Skip to product information
1 of 2

Other Websites

မလေးလုံ - ဖေမောင်တင် သို့မဟုတ် ဘသက်ရှည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မလေးလုံဖေမောင်တင်သို့မဟုတ်ဘသက်ရှည်

၁၉၃၅ ဇူလိုင် ၁၉ ဖွား၊ မြစ်ဝကျွန်းပေါ် ပုသိမ်ဇာတိ၊ အဖ မြန်မာ-ခရစ်ယာန် အထက်တန်းကျောင်းအုပ် ဦးချစ်ထွန်း၊ အမိ ဒေါ်စောတင်၊ မွေးချင်း ၆ ယောက်တွင် တတိယမြောက် အမည်ရင်း မခင်သိန်းဆွေ။ ပုသိမ်ခရစ်ယာန်သာသနာပြု အေဘီအမ်အထက်တန်းကျောင်း၊ စကောကရင် အထက်တန်းကျောင်း၊ ရန်ကုန် ကမာရွတ် ဒေါ်သာထက် အထက်တန်းကျောင်းတို့တွင် ပညာသင်၊ စာပေ အားကစား ဘက်စုံ ထူးချွန်။ ၁၅ နှစ်အရွယ် ၁၀ တန်း ပညာသင်နေစဉ် နှလုံးရောဂါကြောင့် ကိုယ်တစ်ခြမ်း လေဖြတ်၊ ပညာရေးရပ်နားခဲ့ရ။

ဆေးကုသမှုခံယူစဉ် အင်္ဂလိပ် မြန်မာနှစ်ဘာသာ စာပေဖတ်ရှုခွင့်ပိုမို ဆေးရုံထက်မှစာစတင်ရေး၊ “တိုင်းရင်းမေဂျာနယ်၌ မလေးလုံ ကလောင်အမည်ဖြင့် ဝတ္ထုတို စတင်ပုံနှိပ်ဖော်ပြခံရ၊ ကျန်းမာရေးချို့တဲ့

သော်လည်း တိုင်းရင်းမေ ယုဝတီ ချိုတေးသံ၊ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မဟေသီ၊ ပေဖူးလွှာ သပြေ၊ က စပယ်ဖြူ၊ မြန်မာ့တမန်၊ လုံမလေးမဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ရှည်များရေးခဲ့။ လုံးချင်း ဝတ္ထုရှည်။ ဝတ္ထုတို ၃၅ အုပ်၊ ဖေမောင်တင် သို့မဟုတ် ဘသက်ရှည် (၁၉၅၅) အတ္ထုပ္ပတ္တိ ထုတ်ဝေခဲ့။ “ပွင့်' ဝတ္ထု ဖြင့် ၁၉၆၃ အနုပညာစာပေဆိုင်ရာဆု၊ ဝတ္ထုရှည် စတုတ္ထဆု (အမျိုးသား စာပေဆု) ချီးမြှင့်ခံရ၊ ဝတ္ထုရှည် အချို့ကို ရုပ်ရှင်ရိုက်ကူး။ ကျန်းမာရေးချို့တဲ့သော်လည်း ၁၉၈၅ တွင် “လုံမလေး အမျိုးသမီးမဂ္ဂဇင်း' ကို တည်ထောင်၍ အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်သည့်တိုင် ထုတ်ဝေခဲ့။ မရမ်းကုန်းမြို့နယ် စာပေနှင့်စာနယ်ဇင်း အမှုဆောင်အဖွဲ့ဝင်၊ မြို့နယ်ရည်ညွှန်းစာကြည့်တိုက်ဖြစ်မြောက် ရေး ကူညီဆောင်ရွက်လှူဒါန်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ တက္ကသိုလ်ခရစ်ယာန် စာပေအသင်း စာပေလုပ်ငန်းများ ပါဝင်ဆောင်ရွက် ၁၉၉၁ ဖေဖော်ဝါရီ ၂၈ တွင် မရမ်းကုန်းမြို့နယ် နံသာမြိုင်ခြံနေအိမ်၌ ကွယ်လွန်။

 

 

 

