မသီတာ(စမ်းချောင်း) - ဒေါ်အောင်ဆန်းစုကြည်အတွက်စာတစ်စောင်
(၁) အောက်စ်ဖို့ဒ်က စုနဲ့ မိုက်ကယ်
ကျွန်မက မိုက်ကယ်အဲရစ်ကို လွန်ခဲ့တဲ့ ၃၇ နှစ်က စတွေ့ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် နွေဦးမှာ ကျွန်မက ဗြိတိသျှပြတိုက်ကြီးနောက် ကပ်လျှက်က အရှေ့တိုင်း နဲ့ အာဖရိက လေ့လာရေးဌာန (လန်ဒန်တက္ကသိုလ်)မှာ တိဘက်ဘာသာကို လေ့လာခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်က ကျွန်မရဲ့ ကျန်နေသေးတဲ့ဘဝအချိန်တွေကို တိ ဘက်ကျောင်းလေးမှာပဲ ကုန်ဆုံးချင်နေခဲ့တာပါ။ မိုက်ကယ်နဲ့ ပထမဆုံး စတင် တွေ့ရတဲ့ အခိုက်အတန့်ကတော့ ကျွန်မတို့ရဲ့ စာသင်ခန်းထဲမှာပါပဲ။ တိဘက် ဘာသာကို ကောင်းကောင်းသင်ကြားတတ်တဲ့ မိုက်ကယ့်ကို အဲဒီအချိန်က သူ့နိုင်ငံ ကို ပိုလွတ်လပ်ခေတ်မီဖို့ တက်ကြွနေတဲ့ အသက် ၂၆ နှစ်အရွယ် ဘူတန်ဘုရင် ကလေးက သီးသန့်ဆရာအဖြစ် ဖိတ်ခံရတဲ့အထိ မိုက်ကယ်က တိဘက်စာသင်တာကောင်းလှပါတယ်။
ကျွန်မက မိုက်ကယ့်ကို မြင်မြင်ချင်းမှာပဲ သဘောကျခဲ့ပါတယ်။ သူက ဆံပင် ရှုပ်ပွပွ၊ ခပ်ကြမ်းကြမ်း တမ်းတမ်းပုံဖြစ်နေတဲ့ ဟိမဝန္တာက လူကြီးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်။ သူ့ကိုတွေ့ရင် ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့ မပြောနိုင်ကြ ပေမယ့် သူ့ရဲ့ သားငယ်လေးကတော့ “ဒယ်ဒီက ရုပ်ချောတယ်”လို့ အော်အော်ပြီး မိုက်ကယ့်ကို ကာကွယ်ပေးတတ်ပါရဲ့။ တကယ်တော့ သူက စိတ်ထား မကျဉ်း မြောင်းဘဲ မေတ္တာထားတတ်သူမို့ လူတွေက သူနဲ့ ဆက်ဆံရတာ သိပ်စိတ်အေးချမ်းရပါတယ်။ သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူဗုဒ္ဓဘာသာ ဘုန်း တော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော်အပေါက်လေး ဖြစ်ပြီး ပေါင်သားအချို့ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထု အပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ တွေ့ဆုံမှုကလေးဟာ နောင်နှစ်ပေါင်းသုံးဆယ်ကျော် အဓွန့်ရှည်လိမ့်မယ်လို့တော့ ကျွန်မက မမျှော်လင့်ခဲ့ပါဘူး။
၁၉၇၅ ခုနှစ် နွေရာသီရောက်တော့ ကျွန်မအမျိုးသားက လန်ဒန် စီးပွား ရေးတက္ကသိုလ်ရဲ့ သုတေသနဌာနကနေ အောက်စ်ဖို့ဒ်က စိန့်အန်ထော်နီကော လိပ်ကို ပြောင်းရတဲ့အတွက် ကျွန်မတို့လည်း လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျွန်မတို့က ဝုဒ်စတော့ခ်လမ်းမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာ ငှားနေခဲ့ပါတယ်။ ကျွန်မကတော့ လန်ဒန်ကို အောက်စ်ဖို့ဒ်ကနေ ရထားနဲ့ မြေအောက်ရထားတွေ စီးပြီး ကျောင်းတက်ဆဲပါပဲ။
