မဟာဆွေ - ချစ်သန့်စင်
အခန်း (၁)
“ဟာ .. ခွေးထီးကလေး လှလိုက်တာ”
“ခင်ဗျားက ဘာ့ကြောင့် ခွေးထီးလို့ အတပ်ပြောလိုက်ရတာလဲ”
“ရှင်နော်၊ ဟင်း ... ကျွန်မ မတော်တရော် ပြောပစ်လိုက်မယ်”
“အဲဒီ မတော်တရော် ပြောတာကို ကျုပ်က နားထောင်နေချင်တာပဲ”
အသက်၂၄ နှစ်ခန့် အသားလတ်လတ် မိန်းမပျိုတစ်ယောက်နှင့် အသားလတ်လတ် မွန်မွန်ရည်ရည် အသက်၂၅ နှစ်ခန့် ခေါင်းကြီးကြီးနှင့် လူရွယ်တစ်ယောက်တို့ စကားအချီအချ ပြောဆိုနေကြခြင်းဖြစ်၏။ နေရာ ကား ပန်းဆိုးတန်းနှင့် ဒါလ်ဟိုဇီလမ်းထောင့်ရှိ စားသောက်ဖွယ် ခမ်းနား သော ဆိုင်ကြီးတစ်ဆိုင်တွင် ဖြစ်၏။ သူတို့၏စားပွဲတွင် သူတို့နှစ်ယောက် သာမက အသက် ၂၇ နှစ်ခန့် အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်၊ အသားဝါဝင်းသော အသက် ၂၂ နှစ်ခန့် မိန်းမချောတစ်ယောက်၊ အသား ဖြူဖြူ၊ မိန်းမပျိုတစ်ယောက် ပေါင်း ငါးယောက်ဖြစ်ရာ ကျန်သုံးယောက်က အချီအချ ပြောနေကြသော လုလင်နှင့် လုံမပျိုတို့အား ကြည့်ရှုကာ ပြုံး၍ နေကြသည်။
ပထမ စတင်ပြောဆိုသူမှာ အတွင်းဝန်ရုံး တစ်ရုံးတွင် အထက်တန်း စာရေးမ ခင်လှမြင့် ဆိုသူဖြစ်၍ အပြိုင်စကားပြောသူမှာ မောင်မောင်ထူး ဆိုသူ ဖြစ်၏။ သူကတော့ ရုံးတွင် အလုပ်လုပ်သူမဟုတ်၊ ရုံးဝန်ထောက် တစ်ယောက်နှင့် ခင်မင်သဖြင့် ရုံးနေ့လယ်အားလပ်ချိန် လာရောက်တွေ့ဆုံ ကြကာ ဝိုင်းဖွဲ့စားသောက်နေကြခြင်းဖြစ်၏။
ခင်လှမြင့်နှင့် မောင်မောင်ထူးအပြင် ရုံးဝန်ထောက် ကိုစန်းတင်၊ အောက်တန်းစာရေးမ မိန်းမချော မစိန်သန်း၊ အခြား အောက်တန်းစာရေးမ မူမူနွဲ့တို့ ဖြစ်ကြ၏။ ခင်လှမြင့်က မူမူနဲ့ ဆီမှ အင်္ဂလိပ် ရုပ်စုံဂျာနယ်တစ် စောင်ကို ဆွဲယူကာ တောင်လှန် မြောက်လှန် ကြည့်ရှုနေရာမှ နားရွက်ဖား၊ အမြီးဖွားနှင့် ခွေးထီးတစ်ကောင်၏ပုံကို မြင်ရသဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ခွေးထီး၊ ခွေးမ ခွဲခြားရာ၌ အမှတ်သညာရှိသည်။ သည်ဟာကို လူတိုင်းနားလည်ကြ၏။ မောင်မောင်ထူးက မိန်းမပျိုတစ်ဦးကိုယ်တိုင် ဘာ့ကြောင့် အထီးဟု ပြောပြရန်ခက်သော မေးခွန်းကို မေးလိုက်သဖြင့် ခင်လှမြင့် ဒေါပွသွားခြင်း ဖြစ်၏။
“ကဲလေ ... မတော်တရော် ပြောမယ်ဆို ...”
