Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မဟာဂီတဦးပြုံးချို - စာပေနှင့်ကဗျာဂီတ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

(ည)

ဦးပြုံးချို (၁၂၄ဝ - ၁၂၈၉)

ဂီတသုတေသီ၊ ဂီတပညာသည် အပေါင်းတို့၏ အားကိုး အားထားရာဖြစ်သော “မဟာဂီတပေါင်းချုပ်ကြီးကို ရေးသားစီရင်ခဲ့သူ ဆရာကြီး ဦးပြုံးချိုမှာ ကျိုက်လတ်မြို့သားဖြစ်၍ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်တွင် ဖွားမြင်ခဲ့လေသည်။ အဖ ဆရာစီ၊ အမိဒေါ်ထွေးတို့၏ သားကြီး သြရသဖြစ်ပါသည်။

ဦးပြုံးချိုကို ကျိုက်လတ်မြို့တွင် ဖွားမြင်ခဲ့သည်ဖြစ်သော် လည်း ဦးပြုံးချို၏ ဖခင်ဖြစ်သော ဆရာစီ၏ မျိုးရိုးမှာ အကြေအရပ် မြစ်ဝကျွန်းပေါ်ဒေသမဟုတ်။ အထက် မြန်မာပြည် သူကောင်းမျိုးရိုးမှ ဖြစ်လေသည်။ ဦးပြုံးချို၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များမှာလည်း မြန်မာ ဘုရင်မင်းမြတ်တို့ သူကောင်းပြုခြင်းခံရသော မြို့စား၊ ရွာစားသာ ဖြစ်ကြ ပါ၏။ ဗန့်ကျီ၊ ဗန်းမော်စသော ဗန့်ကျီ ကိုးတိုက်ကို စားရသော ဗန့်ကျီ ဝန် ဦးရွှေရုပ် ဆိုလျှင် ဦးပြုံးချို၏ “ဘေးပင် ဖြစ်သတည်း။ ။

သက္ကရာဇ် ၁၁၉၈ ခုနှစ်မတိုင်မီ ဖြစ်ပွားခဲ့သော သာယာဝတီ

မင်း အရေးတော်ပုံကြောင့် မြို့စား၊ ရွာစား မင်းညီ၊ မင်းသားအများ ဘေးသင့်၍ ကယောက်ကယက် ဖြစ်နေကြရစဉ် ဦးပြုံးချို၏ဘိုးဘေး များမှာ စုမိသမျှသော ဆွေမျိုး၊ အခြံအရံများနှင့် ဧရာဝတီမြစ်ကြောင်း အတိုင်း လှေကြီးများဖြင့် စုန်ဆင်းလာကြပြီးလျှင် ယခုအခါ ပန်းတနော် မြို့တည်ရှိသော မြေနေရာတွင် ရွာတည်၍ အေးချမ်းသာယာစွာ ရုပ်ဖျောက်နေထိုင်ခဲ့ကြသော မျိုးရိုးမှ ဦးပြုံးချိုကို ဆင်းသက်ပေါက်ဖွားလာ ခဲ့ခြင်း ဖြစ်ပေသည်။

ဦးပြုံးချိုသည် ငယ်စဉ်ကပင်လျှင် ပါရမီရင့်သန်လာခဲ့သည့် အလျောက် ၁၁ နှစ်သားအရွယ်တွင် “စာရေးဆရာ”ကလေး ဖြစ်ခဲ့ သည်။ ဖြစ်ဟန်ကား သက္ကရာဇ် ၁၂၅၁ ခုနှစ်ဖြစ်သော ထိုအချိန်အခါက မေးရိုက်၊ မေဝဲသီချင်းသံများ အလွန်ခေတ်စား၍နေခိုက် မေးရိုက်၊ မေးဝဲသီချင်းများရေးရာတွင် လူကြီးများကပင် လက်ဖျားခါရလောက်အောင် ရေးစွမ်းနိုင်သောကြောင့်တည်း။ ထို့ကြောင့်လည်း ၁၆ နှစ်သား ပြည့်မြောက်သောအခါ၌မူကား ဦးပြုံးချိုသည် သီချင်းဆရာနှင့် စောင်း ပညာတို့ကို မင်းပွဲသဘင်တွင် ထင်ပေါ်ကျော်ကြားလောက်အောင်ပင် တတ်မြောက်ကျွမ်းကျင်၍ နေလေပြီ။