အောက်စ်ဖို့ဒ်က ပြောင်းဖူးဈေးလမ်းနဲ့ သင်္ဘောလမ်းဆုံရာထောင့်မှာ ပုံပြင် ထဲမှာ တွေ့ရတတ်တဲ့ သစ်သားအိမ်ကလေးတစ်လုံး ရှိပါတယ်။ အဲဒီအိမ်ကလေးက ငွေအကြွေစေ့ သုံးရတဲ့ အဝတ်လျှော်စက်တွေ ရှိရာနေရာပေါ့။ အဲဒီကနေ လျှော်ပြီးသား အဝတ်ထုပ်ကြီး ပခုံးပေါ်တင်ပြီး ထွက်လာတတ်တာကတော့ မိုက်ကယ်ပါပဲ။ ဒီမှာ ကျွန်မနဲ့ မိုက်ကယ် ဒုတိယအကြိမ် ပြန်တွေ့တာပါ။ ခဏလောက် နှုတ်ဆက်ပြီးတော့ နောင်မှာ တွေ့ကြရအောင်လို့ဆိုကာ လမ်းခွဲခဲ့ကြပါတယ်။
နောက်အပတ်မှာတော့ ကျွန်မတို့ ဇနီးမောင်နှံက ဟာလီဖစ်စ်အိမ်ရှိရာ ကလပ်ကို လာဖို့ မိုက်ကယ်နဲ့သူ့ မိသားစုကို ဖိတ်ခဲ့ပါတယ်။ နက်မှောင်တဲ့ ဆံပင်အထူကြီးကို စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကလေးထိုင်လက်တွန်းလှည်းလေးကို တွန်းပြီး ကလပ်ထဲကို ဝင်လာပါတယ်။ သူ့ရဲ့အလှအပနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့အသွင် ခါးမတ်မတ်ပုံဟန်ကို သတိထားမိတဲ့ အဲဒီခဏမှာ ကျွန်မက အသက်မရှုမိခဲ့ပါဘူး။ သူ့နောက်မှာတော့ ကျွန်မနဲ့ ဆုံခဲ့ဖူးတုန်းက ပါလာတဲ့ အဝတ်အိတ်ကြီးကို အရင်ကလိုပဲ ပခုံးပေါ်တင်ကာ လျှောက်လာတဲ့၊ ဂျပန်သူကြွယ် နတ်ဘုရားတစ်ပါးလို ပြုံးနေတဲ့ မိုက်ကယ်ပေါ့။
ဖြစ်ချင်တော့ မိုက်ကယ်ကလည်း သူ့မိသားစုနဲ့အတူ အောက်စ်ဖို့ဒ်ကို ပြောင်းလာခဲ့ပါပြီ။ သူတို့က အောက်စ်ဖို့ဒ်ရဲ့ အရှေ့တောင်ပိုင်းက ဆန်းနင်းဝဲလ်ရွာလေးက လယ်တောအိမ်လေးတစ်လုံးမှာ ငှားနေကြပါတယ်။ အဲဒီမှာ တခြားလယ်တော အိမ်လေး နည်းနည်းပါးပါးနဲ့ ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ ဒီတော့ သူတို့ကအောက်စ်ဖို့ဒ်မြို့ လယ်ကို ဈေးဝယ်ဖို့နဲ့ အဝတ်လျှော်ဖို့ သွားကြရတာပေါ့။ သူတို့ရဲ့ အိမ်နီးနားချင်းတွေမှာ ကားရှိကြပေမယ့် စုနဲ့ မိုက်ကယ်က သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းလိုသူတွေ ဖြစ်ကြသလို မိုက်ကယ်က စက်နဲ့ ပတ်သက်ရင် ဘာမှ မ ကျွမ်းကျင်သူလေ။ ဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ လမ်းပန်းဆက် သွယ်ရေးယာဉ်ကတော့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေပါပဲ။
