Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မဟာဆွေ - တကယ့်မင်းသမီး

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မြသီတာရုပ်ရှင်ကုမ္ပဏီ

နံပါတ်....၊ ပန်းဆိုးတန်း၊ ရန်ကုန်မြို့။

 ၁၉၃၅ ခု၊ နိုဝင်ဘာလ ၁၅ ရက်နေ့။

မခင်သောင်း

 

           မခင်သောင်း၏ လျှောက်လွှာနှင့် ဓာတ်ပုံပါ ရရှိ၏။ သဘောကျ နှစ်ခြိုက်သဖြင့် ရန်ကုန်သို့ အမြန်ဆုံး လာရောက်စေလိုသည်။ ရန်ကုန်မြို့အတွက် ယခု ရာသီသည် ရုပ်ရှင်ရိုက်ကူး၍ အကောင်းဆုံး အချိန် ဖြစ်သည်။

တင်မောင်ရွှေ

မန်နေဂျာ

 

            ပို့စမင်းပေးသွားသဖြင့် အထက်ပါစာကို ဖွင့်ဖောက်ဖတ်ရှုရသော ကျွန်မမှာ တစ်သက်တာတွင် ဝမ်းအသာဆုံး ဖြစ်သွားပါသည်။ စာရေး ဝါသနာပါသော သူငယ်ချင်းမတစ်ယောက်၊ သူ့ဝတ္ထုတစ်ပုဒ်။ ရှေးဦးစွာ မဂ္ဂဇင်းတစ်စောင်တွင် ပါလာသောအခါ အူမြူးရှာသည်ကို “ကဲ ... လွန်း တယ်ကွယ်”ဟု အပြစ်တင်မိဖူးရာ ယခု ကျွန်မဝါသနာနှင့် ကျွန်မ ရုပ်ရှင် မင်းသမီး ဖြစ်တော့မည့်စာကို ရရှိသောအခါကျမှ ကိုယ်ချင်းစာမိပါသည်။

           ကျွန်မသူငယ်ချင်းများက ကျွန်မအား “ရုပ်ရှင်ရူး”ဟုခေါ်ကြပါသည်။ ကျွန်မကလည်း စောင့်ကြည့် တစ်နေ့ “တကယ့်မင်းသမီး”ဖြစ်ရမယ်ကွဟု အားကျမခံ ပြန်လည်ချေပခဲ့ဖူးရာ ယခုအခါ၌မူ ထိုစာကလေး ပြကာ ပြကာ ကြားမိပါသည်။ ကျွန်မမိဘများမှာ စားနိုင်သောက်နိုင်ထဲက ဖြစ်ပါသည်။

           ငွေကြေး လိုချင်၍မဟုတ်။ ဝါသနာကို မစွန့်နိုင်သည့်အတွက် ထိုနေ့မှာပင် မိဘများနှင့် တိုင်ပင်ပြီးလျှင် လာမည့်ရက်ကို ချိန်းဆိုလိုက်ပါသည်။ မသွားခင် သူငယ်ချင်းများ နှုတ်ဖျားမှရုပ်ရှင်မင်းသမီးဆိုတာ ဒါရိုက်တာနှင့် ညားတတ်တယ်။ ဇာတ်လိုက် မင်းသားနဲ့ ၊ ဗီလိန်နဲ့၊ သူဌေးနဲ့ စသည်ဖြင့် စုံ၍နေပါသည်။ ကျွန်မကလည်း ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဘူး။ အပေါစား မင်းသမီးမလုပ်ဘူး။ ဂိုက်နဲ့ဆိုက်နဲ့နေမှာဟု လက်မထောင်ကာ အိုက်တင်ပါပါ လုပ်ပြလိုက်ရာ အားလုံး ရယ်မောကြပါသည်။ သို့ရာတွင် “စောင့်ကြည့်ရသေးတာပေါ့ ” ဟူသော သူတို့စကားကိုမူ ကျွန်မ၏စိတ်ထဲ စွဲ၍လာခဲ့ပါသည်။

           နေ့ခင်း ၁၂ နာရီခန့်တွင် ရန်ကုန်ဘူတာကြီးသို့ ပြည်ရထား ထိုးဆိုက် ရပ်နားလိုက်ပါသည်။ တစ်ခုသော ဒုတိယတွဲခန်း ခရီးသည်များအနက် အသက် ၂၀ ခန့် အပျိုတစ်ယောက်နှင့် အသက် ၄၅ နှစ်ခန့် အဒေါ်ကြီး တစ်ယောက်ပါလာရာ ထိုနှစ်ယောက်မှာ ကျွန်မနှင့်မိခင်ကြီး ဖြစ်ပါသည်။ ကျွန်မတို့တွင် အိပ်ရာလိပ်တစ်ခု၊ သားရေသေတ္တာလတ်တစ်လုံးနှင့် ထမင်း ချိုင့်၊ ဓာတ်ရေဘူးများသာပါရှိရာ ကျွန်မက အောက်အရင်ဆင်းပြီးလျှင် မေမေက အပေါ်မှချပေးပါသည်။ ။