သို့နှင့် ကျိုက်လတ်နယ်၊ ဖျာပုံနယ်တို့သို့ ရောက်ရှိလာသမျှ သော စာရေးဆရာများ၊ သဘင်သည်များနှင့် ပြုံးချိုကလေးတို့သည် မကြာခဏ ပညာပြိုင်ဆိုင် တိုက်ခိုက်ကြသည်။ အပိုလုံးမပါ စကားလုံး တိုင်းတွင် အဓိပ္ပာယ်ပြည့်ပြည့်စုံစုံနှင့် ထိမိစွာ ရေးနိုင်သော ပြုံးချို ကလေးကသာ သာသည်ချည်းများလေသည်။

ဦးပြုံးချိုသည် စာပေပညာဘက်တွင်သာ ထူးချွန်သည် မဟုတ်သေး၊ အသက်မွေးရာ၊ ဝမ်းကျောင်းရာဖြစ်သော ပညာအရပ်ရပ် တို့၌လည်း သူမတူအောင် ထူးချွန် တတ်မြောက်ပေသေးသည်။ သို့ ထူးချွန်တတ်မြောက်လာနိုင်ရန်အတွက်လည်း ဆရာကြီး ဦးပြုံးချိုသည် ၁၃ နှစ်သားအရွယ်လောက်မှစ၍ မိဘတို့နှင့် အတူမနေဘဲ ကိုယ်ထူး ကိုယ်ချွန် သဘောမျိုးဖြင့် ကွမ်းခြံကုန်းမြို့နှင့် တခြားမြို့ရွာများသို့ သွားရောက်နေထိုင်ကာ ထိုထိုပညာများကို မနေ၊ မနား ကြိုးစားရှာမှီးခဲ့ခြင်း ဖြစ်ပေသည်။ ။

ဦးပြုံးချိုသည် ပန်းချီကိုလည်း ကောင်းစွာရေးတတ်၏။ သူကိုယ်တိုင် ဦးစီး တည်ထောင်သော ဇာတ်ပွဲများတွင် နန်းတော်ကား၊ မြို့ရိုးကား၊ တောကား၊ တောင်ကား မှန်သမျှ သူကိုယ်တိုင် ပန်းချီဆရာ လုပ်၍ ရေးဆွဲတပ်ဆင်သောကားများ ဖြစ်ချေသည်။ ။

ပန်းချီပညာတွင်သာ မဟုတ်သေး၊ ပန်းပု၊ ပန်းပဲအတတ်ကို လည်း တတ်ပွန်ပေသေး၏။ သံထည်များ ပန်းဖောက်သော လုပ်ငန်းကို လည်း တတ်စွမ်းပေသေး၏။ “အင်ဂျင်နီယာ”ခေါ် ဗိသုကာအတတ်ကို လည်း တတ်ကျွမ်းပေသေး၏။ ဤတွင် ဦးပြုံးချို အသက်အစိတ်ခန့်က နိုင်ငံခြားမှရောင်းချသော ဆလင်ဒါတစ်လုံးထိုး မီးသင်္ဘောကလေး များ၊ သံပတ်သင်္ဘောကလေးများ မြန်မာပြည်တွင် မပေါ်သေး။ သို့ရာ တွင် ဤကဲ့သို့ နမူနာအဖြစ်ကြည့်ရန် ပစ္စည်းမရှိပါဘဲလျက် အလျား ၄ ပေ၊ ၅ ပေခန့်ရှိ မီးသင်္ဘောကလေးတစ်စင်းကို ဦးပြုံးချို တည် ဆောက်ရာ တစ်နေ့သောအခါတွင် ကျိုက်လတ်မြို့သို့ ရောက်ရှိလာ သော အရေးပိုင်မေဂျာ မက္ကဆွဲက ဦးပြုံးချိုအား အင်ဂျင်နီယာလက်မှတ် ရှိ၊ မရှိ၊ ရ၊ မရ မေးပေ၏။ ဦးပြုံးချိုက လက်မှတ်မရကြောင်း၊ သို့ရာ တွင် ဧရာဝတီ မီးသင်္ဘောကို မောင်းသော သင်္ဘောသူကြီးမှာ သူနှင့် အလွန် ချစ်ခင်သဖြင့် ဧရာဝတီ မီးသင်္ဘောကြီး စက်ဝင်းထဲသို့ဝင်၍ ကြည့်ခွင့်ပြုသဖြင့် သုံးကြိမ်ခန့် ဝင်ရောက်ကြည့်ရှုခဲ့ရဖူးသောကြောင့် ယခုကဲ့သို့ မီးသင်္ဘောကလေးကို လုပ်တတ်လာကြောင်းနှင့် ဖြေလျှင် အရေးပိုင်လုပ်သူက နောက်နောင်မလုပ်ရန် အကြောင်း၊ အစိုးရက ဖမ်းနိုင်ကြောင်း ရယ်မောပြောဆိုကာ ဦးပြုံးချို၏သင်္ဘောကို ငွေ ၅ဝ ကျပ် ပေး၍ ဝယ်ယူသွားဖူးသည်။