ဇော်ဂျီ၏ အမှာစာ

ဤပထမတွဲတွင် ဖွားမြင်ချိန်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် အရှေ့တိုင်းပညာရပ်များ (အထူး သဖြင့် ပါဠိစာပေ မြန်မာစာပေ) ဌာန၌ ပါမောက္ခအဖြစ် ထမ်းဆောင်စပြုသည်အထိ လှုပ်ရှားလာခဲ့သော မြန်မာပညာရှိတစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင်၏ ဘဝဖြစ်စဉ်များကို ဖတ်ရှုခွင့်ရနိုင်ပါသည်။ အခန်း ၂၉ ခန်းပါသည်။

အခန်း ၁ မှ ၁၀ အထိ ပါဝင်သော အခန်းများတွင် ထူးခြားချက်များမှာ အင်းစိန်မြန်မာကျောင်း တစ်ကျောင်း၌ မြန်မာစာသင်ခဲ့ရပုံ၊ မြင်း ချစ်တတ်ပုံ၊ ရန်ကုန်ဟိုက်စကူးကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားစဉ် ကျောင်းသားဘဝတွေ့ကြုံခဲ့ရပုံ၊ ရန်ကုန်ကောလိပ်၌ ပညာဆက်သင်ပုံတို့ဖြစ်သည်။ ထိုဘဝဖြစ် စဉ်များနှင့်တကွ ဆရာကြီး၏ ငယ်စဉ်က စိတ်ဓာတ်ကိုလည်းကောင်း၊ ဆွေမျိုးများ၏ စိတ်နေသဘောထား တို့ကိုလည်းကောင်း၊ ၂ဝ ရာစုဝင်ခါစခေတ်က အခြေအနေ တစ်စိတ်တစ်ဒေသကိုလည်းကောင်း တစေ့ တစောင်း သိနိုင်ပါသည်။ 

ထို့နောက် အခန်း ၁၁ မှ ၁၈ အထိ ပါဝင်သော အခန်းများတွင် ထူးခြားချက်များမှာ ထားဝယ်သို့ အလည်အပတ်ရောက်စဉ် ရွယ်တူတန်းတူ သမီးပျို ညီအစ်မနှင့် တွေ့ဆုံခဲ့ရပုံ၊ ဆရာကြီး ရင်ခုန်ခဲ့ရပုံ၊ ပညာလောက၊ စာပေလောက၌ အာရုံစူးစိုက်ခြင်းရှိခဲ့ပုံ၊ ပါဠိစာပေ၌ ထူးချွန်ခဲ့ပုံ၊ မဟာဝိဇ္ဇာဘွဲ့ရပြီးသောအခါကျောင်းဆရာအလုပ်၌ ပျော်မွေ့ခဲ့ပုံ၊ မြန်မာနိုင်ငံသုတေသနအသင်း၏ဂျာနယ်၌ သုတေသနဆောင်းပါးများ၊ စာပေဝေဖန်စာများရေးခဲ့ပုံ၊ အဋ္ဌသာလိနီနှင့် ဝိသုဒ္ဓိမဂ်တို့ကိုလည်းကောင်း၊ မှန်နန်းရာဇဝင်ကိုလည်းကောင်း အင်္ဂလိပ်ဘာသာပြန်ဆိုရေးသားစပြုခဲ့ပုံတို့ဖြစ်သည်။ ထိုဘဝဖြစ်စဉ်များနှင့်တကွ ထိုခေတ်က အင်္ဂလိပ် မြန်မာ ပညာတတ်အသိုင်းအဝန်းအကြောင်းကိုလည်း တစေ့တစောင်း သိနိုင်ပါသည်။ ။

