Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မဟာဆွေ - ဆရာဝန်မို့

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
Type

အခန်း (၁)

           “သမီး မချစ်ချင် မကြိုက်ချင်ဘူးပြောတာဟာ ... အကြောင်းပြဦးမှ ပေါ့ သမီးရဲ့”

           “မချစ်ချင် မကြိုက်ချင်တာဟာ မချစ်၊ မကြိုက်သေးလို့ပေါ့ .... မေမေ”

           ဖြူဖြူတုတ်တုတ် ငယ်ငယ်က အတော်ချောခဲ့ပုံပေါက်သော မျက်လုံး မျက်ခုံးကောင်းကောင်း အသက် ၄၅ နှစ်ခန့်ရှိ မိန်းမကြီးသည် နှုတ်ခမ်းဆိုးဆေး မတင်ဘဲ ပကတိ နီထွေးသောနှုတ်ခမ်း၊ မိခင်၏ မျက်ခုံး၊ မျက်လုံးတွင် နုပျိုခြင်း၊ ကြည်လင်၍ ရီနေခြင်းက သာလွန်ပြီးလျှင် ဖြူဖွေးညီညာသော သွားကလေးများပေါ်အောင် ခပ်ပြုံးပြုံးကလေးပြောလိုက်သော အသက် ၁၈ နှစ်ခန့်ရှိ သမီး၏မျက်နှာကို ကြည့်ရှုနေလေသည်။ သားအမိ မဟုတ်က ရယ်စရာ ပြောင်ချော်ချော် ပြန်လှန်ပြောသည်ဟု ထင်ရမည်ဖြစ်သော်လည်း မိန်းမပျိုမှာ ခပ်ပြုံးပြုံးနှင့် ခပ်တည်တည်ပြောဆိုနေခြင်း ဖြစ်၏။

           “မောင်ထွေးမိဘမျိုးရိုးနဲ့ ပစ္စည်းအခြေအနေကို သမီးအသိပဲမဟုတ်လား”

           “ဟုတ်ကဲ့ မေမေ”

            “ပညာအရည်အချင်းလည်း ပြောစရာမရှိဘူး”

           “ဟုတ်ကဲ့”

           “ရုပ်ရည်ဆိုတာလည်း လူချောမဟုတ်ပေမယ့် ယောက်ျားပီသသား

           “မိန်းမရဲ့ ဥစ္စာအဆင်း၊ ယောက်ျားရဲ့ ဥစ္စယာဟာ အချင်း၊ ပညာလို့ ဆိုထားသားပဲ မေမေ”

           “ပြီးတော့ .. အသောက်အစား၊ အကစား၊ အပျော်အပါးလည်း ကင်း တယ်။ ခုခေတ်ထဲမှာတော့ ယောက်ျားပျိုထဲမှာ ခြောက်ပြစ်ကင်း ရှာမှ ရှားပါ ပဲ မေမေ”

           “အဲ .. တစ်ခုတော့ ပြောစရာရှိရဲ့၊ သမီးက အသက် ၁၈ နှစ်၊ သူက ၂၈ နှစ်ဆိုတော့ အသက် ၁၀ နှစ်တောင် ကွာနေတာတစ်ခုပါပဲ”

           “အို ... ဒါမှလည်း မေမေရယ်၊ အဆန်းမဟုတ်ပါဘူး။ တချို့ ၁၅ နှစ်၊ အနှစ် ၂ဝ ကွာတွေတောင် လက်ထပ်ကြသေးတာပဲ။ အနောက်နိုင်ငံမှာ လူကြီးလူကောင်း၊ အထက်တန်းစားတွေဆိုရင် အသက် ၁၅ နှစ်၊ အနှစ် ၂၀ ကွာကြတာပဲ”

           “အဖို့ ... သူ့ကို ငြင်းဆန်ဖို့ရာ အကြောင်းတစ်ချက်မှ မရှိဘူးပေါ့သမီး”

ပါပဲ”

           “ဟုတ်ပါတယ် မေမေ၊ ဒီလိုလူ ရတဲ့မိန်းမများ အလွန်ကံကောင်းတာ “

           " အနို့ .... သမီး ကံကောင်းလိုက်ပါလားကွယ်”

            “ဟင့်အင်း”

           “အို ... ဒီလိုတော့ ခက်သားပဲ သမီးရဲ့၊ မေမေတို့ဆိုတာတော့ သမီး အကြောင်း ဘာမှမရိပ်မိတာ အမှန်ပါပဲ။ သမီးက ဖွင့်ပြောမှ သိရမှာပဲ။ သမီးမှာ တခြားချစ်တဲ့လူများ ရှိနေရော့သလား”

           “မရှိပါဘူး မေမေ၊ ရှိရင်လည်း မေမေတို့ကို ဖွင့်ပြောမှာပေါ့”