မျက်နက်အိမ်ထောင့်တွင် ကပ်ကာကြည့်နေသော ခင်လှမြင့်အား မောင်မောင်ထူးက စကားဆင့်လိုက်ပြန်ရာ ခင်လှမြင့်က
“တော်တော့ ကိုမောင်မောင်၊ ပြောလိုက်ရ မကောင်းတော့ဘူး”
“အဲဒီ မကောင်းတဲ့ဟာကလေးလည်း ကြားချင်ပါသေးတယ်” “ရှိကြီးခိုးပါရဲ့ ကိုမောင်မောင်ရှင့်” ။
“အပြောတွင်မလုပ်နဲ့...အဟုတ်ခိုးလေ၊ ကျုပ်က မြင့်ကို ဗဟုသုတ ရှိလား၊ မရှိလား သိရအောင် မေးကြည့်တဲ့ဟာပဲ”
“အို ... တော်စမ်းပါ”
ထိုအတွင်း မှာထားသော စားစရာများ ရောက်ရှိလာသဖြင့် စကား ပြတ်သွားကာ စတင်စားသောက်နေကြသည်။ ခင်လှမြင့်ကတော့ မောင် မောင်ထူးအား မျက်စောင်းတခဲခဲနှင့် မကြာခဏ ကြည့်နေ၏။ သို့ရာတွင် မျက်မုန်းကျိုး၍ ကြည့်သော အကြည့်မျိုးမဟုတ်၊ ချစ်စနိုးသော အမူအရာနှင့် ကြည့်ရှုခြင်း ဖြစ်သည်။
မောင်မောင်ထူး၏မိဘများမှာ သူဌေးကလေးတမျှ ချမ်းသာ ကြွယ်ဝ ၍ ပန်းဆိုးတန်းတွင် ကုန်တိုက်ကြီးတစ်တိုက် ဖွင့်ထား၏။ ခေတ် မိန်းမပျို များအကြိုက် နိုင်လွန်၊ ရုံသား၊ စပန့်၊ ပိုးတွန့် စသော အထည် အမျိုးမျိုးများအပြင် အလှကုန်အမျိုးစုံလည်းရှိသည်။ မောင်မောင်ထူး ကိုယ်တိုင်က လည်း ရန်ကုန်တက္ကသိုလ်မှ ဘီကွမ်းခေါ် ဝါဏိဇ္ဇ ဝိဇ္ဇာဘွဲ့ ရသူဖြစ်သဖြင့် ခင်လှမြင့် အခြေအနေနှင့် ကွာချင်တိုင်း ကွာ၍နေသောကြောင့် ဖြစ်၏။
မှာယူစားသောက်ကြရာ၌ တစ်ဦးနှင့်တစ်ဦး မတူကြ။ လက်ဖက် ရည်၊ ကော်ဖီ၊ ပေါင်မုန့်ထောပတ်သုတ်၊ စမူဆာ ကိုယ်ကြိုက်ရာ မှာကြ သည်။ မောင်မောင်ထူးမှာကား မိုင်လိုနှင့် ဆင်းဒဝစ်(ချ်) ခြောက်ခု၊ ဆိတ် သားမုန့် ခြောက်ခု၊ မိုင်လိုနှင့် ထိုမုန့်များကို ဆိတ်ဝါးသလို တစ်ခဏချင်း ကုန်အောင် စားပစ်လိုက်သော်လည်း မည်သူမျှ မအံ့သြကြပေ။ ထိုသို့ မအံ့သြကြသည်မှာ ဤအကြိမ်သည် ပထမအကြိမ် မဟုတ်သောကြောင့် ဖြစ်သည်။
ဦးခေါင်းက ခပ်ကြီးကြီး၊ ပွဲနေပွဲထိုင်သွားရန်အတွက် လူကြီး လူကောင်းစတိုင်သွားလိုသဖြင့် ဗိုလ်ချုပ်ဈေး အသင့်ခေါင်းပေါင်းဆိုင်ရှိရာမောင့်ကျက်သရေတိုက်သို့သွား၍ ရွေးချယ်ရာ အကြီးဆုံး အရွယ်ပင် သူ့ခေါင်းနှင့်ကျပ်နေသဖြင့် ဆိုင်ရောင်းစာရေးထံ အော်ဒါပေးရ၏ ။ စာရေးက အတိုင်းအထွာယူသောအခါ ရှစ်လက်မခွဲ ရှိနေ၍ ခေါင်းကြီးအမည်ခံ ဝန်ကြီး ဦးထွန်းဖေတောင် ခင်ဗျားရဲ့ ခေါင်းလောက် မကြီးဘူးဟု ပြောရ၏။ ။