ထို့နောက် အခန်း ၁၉ မှ ၂၅ အထိ ပါဝင်သော အခန်းများတွင် ထူးခြားချက်များမှာ အစိုးရပညာ တော်သင်အဖြစ်ဖြင့် ဘိလပ်နိုင်ငံ၌ ပညာဆက်လက်သင်ကြားခဲ့ပုံ၊ အော့စဖို့ဒ်တက္ကသိုလ်၌ ပညာသင်စဉ် လန်ဒန်ပါဠိဒေဝီနှင့်တွေ့ခဲ့ပုံ၊ မြန်မာပြည်မှဝံသာနုစိတ်ဓာတ်ဂယက်ရိုက်လာခဲ့ပုံ၊ ဟာဗီ၏ မြန်မာနိုင်ငံသမိုင်း (အင်္ဂလိပ်ဘာသာရေး) စာမူနှင့် စပ်လျဉ်း၍ မိမိ၏ထင်မြင်ချက်ကို ရဲဝံ့စွာပေးခဲ့ပုံ၊ ဘီလစ်ဘွဲ့ကို ရခဲ့ပုံ၊ လန်ဒန်တက္ကသိုလ်၌ ဒေါက်တာဘလက်ဂဒင်၏ မွန်ဘာသာသင်တန်းကိုတက်ခဲ့ပုံ၊ ပြင်သစ်နိုင်ငံ၊ ချက်ကို ဆလိုဗေးကီးယားနိုင်ငံတို့သို့ ရောက်ခဲ့ပုံ၊ အဋ္ဌသာလိနီနှင့် ဝိသုဒ္ဓိမဂ် (သီလပိုင်း) အင်္ဂလိပ်ဘာသာပြန်တို့ကို လန်ဒန်ပါဠိအသင်းက ပုံနှိပ်ပေးခဲ့ပုံ၊ ထို့နောက် အမိမြန်မာပြည်သို့ ပြန်လာခဲ့ပုံတို့ဖြစ်သည်။

ထိုဘဝဖြစ်စဉ်များနှင့်တကွ လန်ဒန်၌ မိမိကဲ့သို့ ပညာသင်နေကြသော မြန်မာကျောင်းသား များ၏ ဘဝကိုလည်းကောင်း၊ လန်ဒန်-မြန်မာအသင်း အကြောင်းကိုလည်းကောင်း၊ မြန်မာအပေါ်ထား တတ်ကြသော ဥရောပသားတို့၏ အမြင်တို့ကိုလည်းကောင်း တစေ့တစောင်း သိနိုင်ပါသည်။

ထို့နောက် အခန်း ၂၈ နှင့် ၂၉ တို့တွင် ထူးခြားချက်မှာ ရန်ကုန်ကောလိပ်ဘဝမှ ရန်ကုန် တက္ကသိုလ်ဘဝသို့ ရောက်လာပြီဖြစ်သောအချိန်တွင် မြန်မာစာပေကို တက္ကသိုလ်၌ မြှင့်တင်ခဲ့ပုံဖြစ်သည်။ ထိုဘဝဖြစ်စဉ်နှင့်တကွ မြန်မာပညာရှိများနှင့် ဆက်ဆံဆောင်ရွက်ခဲ့ပုံကိုလည်း သိနိုင်ပါသည်။ ထို့ပြင် ထိုအချိန်၌ပင် အိမ်ထောင်ရေးကိစ္စ အစပျိုးခဲ့ပုံကိုလည်း သိနိုင်ပါသည်။

(၂)

ဆရာကြီးဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိငယ်စာတစ်အုပ်ကို လွန်ခဲ့သော အနှစ်သုံးဆယ်ကျော် လေးဆယ်ခန့်က ပုံနှိပ်ထုတ်ဝေခဲ့ဖူးပါသည်။ ထိုအတ္ထုပ္ပတ္တိငယ်တွင် ဆရာကြီး၏ ဘဝဖြစ်စဉ်အကြောင်း အချက်တို့သည် အနည်းငယ်မျှသာပါ၍ ရိုးရိုးမျှသာဖြစ်သည်။ စီရင်ထားပုံသည်လည်း စင်းစင်းမျှသာ ဖြစ်သည်။ ဤအတ္ထုပ္ပတ္တိတွင်မူ အကြောင်းအချက်တို့သည် များလည်းများလာသည်။ အတ္ထုပ္ပတ္တိရေးသူ မလေးလုံသည် ဆရာကြီးနှင့် မကြာခဏ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆရာကြီးပြောပြသည်တို့ကို ရေးမှတ်ပြီး