           ထိုအခိုက် အသက် ၂၀ ခန့်လူတစ်ယောက် ကျွန်မတို့အနီးရောက် လာကာ “ခင်ဗျား မခင်သောင်း မဟုတ်လား”မေးရင်း သူ့လက်ထဲက ဓာတ်ပုံ နှင့် ကျွန်မကို နှိုင်းယှဉ်ကြည့်ပါသည်။ ဓာတ်ပုံသည် လူရုပ်ကို ဖမ်း၍ရသော် လည်း အမှန်မှာ ဓာတ်ပုံက ကျွန်မ၏ ပကတိရုပ်ထက် ချောနေပါသည်။ ဤတွင် စိတ်စနောင့်စနင်း ဖြစ်မိပါသည်။ ဓာတ်ပုံနှင့် ပကတိရုပ်မတူ ဟန်မကျသေးဟု ပယ်ချမည်ကို စိုးရိမ်မိပါသည်။

           “ဟုတ်ပါတယ် ... မခင်သောင်းပါပဲ”

           “ဆရာက အကြိုလွှတ်လိုက်လို့ပါ”

           ရုပ်ရှင်မန်နေဂျာဆီမှ မနေ့ကပင် လူအကြိုလွှတ်လိုက်မည်။ ဆက် ဆက်လာဟု ကြေးနန်းရထားပြီးဖြစ်သဖြင့် ထိုသူနှင့် ယုံကြည်စိတ်ချစွာ လိုက်၍သွားပါသည်။ ဘူတာ၏အပြင်ဘက်သို့ရောက်လျှင် ထိုလူရွယ်သည်အလွန်သားနားသော ရှားရောင်ဆလွန်းကားရှိရာသို့ ခေါ်သွားပါသည်။ ကူလီကုလားဆီမှ ပစ္စည်းများကို ထိုလူပင် ကားနောက်ပိုင်းအဖုံး ဖွင့်ကာ တင်လိုက်ပါသည်။

           ကျွန်မတို့သားအမိမှာ ကားနောက်ပိုင်းတွင် ထိုင်မိကြရာ ထိုလူသည် ကားရှေ့ပိုင်းသို့တက်ပြီးလျှင် ညင်သာစွာ စက်နှိုး၍ ထွက်ခွာသွားပါသည်။ ပန်းဆိုးတန်း “မြသီတာရုပ်ရှင်ကုမ္ပဏီ”ဟု ရွှေစာလုံးဝိုင်းကြီးများနှင့် ချိတ်ဆွဲထားသော တိုက်ကြီး၏ရှေ့သို့ ရောက်လျှင် ကားကိုရပ်လိုက်ပါ သည်။ ဒရိုင်ဘာသည် ကားတံခါးဖွင့်ပေးကာ အပေါ်ထပ်သို့ တက်နှင့်ကြ ရန်ပြောဆိုသဖြင့် သားအမိနှစ်ယောက် အပေါ်ထပ်သို့ တက်ခဲ့ကြပါသည်။ ကျွန်မ၏ရင်ထဲတွင်ကား တလှပ်လှပ်ဖြစ်၍နေပါသည်။ ဓာတ်ပုံရုပ်နှင့် လူရုပ်မတူလို့ မရွေးဘဲပြန်လွှတ်လိုက်မည်ကို သာလွန်၍ စိုးရိမ်ပါသည်။ ပြန်လွှတ်လျှင် သူငယ်ချင်းများ ပြောမဆုံး၊ လှောင်၍ပြီးမည် မဟုတ်တော့ပါ။

           အခြားကုမ္ပဏီသုံးခုသို့ ဓာတ်ပုံနှင့် လျှောက်ထားဖူးရာ ပြန်စာပင် မရသဖြင့် ကျွန်မ အရမ်းမဲ့ စိုးရိမ်ခြင်းမဟုတ်ကြောင်း သိသာနိုင်ပါသည်။

           တိုက်အပေါ်ထပ် တံခါးမသို့ရောက်လျှင် ခပ်လှမ်းလှမ်း ဧည့်ခန်း၌ ထိုင်နေသော အသက် ၃ဝ ခန့် လူတစ်ယောက်ကို မြင်ရပါသည်။ ထိုလူကပင် “ဪ... ရောက်လာကြပလား၊ လာကြလေ”ဟု ဆီးကြိုနှုတ်ဆက်ပါသည်။ ကျွန်မတို့ သားအမိလည်း ထိုလူရှိရာသို့ လျှောက်သွားကြကာ ဆိုဖာများ ပေါ်တွင် ထိုင်မိကြပါသည်။

           ထိုလူမှာ မွန်ရည်သန့်ပြန့်သော ရုပ်ရှိ၍ အက်(စ်)အိုရှပ်လက်ရှည် ရေညှိရောင် ဗန်ကောက်လုံချည်ကို ဝတ်ဆင်ထားပါသည်။

           “မနေ့က ကြေးနန်းကော ရတယ်မဟုတ်လား”

            “ဟုတ်ကဲ့ ... ရပါတယ်”ဟု ပြောလိုက်ရပါသည်။ ။

           “ကျောင်းပညာကော တော်တော် သင်ဖူးရဲ့လား”