ဤမျှသာမကသေး၊ “ပညာရှာ၊ ပမာ သူဖုန်းစား”ဟူသော ဩဝါဒကို လက်ကိုင်ထားပေသော ဦးပြုံးချိုသည် ကမ်းနားတွင် ငါးသလောက်ပိုက်ထိုးနေသော ခေါ်တောကုလားထံ ချဉ်းကပ်၍ ပိုက် ကွန်ထိုးတတ်အောင်လည်း သင်ယူသည်။ ယုတ်စွအဆုံး နိုင်ငံတော် အစိုးရက ခွင့်မပြုသည့် ငွေဒင်္ဂါးအတု သွန်းလုပ်နည်းကိုပင် လေ့လာတတ်မြောက် ကျွမ်းကျင်သည်။

မီးကျည်၊ မီးပန်း၊ ဗြောက်အိုး၊ ပေထုပ် စသော လုပ်ငန်း သည်လည်း ဦးပြုံးချိုအဖို့ အထူးအဆန်း မဟုတ်ပေ။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီးဖြစ်စ ၁၉၁၅ ခုနှစ် အတွင်း တစ်နေ့သောအခါတွင် ဖျာပုံအပိုင် သမိန်ထောရွာမှ ဘုန်းကြီးပျံပွဲတော် တစ်ခုအတွက် ပေထုပ် တစ်ထုပ်လျှင် ငါးကျပ်နှုန်းဖြင့် ဦးပြုံးချိုက လက်ခံလိုက်လေသည်။ ထိုစဉ်ကဆိုလျှင် ပေထုပ်ပြုလုပ်ရာ၌ အသုံးပြုရသည့် “ပိုတက်” ဆေးမှုန့်ကို အစိုးရက လိုင်စင်ထုတ်ပေးထားသူများသာ ဝယ်နိုင်သည်။ သို့ရာတွင် ဆေးဆရာ အလုပ်ကိုလည်း တစ်ဖက်တစ်လမ်းအားဖြင့် လုပ်ကိုင်ကုသပေးနေသော ဦးပြုံးချိုအဖို့ ပိုတက်ဆေးမှုန့်ဝယ်ရန် မခဲယဉ်း။ ထို့ကြောင့် ပေထုပ်လုပ်ရန်အတွက် ယမ်း၊ ဆေးဒန်း၊ ကန့်၊ ပိုတက်စသော ဆေးမှုန့်များကို ကျောက်ပျဉ်တွင် တစ်ပုံစံတင်ထားခိုက် နှီးကြောဖြင့် မေ့လျော့၍ခြစ်မိရာ ကြီးစွာသောအသံဖြင့် ပေါက်ကွဲကာ ဦးပြုံးချို တစ်ကိုယ်လုံး မီးလောင်ခံလိုက်ရလေသည်။ ထို့ကြောင့်လည်း ဦးပြုံးချိုက မိမိ၏ အဖြစ်သနစ် အကြောင်းစုံကို ဗိုလ်ကလေးမြို့ရှိ အမိန့်တော်ရရှေ့နေ ဦးဘဦး၊ မြို့ပိုင် ဦးဘနှင့် တခြားမိတ်သင်္ဂဟများ ထံသို့ မေတ္တာစာတစ်စောင် ရေးသားပေးပို့လိုက်ပေ၏။ ထိုမေတ္တာစာ တွင်... ။