နောက် ဆရာကြီးက စစ်ဆေးကြည့်ရှုသည်။ ထိုသို့သော အကြောင်းအချက်တို့၌ အခြေခံထားခြင်းလည်း ရှိသည်။ ထို့ကြောင့် ဆရာကြီး၏ ဘဝဖြစ်စဉ်အကြောင်းအချက်တို့သည် အတော်အတန်ပြည့်စုံလာပြီဟု ဆိုချင်ပါသည်။ တစ်ဖန်အတ္ထုပ္ပတ္တိစီရင်ထားပုံကလည်းယခုခေတ်အခေါ်အားဖြင့် ဝတ္ထုဟန်စီရင်ထားပုံဖြစ်ရာ ဤအတ္ထုပ္ပတ္တိကို ဝတ္ထုဟန်အတ္ထုပ္ပတ္တိမျိုးဟု ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဝတ္ထုတို့တွင် ပါမြဲ ဖြစ်သော ဇာတ်လမ်းတည်ဆောက်သောသဘော ကာလဒေသ ပတ်ဝန်းကျင်အဖွဲ့သဘော၊ လူ့သဘာဝ အဖွဲ့သဘောတို့ကို ဤအတ္ထုပ္ပတ္တိတွင် မသိမသာပါလာအောင် စီရင်ထားသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ သာဓကများသည် အောက်ပါအတိုင်းဖြစ်သည်။

ဤအတွဲ၌ပါသော အခန်း ၂၉ ခန်းကို ခြုံငုံလေ့လာကြည့်လျှင် ဤသို့ တွေ့နိုင်သည်။ ဝတ္ထုဟန် စီရင်ထားပုံသည် ဆရာကြီး၏ ပညာလိုလားပုံ၊ ပညာဖြန့်ဝေချင်ပုံ အားထုတ်မှုတို့၏ ဖြစ်စဉ်များကို ကြီးစဉ်ငယ်လိုက် ဖော်ပြထားသကဲ့သို့ဖြစ်သည်။ အခန်းတိုင်းတွင်လည်း သူ့အာဘော်နှင့်သူရှိ၍ ထိုအာ

ဘော်သို့ရောက်အောင် အိုင်ကျင်းဖွဲ့လျက် ပို့ပေးထားသကဲ့သို့ဖြစ်သည်။ ထိုသို့ စီရင်ထားခြင်းသည် ဝတ္ထု ဇာတ်လမ်း၌ အတက်ပိုင်းသဘော၊ အထွတ်ငယ်သဘောတို့ ထည့်ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆ ပါသည်။

တစ်ဖန် ဆရာကြီးကို ဖွားမြင်ချိန်တွင် အကယ်ပင်မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ထို့နောက် နေဝန်း ပေါ်လာခြင်းတို့ရှိခဲ့ကြသည်ကို ပြထားပုံသည် ဝေဝေဆာဆာဖွဲ့ထားသကဲ့သို့ဖြစ်သည်။ ထိုသို့ဖွဲ့ထား ခြင်းသည် ဝတ္ထု၌ ကာလဒေသပတ်ဝန်းကျင်ဖွဲ့ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆပါသည်။

တစ်ဖန် ဆရာကြီး၏ဖခင် သည်းခံတတ်ခြင်း၊ ဆရာကြီး၏ဦးလေးဖြစ်သူ ဦးထွန်းငြိမ်း စိတ်ထက် ခြင်းတို့ကို ပြထားပုံသည် သတိပြုမိစရာဖြစ်အောင် ဖွဲ့ထားသကဲ့သို့ဖြစ်သည်။ ထိုသို့ဖွဲ့ထားခြင်းသည် ဝတ္ထုတွင် လူ့သဘာဝဖွဲ့ထားပုံနှင့် ဆင်ဆင်တူသည်ဟု ယူဆပါသည်။ ။

ထို့ကြောင့် ဤအတ္ထုပ္ပတ္တိကို ဝတ္ထုဟန်အတ္ထုပ္ပတ္တိမျိုးဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဤ အတ္ထုပ္ပတ္တိသည် ဆရာကြီး၏ ခေတ်အခြေအနေ၊ ဆရာကြီး၏ အကြောင်းခြင်းရာတို့နှင့် စပ်လျဉ်း၍ ( သိစရာ မှတ်စရာတို့ကိုသာမက နှစ်သက်ခြင်းနှင့်တကွ ခံစားမှုအသိကိုလည်းပေးနိုင်သည်ဟု ဆိုချင်ပါ

သတည်း။

ဤဒုတိယ စာစောင်တွင်၊ အခန်း ၃၁ မှ အခန်း ၅၁ အထိ ဆရာကြီး ဦးဖေမောင်တင်၏ အလွမ်းကိစ္စ၊ အိမ်ထောင်ရေး ကိစ္စမှအစပြု၍ အနိစ္စရောက်သည့်တိုင်အောင် ဆရာကြီးလှုပ်ရှားခဲ့သော ဘဝဖြစ်စဉ်များကို ဖတ်ရှုခွင့်ရနိုင်ပါသည်။