            “အိုင်အေ စီနီယာအထိ သင်ဖူးပါတယ်”

           ထိုအခါ အတော် အံ့အားသင့်သွားပုံ ရပါသည်။ ထိုစဉ်အခါက ခေတ်ပညာတတ် အမျိုးသမီးများ ရုပ်ရှင်နယ်ထဲသို့ အဝင်နည်းသောခေတ်ဖြစ်ပါသည်။ သူသည် ကျွန်မအား ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေပါသည်။ ထိုစဉ်က အားကစားမယ်များ မပေါများသေးသော်လည်း ကျောင်းကသင် ပေးသော ဒရီးလ်ပညာများ၊ အခြား ကာယဗလစာအုပ်မှ နည်းကောင်းများ နှင့် လေ့ကျင့်ခဲ့ဖူးသဖြင့် ကျွန်မ၏ ကိုယ်ခန္ဓာမှာ အချိုးအစားအတော်ကျပါ သည်။

           “ကျန်းမာရေး တော်တော် လိုက်စားခဲ့ပုံရတယ်”

            “ဟုတ်ကဲ့ .. တတ်သမျှတော့ နေ့စဉ် လေ့ကျင့်ခဲ့ဖူးပါတယ်”

           “မြင့်ရေ .. ဟောဒီမယ် ကိုယ်ပြောတဲ့ မင်းသမီးအသစ်ရောက်လာပြီ”

           ဟု တစ်နေရာသို့ လှမ်း၍ပြောလိုက်ရာ အသက် ၂၅ နှစ်ခန့် ရုပ်ရည်အတော် ချောသော (ကျွန်မထက်သာသည့်) မိန်းမတစ်ယောက် ထွက်လာပါသည်။ နောက်မှ သိရသည်မှာ မန်နေဂျာ တင်မောင်ရွှေ၏ဇနီး ခင်မြင့်ရီဆိုသူပင် ဖြစ်ပါသည်။ ခင်မြင့်ရီသည် သူ၏မောင်တော်ဘေးကထိုင်ကာ ကျွန်မကို အကဲခတ်ကြည့်ရှုပြီးလျှင် “ဖလင်(စ်) ကောင်းကောင်းရမှာပဲ” ဟု ဆုံးဖြတ် ချက်ချပါသည်။ နောက်မှ နားလည်သည်မှာ (Film Face) ဖလင်ဖေ့(စ်) ဆိုသည်ကား အပြင်တွင် ရုပ်ချောမချော အရေးမကြီး၊ မိတ်ကပ်နှင့် ဖလင်ကော်ပြားတင်လိုက်က ဟန်ကျမည့်ရုပ်ကို ဖလင်ဖေ့(စ်) ရသည်ဟု ပြောကြခြင်း ဖြစ်ပါသည်။

           “ကျွန်မသမီးကို လက်ခံပြီလားရှင်”

           ထိုင်ကတည်းက တစ်ခွန်းမျှ ဝင်ရောက်မပြောသေးသော မိခင်ကြီးက လိုရင်းကို တိခနဲ ဝင်၍မေးလိုက်ပါသည်။

           “လက်ခံလိုက်ပြီဆိုပါတော့ ဒေါ်ဒေါ်”

           ဤတွင် စကားမှာ စင်းလုံးချောမဟုတ်ဘဲ “ဆိုပါတော့”ဟူသည့် အမျက်ကလေးပါနေသဖြင့်                                 

           ကျွန်မမျက်နှာပျက်သွားပါသည်။ ထိုအခြင်း အရာကိုလည်း ချက်ချင်း နားလည်ဟန်နှင့်

           “ဒီလိုကွဲ... မခင်သောင်း၊ မခင်သောင်းမှာ ခေါင်းဆောင်မင်းသမီး ဖြစ်ထိုက်တဲ့ အရည်အချင်းရှိရင် ခေါင်းဆောင်မင်းသမီး ဖြစ်ရမှာပဲ၊ အရည် အချင်းလျော့ရင် အရန်မင်းသမီးလောက်ပဲ ဖြစ်မယ်။ ဒီတော့ “ဆိုပါတော့”

           အဓိပ္ပာယ်က လက်ခံတာတော့ အမှန်ပဲ၊ ဘာ မင်းသမီးဖြစ်မယ်လို့ တင်ကူး မပြောနိုင်သေးဘူးကွဲ”

           “ကျွန်မလည်း သဘောမတူဘူး၊ သူ့ဖေဖေက သာပြီး သဘောမတူ တယ်၊ ဒါပေမဲ့ ၁၂ နှစ်သမီးလောက်ကတည်းက ကျောင်းကပွဲ၊ အရပ် ပြဇာတ်တွေမှာ ပါဝင်ကပြလာခဲ့တယ်။ ဝါသနာလည်း အလွန်ကြီးပါတယ်”

           “ဟုတ်ပါတယ် ဒေါ်ဒေါ်၊ ကျွန်တော်ကလည်း စကားလွန်မှာစိုးလို့

           “ကျွန်မ အိမ်မှာမရှိရင်မဖြစ်ဘူး၊ သူ့နေရေးထိုင်ရေးလည်း စီမံမှဖြစ်မယ် ”