           “သမီးရဲ့ ဖေဖေရော၊ မေမေရောဟာ ဒီပြင်မိဘတွေနဲ့ မတူဘူးဆိုတာ သိပါတယ်မဟုတ်လား။ သမီး မေတ္တာရှိလာတယ်ဆိုရင် မျိုးရိုးသာ သန့်ပေါ့ စေ၊ ဘယ့်လောက် ဆင်းရဲ ဆင်းရဲ သဘောတူမှာပဲ။ သမီးရဲ့ ရုပ်၊ မေမေတို့ စည်းစိမ်နဲ့ ဘီစီအက်စ်၊ အိုင်စီအက်စ်တို့ကို ရာထူးဝန်ရုံးက ရွေးချယ်သလို ရွေးချယ်ယူနိုင်ပေမယ့် မေမေတို့ဟာ သမီးသဘောနဲ့ ဆန့်ကျင်ပြီး လုပ်မှာမဟုတ်ဘူး၊ ဖွင့်သာပြောပါ”

           “မေမေတို့သဘောကို သမီး ယုံပြီးပါ။ သမီးမှာ ဒီလို မေတ္တာမျှထား တာလည်း မရှိပါဘူး၊ ပိုးပန်းတဲ့လူတွေတော့ မေမေ့ တိုင်ဖူးသား ...”

           “အဲသလို မေတ္တာထားတဲ့လူလည်း မရှိဘူးဆိုရင် မောင်ထွေးနဲ့ နေရာ ကျစေချင်တယ်ပဲ။ မေမေတို့မှာ ကုမ္ပဏီသာ အမည်ခံထားတာ မေမေတို့နဲ့ သူ့ မိဘနှစ်ဦးတည်း ဒီအလုပ်ကြီးတွေ ဖွင့်ထားတာ။ ဒီတော့ မေမေတို့ မျက်စိမှိတ်သွားတယ်ဆိုရင် ဥမကွဲ သိုက်မပျက် ကုမ္ပဏီကြီးလည်း တာရှည် တည်တံ့သွားအောင် ဒီနည်းပဲရှိတယ်။ သူ့ညီ ကျော်အေးအသက် ၂၃ နှစ်သာရှိသေး၊ ရုပ်ကလေးလည်း ချောပေမယ့် အကျင့်စာရိတ္တကျတော့ သမီး အသိပဲ”

           “အို ... ဒီလို ပျက်ချင်တိုင်း ပျက်နေတဲ့လူမျိုးနဲ့တော့ ဝေးပါသေးရဲ့။ ဒါဖြင့် ဒီလိုလုပ်ကြပါစို့ မေမေ၊ သမီးအသက် ၂ဝ ထိအောင် ၂ နှစ် စဉ်းစား ခွင့်ပေးပါ။ မေမေတို့မှာလည်း နုပျိုကြပါသေးတယ်၊ ဒီအတွင်း သမီးဆုံး ဖြတ်ပါ့မယ်” ။

           “အေး ... အေး .. သမီးသဘောအတိုင်းပေါ့”ဟု မိခင်ကြီးသည် နေရာမှ ထသွားလေရာ သမီးပျိုသည် နေရာတွင် သက်ပြင်းတစ်ချက်ရှူရင်း ကျန်ရစ်လေ၏။

***

           “ကြည့်စမ်း မေမေ၊ မဂ္ဂဇင်းအဖုံး စုတ်လာပြီ ဘာမှစည်းကမ်းရှိတဲ့ ကောင်မလေးမဟုတ်ဘူး”  

         “ဟဲ့ သားရဲ့ တိုးတိုးပြောပါ၊ မဂ္ဂဇင်း အဖိုးမတန်ပါဘူး”

            “အို .. ကျွန်တော့်ပစ္စည်း ဒီလိုကိုင်တာ မကြိုက်ဘူး။ ဟော ... ဟော ... တံခါး ခါးပန်းတစ်ခုလုံး မမြင်ဘူး၊ ခလုတ်တိုက်လဲပြန်ပြီ။ ပျံလွှား မလေး၊ ကျွန်တော့်နှမသာဖြင့် ဖနောင့်နဲ့ ထပေါက်တယ်”

           မိန်းမပျိုကလေးကား လွန်ခဲ့သော အသက် ၁၅ နှစ်၊ ၁၆ နှစ်ခန့်က မိမိအပြုအမူနှင့် ကျော်ထွေး အပေါက်ဆိုးမှုတ်သောစကားများကို ကြားယောင်၍နေ၏။ မိန်းမပျိုတို့သဘောကား ငယ်နုစဉ်သာမဟုတ် ကြီးပြင်း သည်အထိ လူအားလုံး၏ ချိုသာ ချော့မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက် တတ်၏။ ကျော်ထွေးကား ... မိန်းမပျိုတွေ့ ရသော လူအပေါင်းတွင် မျက် နှာထား အဆိုးဆုံး၊ အပေါက်ဆိုး၊ အပြောဆိုးဖြစ်သဖြင့် ငယ်ရွယ်စဉ်က စိတ်ဓာတ်ပါလာကာ မိခင်ကြီး ဖျောင်းဖျစဉ်၌ ငြင်းဆန်နေခြင်းဖြစ်၏။

           ပဲခူးဒိစတြိတ် မြို့တစ်မြို့မှ မြေပိုင်ရှင် စက်သူဌေး ဦးဘသွယ်၊ ဒေါ်တင် မြိုင်ကား သားသမီးငါးယောက်မွေးသည့်အနက် သမီးတစ်ယောက်သာ အဖတ်တင်၏။ ယခုအခါ၌ ထိုသမီးကလေး ခင်မေမြသည် အင်္ဂလိပ်အသက် ၁၈ နှစ်အရွယ်သို့ ရောက်နေပြီဖြစ်၏။ အင်္ဂလိပ်သီလရင်ကျောင်းတွင် ဂါဝန် ဝတ်လျက် ၁၆ နှစ်အရွယ် ၁ဝ တန်းအထိ သင်ကြားစေခဲ့၍ ယခု ကျောင်း နုတ်ထား၏။