ထိုတွင်မျှမက သူ့မိဘက မောင်မောင်ထူးဟု နာမည် ကင်ပွန်းတပ် လောက်အောင် ငယ်စဉ်ကပင် ဝတုတ်ဖြိုးဖြစ်၍ နို့ထွက်သန်သော မိခင် နို့ဖြင့် အားမရသည်က များသဖြင့် နို့ဘူးနှင့် တိုက်ရသေးသည်။ မျက်ခုံး မွေးထူထူ၊ မျက်လုံးပြူးပြူး လူချောတစ်ယောက် မဟုတ်သော်လည်း နှုတ် ခမ်းနှင့် ဖြူဖွေးညီညာသော သွားများ၊ ပြုံးချို၍ ပြောတတ်သော စကားကြောင့် လူချစ်လူခင် ပေါ်ခဲ့သည်။ ပြီး
“ခွေးကလေး လှလိုက်တာဆိုရင် ကျုပ်က ဘာမှ မေးစရာမရှိဘူး၊ ခုတော့ (ထီး)ဆိုတဲ့ စကားပါလို့ မေးမိတာပါ”
“တော်ပါတော့ ကိုမောင်မောင် ရှင့်”
“နောင် စကားပြောရင် သတိထားပြီး ပြောပေါ့ ။ မစိန်သန်းကတော့ နာမည်ကလည်း ရိုးတယ်၊ လူကလည်း ရိုးတယ်”
မောင်မောင်ထူးသည် မစိန်သန်းအား ကြည့်ကာ ပြောလိုက်ပြန် သည်။ ခင်လှမြင့်နှင့် ကျန်တစ်ယောက်၏ အမည်မှာ မူမူနွဲ့ ဖြစ်၏။ နှစ်ယောက်စလုံးက ခေတ်ဆန်၍ ဆံပင်အကောက်၊ နိုင်လွန်အကျီ၊ နှုတ်ခမ်းနီ နှင့် ဖြစ်နေကြရာ မောင်မောင်ထူးအား မကျေနပ်သလို မျက်စောင်းထိုး၍ ကြည့်နေကြပြန်သည်။ ။
လေးထောင့်စားပွဲကြီးတွင် ရုံးဝန်ထောက်ကိုစန်းတင်နှင့် မောင် မောင်ထူးက တစ်ဖက်၊ မိန်းမပျိုသုံးယောက်က တစ်ဖက် ထိုင်နေကြရာ မူမူနွဲ့နှင့် မောင်မောင်ထူးမှာ မျက်နှာချင်းဆိုင် ဖြစ်နေကြ၏။ မူမူနွဲ့က စကားတစ်ခွန်းမျှ ဝင်ရောက်မပြောဆိုဘဲ ပေါင်မုန့်ထောပတ်သုတ်စားလိုက်၊ကော်ဖီသောက်လိုက်၊ စကားပြောကြသည်ကို ငေး၍ နားထောင်လိုက်ဖြစ် နေရာ ကော်ဖီပန်းကန်မှာ သုံးပုံတစ်ပုံမျှ ကျန်တော့၏။ အခြား လူများ စားသောက်ပြီးကြပြီဖြစ်၍ မူမူနွဲ့ သည် ကျန်သေးသောကော်ဖီကို တစ်ခါ တည်း မော့သောက်ချစဉ် မောင်မောင်ထူးက
“အို ... အို .. နေ နေ ... မ မသောက်လိုက်နဲ့”
စကားထစ်အသလို ပြောရာက “မသောက်လိုက်နဲ့”ဟူသောစကား ဆုံးသောအခါ မူမူနွဲ့ မှာ အကုန်သောက်ပြီး ဖြစ်နေသည်။
“ဘာပြုလို့ မသောက်နဲ့ ပြောတာလဲ”
“မူမူ ငေးနေတုန်း ယင်ကောင်နှစ်ကောင် ကော်ဖီထဲကျသွားလို့ ခင်ဗျားရဲ့..”