           “ဒါတော့စိတ်ချပါ။ ကျွန်တော့်တိုက်မှာပဲထားပြီး စောင့်ရှောက် ပါ့မယ်။ ဒီလိုမှ မဟုတ်ဘူး၊ တခြား ယုံကြည်စိတ်ချရတဲ့ အိမ်ရှိရင်လည်း အဲဒီမှာထားတာပေါ့”

           “ခွင့်ပြုမယ်ဆိုရင် ဒီမှာပဲ နေချင်ပါတယ်” ( ကျွန်မ ထိုကဲ့သို့ သွက်လက်စွာ ပြောလိုက်ခြင်းမှာ ကိုတင်မောင်ရွှေ သည် ရိုးသားတည်ကြည်၊ သူ့မယားအား ချစ်သည်။ ဣန္ဒြေရသည်စသော သတင်းများကို တင်ကူးရရှိထားသောကြောင့် ဖြစ်ပါသည်။

           “မမတို့နဲ့ နေမယ်ဆိုရင် မမနဲ့လည်း အဖော်ရတာပေါ့”

           ထိုစကားမှာ ခင်မြင့်ရီ၏ ဝန်ခံချက်ဖြစ်ပါသည်။ ဘယ်ဇနီးမယား မဆို ကိုယ့်အိမ်တွင် လူစိမ်းမိန်းမပျိုတစ်ယောက် နေထိုင်ခြင်းကို သဘော မတူကြသည်က များပါသည်။ ကျွန်မ ခင်မြင့်ရီ၏ စိတ်သဘောကို အတွင်း ကျိတ်ချီးမွမ်းမိပါသည်။

           ထိုနေ့ည ရထားနှင့်ပင် မိခင်ကြီးအား ဘူတာသို့လိုက်၍ပို့လိုက်ပါ သည်။ ကောလိပ်ကျောင်းနေစဉ် နှစ်နှစ်ခန့်ခွဲဖူးသဖြင့် အနည်းငယ် ဝမ်းနည်း ရုံမှအပ စိတ်ကိုမထိခိုက်လှပါ။

           “မခင်သောင်း ... ခဏလော့”

           နောက်တစ်နေ့ နံနက်စာပြီးသဖြင့် ကျွန်မ အခန်းသို့သွားမည် အလုပ် ကိုတင်မောင်ရွှေက ခေါ်လိုက်ခြင်း ဖြစ်ပါသည်။

           “ဟုတ်ကဲ့ ... ဦးလေး”ဟု ထူးရင်း သူ့ရှေ့သို့ လျှောက်ခဲ့ပါသည်။ သူ့အား အများအားဖြင့် ဆရာဟု ခေါ်ကြပါသည်။ တချို့က သူဌေးဟုပင် ခေါ်ကြရာ သူမနှစ်သက်ပါ။ ကျွန်မကမူ သူ့အား ဦးလေးသဖွယ် နောက် နောင်ပိုးဇာတ်ထုပ်မခင်းနိုင်ရန် မိန်းမပါးလုပ်ပြီး ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ သူ့ရှေ့တွင်ထိုင်မိလျှင် ကျွန်မအား ခြေဆုံးခေါင်းဆုံး ကြည့်နေရာ ကျွန်မမှာ မနေတတ်အောင်ပင်ဖြစ်၍ သွားပါသည်။

           “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစောဆိုတဲ့ တစပဉ္စက ကောဋ္ဌာသ ကြားဖူးရဲ့လား”ဟု မေးပါသည်။ အင်း .... ကမ္မဋ္ဌာန်းတရားများ ဟောဦး မလားဟု တွေးမိကာ

           “ကြားဖူးတယ် ဦးလေး၊ ဒါပေမဲ့ ကောင်းကောင်း နားမလည်ပါဘူး”

           “လူတစ်ယောက်ရဲ့ အလှအချောမှာ အဲဒီငါးပါးပြည့်စုံရင် ပြီးတာပဲ။ ကေသာဆိုတာ ဆံပင်၊ ဒီတော့ ဆံပင်ဟာ နက်မှောင်ပြီး အရောင်ကောင်း ရမယ်။ အသင့်အတင့်ရှည်ရမယ်။ မခင်သောင်းဆံပင်ဟာ နက်မှောင်တယ်။ ဒူးခေါက်ကွေးလောက် ရှိမယ်ဆိုတော့ တစ်အချက်ပြည့်စုံပြီ။ လောမာ-

           ဟင် ... ဘာတွေ လျှောက်ပြောဦးမှာလဲဟု ရှက်သလိုဖြစ်ကာ သူ့ မျက်နှာကို ဆတ်ခနဲ ကြည့်မိပါသည်။ သူကား ဣန္ဒြေမပျက်။ ။