           ရန်ကုန်မြို့၊ လတ္တာလမ်း၌ ဒေါက်တာဦးကန်ချွန်နှင့် ဒေါ်ဧသွယ်တို့ မှာ ရန်ကုန်တွင် ဆေးဆိုင်နှင့် မျက်မှန်ဆိုင်ဖွင့်ခြင်းဖြင့် ကြီးပွားနေသူများ ဖြစ်၏။ ဒေါ်ဧသွယ်၏ မိဘဘက်မှ ပစ္စည်းပိုမိုချမ်းသာကြရာ သားနှစ် ယောက်အား အစွမ်းကုန် ပညာသင်ကြားပေးရန် ကြိုးစားကြ၏။ သားအကြီး ကျော်ထွေးမှာ လိမ္မာသူဖြစ်သည့်အတိုင်း ဘီအက်စ်စီ၊ အင် ဘီ ဘီ အက်စ်၊ မိဘရိုးရာအလိုက် ဆေးဘက်က အောင်ခဲ့၏။ တစ်ဖန် ဘိလပ်ဆေးဒီဂရီ ကို လိုချင်သည်ဟု သွားရောက်သင်ကြားရာမှ တစ်နှစ်ခန့်အကြာတွင် စိတ်ပျက်၍ ပြန်ခဲ့၏။ နောက် ဒါလဟိုဇီလမ်းရှိ သခင်၏ဆေးတိုက်အလုပ် ကို ဦးစီးလုပ်ကိုင်နေ၏။ သားအငယ် ကျော်အေးကား အိုင်အက်စ်စီ အထက် တန်းတွင် ၄ နှစ်တိုင်တိုင် ကျော်တက်နိုင်ခြင်းမရှိ၊ သုံးဖြုန်းပျက်စီးနေသောကြောင့် မည်သည့်အလုပ်ကိုမျှ မခိုင်းငံ့၊ အိမ်တွင် ထမင်းကျွေးရုံတစ်မယ် ထားရ၏။

           ဦးဘသွယ်နှင့် ဦးကန်ချွန်မှာ ရှေး အင်ထရင့်အတန်းအထိ ကျောင်း နေဘက်သူငယ်ချင်းများဖြစ်၍ ဦးကန်ချွန် ကာလကတ္တားသို့ ဆေးပညာ သွားရောက်သင်ကြားမှ ကွဲကွာခဲ့၏။ နောက် ပြန်လာသောအခါ အစီအစဉ်မပြတ် တွေ့ကြ၏။ ဦးဘသွယ်သည် နယ်ရှိ လယ်မြေအချို့နှင့် ပြုတ်ဆန်၊ ဆန်စက်၊ ဂိုဒေါင်အဟောင်း စသည်တို့ကို ရောင်းချပြီး နှစ်ဦးတိုင်ပင်ကာ တစ်ဦးလျှင် ငွေရင်း ၁၀ သိန်းစီနှင့် မ,တည်လျက် မျိုးမြန်မာကုမ္ပဏီ ဟူသောအမည်ဖြင့် အလုပ်တိုက်ကြီးတစ်ခု ကမ်းနားလမ်းတွင် ဖွင့်၍ထား ကြ၏။

           ၎င်းတို့အလုပ်မှာ ဆန်စပါး၊ ပဲပြောင်း၊ ဝါဂွမ်း စသည်တို့ကို မြန်မာ ပြည်အရပ်ရပ်မှ ဝယ်ယူပြီးနောက် နိုင်ငံခြားသို့ တိုက်ရိုက်ဆက်သွယ် တင်ပို့ သော အလုပ်ဖြစ်၏။ ခနောင်တိုဘက်၌လည်း ဆန်စက်ကြီးနှစ်လုံး တည် ဆောက်လုပ်ကိုင်ကြ၏။ ပထမနှစ်အစ၌ ပါးရေနပ်ရှိသော နိုင်ငံခြားသား တို့၏ ဖိနှိပ်မှုကြောင့် ငွေ ၅ သိန်းကျော်မျှ ဆုံးရှုံးခဲ့သော်လည်း လုံ့လဝီရိယ အကြံဉာဏ် အားမလျှော့ဘဲ လုပ်ကိုင်လာကြရာ ၃ နှစ်အကြာတွင် ရင်းစား ပြန်ပြည့်၍ ယခုအခါ၌ ရှေ့သို့တစ်ဆင့်တက်ရန် ခြေလှမ်းပြင်နေသောအချိန် သို့ ရောက်ရှိနေ၏။