ထူးခြားချက်များသည် အခန်း ၃၀ နှင့် ၃၁ တို့တွင် ဥရောပ၌ ခရီးလှည့်ယင်း တွေ့ခဲ့ကြုံခဲ့ရပုံများ၊ မြန်မာပြည်သို့ ပြန်ရောက်သောအခါ ပထမအချစ်ရေးပျက်ပြယ်ခဲ့ပုံ၊ ထိုနောက် ဖူးစာဖက်ကို တွေ့ရ၍ အိမ်ထောင်ပြုခဲ့ပုံ၊ တို့ဖြစ်သည်။ ။

အခန်း ၃၂ နှင့် ၃၃ တို့တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေသင်ကြားရေးအတွက် ၁၉၂၉-၃ဝ တွင် ဆိုင်မွန်ကော်မရှင်၌ တိုက်တွန်း အကြံပေးခဲ့ပုံ မြန်မာစာဌာန ကြီးပွားလာအောင် ဆောင်ရွက်ခဲ့ပုံများ ဖြစ်သည်။

အခန်း ၃၄ မှ ၃၈ အထိ အခန်းများတွင်၊ ၁၉၃၆-၃၅ ခု၌ တက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်လာပုံ၊ ပထမပြန်စာမေးပွဲအတွက် အဖြေပေးခဲ့ပုံ၊ မြန်မာစာပေသမိုင်းရေးခဲ့ပုံ၊ ရေနံမြေအရေးတော်ပုံ၌ ပါဝင်ခဲ့

သော ကျောင်းသားလှုပ်ရှားမှုကို ပြေပြစ်ချောမောအောင် ဆောင်ရွက်ခဲ့ပုံ၊ ဓာတုဗေဒ ပါမောက္ခ၏ဒေါသကို အောင်နိုင်ခဲ့ပုံ၊ အစွပ်အစွဲအခဲမကျေကြသည်များကို ဖြေရှင်းနိုင်ခဲ့ပုံတို့ဖြစ်သည်။

အခန်း ၃၉ တွင် ဒုတိယကမ္ဘာစစ်၊ ဂျပန်ခေတ်၌ တက္ကသိုလ်ကျောင်းကို ပြန်လည်ထူထောင်နိုင် ခဲ့ပုံ ဖြစ်သည်။ ။

- အခန်း ၄ဝ မှ ၄၂ အထိ အခန်းများတွင်၊ ဆရာကြီးအငြိမ်းစားယူပုံ၊ ရန်ကုန်တက္ကသိုလ်၌ ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်လာပုံ၊ မြန်မာဝါကျဖွဲ့ထုံးကျမ်း၊ မြန်မာသဒ္ဒါကျမ်း ရေးသားခဲ့ပုံ၊ စာပေဗိမာန်၏ ဝေါဟာရဘဏ်ကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပုံတို့ဖြစ်သည်။

အခန်း ၄၃ နှင့် ၄၄ တို့တွင် အမေရိကန်နိုင်ငံ၊ ရှီကာဂိုတက္ကသိုလ်၌ ဗုဒ္ဓစာပေ ပို့ချခဲ့ပုံ မလေးရှားနှင့် တရုတ်ပြည်သို့ ရောက်ခဲ့ပုံတို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ငွေရတုသဘင်၌၎င်း ပါဝင် ဆောင်ရွက်ခဲ့ပုံတို့ဖြစ်သည်။

ဤဒုတိယစာစောင်၌လည်း ပထမစာစောင်မှာကဲ့သို့၊ မေလေးလုံသည် ဤအတ္ထုပ္ပတ္တိရေးရာတွင် ဝတ္ထုဟန်ပုံစံကိုပင် ဆက်၍အသုံးပြုသည်ကို တွေ့ရသဖြင့်၊ ပထမစာစောင်ကဲ့သို့ပင် နှစ်သက်ဖွယ်လည်း ဖြစ်၍၊ ဆရာကြီး၏ ဘဝဖြစ်စဉ်များကို ထိရောက်အောင်လည်း တင်ပြနိုင်သည်ဟု ယူဆပါသတည်း။