           “လောမာဆိုတာ မိန်းမတို့အဖို့ မျက်ခုံးမွေးကောင်းရမယ်၊ မခင်သောင်း မျက်ခုံးမွေးက ပါးတယ်။ ဒါပေမဲ့ မိတ်ကပ်နဲ့ပြင်လို့ရနိုင်တော့ နှစ်အချက် ပြည့်စုံပြီ။ နခါဆိုတဲ့ ခြေသည်း၊ လက်သည်းလည်းမဆိုးဘူး။ ဒန္တာဆိုတဲ့ သွားက ဖြူဖွေးညီညာသားပဲ။ တစောဆိုတဲ့ အရေကတော့ အသားမလတ် တလတ်မို့ သိပ်မဟန်ဘူး။ ဒါပေမဲ့ မိတ်ကပ်က ကူနိုင်တယ်။ နှုတ်ခမ်း နည်းနည်းကလေး မဖြစ်စလောက်ထူတာလည်း မိတ်ကပ်ကူပေါ့။ တစ်ခု အဖိုးတန်တာက ကော့နေတဲ့ မျက်တောင်ရယ်၊ ပြူးကျယ် ကြည်လင်တဲ့ မျက်လုံးရယ်ဟာ ပိတ်ဖြူပေါ်မှာ မခင်သောင်းရုပ်ကို မြင်သူတိုင်း စွဲကြမှာပဲ”

           နွားတစ်ကောင်ဝယ်ယူရမည့် လယ်သမားတစ်ယောက်ကဲ့သို့ သွား ဖဲကြည့်ခြင်း၊ နားရွက်ဆွဲ၊ အမြီးကိုင် မပြုလုပ်ရုံမှအပ ကျွန်မ တစ်ကိုယ်လုံးကို ကြည့်ရှုကာ ဝေဖန်လိုက်ပါသည်။ နောက်ဆုံးဝေဖန်ချက်ကား ကျွန်မစိတ် တွင် ပီတိဖြစ်မိပါသည်။ ထိုအခိုက်တွင် အသက် ၂၀ ကျော်ခန့် လူရွယ်နှစ်ယောက်၊ အသက် ၃၀ ကျော်ခန့် မိန်းမတစ်ယောက် ထပ်ရောက်လာကြပါ သည်။ အားလုံး ရုပ်ရှင်ပညာသည်များဟုလည်း အကဲခတ်မိပါသည်။ ဦးလေးကပင်

           “လာကြပြီလား .... ဒီကိုလာကြဟေ့”ဟု ဆီး၍ခေါ်ပါသည်။ ခပ်လှမ်း လှမ်းတွင် ကျွန်းသား ချောဆေးသုတ်ခုံရှည်နှစ်ခုနှင့် မတ်တတ်ကုလား ထိုင် ရှစ်လုံးရှိပါသည်။ “ကျွန်တော်တို့ ဒီမှာပဲ ထိုင်ပါ့မယ်”ဟု ကုလားထိုင်များ တွင် ထိုင်ကြပါသည်။ ဦးလေးနှင့် မျက်နှာချင်းဆိုင် ဆိုဖာများတွင် မထိုင်ရဲ ကြရှာပါ။ ဦးလေးက မိန်းမအား လှမ်းကြည့်ကာ

           “လာစမ်း ... မနုစိန်၊ မခင်သောင်းကို မိတ်ကပ်လုပ်ပေးစမ်း၊ ကဲ... မခင်သောင်း မင့်အခန်းထဲသွားကြ”

           ကျွန်မနှင့် မနုစိန်ဆိုသူသည် ကျွန်မအခန်းထဲသို့ လာခဲ့ကြပါ သည်။ ကျွန်မ အခန်းထဲ၌ ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ရှိပါသည်။ အခန်းထဲသို့ ရောက်လျှင် မနုစိန်က “ကဲ .. မခင်သောင်း မျက်နှာသစ်လိုက်ဦး”ဟု ပြောရာ အံ့အားသင့်သွားပါသည်။ ကျွန်မ မျက်နှာမှာ သနပ်ခါးရည်ကဲ ပေါင်ဒါပါးပါးနှင့် သပ်သပ်ရပ်ရပ် ရှိနေ၍ ဖြစ်ပါသည်။

           “မိတ်ကပ်လုပ်တဲ့အခါ မျက်နှာပေါ်ရှိတဲ့ဟာတွေ ရှင်းပစ်ရတယ်” ထိုအခါကျမှ ဖစ်လတာထဲက ရေကို ဖန်ခွက်တစ်လုံးတွင် ထည့်ယူပြီးလျှင် ပြတင်းပေါက်သို့သွားကာ သစ်ချလိုက်ရပါသည်။ မနုစိန်တွင် ပိုးလွယ် အိတ်ကလေးပါလာရာ ထိုအထဲမှ မိတ်ကပ်ဘူးတစ်ဘူး၊ ပေါင်ဒါဘူး တစ်ဘူး၊ မျက်နှာပေါင်ဒါညှိသည့် ပတ်တစ်ခု၊ ပါးနီ နှုတ်ခမ်းနီခြယ်သည့် လစ်ပ်စတစ်ခု ကျွန်မ မသုံးဖူးသော ခဲတံတစ်ချောင်း ဖြစ်ပါသည်။