ကြောက်ချင်စရာ အတတ် အသည်းထိတ်စရာ့မကြာ၊ ငရဲနိမိတ်ပြတာ မီးအလျှံထပြီး အနီးမှန်သမျှ အပြေးလောင်၊ ကလေး နှစ်ကောင်မလည်း ပက်လက်လဲ၊ အမွေးအတောင်လည်း တက်တက်မွဲ၊ အသွေးအရောင်က ဒက်ဒယက်သရဲ၊ မျက်ခွက်မည်းလို့ ငချိုပြုံး၊ တစ်ကိုယ်လုံး အဖူးထ၊ ဘီလူးဘဝ တစ်ဖန်ပြောင်းပြီး၊ ရန်မကောင်းတွေ ဗရပွစုပြန်၊ အကုသလံ ဓမ္မံ ပဋိစ္စ၊ အမှန်စိတ်ချ၍ တရားနဲ့ငြီးတုန်း၊ မယားဇနီးက ကျယ်စွာငို၊ သားသမီးက ကယ်ပါဆို၊ အနားအနီး လယ်ယာတခိုတို့က၊ ဘယ်ဟာလို သလဲလို့ ဆော့စွာမေး၊ သြသဓာဆေးနဲ့ ချက်ချင်းသတ်၊ မျက်စဉ်းခတ်လို့ အုန်းရေပေးတော့မှ၊ နှလုံးအနေ အေးပြီး ချမ်းသာမည့်ဒုက္ခ၊ နန်းဇာတိ ရုပ်နဂို အသွေးကောင်းအောင်၊ဗိုလ်ကလေးပြောင်းကာ အထူးဘဝကူးဖို့၊ ဦးဘဦး သမ္မာဒေဝ၊ ထာဝရ မ,ဖို့ အရင်းအမြစ်၊ အရာရာတို့ကို၊ ကျွန်ုပ် မောင်ပြုံးချိုက သတင်း မေတ္တာစာ ပို့လိုက်ပါသည်”

စသည်ဖြင့် ပါရှိရာ ထိုမေတ္တာစာကို ရလျှင်ရချင်း ရင်းနှီးလှစွာ သော ထိုမိတ်သင်္ဂဟအပေါင်းက ဦးပြုံးချိုရှိရာ ပတက်သဗျချောင်း မော်တော်ကြီးတစ်စင်းနှင့် သွားရောက် ခေါ်ငင်ပြီးလျှင် ငွေကုန်ကြေးကျ အထူးခံကာ ဆေးဝါးကုသပေးကြသော ဟူ၏။

ပထမ ကမ္ဘာစစ်ကြီးပြီးခါနီး အင်္ဂလိပ်သက္ကရာဇ် ၁၉၁၇ ခုနှစ် ခန့်တွင် စပါးယိုရွာမှ ဦးဘရှင်ထောင်သော ဇာတ်အဖွဲ့တွင် ဦးပြုံးချို သည် အုပ်ချုပ်သူ ဇာတ်ဆရာကြီးအဖြစ် လိုက်ပါဦးစီးခဲ့ရသည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ပညာ့အလင်းသတင်းစာမှာ အထူးထင်ပေါ်ကျော်ကြားလျက် ရှိလေသည်။ အယ်ဒီတာဌာနတွင် လယ်တီပဏ္ဍိတဆရာ ဦးမောင်ကြီးက ကြီးမှူးလျက် ခေတ်ကာလ စာပေဘက်တွင် ဆရာပီမိုးနင်း၊ ဆရာရွှေ၊ လန်ဒန် အတ်ရုပ်ရှင်ဒါရိုက် တာ ဦးပုကြီး၊ သူရိယ ဦးပုကလေး၊ အမ်ဖိုးချိန် စသည်တို့က တာဝန် ယူလျက် ရှိကြ၏။ တိုက်ရှင်သူဌေးဖြစ်သော ဦးတင်နှင့် သူဌေးကတော် ဒေါ်ဆင့်တို့မှာ ထိုဆရာများ၏သစ္စာ၊ သမာဓိ၊ ပညာ စသည်တို့ကြောင့် စီးပွားအလွန် တိုးတက်နေသော အချိန်အခါ ဖြစ်ပေသည်။