၁၉၇၅၊ အောက်တိုဘာလ။

 

သူ့ဘဝ အစ

မိုးမင်းသည် တစ်နေကုန် မလင်းအောင် သဲသဲမဲမဲ ရွာနေခဲ့သည်။

ကဆုန်မိုးပြေး မြက်သားမွေးဆိုသော အစဉ်အလာစကားကလေးပင် ပျောက်ပျက်သွားမလောက် ပုဆိန် ပေါက်ရွာချနေလေသည်။

သူ့ကို မိုးသက်လေပြင်းကလေးကလည်း ကူညီထောက်ခံ၍ဝှေ့ယမ်းတိုက်ခတ်ပေးလိုက်ပြန်သေးသည်။

ထိုကဲ့သို့ မိုးနှင့်လေတို့ အတိုင်အဖောက်ညီကာ အပေးအယူမျှလျက် အင်အားပြနေချက်ကြောင့် ရန်ကုန် မြို့ကြီး၏ ဆင်ခြေဖုံးဖြစ်သော အင်းစိန်တောမြို့ကလေးရှိ မြန်မာလူမျိုးများနေထိုင်ရာ ပေါက်တောရပ်ကွက် ကလေးမှာ လူသွားလူလာများမရှိသလောက် ရှင်းခြောက်နေတော့သည်။

ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူရပ်ကွက်သားများသည် မိုးအေးအေးတွင် ကိုယ့်ဝင်းကိုယ့်ခြံ ကိုယ့်အိမ် ကိုယ့်ရာအသီးသီးမှာ လုံခြုံနွေးထွေးစွာ ကွေးလျက် မှေးစက်နေကြလေသလားမသိ။

အားလုံးလိုလိုပင် အိမ်တံခါးများ ပိတ်လျက် ငြိမ်သက်တိတ်ဆိတ်နေကြလေသည်။

သို့ရာတွင် ပေါက်တောလမ်းမကြီးဘေးရှိ သုံးကမျှ ကျယ်ဝန်းသော ခြံဝင်းကြီး၏ပိုင်ရှင် အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာနမှ ရုံးအုပ်စာရေးကြီး ဦးဖေ၏ အိမ်သူအိမ်သားများမှာကား နွေးနွေးထွေးထွေး မကွေးအား၊ မမှေးအားအောင် လှုပ်လှုပ်ရှားရှား အလုပ်များနေကြရှာသည်။

သူတို့ကား ဦးဖေ၏ယောက္ခမ၊ ခယ်မနှင့် အခြားမိန်းမဖော်တစ်ယောက်နှစ်ယောက်တို့ ဖြစ်ကြလေသည်။ သူတို့သည် အိမ်အတွင်းဘက်ရှိ အိပ်ခန်းတစ်ခန်းနှင့် အိမ်အနောက်ဘက်ရှိ မီးဖိုဆောင်ဆီသို့ ကူးချည် သန်းချည်ပြုနေကြသည်။

ထိုအချိန်တွင် အိမ်ကြီးရှင် ဦးဖေက အိမ်ရှေ့ဧည့်ခန်းမှာ တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်လျက်ရှိနေသည်။

သူသည် ဖွင့်ဟထားသော ပြတင်းပေါက်နားသို့ရောက်လျှင် တစ်နေကုန် သဲသဲပြိုခဲ့ပြီးနောက် ယခုညနေ စောင်းလာသည်တွင်မှ မောသွားသလို အရှိန်လျော့ အားလျော့လာခဲ့သော အိမ်အပြင်ဘက်ရှိ မိုးစက်မိုးပေါက် ကလေးများကို လှမ်းကြည့်သည်။ မိုးလုံးပြည့်မျှ ပိတ်ဆီးသိပ်သည်းနေအောင် တိမ်ညိုရောင်ကမ္ဗလာကြီးကို ဖြန့်ကြက်လွှမ်းခြုံထားသော ကောင်းကင်တစ်ခွင်နှင့် ညို့ဆိုင်းနေသည့် မိုးကုပ်စက်ဝိုင်းကြီးဆီသို့လည်း မျှော်ကြည့်မိသေးသည်။