           ယခုအခါ၌ ထိုကုမ္ပဏီကြီးကို ဦးစီးနေကြသူများမှာ ဦးဘသွယ်နှင့် ဦးကန်ချွန်ပင်ဖြစ်၏။ နှစ်ဦးစလုံး အသက် ၅ဝ ကျော်များဖြစ်ရာ ၎င်းတို့ မျက်စိမှိတ်လျှင် ထိုကုမ္ပဏီကြီး အခြေမပျက် အလုပ်လုပ်နိုင်ရန် အရေးကြီး ၏။ နှစ်ဦး ငွေကြေးခွဲလိုက်လျှင်လည်း ထိုအလုပ်ကြီးကို လုပ်ကိုင်နိုင်ကြ မည်မဟုတ်။ ထိုအလုပ်ကို ဆက်ခံဦးစီးနိုင်မည့်သူမှာ ကျော်ထွေးတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ကျော်ထွေးနှင့် ခင်မေမြ သင့်မြတ်သွားကြက ၎င်းတို့ မျက်နှာလွှဲသော်လည်း ဘာမျှပူပင်စရာ ရှိမည်မဟုတ်ချေ။ ယခုမူ ကား တစ်ဦးတည်းသောသမီးဖြစ်၍ အလိုလိုက်ခဲ့သော ခင်မေမြကလည်း ခေါင်းမာနေ၏။ တစ်ဇွတ်ထိုး လူပျိုကြီး ကျော်ထွေးကလည်း အိမ်ထောင် ရေးကို နားချမရသေးနှင့် အကျပ်တွေ့၍နေကြ၏။ ဦးဘသွယ်ဘက်မှ သာ လွန်၍ စိုးရိမ်နေ၏။ ခင်မေမြမှာ အသက် ၁၈ နှစ်ရှိလာပြီဖြစ်ရာ အခြား သူတစ်ဦးနှင့် ချစ်ခင်သွားက မိမိတို့လုပ်ငန်းကြီး မုချပျက်စီးသွားမည်ဖြစ် သောကြောင့် သမီးအား အလိုလိုက်သော်လည်း အရိပ်တကြည့်ကြည့်နှင့် ဖြစ်နေ၏။ ဦးဘသွယ်မှာ ကုမ္ပဏီစကတည်းက ဦးကန်ချွန်၏တိုက်နှင့် ၃ တိုက်ခြားနေရာတွင် နှစ်ထပ်တိုက်ကြီးတစ်လုံး ဝယ်ယူလျက် ခြွေရံသင်းပင်းနှင့်တကွ နေထိုင်ခဲ့လေ၏။

           ဒေါ်တင်မြိုင်သည် ဖော်ပြခဲ့သည့်အတိုင်း သမီး ခင်မေမြအား တတိယ အကြိမ်မြောက် ကျော်ထွေးအကြောင်း မေးမြန်းပြောဆိုနေခြင်းဖြစ်၏။ အချိန်ကား နေ့ခင်း ၁ နာရီခန့်က ဖြစ်၏။ ထိုအချိန်၌ပင် ဒါလဟိုဇီလမ်း၌ ကားအလတ်စားတစ်စီးသည် အနောက်မှ အရှေ့သို့ လက်ဝဲဘက်က ကပ် ကာ ပြေး၍နေ၏။ ကားထဲ၌ အသက် ၃ဝ နီးပါး ဘန်ကောက်လုံချည်ကွင်း တိုက်ပုံအင်္ကျီ၊ ရွှေကိုင်းမျက်မှန်နှင့် လူရွယ်တစ်ယောက် ပါလာ၏။ ကား သည် ဒေါက်တာကန်ချွန်ဆေးတိုက်ဟူသော ဆိုင်းဘုတ်ကပ်ထားသည့် တိုက်ခန်းတစ်ခုရှေ့သို့ ထိုး၍ရပ်လိုက်၏။ ထိုလူသည် ကားပေါ်တုန်းကမူ မော်တော်ကား၊ ဓာတ်ရထားသံများကြောင့် အခြားအသံများ မကြားရချေ။ ဒေါက်တာကန်ချွန်၏ တိုက်ပေါက်ဝင်မိမှ ... ။

           ၀ယဓမ္မာနုပဿဂီဝါ၊ အဝိဇ္ဇာတဏှာ ကံအာဟာရ ချုပ်သောကြောင့် သွေး၊ ပြည်၊ စို၊ ၊ ညိုမည်းဖူးယောင်၊ အကောင်ပုပ် ရုပ်အပေါင်း ချုပ်သည် ဟု ထိုအကောင်ပုပ်ရုပ်အပေါင်း၏ ပျက်ကြောင်းသဘောကို သတိဖြင့် ထင်အောင် အဖန်တလဲလဲ မှတ်ရှုလေ့ရှိသည်ဖြစ်၍လည်း ဝိဟရတိ။ နေရ ၏။ ကာယသ္မီး သွေး ပြည် စိုရွဲ ... ။

           ဝင်လာသူမှာ ခဏမျှရပ်နေပြီးမှ ဆက်လက်မအောင့်နိုင်တော့ဘဲ ကိုကျော်ထွေးဟုခေါ်လိုက်ရာ ဘိလပ်သားအဝတ်အစား ဝတ်ထားလျက် အပေါ်အင်္ကျီချွတ်ကာ ကမ္မဋ္ဌာန်းစာဖတ်နေသော အရပ်မြင့်မြင့် ဒေါက်တာ ကျော်ထွေးသည် စာအုပ်ကိုပိတ်ကာ ကပျာကယာ လှမ်းကြည့်ပြီး ...