သူဌေးကတော် ဒေါ်ဆင့်မှာ ဘာသာရေးကို အထူးတလည် ပင် ကြည်ညိုကိုင်းရှိုင်းသူ ဖြစ်သည့်အလျောက် လယ်တီဆရာတော် ဘုရားကြီး၏သြဝါဒအရ လိုက်နာ ကျင့်သုံးပြီးလျှင် သံစိပ်၊ ကုမ္မာရီ အသင်းများ တည်ထောင်ပြုစုသောအသင်း ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင်လည်း ပညာ့အလင်း သတင်းစာတိုက် ပေါ်တွင် နေ့စဉ်လိုလိုပင် ရဟန်းပညာတတ်၊ လူပညာတတ်များ အမြဲ မပြတ် စုဝေး၊ ဆွေးနွေးလေ့ရှိကြသည်။ ။ တစ်နေ့သော် ဆရာတော် ဘုရားကြီးများ စုံညီခိုက် အဘိဓမ္မာတရား စကားသို့ ရောက်ရှိသွားလေ ရာ အယ်ဒီတာတစ်ဦးက ဓမ္မဂီတမျိုး တေးဘုမ္မာ” သီချင်းကို ဆို၍ ပြမိသဖြင့် ဆရာတော်ဘုရားက “ဟဲ့...သီချင်း ဘယ်သူရေးတာလဲဟ”ဟု မေးမြန်းတော်မူသည်။ “ကျိုက်လတ်မြို့က ဆရာဦးပြုံးချိုပါ ဘုရား”ဟု ပြန်လည်လျှောက်ထားလျှင် “ဟဲ့.. ဒီလူကို ရအောင်ခေါ်ပြီး မင်းတို့ သတင်းစာတိုက်မှာ အသုံးပြုကြ၊ ဒီလိုစွယ်စုံတတ်တဲ့ လူမျိုး တစ်သောင်းမှာ တစ်ယောက် မရှိဘူးဟ”ဟု မိန့်တော်မူလေသည်။

ဤသို့အားဖြင့် ဦးပြုံးချိုမှာ ရန်ကုန်မြို့သို့ ရောက်၍ ပညာ အလင်းသတင်းစာတိုက်တွင် အယ်ဒီတာ ဖြစ်ရလေတော့သည်။

ပညာ့အလင်းသတင်းစာတွင် “စိန္တာသက္က” ဟူသော ကလောင်အမည်ဖြင့် အထူးကျော်ကြား၏။ ထို့နောက် မြန်မာ့အလင်း သတင်းစာတိုက်သို့ ကူးပြောင်းလုပ်ကိုင်ပြန်သောအခါ၌လည်း မြန်မာ့ အလင်းသတင်းစာတိုက်တွင် “ဖိုးမင်းကျော်” “အရူးတော် နေဒွန်း” စသော ကလောင်အမည်များဖြင့် အထူးလူကြိုက် များပြန်လေတော့ သည်။ ထိုစဉ်အတွင်း “အောင်ဇေယျတု”ဆေးတိုက်ရှင် ဦးဖိုးဘနှင့် အတူ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးသွားခိုက်၊ အပြန်တွင် “ကျိုက် ထီးရိုး နတ်လမ်းညွှန်” စာအုပ်ငယ်ကို သိမှတ်စရာ အကြောင်းအရာ များအပြင် သောလုံး၊ သောကွက်များကိုပါ ဖြည့်စွက်၊ ညှပ်သွင်းရေး သားရာ ဆရာ ဦးပြုံးချိုတွင် ပို၍ပင် စာဖတ်ပရိသတ် တိုး၍လာခဲ့ သည်။