           ( ပန်းရောင် မိတ်ကပ်ဘူးထဲမှ လက်ညှိုးနှင့်ကော်ပြီး ကျွန်မအား ကလေးသဖွယ် ပြုပြင်ပေးနေသည်မှာ တစ်ခါတစ်ရံ မျက်တောင်မွေးထဲမိတ်ကပ် အစအန ဝင်သဖြင့် အခံရခက်ပါသည်။ မိတ်ကပ်ပြီးလျှင် ပေါင်ဒါ နှင့် ဆောင့်ကာ ဆောင့်ကာ ညှိ၍ပေးသည်မှာလည်း အတော် အောင့်သက် သက်နိုင်လှပါသည်။ ထိုမှတစ်ဖန် နှုတ်ခမ်းကို သူကြိုက်သလို ဟပေးရပြီး နှုတ်ခမ်းနီအဖြစ်ခြယ်ပေးရာ ကျွန်မနှုတ်ခမ်းအတော်လှသွားပါသည်။ ခဲတံမှာ အမည်းလိုရာတွင် ခြယ်ရခြင်းဖြစ်ရာ မျက်ခုံးမွေး သေးသေးမျှင်မျှင် ပီပီသသ ဖြစ်သွားပါသည်။

           “မခင်သောင်းရုပ်ကတော့ ရုပ်ရှင်ပရိသတ် အသည်းစွဲဖြစ်မှာပဲ။ အိုက်တင်တို့ ဘာတို့သာ လိုတော့တာပဲ”

           မနုစိန်သည် သူ့ပစ္စည်းများကို သိမ်းဆည်းရင်း မှန်ရိပ်တွင် ပီတိ ဖြစ်နေသော ကျွန်မအား ချီးကျူးလိုက်ပါသည်။ ကျွန်မတို့ အပြင်ထွက်လာသောအခါ အလွန်လင်းသောဓာတ်မီး (နောက်မှ ဆလိုက်မီးမှန်းသိပါသည်) သုံးပွင့်နှင့် ကင်မရာမင်း အသင့်ရှိနေပါသည်။ ဦးလေးက

           “ဘတ်စ် (ကိုယ်တစ်ဝက်သာသာ) သုံးမျိုးရိုက်ဟေ့”

           ကင်မရာမင်းသည် အနေအထား အနည်းငယ်ပြင်ပေးပြီးနောက် ဘယ်ဘက်ဘေးမစောင်းတစောင်းတစ်ပုံ၊ ညာဘက်ဘေး မစောင်း တစောင်း တစ်ပုံ၊ ရှေ့တည့်တည့်မှတစ်ပုံ ရိုက်ယူလိုက်ပါသည်။

           “ဆေးပြီးကူးခဲ့စမ်းဟေ့”

           ကင်မရာမင်း အောက်ထပ်သို့ ဆင်းသွားပါသည်။ အောက်ထပ်မှာ အလုပ်ခန်း၊ စတိုခန်း၊ ကင်မရာဖလင် ကော်ပြားဆေးသောအခန်း စသည်တို့ ရှိပါသည်။ နာရီဝက်အတွင်းမှာပင် ကင်မရာမင်းသည် ဓာတ်ပုံ သုံးခုကိုယူ၍ ပြလေရာ ကျွန်မ အတော်အံ့အားသင့်သွားပါသည်။ ကျွန်မတို့ မြို့မှာဆိုလျှင် အမြန်ဆုံး ကူးပေးပါဆိုသည်တိုင်အောင် နှစ်ရက် သုံးရက်ခန့် ကြာပါသည်။ ယခုမူ နာရီဝက်နှင့် ပြီးခဲ့သောကြောင့် ဖြစ်ပါသည်။

           ဦးလေးသည် တစ်ပုံစီ သေသေချာချာ ကြည့်ရှုနေပါသည်။ သူ့အမူ အရာမှာ အတော်သဘောကျနေပုံ ရပါသည်။ ကျွန်မအားကြည့်ကာ

           “မခင်သောင်းက အနေရိုးတာကိုးကွ၊ မခို့တရို့လေးဆိုရင် သာပြီး ဟန်ကျမှာပဲ”

           “အစက အဲဒီလိုပြောရင် နေပြမှာပေါ့ ဦးလေးရဲ့”

           “အေး ... အခုလည်း စမ်းကြည့်ရမှာပဲကွယ်”

           အခြား ရုပ်ရှင်မင်းသမီးသစ်တွေ ကုမ္ပဏီရောက်လျှင် သူတို့အား ဘယ်လို စမ်းသပ်ကြသည်မသိ၊ ကျွန်မအဖို့မှာကား အတော်ပင်ပန်းပါသည်။ ကျွန်မသည် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော ရုပ်ရှင်နှင့် ပတ်သက်သည့် စာနယ်ဇင်းများကို အမြဲမပြတ် ဝယ်ယူဖတ်ရှုခဲ့ပါသည်။ နာမည်ကျော် မင်းသမီးများ၏ အိုက်တင်ပုံများရုပ်ပုံနှင့် ပါလာတတ်ရာ မှန်ကြီးတစ်ချပ်ရှေ့ တွင် အကြိမ်များစွာ လေ့ကျင့်ခဲ့ပါသည်။