မူမူနွဲ့သည် သူ့ကော်ဖီပန်းကန်ကို ကိုင်၍ ကြည့်ပြန်၏။ ယင်ကောင် နှစ်ကောင် ကပ်ကျန်နေသလားဟု ကြည့်လိုက်ရာ ကော်ဖီမည်းမည်း အကပ်အသတ်မှတစ်ပါး ဘာမျှမကျန်တော့သဖြင့် ကုလားထိုင်ဘေးသို့ လှည့်လိုက်ကာ ဝှေ့ခန် ထိုး၍ အန်ရှာတော့၏။
ကိုစန်းတင်က ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ မောင်မောင်ထူး က ကိုစန်းတင်အား မျက်စိတစ်ဖက်မှိတ်၍ ပြလိုက်၏။ မူမူနွဲ့ ကား အန်၍ မပြီးသေး။ ကိုစန်းတင်က
“ဟဲ့ .. မူမူ ဘာမှမဟုတ်ဘူး။ ဒီကောင့်အကျင့် နင်မသိလို့ အဟုတ်ထင်နေတာ၊ အစ်ကိုကြီးလည်း မြင်သားပဲ”
“ယင်ကောင် နှစ်ကောင်လား”
“ဘာကောင်မှ နင့်ပန်းကန်ထဲ မကျတာ။ ဒီကောင်က ဒီလို နောက် နေကျ၊ သူနောက်လို့ လူပေါင်း ဘယ်လောက်မိဖူးသွားပြီ မှတ်သလဲ”
ထိုအခါကျမှ မူမူနွဲ့ မှာ သက်သာရာ ရရှိကာ မောင်မောင်ထူးအား ကြည့်ပြီး
“သိပ်နောက်တဲ့ လူကြီး”
“အဲဒီလို သံသယ ရှင်းပေးတဲ့လူလည်း ရှိဦးမှပေါ့”
“အံမာ ... မင်းကလား၊ မူမူ သက်သာအောင် ငါက ညာနေတယ် လုပ်ဦးမလို့...”
“ကျွန်မလည်း အနားက ရှိသားပဲ၊ ယင်ကောင်ကျရင် မြင်မှာပေါ့”
ခင်လှမြင့်က ဝင်၍ ထောက်ပြန်သည်။ ထိုအခါ ကိုစန်းတင်က
“ဒီကောင်ဟာ ငယ်ငယ်ကတည်းက အများနိမ်းတဲ့ အကောင်၊ ရွှတ် နောက်ဖို့ပဲ စိတ်ကူးနေတာ။ တစ်ခါက သူငယ်ချင်းတစ်ယောက် သူတို့တိုက် အလည်လာပြီး ပက်လက်ကုလားထိုင်မယ် ထိုင်လိုက်တော့ ရှေ့ကတုတ်ကို ဖြုတ်ထားလို့ သူခမျာ ကုလားထိုင်ထဲကျွံကျသွားရှာတာပေါ့။ သူက ကဗျာ ကယာလာပြီး တုတ်ကို ပြန်တပ်ပေးတယ်။ ဒီတော့ ဟိုက အဟုတ်မှတ်ပြီး ထိုင်ပြန်တာပေါ့။ ဒီတစ်ခါကျမှ ပက်လက်လန် ကျသွားလိုက်တာ ကြမ်းပြင် နဲ့နောက်စေ့ ဆောင့်မိသွားရှာတယ်။ သူက ရှေ့တုတ် တပ်ပေးပြီး အမှတ်တမဲ့ နောက်ကတုတ်ကို ဖြုတ်လိုက်တာကိုး”
“တကယ်နောက်တဲ့ ကိုမောင်မောင်ပဲ”
ကိုစန်းတင်က မောင်မောင်ထူး၏ ရွှတ်နောက်ပုံကို အမျှင်တစ်တန်းကြီး ပြောအပြီး ခင်လှမြင့်က ထောက်လိုက်ခြင်း ဖြစ်၏။ မစိန်သန်းကတော့ ဣန္ဒြေမပျက် ပြုံးနေသည်။ မူမူနွဲ့ ကလည်း ပြုံးလျက် မောင်မောင်ထူး၏ မျက်နှာကို ကြည့်နေသည်။ မောင်မောင်ထူးက စီးကရက်တစ်လိပ်မီးညှိကာ ဖိုထိုး၏သို့ အခိုးတလူလူနှင့် ဖွာရင်း ကိုစန်းတင်အား ပြုံးကြည့်နေ၏။ ကိုစန်းတင်ကပင်