မြန်မာ့အလင်းမှ တစ်ဖန် သမဝါယမ ဝန်ထောက် ဦးငြိမ်း၏ “မောရဝတီ သတင်းစာ”တိုက်သို့ ရောက်ရှိလုပ်ကိုင်ပြန်လေသည်။ ထိုအခါ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေသော “မြန်မာ့ရီဗျူးဂျာနယ်”ကိုလည်း အယ်ဒီတာတစ်ဦးအဖြစ် ကူညီရေးသားပေးရ၏။

ထိုမှတစ်ဖန် “ဝါဏိဇ္ဇခေါ် သတင်းစာတွင် လုပ်ကိုင်နေဆဲ ရန်ကုန်မြို့ အရှေ့ ပိုင်း ၅၁ လမ်းတွင် ဖွင့်လှစ်ထားသော အမျိုးသား တိုက်ပိုင်ရှင် “နေရှင်နယ်” ဦးမြင့်၏ တိုက်တွန်းချက်အရ “မဟာဂီတ ပုံနှိပ်ပေါင်းချုပ်ကြီး”ကို ပြုစုစီရင်၍ ပထမဦးဆုံးအကြိမ် ထိုပုံနှိပ်တိုက် မှာပင် အုပ်ရေ ၃,၀၀၀ စက်တင် ပုံနှိပ်ထုတ်ဝေသည်။

ဤအတောအတွင်း ရန်ကုန် ယူနီဗာစတီတက္ကသိုလ်မှ မြန်မာ ဆရာကြီး ဦးပွား၏ တိုက်တွန်းချက်အရလည်း ဒေဝကုမ္ဘန်ပြဇာတ်ကိုသွားရောက်သင်ကြား ပို့ချပေးပေသေးသည်။

ထို့နောက် သူရိယသတင်းစာတိုက်တွင် မြန်မာဘက်ဆိုင်ရာ ပညာရှိ ဦးလွန်းခေါ် “သခင်ကိုယ်တော်မှိုင်း” နုတ်ထွက်သွားသည့် နေရာ၌ ဦးပြုံးချို ဝင်ရောက်လုပ်ကိုင်ရပြန်သည်။ ။

ထိုစဉ်က မြန်မာတစ်ပြည်လုံး ရတုပိုဒ်စုံပြိုင်ပွဲ ကျင်းပခဲ့ရာ ဦးပြုံးချိုသည် ခရိုင် ဝန်ရှင်တော်မင်းကြီးဟောင်း မစ္စတာဘားနတ်ဟောက်တန်က ချီးမြှင့်သော ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထိုရတု ကို ဗန္ဓုလဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

သူရိယသတင်းစာတိုက်တွင် လုပ်ကိုင်နေစဉ်အတွင်း “ကစား နည်းအမျိုးမျိုးကျမ်း”နှင့် “နေဇ၏လိမ်နည်းအမျိုးမျိုး”ကို ရေးသား ပြီးစီးသည်။ နောက် “မဟာဂီတတ္ထဒီပနီကျမ်း”ကို ကြိုးပမ်းပြုစုနေခိုက် သက္ကရာဇ် ၁၂၈၉ ခုနှစ် တပို့တွဲလဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့ ညဉ့်အချိန်၊ ဗိုလ်တထောင် ၆၁ လမ်း အိမ်အမှတ် ၂၅ တွင် အသက်အားဖြင့် ၅၀ ခန့်အရွယ်၌ ဆရာကြီး ဦးပြုံးချို အနိစ္စရောက်ရရှာလေသတည်း။

(မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း၏ စာဆိုတော်များ အတ္ထုပ္ပတ္တိ စာအုပ်မှ ယူပါသည်) ၊