           “ဟယ်လို ... ကိုလှဝင်းပါလား၊ လာဗျာ လာပါ ထိုင်ပါဦး”

           ဟု ဖျာပျာသလဲ ဖိတ်ခေါ်လေ၏။ ခေါင်းလောင်းကလေး တီးလိုက်ပြီး ကုလား တစ်ယောက် ထွက်လာသောအခါ ဧည့်သည်အတွက် လိုအပ်သောပစ္စည်း များ အသင့်ရှိရန် အမိန့်ပေးလိုက်လေ၏။ ကိုလှဝင်းကား နက်တိုင်နှင့်တကွ ဘိလပ်သားအဝတ်ဖြင့် ကမ္မဋ္ဌာန်းရွတ်နေသော ဒေါက်တာကျော်ထွေးကို ကြည့်ကာ ပြုံးလေ၏။ ကျော်ထွေးက ထိုသို့ ပြုံးနေခြင်းကို ဂရုမစိုက်။

           “အိုင်ဆေး ... ကိုလှဝင်း၊ ခင်ဗျား ဘယ်တော့က ရန်ကုန်ရောက်သလဲ ”

           “မနေ့ညကပဲဗျာ၊ မနက် ၁၀ နာရီက ခင်ဗျားတို့တိုက်ကိုရောက်တယ်။ ခင်ဗျားဖားသားကြီးနဲ့တွေ့နေလို့ စကားပြောနေကြလိုက်တာ တစ်နာရီ ကျော် ကြာတာပဲ။ ဒါနဲ့ အိမ်ပြန်ထမင်းစားပြီးမှ ခင်ဗျားဆီ ထွက်လာတာပဲ”

           “ဒါထက် နေပါဦးဗျာ ... ခင်ဗျား ရန်ကုန် အမှုလိုက်ရင် ဟန်မကျ ဘူးလား၊ ဘာလို့ အစိုးရအမှုလိုက်ရှေ့နေ လုပ်ရတာလဲဗျာ”

           “ကျွန်တော်တို့လို ဝတ်လုံပေါက်စ မဆိုနဲ့ ဆရာ၊ ဝါရင့်တဲ့ ဝတ်လုံတွေ တောင် ကပ္ပလာနိမ်း၊ ခါနာနိမ်းတဲ့ ခေတ်ကြီးမို့ ရရာလုပ်ရတာပဲ”

           “ခင်ဗျားနဲ့ ကျွန်တော် ကွဲနေလိုက်ကြတာ အတော်ကြာပြီနော်”

            “ကြာဆို ၅ နှစ်တောင် ကျော်သွားပြီဗျာ၊

           ဒါကြောင့် သိပ်တွေ့ချင်တာပေါ့”

           ဝတ်လုံ ကိုလှဝင်းကား ရုပ်ရည်သန့်ပြန့်လျက် မျက်နှာချိုမြ စကား ပြော ရေလည်၏။ အပြုအမူနွဲ့နွဲ့ ပျောင်းပျောင်း ဖြစ်၏။ ကိုကျော်ထွေးကား အသားမဖြစ်စလောက် ညို၍ အရပ် ၅ ပေ၊ ၁ဝ လက်မခန့်ရှိ၏။ နားထင် အနည်းငယ်ခွက်၍ နဖူးကျယ်၏။ နားရွက်ကား၏။ မျက်ခုံးမွေး မထူမပါး ရှိ၍ မျက်လုံးမှာ စူးရှကြည်လင်၏။ တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောပြုလုပ်တတ်သောအသွင်ကိုဆောင်၏။ အရှက်အကြောက် အား ကြီး၍ စကားပြောလျှင် လိုရင်းကို တိခနဲနေအောင် ပြောတတ်၏။ ကျော် ထွေးက လှဝင်း၏မျက်နှာကို လှမ်းကြည့်ပြီး ....

           “အိုင်ဆေး ... ဖားသားကြီးက ခင်ဗျားကို ဘာတွေပြောလိုက်သေး သလဲ”

           “ပြောတာတွေတော့ စုံလို့ပါပဲဗျာ၊ အဲသည်အထဲက ခင်ဗျား မိန်းမ မလိုချင်ဘူးလို့ ငြင်းဆန်နေတာဟာ သူတို့ စိတ်အပျက်ဆုံးပါပဲ။ ခင်ဗျားကို ဦးဘသွယ်ရဲ့ သမီးနဲ့ မိဘနှစ်ဦးစလုံးက သဘောတူနေကြတယ်ဆို”

           “အစစ်ပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်မှ မလိုချင်ဘဲ။ ခက်တာပေါ့ ”

           “ခင်မေမြကိုလည်း အသက်ကြီးမှ ကျွန်တော် မြင်ခဲ့ပါပြီ၊ ရုပ်ရည်ဆို ရင် အတော်ရှားတာပဲ။ မိဘမျိုးရိုးလည်း ပြောစရာမရှိ၊ ပစ္စည်းဆိုတာလည်း ခုခေတ် သူဌေးအခေါ်ခံနေတဲ့ ဗမာတွေထက် ပိုပြီးချမ်းသာတဲ့ လူကြီးတွေ ပဲ။ ဘယ်ဘက်ကကြည့်ကြည့် ပြည့်စုံတဲ့ဟာကလေးပါပဲဗျာ။ အကျင့်စာရိတ္တစိတ်နေစိတ်ထားလည်း တော်တော်ဖြောင့်သားဗျာ။ အနို့ ... ခင်ဗျားက ဘာဖြစ်လို့ ငြင်းရတာလဲ အသက်ငယ်နေလို့လား”