နေ့စဉ်လိုသမျှတွေ ဝယ်ခြမ်းဖို့အတွက် မြို့လည်ကို သွားရတာက ထုံးစံပါ။ ဒါပေမယ့် ဘာလို့ အဝတ်လျှော်ဖို့ မြို့လည်အထိ သွားရမှာပါလိမ့်။ အင်္ဂလိပ်အိမ် တွေဟာ ဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီးချပြီးမှ ဆောက်ထားတာဆိုတော့ ရှေးဟောင်းသမိုင်းဝင်အိမ်တွေအဖြစ် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် နေ တဲ့လူတွေအတွက်ကတော့ အဆင်မပြေလှပါဘူး။ အိမ်အများစုမှာ အိမ်သာနဲ့ ရေချိုးခန်းဆိုတာ အပေါ်ထပ်မှာပဲ ရှိနေပြီး ရေဆိုးထုတ်စံနစ် ပြဿနာကြောင့် မိသားစုသုံး အဝတ်လျှော်စက်တွေအတွက် ထားစရာနေရာ ခက်ခဲပါတယ်။ အဲဒီအချိန်က ကမ္ဘာ့နိုင်ငံအတော်များများမှာ မိသားစုသုံး အဝတ်လျှော်စက်တွေက တွင်ကျယ်နေပြီးသားပါ။ အိမ်ရှင်မတွေအတွက်လည်း အဝတ်လျှော်စက်ဆိုတာ အဖိုး တန်လွန်းတဲ့ ရတနာတစ်ပါးလို ဖြစ်ပါရဲ့။ ခက်တာက ငွေအကြွေသုံး အဝတ်လျှော် စက်လုပ်ငန်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ထူထောင်ထားတာကိုး။ (အခုဆို ဒီလုပ်ငန်း က စီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲ) ဒီလိုနဲ့ မြို့လည်လမ်းထောင့်တစ်နေ ရာရာမှာ ရှိနေမှာ သေချာတဲ့ ငွေအကြွေသုံးအဝတ်လျှော်စက်တွေကို အားကိုးခဲ့ ရပါတယ်။ အခုတော့ အဲဒီဆိုင်လေးက မျက်မှန်ဆိုင်ဖြစ်ခဲ့သလို နောက်ဆုံးတော့ အိုင်ဖုန်းအရောင်းဆိုင် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ တွေ့ဆုံဖြစ်တဲ့အတွက် အဲဒီအဝတ်လျှော်ဆိုင်လေးက အမှတ်တရပါပဲ။ အဲဒီတွေ့ဆုံမှုလေးကနေ အခုအချိန်ထိ မိုက်ကယ်၊ စုနဲ့ သား နှစ်ယောက်ကို စိတ်ဝိဉာဉ်ချင်းထိ တွေ့နေဖြစ်တာ မဟုတ်ပါ လား။
(၂) မိုက်ကယ်ရဲ့ မြင်မြင်ချင်း အချစ်
ကျွန်မက စုနဲ့မိုက်ကယ်တို့ ဘယ်လိုချစ်ကြိုးနှောင်ဖွဲ့ခဲ့တယ်ဆိုတဲ့အကြောင်း စုဆီကနေ ဘယ်တုန်းကမှ မသိခဲ့ရပါဘူး။ စု နေအိမ် အကျယ်ချုပ်ကျပြီနောက်ပိုင်းမှာ မိုက်ကယ့်ဆီက သူတို့ရဲ့ အချစ်ဇာတ်လမ်းကို တစ်စထက်တစ်စ သိခွင့်ရလာခဲ့ပါ တယ်။ ကျွန်မကလည်း မိုက်ကယ်ရဲ့ အပြောနဲ့ စုရဲ့ ကိုယ်ရေးရာဇဝင်ကိုပါ ခြေ ရာခံဖြစ်ခဲ့ပါတယ်။
သူ့အဖေ လုပ်ကြံခံရစဉ်က စုဟာ အသက်နှစ်နှစ်သာရှိသေးတာမို့ လုပ်ကြံတယ် ဆိုတာကိုရော သေဆုံးမှုအတွက် ဝမ်းနည်းရမှာကိုပါ သိပ်နားမလည်နိုင်ခဲ့ပါဘူး။ စုက သူ့အဖေကို ကောင်းကောင်းလည်း မမှတ်မိပါဘူး။ ဒါပေမယ့် သူ့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ မြင်ကွင်းတစ်ခုအကြောင်း စုက ကျွန်မကို ပြောပြဖူး ပါတယ်။ အဲဒါကတော့ သူ ငယ်ငယ်က အိမ်အဝင်က လှေကားရှည်ကြီးထိပ် မှာ ညနေတိုင်း ထိုင်ကာ စစ်ယူနီဖောင်းနဲ့ ပြန်လာမယ့် အဖေ့ကို မျှော်နေတတ်ပြီး အဖေကလည်း သူ့ကို တွေ့တာနဲ့ ပွေ့ချီကာ လေထဲ မြှောက်ပေးသလို