တပ်လှန့်ဂုဏ်ခင်းပွဲ

ဂီတဘောင် ရေယဉ်ကြောမှာလ

သင်္ဘောနှယ် စုန်ဆန်ဝင်တဲ့ပြင်

စာပေတွင် စွယ်စုံတတ်တာကြောင့်

ကျိုက်လတ် ရတနာမြေက

သတင်းတွေ လျှံကာထွက်ပါလို့

အောက်ထက် နိုင်ငံနှံ့ပါပဲ

ချီးကျူးသံ ဘယ်မဆံ့ပြီဘု

ဂုဏ်ရနံ့တွေက လှိုင်မြိုင်မြိုင်။

ပိဋကတ်ကိုလ

အတတ် ပါရဂူဟု

အဆူဆူ ပညာရှိပေမင့်

လူသိကာ သဘောဉာဏ်ပေါက်ရအောင်

ရေးသလောက် (ဟောသလောက်) အရာတွင်ဖို့

ဗမာတွင် (ကမ္ဘာတွင်) ရှာမှရှားပါပဲ

ကျိုက်လတ်သား ဆရာကတော့

စာအလို တေးသံဖက်ပါလို့ ၊

လူတိုင်းနော် နှုတ်မှာတက်လောက်အောင်

ဓမ္မာဉာဏ် ကြီးကျယ်ချက်တွေနဲ့

တေးဘုမ္မာ ချီကာဆက်လိုက်တယ် လေးနက်ခန့်ပိုင်။

နောက်ကြောင်းနော် ပြန်ကာလှစ်ရလျှင်

ဇာစ်မြစ် အညာမြေက

မဟာဆွေ မှူးမတ်မျိုးပါပဲ

အဘိုးမှာ ဂုဏ်မသေးတဲ့ပြင်

အဘေးမှာ ကိုးတိုက်အုပ်လေတဲ့

ဗန့်ကျီဝန် ဦးရွှေရုပ်ရယ်လို့

ခေါင်ချုပ် နေလိုထင်ရတဲ့

အိမ်ရှေ့ ရွှေဘိုသခင်နဲ့

နောင်တော်ဘုရင် မင်းမတ်အပေါင်းရယ်တို့

အကြောင်း မညီညာ၍

ဆူပူလာ အရေးတော်တုန်းဆီက

ရှောင်ပုန်းရန် အကြေသို့ပြေးခဲ့ရ

မျိုးဆွေစဉ် ဘယ်မဝေးပြီဘု။

ဆရာစီ ဒေါ်ဒေါ်ထွေးတို့မှ

ဦးပြုံးချို ဖွားကာမွေးခဲ့တယ်

လေးဆယ်ပြည့် တစ်ထောင်ဆိုင်

နှစ်ရာတိုင်လေတဲ့ ကောဇာတွင်း။

တကယ်ထောက်လိုက်တော့

အရွယ်မရောက်မီက

ဆယ်ကျူးမြောက် တစ်နှစ်အပိုတွင်

စာအဆို ကဗျာတတ်ရယ်လို့

ပညတ် အခေါ်ခံခဲ့ရ

မဟော်ဉာဏ် သဘင်မှုရယ်နဲ့

ပန်းပုပန်းချီပါ့

အင်ဂျင်နီ-ယာအတတ်ကဲ့ပြင်

ပညာရပ် စုံလင်စွာနဲ့

ဘဝတစ်လျှောက်တွင် စုန်ဆန်ရာက

ဇာတ်ဆရာ ကျမ်းဆရာ အယ်ဒီတာလုပ်ခဲ့တဲ့

ဂုဏ်ပုဒ်တွေ ဖန်ဖန်ဆန့်ပါလို့

အနုပညာတွေကို ထင်စွာဖြန့်နေတဲ့

အသင်းတော် မြန်စာပြန့် ရယ်က

ဦးပြုံးချို နှစ်တစ်ရာခန့်မှာ

(ပြည်သူတို့ရေ...) တပ်လှန့်ဂုဏ်ခင်း။ ။