           “အို ... ဒါကတော့ ယောက်ျားကလေးပဉ္စင်း၊ မိန်းမ ပုခက်တွင်းလို့ ဆိုထားတာပဲ၊ မငယ်လှဘူး။ သူ့အသက်လည်း ၁၆ နှစ်ရှိနေမင့်ဟာ”

           “ဒီလိုမိန်းကလေးတစ်ယောက်ကို ခင်ဗျား ငြင်းဆန်တာများ အံ့ပါ ရဲ့ဗျာ”

           “အစစ်ပေါ့ ဗျာ၊ သူလိုဟာကလေးရတဲ့ယောက်ျားဟာ အလွန်ကံ ကောင်းတာပဲ” “အနို့ .... ခင်ဗျား သဘောတူလိုက်ပါတော့လားဗျာ ကိုကျော်ထွေး

           “ခင်ဗျား ကျွန်တော့်စိတ် ဘယ်လိုဖြစ်နေတယ်ဆိုတာ မသိဘဲကိုး ကိုလှဝင်းရဲ့ ။ အဲလေ ... ဘယ်သိမလဲ ... ဘွဲ့နှင်းသဘင်တက်ပြီးကတည်း က ကွဲကွာခဲ့ကြတာကိုး”

           “ခင်ဗျားစိတ် ဘယ်လိုဖြစ်နေတာလဲ ... ရည်းစားဦးရှိနေလို့လား” “မရှိပါဘူးဗျာ ... ဝေးပါသေးတယ်၊ ဒီလိုဗျ .. အိမ်ကလူကြီးတွေ တော့ ပြောမကောင်းလို့ အကျယ်မပြောသာဘူး ခင်ဗျားတော့ ပြောရဦး မှာပေါ့။ ကျွန်တော် မိန်းမ မလိုချင်တာက မိန်းမတွေကို ရွံလို့ပဲဗျာ”

           “ခင်ဗျား မဃဒေဝလင်္ကာတွေ ဖတ်ထားပြီထင်တယ်။ အနှုနဲ့ မိဖုရား ညား၊ ပေါင်တိုနဲ့ကြိုက်၊ ၆၄ နဲ့ မျောက်မွေးပြန်တယ်”

           “မဟုတ်ပါဘူး၊ ကျွန်တော် ဆရာဝန်အတတ်သင်ကတည်းက ရွံလာ တာပါ။ ရွံရုံတင်မဟုတ်ဘူး တရားလည်း တကယ်ကျလာတယ်ဗျ”

           “ခင်ဗျားပြောသလိုဖြင့် ဆရာဝန်အတတ်သင်တဲ့လူတွေဟာ လူပျို ကြီးလုပ်ရင်လည်း လုပ်၊ သင်္ကန်းဝတ်ရင်လည်း ဝတ်ပေါ့ ဟုတ်လား”

           “ဒီပြင် လူများအတွက်တော့ မပြောတတ်ဘူး၊ ကျွန်တော့်အတွက် ဒီအတိုင်းပါပဲဗျာ။ မိန်းကလေးများရဲ့ ရင်သားအစုံဆိုတာလည်း အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၄-၁၅-၁၆ နှစ်ကစပြီး အရွယ်အိုကြီးတွေအထိ မရေ မတွက်နိုင် မြင်ရပြီ။ ပြီးတော့ သူတို့ရဲ့ အို ... ပဉ္စငါးပါးမကျန် ဆိုပါတော့ ဗျာ။ အကုန်မြင်တွေ့ရုံမကဘူး လက်နဲ့ကိုင်တွယ်စမ်းသပ်ပြီးတောင် ကုသရသေးတယ်။ ရွံ့စရာမှ သိပ်ရွံစရာကောင်းတာါ။ သိပ်တရားကျစရာ ကောင်းတာပဲ”

           ဒေါက်တာကျော်ထွေးသည် ပြောရင်းဆိုရင်း တံတွေးပျို့တက်လာရာ အနီးရှိ ထွေးခံထဲသို့ ကျစ်ခနဲနေအောင် ပစ်ထွေးလိုက်လေ၏။ ကိုလှဝင်း ကား ကျော်ထွေး၏အမူအရာကိုကြည့်ပြီး ပြုံးနေရာက ...

           “ခင်ဗျားတွေ့ လာတာက ဂေါ်ရင်ဂျီမတွေ၊ အောက်တန်းစားတွေ ဖြစ်ပါလိမ့်မယ်ဗျာ။ ကမ္ဘာကျော်ပန်းချီဆရာတွေရဲ့ ရုပ်လုံးပုံကလေးများ ကြည့်လိုက်ရရင် မရွံတဲ့အပြင် စိတ်တစ်မျိုးတောင် ဖြစ်သွားမိသေးတယ်”

           “ဒါက အလှဆွဲထားတာကိုးဗျာ၊ ဘယ်လိုဆွဲဆွဲ ရွံ့စရာကောင်းတာ ပါပဲ”

           “နေပါဦး၊ ရွံစရာဆိုတာက ဟုတ်ပါပြီ၊ ကောင်းတာပါပဲဆိုတာက ဘာလဲဗျာ”