ပါးနှစ်ဖက်ကို လည်း မွှေးမွှေးပေး၊ လူကိုလည်း တင်းတင်းကြပ်ကြပ် ဖက်ထားတတ်တဲ့ မြင်ကွင်း ပါတဲ့။ အဲဒီလို ပြန်ပြောပြတဲ့အချိန်မှာတောင် သူ့အဖေရဲ့ အထိအတွေ့ကို သူက ရနေသေးသလို အဲဒီမြင်ကွင်းက သူ့စိတ်ထဲမှာ မြဲနေခဲ့ပါတယ်တဲ့။ အဲဒီလို ပြောပြ တာကို နားထောင်နေတဲ့ ခဏမှာပဲ ကျွန်မ တွေးလိုက်မိတာကတော့ စုဟာ သူ ချစ်ရတဲ့သူ အကြောင်းကို ပြောနေတာပဲလို့ပါ။ သူ့ရဲ့ နူးညံ့ပြီးထွားကျိုင်းတဲ့ ချစ်သူ မိုက်ကယ့်အပေါ် စုရဲ့ ခံစားချက်ကိုလည်း နားလည်သွားသလိုပါပဲ။
၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ မှာ မြန်မာပြည် လွတ်လပ်ရေး ရပါတယ်။ စုမေမေ ဒေါ်ခင်ကြည်က ဦးနုအစိုးရလက်ထက်မှာ ကျင်းပတဲ့ ပထမဆုံးရွေးကောက် ပွဲကို ဝင်ကာ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါတယ်။ သူဟာ တစ်ဘက်မှာ မိခင် အဖြစ်ရော ဖခင်အဖြစ် တာဝန်ကျေသလို တစ်ဘက်မှာလည်း ဦးနုကက်ဘိနက်ရဲ့ တက်ကြွတဲ့ နိုင်ငံရေးသမား ဖြစ်လာခဲ့တာပါ။ ကျွန်မက ဒေါ်ခင်ကြည်နဲ့ သိတဲ့ ဂျပန်မိတ်ဆွေတစ်ယောက်ဆီက ကြားခဲ့ရတာကတော့ သူက အဆုံးအဖြတ်နဲ့ တုံ့ ပြန်မှုတွေကို ချက်ချင်းလုပ်နိုင်တဲ့ အမျိုးသမီး ဖြစ်သလို လူထုကို အားတက်စေ ကာ လှုပ်ရှားစေနိုင်တဲ့အထိ စွမ်းပကားကြီးသူဆိုတာပဲ ဖြစ်ပါတယ်။ စုဟာ အဲဒီလို စည်းကမ်းကြီးတဲ့ အမေရဲ့ ပျိုးထောင်မှုကို ခံခဲ့ရသလို မြန်မာ့ရိုးရာတန်ဖိုးတွေကိုလည်း သင်ယူခဲ့ရပါတယ်။
ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမယ့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ က လူမျိုးစုအရေး ပြဿနာတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် အမြန်ဆုံးနည်းလမ်းအနေနဲ့ ဗြိတိသျှတွေ ချန်ရစ်ခဲ့တဲ့ အခြေခံအဆောက် အအုံစနစ်တွေအတိုင်း ဆက်လုပ်သွားဖို့ အားထုတ်ခဲ့ကြပါတယ်။ ပညာရေးမှာဆို လည်း ဗြိတိသျှနည်းကိုပဲ စသုံးပါတယ်။ ဒီတော့ ချမ်းသာတဲ့မိသားစုထဲက ကလေး တွေဟာ မြန်မာစကား မပြောရလို့ တားမြစ်ထားခဲ့ဖူးတဲ့ မစ်ရှင်သာသနာပြုကျောင်း တွေမှာ စာသင်မြဲသင်ကြပေမယ့် အဲဒီကျောင်းတွေမှာပဲ နိုင်ငံခြားသားတွေ (အထူးသဖြင့် အင်္ဂလိပ်တွေ)ကို မုန်းတဲ့အလေ့ဟာလည်း ခေတ်စားနေခဲ့ပါတယ်။ စုက အသက်လေးနှစ်မှာ ဆန်ဖရန်စစ်စကိုကွန်ဗင့်တဲ့ ကျောင်းမှာ မူကြိုစတက်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်မှာ စုတို့မိသားစုအတွက် နောက်ထပ် ဝမ်းနည်းကြေကွဲစရာ ဖြစ်လာတာကတော့ နေအိမ်ထဲက ရေကန်မှာပဲ ဒုတိယမြောက် သား