ထိုနောက် အတွင်းဘက်သို့ ပြန်လျှောက်လာသောအခါ၌မူ ဦးဖေသည် အခန်းအလယ်ရှိ တိုင်ကပ်နာရီကြီး ကို မော့၍ မော့၍ ကြည့်တတ်လေသည်။ ။

ဦးဖေ၏ မျက်နှာအမူအရာနှင့် လှုပ်ရှားဟန်တို့သည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားရင်း ထိုတစ်စုံ တစ်ခုကို စောင့်မျှော်လင့်နေကြောင်း သိသာစေလေသည်။

ဦးဖေသည် နာရီကြီးကို မော့ကြည့်လိုက်မိပြန်သည်။ ချိန်သီးကြီး တလှုပ်လှုပ်နှင့် နာရီလက်တံကြီးနှစ်ခုက ညနေ ၅ နာရီနှင့် ၁၅ မိနစ်ရှိပြီဖြစ်ကြောင်း ပြနေသည်။

နေ့တာရှည်စ ပြုလာပြီဖြစ်သော ကဆုန်လ၏ ညနေ ၅ နာရီကျော်ဆိုသည်မှာ အမှန်ဆိုလျှင် အစောကြီး ရှိသေးသည်။ အလင်းကြီးလည်း ရှိနေရဦးမည်သာဖြစ်သည်။

သို့ရာတွင် ယခုမူ ထူးထူးခြားခြား မိုးမှောင်ကြီးကျနေမှုကြောင့် တစ်လောကလုံးသည် စောစောစီးစီး မိုးကြီးချုပ်သွားတော့မည့်အလား မှောင်ရီရီ မှိုင်းနေလေတော့၏။

တစ်ရပ်ကွက်လုံးသည် ညဉ့်ယံတစ်ယံကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြန်သည်။ ဦးဖေ၏အိမ်ကြီး၌ အိမ်သားများ သွားလာလှုပ်ရှားနေကြသော်လည်း ဆူဆူညံညံ အသံဗလံဟူ၍ကား ဘာ တစ်ခုမျှ မကြားမိရအောင် အထူးငြိမ်သက် တိတ်ဆိတ်လျက်ရှိနေသည်။ ။

သို့ရာတွင် သတိထား၍ နားစိုက်ထောင်ကြည့်မည်ဆိုလျှင်မူ ခပ်သဲ့သဲ့ ညည်းသံကလေးတစ်ခုသည် အထူး ဆိတ်ငြိမ်နေသော အိမ်ကြီးအတွင်းမှ တစ်ချက်တစ်ချက် ခပ်သဲ့သဲ့ ဖြိုခွင်း ထွက်ပေါ်လာနေခဲ့ကြောင်းကိုကား ကောင်းကောင်း ကြားသိရမည်ဖြစ်လေသည်။

ဦးဖေသည် ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့ပြန်သော ညည်းသံကလေးတစ်ချက်ကို နားစိုက်ထောင်ရင်း ပြတင်း ပေါက်ရှိရာဘက်သို့ လှည့်လျှောက်သွားလိုက်ပြန်သည်။

ထို့နောက် သည်တစ်ခေါက် ပြတင်းပေါက်ဆီသို့ ရောက်သွားခဲ့ပြန်သော ဦးဖေသည် နာရီကြီးရှိရာ အတွင်း ဘက်သို့ ချက်ချင်းပြန်လှည့် မလျှောက်နိုင်ဖြစ်သွားလေသည်။

သူသည် အတိုင်းသား လှမ်းမြင်နေရသော မိုးကုပ်စက်ဝိုင်းကြီးဆီသို့ တအံ့တသြ ငေးမောကြည့်ရှုနေလိုက် မိတော့၏။ စောစောကလေးကပင် အုံ့ဆိုင်း မှိုင်းညို့နေခဲ့သေးသော မိုးကုပ်စက်ဝိုင်းကြီးသည် တစ်စုံတစ်ယောက်က ရုတ်တရက် ဆွဲမဖွင့်ဟပေးလိုက်သလို မိုးတိမ်မည်းများ ကွဲအက်လင်းလက်လျက်ရှိနေလေသည်။