           “တယ် ... ခင်ဗျားက အထအနကောက်တာကိုး၊ ဂေါ်ရင်ဂျီမတွေ သာမဟုတ်ဘူး အထက်တန်းစားတွေလည်း စစ်ဆေးကြည့်ဖူးပါတယ်။ မိန်းမဆိုရင် အဝတ်အစားသန့်တာနဲ့ ညစ်ပတ်တာသာ ခြားနားတယ်။ အတွင်းကိုယ်ကတော့ အတူတူချည့်ပါပဲ။ စပ်မိလို့ ပြောရဦးမယ်၊ ကျွန်တော် ကလည်း နောက်ဆုံးနှစ် အထက်တန်းစားအပျိုတစ်ယောက် ဆေးရုံသီးသန့် ခန်းမှာ တက်လာပါရော။ ရုပ်နဲ့အဝတ်ကိုကြည့်လျှင် သိပ်ကြိုက်ချင်စရာကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ ဓာတ်မှန်နဲ့ကြည့်လိုက်ရင် ကမ္မဋ္ဌာန်းရုပ် ပေါက် လာတာပဲ။ နောက် ရောဂါအရေးကြီးလို့ ဆရာဝန်ကြီးအနားက ကျွန်တော် တို့ ကပ်ကြည့်ရတာကိုးဗျ။ ဟာ ... မြင်မကောင်းပါဘူး၊ သိပ်တရားကျ စရာကောင်းတာပါပဲ”

           ဒါတွေ မြင်မကောင်း၍ ဘယ်လိုဖြစ်နေသည်ဟု အတိအလင်းပြော မှ နားလည်မည်ဖြစ်သော ကိုလှဝင်းမှာ ကျော်ထွေး နှာခေါင်းရှုံ့၍သာ ရော ယောင်ရှုံ့ရသော်လည်း နားမလည်လိုက်ချေ။ ကိုကျော်ထွေးက .... ။

           “ဒါကြောင့် မိန်းမလှလှပပမြင်လည်း ကျွန်တော့်မျက်စိထဲမှာ နံရိုး ကျဲကျဲ၊ သားမြတ်တွဲတွဲ၊ စက်ဆုတ်ဖွယ် ချေးခဲတွေ မြင်နေတော့တာပါပဲ။ ဒီအထဲ ရုပ်အလောင်းအမျိုးမျိုးမြင်ရတော့ ငါလည်း တစ်နေ့ ဒီလိုဖြစ်ရမှာပဲဆိုတဲ့စိတ်တွေက အမြဲပေါ်နေတာကလား”

           “အဖို့ ... တရားကျပြီး သင်္ကန်းများ ဝတ်မသွားပါနဲ့ဦးဗျာ” “ဒီလိုလည်း မဝတ်နိုင်ဘူးဗျ၊ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရမှာပဲ” “အဲ .. ဒါတစ်ခုဖြင့် တော်သေးတာပေါ့ဗျာ”

           ဒေါက်တာကျော်ထွေးသည် စကားဆက်လက်မပြောသေးဘဲ သူ၏ လက်တံရှည်ကြီးဖြင့် စားပွဲပေါ်ရှိ ဆေးလိပ်ပြာခံခွက်ထဲမှ ဆေးပေါ့လိပ်တို ကို ဆွဲယူပြီးလျှင် မီးညှိသောက်ရှူနေ၏။ ရှူးဖိနပ်အညိုရောင်၊ ဘောင်းဘီ အညို၊ မီးခိုးရောင် ရှပ်အင်္ကျီနှင့် ဘိလပ်သားစတိုင် ဖမ်းထားသူက ဆေး ပေါ့လိပ် ရှူနေသည်ကို ကိုလှဝင်းသည် ပြုံးကြည့်နေလေ၏။ ကြည့်ရာမှ ငွေစီးကရက်ဘူးထဲက ဆေးလိပ်တစ်လိပ်ထုတ်ကာ မီးညှိရှို့ဖွာရင်း ၊

           “မျိုးမြန်မာ ကုမ္ပဏီကြီးဟာလည်း ခင်ဗျားရဲ့ အိမ်ထောင်ရေးပေါ်မှာ အခြေတည်နေတော့ အခက်သားပဲဗျာ”

           “ဘာခက်လဲဗျ၊ သူတို့ အလုပ်ကို နားလည်အောင် ကျွန်တော်လည်း တစ်နေ့တစ်နာရီ၊ နှစ်နာရီသွားပြီး လုပ်ပေးနေတာပဲ။ ရှေ့နှစ်မှာ စီးပေးမယ် လို့ ပြောထားသားပဲ”

           “ဒီလိုနဲ့ မဖြစ်သေးဘူးဗျာ၊ ပါတနာမကွဲအောင် ခင်မေမြ ယူမှဖြစ်မယ်”

           “ဘာလဲ ... ဘာ ခဲယဉ်းသလဲ၊ ကျော်အေးနဲ့ ပေးစားလိုက်ရုံပေါ့ ”

           “ခင်ဗျားညီတော်မောင်လား၊ ခင်မေမြကလည်း ကြိုက်မှာမဟုတ် ဘူး၊ ခင်မေမြမိဘကလည်း သဘောတူမှာမဟုတ်ဘူး။ ဒီလောက် တေတဲ့ အကောင်ဆို”

