဧည့်ခန်းမှ ကြားနေရ၏။

          “အတော်အင်္ဂါရုပ်ကောင်းတဲ့မိန်းကလေးပဲမြေးရဲ့။ ဗမာ ရှင်ဘုရင် သာရှိရင် မိဖုရားမြှောက်ထိုက်တဲ့ရုပ်မျိုးပေါ့ကွယ်”

          အဘိုးကြီးက အသံအုပ်အုပ်နှင့် မြေးမလောင်း၏ရုပ်ကောင်းပုံကို ချီးကျူးပြန်သည်။ ထွန်းဝင်းကားသူ၏ ထင်မြင်ချက်ကို ဘာမျှမပြောဘဲ ကျွန်းတိုင်လုံးကြီး တစ်ခုတွင် ၂၄ လက်မ အကြီးချဲ့ ချိတ်ဆွဲထားသော ဓာတ်ပုံ တစ်ပုံကို မော့ကြည့်နေသည်။

          “ကားနဲ့ပဲဟာ မစောလွန်းဘူးလား မြင့်မြင့်ရဲ့”

          “မစောဘူး ဖြူဖြူ၊ ဟိုမချောတွေ လိုက်ခေါ်ရမှာနဲ့ ၄ နာရီပဲထွက် ဖြစ်ပါ့မလား ...။ ဒီကို မြင့်မြင့် အရင်လာခဲ့တာပဲ”

          အခန်းဆောင်ထဲမှ စကားတပြောပြောနှင့် သူငယ်ချင်းမနှစ်ယောက် ထွက်လာကြပြန်သည်။ ကိုယ်လုံးကိုယ်ပေါက်နှင့် အရပ်အမောင်း မတိမ်း မယိမ်း ခင်ဖြူကဖြူဝင်း၍ ခင်မျိုးမြင့်က ဝါဝင်း ပျော့ပျောင်းပုံရခြင်းသာ ကွာခြားနေသည်။ ခင်ဖြူသည် သူ့ကိုကိုအား ထပ်၍ မခေါ်ဝံ့တော့။ စစ်မဖြစ်မီထွန်းဝင်း ၁၅ နှစ်အရွယ်က တောင်ပြုံးပွဲအသွား သူ့အားမိန်းမပျို ကြီးတွေက နောက်ပြောင်ခြင်း ခံခဲ့ရဖူးသဖြင့် တောင်ပြုံးကို အမုန်းကြီးမုန်း ခဲ့၏။ ကျောက်တော်ကြီးပွဲကလည်း တောင်ပြုံးလိုပဲဟု ပြောကြသဖြင့် ဟိုစဉ်ကတည်းက ဘုရားပွဲသို့ မသွားတော့ကြောင်း ခင်ဖြူ၊ သိပြီးဖြစ်၏။ ယခု အပါခေါ်သွားပါက သူ့အား ယောက်ဖဟု လှောင်ပြောင်ခေါ်ဝေါ်ကြ လျှင် သည်းခံမည်မဟုတ်သဖြင့် ဓာတ်ပုံကိုငေးစိုက်ကြည့်နေသော မောင် ဖြစ်သူကိုမေးငေါ့ပြကာ နှစ်ယောက်သားအောက်ထပ်သို့ ဆင်းခဲ့ကြသည်။ဦးတောက်ထိန်နှင့် ဒေါ်ဂွမ်းလည်း အောက်ထပ်သို့ဆင်း၍ သွားကြပြန်ရာ အဘိုးကြီးနှင့် ထွန်းဝင်းသာ အပေါ်ထပ်တွင် ကျန်ရစ်ကြသည်။