အောင်ဆန်းလင်း ကွယ်လွန်ခဲ့ရတာပါ။ ဒီလိုနဲ့ ဒေါ်ခင်ကြည်ဟာ အဲဒီအချိန် က အစိုးရရဲ့ ကမ်းလှမ်းချက်ကြောင့် လက်ရှိနေအိမ်ဖြစ်တဲ့ ၅၄-၅၆၊ တက္ကသိုလ်ရိပ်သာ လမ်းအိမ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာတော့ စုက အင်္ဂလိပ်မက်သဒစ်ကျောင်းမှာ အလယ်တန်းတက် နေခဲ့ပါပြီ။ စုက အင်မတန်တိတ်ဆိတ်တဲ့ ကျောင်းသူလေးဖြစ်ကာ အမြဲတမ်း တစ်ယောက်တည်း စာပဲ ဖတ်နေတယ်လို့ စာအုပ်တိုင်းလိုလိုမှာ ရေးကြပါတယ်။ မှန် ပါတယ်။ စာအုပ်တွေဟာ စုအတွက် အကောင်းဆုံးမိတ်ဆွေဆိုတာ အရင်ကရော အခုထိပါ မပြောင်းမလဲ မှန်နေတာပါ။
၁၉၆၀ ခုနှစ်မှာတော့ စုမေမေဟာ အိန္ဒိယကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ စုဟာ အထက်တန်းကိုတော့ ၁၉၆၀-၆၁ ခုနှစ်မှာ ဒေလီက စိန့်မေရီကွန်ဗင့်မှာ တက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်မှာတော့ ဒေလီဆရီလမ်ကောလိပ်မှာ နိုင်ငံရေးသိပ္ပံဘာသာကို တက်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဒေါ်ခင်ကြည်ဟာ သားကြီးအောင်ဆန်းဦးကို အင်္ဂလိပ်သံတမန် တစ်ဦးနဲ့အတူ အင်္ဂလန်ကို ပို့ခဲ့ပါတယ်။ အောင်ဆန်းဦးက ဒိုဗာကနေ လန်ဒန်ကိုပြောင်းရွေ့ကာ အင်ပီးရီးယားကောလိပ်မှာ ပညာသင်ခဲ့ပါတယ်။ ၁၉၆ဝ မှာ ဒေါ် ခင်ကြည်နဲ့ စုဟာ တစ်ခါက အိန္ဒိယမှာ ဗြိတိသျှအင်ပါယာရဲ့ ကော်မရှင်နာ မင်း ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မိတ်ဆွေဟောင်း ဆာပေါလ်ဂေါရ်ဘုသ်မိသားစုနဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ ဂေါရ်ဘုသ်မိသားစုက အင်္ဂလန် ကို ပြန်ရာမှာ ဒေါ်ခင်ကြည်က စုကို အောက်စ်ဖို့ဒ်ကို ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ စုဟာ လန်ဒန်၊ ချယ်လ်ဆီးရပ်ကွက်မှာ ဂေါရ်ဘုသ်တို့မိသားစုနဲ့အတူ နေ ခဲ့ပါတယ်။ ဆာပေါလ်ဂေါရ်ဘုသ် ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာ ဇနီးဖြစ်သူ လေဒီ ပက်ထရစ်ရှာဂေါရ်ဘုသ်ဟာ စုကိုသာမက သားနှစ်ယောက်ကိုပါ စောင့်ရှောက်ခဲ့ပါ တယ်။ တကယ်တော့ သူဟာ စုအတွက် အင်္ဂလိပ်မိခင်လို့ ဆိုရမယ့်သူပါ။
ဂေါရ်ဘုသ်တို့ဇနီးမောင်နှံမှာ ကလေးလေးယောက် ထွန်းကားပြီး အကြီးဆုံးနဲ့ အငယ်ဆုံးက မိန်းကလေးတွေဖြစ်ကာ အလတ်နှစ်ယောက်က ယောကျာ်းလေးအမွှာပါ။ ဒေးဗစ်နဲ့ ခရစ်တိုဖာဂေါရ်ဘုသ်တို့က ရိုမန်ကက်သလစ်ကျောင်းတက်တော့ ခင်ဖြစ်တာကလည်း အမွှာကောင်လေး နှစ်ယောက်ပါပဲ။ ၁၉၄၆ ခုနှစ် မတ် ၂၇ ရက်ဖွား အန်ထော်နီနဲ့ မိုက်ကယ်အဲရစ်တို့ပေါ့။ သူတို့ တက်တဲ့ ကျောင်းက နာမည်ကြီးဖြစ်ကာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်အထိ အဆောင်မှာ အတူတူ နေခဲ့ကြရပါတယ်။ အထက်တန်းကျောင်းက အောင်တော့ ဒေးဗစ်က အောက်စ်ဖို့ဒ် တကသိုလ် တက်ကာ ခရစ်တိုဖာ၊ အန်ထော်နီနဲ့ မိုက်ကယ်တို့က ဒါရ်ဟမ်တကသိုလ် ကို တက်ခဲ့ပါတယ်။ အဲဒီနောက် မိုက်ကယ်နဲ့ ခရစ်တိုဖာကြားမှာ ရာသက်ပန် ခင်မင်မှုမွေးဖွားခဲ့ပါတော့တယ်။
တစ်နေ့မှာ ခရစ်တိုဖာက မိုက်ကယ့်ကို သူ့အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ စုနဲ့ မိုက်ကယ် ပထမဆုံး စတင်တွေ့ဆုံကြပါတယ်။ မိုက်ကယ်က အထက်တန်းကျောင်းသားဘဝကတည်းက အာရှကို စိတ်ဝင်စားပြီး အထူးသဖြင့်တော့ တိဘက် ဘာသာကို ဆရာတွေအလစ်မှာ သူ့ဖာသာ လေ့လာနေခဲ့တဲ့အထိ အရူးအမူး သဘော ကျခဲ့ပါတယ်။ အဲဒီအတွက် ဆရာက သူ့ကို အတန်းထဲမှာ မတ်တပ်ရပ်ခိုင်းခဲ့သလို မိဘကိုလည်း ဆင့်ခေါ်ခဲ့ပေမယ့် မိုက်ကယ့်အမေကလည်း သူ့သားကို အပြည့်အ ဝ ကာကွယ်ပေးခဲ့ပြီး တိဘက် ဘာသာကို အဆုံးထိ လေ့လာနိုင်အောင် ကြိုးစား ကူညီပေးခဲ့ပါတယ်။ “မိုက်ကယ်ဟာ ကျွန်မအတွက် ဂုဏ်ယူရတဲ့ သားပါ။ သူက သူ့ဘဝတစ်လျှောက်လုံး နောက်ကွယ်မှာ ဘာမှ ပြောစရာ မရှိသူပါ”လို့ သူ့အမေက ကျွန်မကို ပြန်ပြောပြခဲ့ဖူးပါတယ်။
မိုက်ကယ်က အာရှမိန်းကလေးတစ်ယောက်ရဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ အလှမှာ ငြိနေခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့ မြင်မြင်ချင်းချစ်တဲ့အချစ်ပါ။ “နိုရီကို၊ ကျွန်တော်က စုကို မြင်မြင်ချင်းမှာပဲ ချစ်မိခဲ့တာပါ”လို့ မိုက်ကယ်ဟာ မျက်လုံးတွေ အရောင် လက်ပြီး အတိတ်နေ့ရက်တွေကို ပြန်မြင်ယောင်နေသလို ကျွန်မကို တစ်ခါတုန်းက ပြောပြခဲ့ပါတယ်။ သူတို့ စတွေ့ချိန်က ၁၉၆၇-၆၈ ခုနှစ်လောက်ပေါ့။
စုက စိန့်ဟုခ်ျကောလိပ်နဲ့ မိုက်ကယ်က ဒါရ်ဟမ်တကသိုလ်ကနေ ဘွဲ့ရခဲ့ ကြပါပြီ။ မိုက်ကယ်က စုကို ချစ်နေကြောင်း ဝန်ခံခဲ့ပေမယ့် စုကတော့ စောင့်ဖို့ပဲ ပြန်ပြောခဲ့ပါတယ်။ “အဲဒီအချိန်တုန်းက စုကို သဘောကျသူတွေ အများကြီး ရှိ နေပြီးပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ရှည်လက်ရှည်ပဲ စောင့်ခဲ့တာပါ။ စုစု ပေါင်း ၄ နှစ်ပေါ့”လို့ မိုက်ကယ်က ပြုံးပြီးပြောခဲ့ပုံက စောင့်ရကျိုးနပ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါပေမယ့် စုရဲ့အဒေါ်လိုနေခဲ့တဲ့ မသန်းက ပြောတာကတော့ အဲဒီအချိန်မှာ စုဟာ ယောကျာ်းလေးတွေကို စိတ်မဝင်စားဘူးဆိုတာပါပဲ။