           “တေတာ၊ ကြမ်းပိုးကျတာ၊ ကလိမ်ကျတာတွေတော့ မပြောနဲ့တော့။ ကောလိပ်မှာ စသင်တုန်းကလည်း နေ့ကျောင်းသားဖြစ်ရက်နဲ့ ညညကျရင် ဟောမှာ ဖဲသွားချတယ်။ မြင်းလောင်းသွားတယ်၊ ဟိုတယ်တက်တယ်၊ ၇ မိုင်သွား”

           “အဲဗျာ၊ တချို့ကောလိပ်ကျောင်းသားတွေလည်း အတော်ပျက်စီးနေ ပြီလို့ကြားတာ စိတ်မကောင်းပါဘူးဗျာ။ မိဘတွေ ဘယ်လောက်ရင်ကျိုး မလဲလို့”

           “ဒီအကောင်ဆိုးတာက အိမ်ကရသမျှ ခိုး၊ မိဘ နာမည်နဲ့ ဆိုင်တွေ အကြွေးယူ။ အဲဒါတွေမလုပ်နိုင်အောင် စီမံထားတော့ သူ ငွေလိုတဲ့အခါ အိမ်ကကားကို သူကိုယ်တိုင်မောင်းသွားတယ်။ ပြန်လာတော့ ဘီးအပိုပါ မလာဘူး။ သူ့မေးတဲ့အခါ လက်ဖက်ရည်ဆိုင်ထဲဝင်တုန်း လူခိုးသွားသတဲ့။ ပုလိပ်တိုင်မယ်လုပ်မှ သူ့ဘာသာသူ ရောင်းစားလာတာပေါ်တယ်။ အဝတ် ဆိုလည်း အသစ်ဆင်ပေးရင် အပေါင်ဆိုင်ရောက်တာပဲ။ ဒါနဲ့ သူဝတ်ဖို့ အဝတ်ဆိုရင် အသစ်စက်စက် လက်လေးလုံးလောက် ကတ်ကြေးနဲ့ဖြဲပြီး ပြန်ချုပ်ပေးထားရတယ်။ ဒါတောင် ချုပ်တဲ့နေရာက လက်တစ်ဝါးလောက် ဆုတ်ပစ်၊ အထက်ဆင် ၁ဝ ပြားဖိုး ဝယ်တယ်။ မိန်းမကောင်းလုပ်ပြီး ပေါင်သုံး တဲ့ကောင်ဗျ”

           “တကယ်လည်း တေတဲ့ကောင်ကိုးဗျာ၊ အံ့ပါရဲ့ဗျာ”

           “တစ်အိမ်လုံးလည်း ကျွန်တော်တစ်ယောက် ကြောက်တာ၊ ဧည့်ခံ ခန်းမှာရှိတဲ့ ငွေစီးကရက်ဘူး၊ ငွေပြာခံခွက် စတဲ့ အသုံးအဆောင်တွေလည်း ဒီကောင်ကို အလစ်မပေးဝံ့ဘူး။ စွန့်ပစ်လိုက်ရင်လည်း သာပြီးဆိုး၊ သူခိုး၊ ဓားပြဖြစ်မှာကြောင့် ချော့တစ်လှည့် ချောက်တစ်လှည့်နဲ့ သိမ်းထားရတာပဲ”

           “ဒါဖြင့် ခင်မေမြ မကြိုက်တာဟာ အပြစ်ဆိုစရာမရှိဘူးပေါ့”

           “ဘယ်မှာ တစ်သက်လုံး ဒီလိုမိုက်မလဲဗျာ၊ ခင်မေမြလို မိန်းကလေးနဲ့ တွေ့ရင် လိမ္မာချင် လိမ္မာနိုင်တာပဲ”

           “ခင်ဗျားတို့ညီအစ်ကိုကတော့ တစ်မျိုးစီထူးကြတာပါပဲဗျာ။ အဖို့ ခင်ဗျား ဘိလပ်ဆေးပညာ သွားယူမယ်ဆိုပြီး ဘာလို့ တစ်နှစ်နဲ့ ပြန်လာ တာလဲ”

           “စိတ်ပျက်လို့ပေါ့ဗျာ၊ ခင်ဗျားလည်း ဘိလပ်နေလာတဲ့လူပဲ သိမှာ ပေါ့။ ကျွန်တော်တို့ဟာ သူ့ကျွန်ဖြစ်နေတော့ ဗမာလို့ပြောရမှာ ရှက်၊ ယိုးဒယားလိုလို၊ ဂျပန်လိုလို ပြောကြတယ်မဟုတ်လား။ အဲဒီထက်ဆိုးတာ က ဗမာပြည် တောင်သူလယ်သမား ဆင်းရဲတာတွေမြင်၊ ကြွေးကုဋေ ၅ဝ တင်နဲ့ ဟိုမှာတော့ ကြီးကျယ်ခမ်းနားလိုက်ကြတာ ဗမာပြည်က ရေနံတွင်း၊ သတ္တုတွင်း၊ သစ်တောကြီးတွေ မျက်စိထဲမြင်လာတာပါပဲ”

           “လက်စသတ်တော့ ကိုယ့်ဆရာက ဝံသာနုကြီးပါလား”