           “ရုပ်ရှင်၊ ပြဇာတ်၊ သဘင်သည်ဆိုတာ အတော်ကြောင်ရဲရတယ်။ ကိုယ့်ဆိုင်ရာတာဝန်ကို လုပ်နေတဲ့အခါ ဘယ်သူ့မှ ဂရုမစိုက်ရဘူး”

           ဦးလေးသည် ကျွန်မအားကြည့်ကာ ပြောနေပါသည်။ ထိုနောက် ကုလားထိုင်များရှိရာသို့ ထ၍သွားကြကာ ကျွန်မမှာ ကုလားထိုင်တစ်လုံး တွင် ထိုင်ရ၍ ဦးလေးနှင့် မနုစိန် အခြားလူရွယ်နှစ်ယောက်မှာ ကျွန်မနှင့် မျက်နှာချင်းဆိုင် ထိုင်ကြပါသည်။

           “ကဲ ... မခင်သောင်း ကျေနပ်တဲ့ အမူအရာနဲ့ ပြုံးပြုံးကလေးလုပ်ပြ စမ်း” ဗလာသက်သက်ခိုင်းသဖြင့် ကျွန်မ ကြောင်သွားပါသည်။ အကယ်၍ ရုပ်ရှင်ရိုက်ကူးစဉ် လုပ်၍ပြရက အရေးမကြီးပါ။

           “လုပ်ပြလေ ... မခင်သောင်း”

           ကျွန်မ မနေသာတော့ပါ။ မျက်နှာကို ပြုံးပြုံးကလေးလုပ်ပြရပါ သည်။ သူကျေနပ်ပုံရပါသည်။ နောက် ဆက်လက်၍ စိုးရိမ်သည့် အမူအရာ၊ကြောက်လန့်သည့်အမူအရာ၊ စိတ်ညစ်၍ မှိုင်တွေချနေပုံ စသည်ဖြင့် လူ့လော က၊ လူ့သဘာဝနှင့် ပတ်သက်သော ဖြစ်ပျက်တတ်သည့် အိုက်တင်အမျိုးစုံကို လုပ်ပြခိုင်းပါတော့သည်။ နောက်ဆုံးခိုင်းသည်မှာ

           “ကဲ .. မဲ့ပြုံးကလေး လုပ်ပြစမ်း”တဲ့။

           “အို ... ဦးလေးကလည်း ကျွန်မ လော့ဂျစ်သဘော နားလည်ပါတယ်။ အထိုင်နဲ့အထ တစ်ပြိုင်နက် လုပ်မရသလို အမေ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အပြုံးနှစ်ခု တစ်ပြိုင်နက် ဘယ်မှာလုပ်လို့ရမလဲ”

           “တစ်ပြိုင်နက် ဘယ်ဟုတ်မလဲ။ ပထမမဲ့နေရာက ချစ်သူစိတ်ညစ် မှာစိုးလို့ တဖြည်းဖြည်း ပြုံးလာရတာမျိုးကွဲ ၊ ကဲ ... လုပ်စမ်း”

           ကျွန်မ လုပ်၍ပြရပါသည်။ ထိုအကြိမ်၌ ကျွန်မ စိတ်ကူးထဲမရဘဲ ပြုံးလိုက်စဉ် မျက်တောင်စုံ နှစ်ကြိမ် သုံးကြိမ် ခတ်မိရာ “ဟုတ်သဟေ့ ..

           ကောင်းသဟေ့ .. ဒီအမူရာ မှတ်ထား”ဟု အားပါးတရ ချီးကျူးပါတော့ သည်။

           “ကဲ .. လှိုက်လှိုက်လှဲလှဲ မျက်ရည်ထွက်အောင် ငိုပြစမ်း”တဲ့။

           ရုပ်ရှင်မင်းသမီးအဖြစ် ကျွန်မ ဖြေဆိုရသော အခက်အခဲတွင် ဤ ကွက်ရှင်သည် အခက်ဆုံး ဖြစ်ပါသည်။ အရူးမဟုတ်၊ အကောင်းမဟုတ် မျက်ရည်ထွက်အောင် ငိုပြီးပြရမတဲ့။

           “အို ... ဦးလေးကလည်း ဘယ်လုပ်လို့ရမလဲ”

           “ကျင့်ရင် ရပါတယ်။ ခင်ရီတို့၊ မေဝင်းတို့ နာမည်ကြီးတာ။ ဒါကြောင့် ငိုဆိုရင် တကယ်ပစ်ငို လိုက်နိုင်ကြတာပဲ။ အေးလေ ... နောက်မှ ကျင့်ပေါ့”

           ဟု ရုပ်ရှင်မင်းသမီး အစမ်းစာမေးပွဲကို အပြီးသတ်လိုက်ပါသည်။

           ဦးလေးအိမ်သို့ ရောက်ရှိ၍ လေး၊ ငါးရက်ကြာလျှင် ကျွန်မမှာ အိမ်သူ အရင်းအချာ တစ်ယောက်ကဲ့သို့ ဖြစ်၍နေပါသည်။ ကုမ္ပဏီ၏ အပေါ်ထပ် တွင် တစ်အိမ်သားလုံးမှ ဦးလေးဦးတင်မောင်ရွှေ၊ အစ်မ ခင်မြင့်ရီ၊ ထမင်းချက် ဒေါ်မြ၊ ကျွန်မပါ လေးယောက်တည်း ဖြစ်ပါသည်။ ဦးလေးသည် ကျွန်မ အား ရုပ်ရှင်ပညာနှင့်ပတ်သက်သောအကြောင်းများ အမြဲပြောပြသွန်သင် လေ့ရှိပါသည်။ ကျွန်မအား ဇာတ်ထုပ်တစ်ခုတွင် ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးချယ်မည်ဟု ပြောထားသဖြင့်လည်း ပျော်မဆုံးအောင် ဖြစ်နေပါသည်။