“ခုလို စားပွဲ၊ ကုလားထိုင်ဆိုရင် သူ့အကြောင်းသိသူက သူအနား မှာရှိရင် ကုလားထိုင် ဖင်ချမယ့်နေရာကို လက်နဲ့မိအောင်စမ်းပြီးမှ ထိုင်ဝံ့ ကြတာ။ ကုလားထိုင် ထိုင်လို့ အသင့်ရှိပကောလို့ အမှတ်တမဲ့ မထိုင်လိုက် လေနဲ့၊ သူက ကုလားထိုင်ကို နောက်ဆွဲဖယ်ထားလိုက်တော့ သေချာ ပေါက်ထိုင်တဲ့လူတစ်ယောက် မြင်မကောင်းအောင် တစ်တီတူးထောင် လဲကျကြရရှာတာပေါ့ ”
မူမူနွဲ့ မှာ အသံကလေးများထွက်အောင် ရယ်မိရှာ၏။ ကိုစန်းတင်က အရပ်မြင့်သည်ဟုဆိုရာ၌ လူက အနည်းငယ်ပိန်သဖြင့် ထင်ရခြင်းဖြစ်ပေ ၏။ ၅ ပေ ၆ လက်မခန့်သာ မြင့်သည်။ မောင်မောင်ထူးနှင့် ယှဉ်၍ ထိုင်သောအခါ ဦးထိပ်ချင်းညီလျက် မောင်မောင်ထူး၏ ရင်က ၄၂ လက်မ ခန့်၊ ကိုစန်းတင်က ၃၄ လက်မခန့်ရှိသဖြင့် မောင်မောင်ထူး၏ ဆူဖြိုးသော လက်မောင်း၊ ကိုစန်းတင်၏ သေးငယ်သော လက်မောင်းများကြောင့် ဆင် နှင့်ကျွဲလောက် ကွာခြားနေသည်။
“ဘွိုင် ... ဘွိုင် ...”
မောင်မောင်ထူးက လှမ်းခေါ်လိုက်ရင် ဘွိုင်ကုလားက ပန်းကန် ပြားငယ်တစ်ချပ်နှင့် ဘီလ် အသင့်ယူလာ၏ ။ မောင်မောင်ထူးက ဘီလ်ကို ကြည့်ပြီးလျှင် တစ်ဆယ်တန်တစ်ချပ် ထုတ်ပေးလိုက်သည်။ ကုလားက ခဏချင်းပင် ကျပ်တန်နှစ်ချပ်နှင့် မတ်စေ့တစ်စေ့၊ ပန်းကန်ပြားငယ်နှင့် လာပေးရာ ကျပ်တန်နှစ်ချပ်သာ ယူလိုက်သဖြင့် ဘွိုင်ကုလားက ဆလံပေး၍ ထွက်ခွာသွား၏။
မောင်မောင်ထူးကား နေ့တိုင်း လာလေ့ရှိသူမဟုတ်၊ တစ်ပတ်လျှင် နှစ်ကြိမ်ကျသာ လာရောက်တွေ့ဆုံကြကာ နေ့လယ်စာ စားခြင်း ဖြစ်၏။ ကိုစန်းတင်က တစ်ပတ်လျှင် တနင်္လာမှ သောကြာနေ့အထိ ငါးကြိမ် နေ့လယ်စာ အဆာပြေ လက်ဖက်ရည်၊ ကော်ဖီ ကြိုက်ရာ သောက်လေ့ ရှိသည်။ သူတို့ချည်းဆိုလျှင် ပျမ်းမျှ ငါးမူးဖိုးလောက်သာ စားသောက်ကြ သည်။ တစ်ခါတစ်ရံမဟုတ် အမြဲဖြစ်သဖြင့် တစ်ဦးတစ်ယောက်တည်းက ဒါယကာမခံနိုင်ကြ။ မစိန်သန်းနှင့် မူမူနွဲ့ က တစ်ဆစီ၊ ခင်လှမြင့်က နှစ်ဆ၊ကိုစန်းတင်က သုံးဆ၊ ဤကဲ့သို့ ဝေပုံကျ ထည့်ကြရသည်။