           ကျွန်မအား မတစ်လုံးဖြုတ်ပြီးလျှင် ခင်သောင်းဟုခေါ်၍ ငါနှင့် ပြောပါသည်။ ရိုးသားသော အသုံးအနှုန်းဖြစ်၍ ကျေနပ်ပါသည်။ သူ့ကိုကျွန်မ ကြည်ညိုသည်။ ချစ်မိသည်။ သူ့တွင် မယားကြီးရှိသဖြင့် ကျွန်မ၏ အချစ်သည် ဦးလေးသားချင်းအချစ်မျိုးဟု ထင်ခဲ့သည်။ သို့သော် သို့သော် ထိုအကြောင်းများကို နောက်မှ ဆက်လက်ရေးသားပါမည်။

           နှာတံပေါ်နားရွက်ကား၊ စူးရှကြည်လင်သော မျက်လုံး၊ ဝါဝင်း သောအသားနှင့် သူ့ရဲ့ မျက်နှာအနေအထားကို ကျွန်မ မကြာခဏ ကြည့်မိ သည်။ သူကတော့ ကျွန်မအား တူမလို တပည့်လို သဘောထားဟန်တူ ပါသည်။ သူသဘောမကျလျှင် မည်သူ့ရှေ့မှာဖြစ်ဖြစ်

            “တယ် .. ဒီကောင်မလေး”

           ဆိုပြီး သူ့လက်ဝါးကြီးနှင့် ကျောပြင်ကို ဗြောအသွင်နှက်တတ်ပါ သည်။ ထိုသို့ သူက ဆုံးမသည်ကိုပင် ကျွန်မ သဘောကျမိပါသည်။

           အမှန်တော့ ကျွန်မဟာ အတော် ဆတ်ကော့လတ်ကော့နိုင်ပါသည်။ လုံချည်လဲလျှင် ကွင်းလိုက်ပုံချပြီးလျှင် ခြေနှင့်ကော်ကာ တစ်နေရာတွင် ထားတတ်ပါသည်။ လုံချည်ပြင်ဝတ်လျှင်လည်း သုံးလေးခါဖြန့်ပြီးမှ ဝတ်လေ့ရှိရာ မမမြင့်ကပင် ထိုသို့မဝတ်ရန် ဆုံးမရပါသည်။ တစ်ခါတစ်ရံ ကြမ်းတွင်ချထားသော ပစ္စည်းတစ်ခုကို ဘောကန်သလို ခလုတ်တိုက်မိသည့် အကြိမ်ပေါင်းလည်း မရေမတွက်နိုင်ပါ။

           ကုမ္ပဏီမှ ဇာတ်ထုပ်တစ်ထုပ် ရိုက်ကူးဆဲဖြစ်ရာ ဦးလေးသည် ကျွန်မအား မကြာခဏ ခေါ်သွားပါသည်။ “အတော်ကြောင်ရဲရတယ်” ဆိုသောစကားကို ကျွန်မ နားလည်ပါတော့သည်။ အပြင်ခန်းရိုက်ကူးရာ၌ နေပူကျဲကျဲတွင် မသက်သာလှကြပါ။ တစ်ခါတစ်ရံ မှန်ရောင်ပြား စသည် တို့နှင့် အလင်းရောင်ထိုးရသေးရာ ဘယ့်လောက် မျက်လုံးကျန်းကြရှာမလဲပဲ။

           ဦးလေးသည် “သဘာဝ”ကို အထူးဂရုစိုက်သူ ဖြစ်ပါသည်။ တစ်နေ့ အတွင်းခန်းတစ်ခန်းဖြစ်သည့် မိန်းမပျိုနှင့် ယောက်ျားပျို၊ ချစ်ဗျူဟာကျင်းပုံကို ရိုက်ကူးပါသည်။ ဦးလေးမှာ ဒါရိုက်တာ၏ဘေးက ရပ်နေရာက

           " ဟေး... ..ဟေး ... နေဦး၊ အစက ပြန်ရိုက်”

           ဟု တားလိုက်ပါသည်။ ထိုအခန်းမှာ မင်းသားက မင်းသမီးအား ပွေ့ဖက်ရမည့်အခန်း ဖြစ်ရာ ပွေ့ဖက်ပုံ သဘာဝ မကျ၍ ထပ်မံအရိုက်ခိုင်းခြင်း ဖြစ်ပါသည်။ “သူရာနဲ့မေတ္တာခေတ် မဟုတ် ဘူးကွ”ဟုပင် ပြောပါသေးသည်။