တစ်နေ့ နှစ်ကျပ်ကျနှင့် ငါးရက် တစ်ဆယ်ကျပ်ကုန်ရာ သုံးပတ် နှင့် နှစ်ရက်ခွဲအတွက် ငွေ ၃၅ ကျပ်ကို အဆိုပါအချိုးအတိုင်း မစိန်သန်းနှင့် မူမူနွဲ့ က ငါးကျပ်စီ၊ ခင်လှမြင့်က တစ်ဆယ်ကျပ်၊ ကိုစန်းတင်က ၁၅ကျပ် ထည့်ဝင်ကာ စားသောက်ခဲ့ကြ၏။ မောင်မောင်ထူးက နှစ်ရက် ဒါယကာ ခံသောအခါ တစ်ပတ်လျှင် သုံးရက်တွက်သာကုန်ကျသဖြင့် သူတို့၏ ထည့်ငွေများမှာ သုံးပတ်ခွဲနှင့် တစ်ရက်ခွဲဖြစ်စေကာ ၂၁ ကျပ်ထိ လျော့ လာ၏။ သုံးကျပ်၊ သုံးကျပ်၊ ခြောက်ကျပ်၊ ကိုးကျပ် အစဉ်အတိုင်း ထည့် ကြရ၏။ မောင်မောင်ထူးပါသောနေ့ကား ဖောဖောသီသီ အတိုင်းအဆမရှိ စားသောက်ကြရ၏။
ကိုစန်းတင်ကား ဇယားစေ့သူဖြစ်၏။ ရုံးဝန်ထောက်ဆိုသော်လည်း နှုန်းသစ်နှင့် လခ၊ ရှားပါးစရိတ်ပါ ၃ဝဝ ကျပ် ကျော်ကလေးမျှရ၏။ သား တစ်ယောက်၊ သမီးတစ်ယောက် ဖခင်ဖြစ်၍ ဇနီးလိမ္မာသဖြင့်သာ ချွေချွေ တာတာနှင့် လောက်ငသူဖြစ်သည်။ အောက်တန်းစာရေးမှာ ရှားပါး စရိတ်နှင့်မှ လခ ၁၂၀ ကျပ်ကျော် အထက်တန်းစာရေးမှ ရှားပါးစရိတ်နှင့် ၂၀ဝ ကျပ်နီးပါးမျှဖြစ်ရာ အိမ်ထောင်သည်ဖြစ်က လောက်ဖို့ရာ အတော် ခဲယဉ်းလှပေသည်။
မောင်မောင်ထူးက ဤအကြောင်းကိုသိသဖြင့် အစ်ကိုလိုခင်သော ကိုစန်းတင်အား ငွေကြေးပေးကမ်း ထောက်ပံ့ခဲ့သည်။ ကိုစန်းတင်နှင့်ပတ် သက်ပြီးလျှင် မိန်းမပျိုသုံးယောက်နှင့် သိကျွမ်းရခြင်းလည်း ဖြစ်၏။ သူက ခေတ်ဆန်သော ခင်လှမြင့်နှင့် မူမူနွဲ့ တို့အား သူ ကစားစရာ အရုပ်ကလေး တွေဟု မှတ်ထင်နေ၏။ သူ့အား အရေးပေးကြခြင်းမှာလည်း သန့်စင်သော ချစ်မေတ္တာနှင့် မဟုတ်ဘဲ မိဘပစ္စည်းနှင့် သူ့နောက်မြီးက ဘီကွမ်းခေါ် ဂုဏ်ထူးဘွဲ့ ထူးကြောင့်ဟု တွက်ဆထား၏။
မစိန်သန်းကိုတော့ သူက မနောက်ပြောင်ချေ။ ခပ်တည်တည်ပင် ပေါင်းသင်း၏။ ခေတ်ဆန်သူတွေအကြားထဲ ရိုးရိုးသားသားနေသူကို သူက သဘောကျနေသည်။ အနီနှင့်အဖြူ၊ မန်ကျည်းစေ့ကွက် ချည်ချော လုံချည်၊