ထိုသို့ ထူးထူးဆန်းဆန်း ကွဲအက်လင်းလက်နေသော မိုးတိမ်မည်းများကြားမှ နေဝန်းနီနီကြီးကလည်း တစ် နေကုန် ပုန်းခိုအောင်းလျှိုနေခဲ့ရာမှ အားယူပြူးထွက်လျက်ရှိနေလေတော့၏။

အားယူပြူးထွက်နေသော နေဝန်ကြီးတစ်စွန်းတစ်စထံမှ ရွှေဝါအသွေး ရောင်ခြည်နွေးနွေးတို့ကလည်း ဝေး ကွာလှသည့် တစ်ဖက်ပိုင်းမိုးကုပ်စက်ဝိုင်းဆီမှ အုံ့ဆိုင်းမှိုင်းမှောင်နေဆဲ တစ်ဖက်ခြမ်းရှိ ဦးဖေထံသို့ အပြေးလှမ်း လာကာ ဖျန်းပက်နှုတ်ဆက်လိုက်လေသည်။ ။

ဦးဖေသည် အေးတိအေးစက် လေးတိလေးကန်ဖြစ်နေခဲ့ရာမှ နေခြည်နွေး၏ ထွေးပိုက်နမ်းရှိုက်လာမှုတွင် ရုတ်တရက် သွက်လက်လန်းဆန်းသွားမိသည်။ ။

တည်ကြည်လေးနက်သော သူ့မျက်နှာအသွင်အပြင်သည်လည်း စိတ်အစဉ်၏ ရုတ်တရက် ကြည်နူးချမ်းမြေ့ ခြင်း ခံစားချက်ဖြင့် အပြုံးတစ်ချက်လက်သွားပြန်သည်။

ဦးဖေသည် ထူးထူးခြားခြား မြင်တွေ့ရချက်၌ ဈာန်ဝင်စားကာ စူးစိုက်ငေးမော သဘောကျနေမိသည်တွင် တခြားအကြောင်းအရာကိစ္စများကိုပင် ခေတ္တခဏ မေ့သွားမိလေသည်။

သို့ရာတွင် သိပ်တော့မကြာပါချေ။ အိမ်အတွင်းခန်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သော အမိဝမ်းက ကျွတ်စကလေးငယ်တစ်ဦး၏ တဝါးဝါးငိုကြွေးလိုက်သံကလေးတစ်သံက ငြိမ်သက်ငေးမောနေခဲ့သော ဦးဖေအား လှုပ်ရှားသတိရလိုက်စေသည်။ ။ ဦးဖေသည် ချာခနဲလှည့်၍ တိုင်ကပ်နာရီကြီးကို မော့ကြည့်လိုက်သည်။

ပြတင်းပေါက်မှ ထိုးရောက်လာသော နေရောင်တွင် ကြည်လင်နေသော မှန်ပြင်အောက်မှ နာရီလက်တံကြီး နှစ်ခုက ငါးနာရီခွဲတိတိဖြစ်ကြောင်း ဦးဖေအား အထင်းသားမြင်လိုက်စေလေသည်။

“ယောက်ျားကလေးတော်ရေ၊ ယောက်ျားကလေးမှ ဖြူဖြူထွားထွား ယောက်ျားဘသားကြီးတော်ရေ့”

ညည်းသံပျောက်သွားခဲ့သော အတွင်းခန်းဆီမှ ကလေးငိုသံနှင့် ရောထွေးလျက် ဝမ်းဆွဲသည်အဒေါ်ကြီး၏ ကျယ်ကျယ်လောင်လောင် ပြောလိုက်သော စကားများက စွင့်ထားသော ဦးဖေ၏နားထဲသို့ အပြေးအလွှား တိုးဝင်လာကြသည်။ ဦးဖေ၏မျက်နှာကြီးသည် အနောက်ဘက်စွန်းမှ နေဝန်းကြီးနှင့်အပြိုင် ဝင်းထိန်လင်းတောက်သွားလေသည်။ သူသည် တိုင်ကပ်နာရီကြီးအောက်နားရှိ သူ့စာရေးစားပွဲဆီသို့ ခပ်သွက်သွက် လှမ်းသွားလိုက်သည်။

ပြီးလျှင် ဦးဖေသည် သူနေ့စဉ်မပြတ် ဖတ်ရှုဆင်ခြင်ကာ တရိုတသေထားရှိသော ခရစ်ယာန် သမ္မာကျမ်း စာအုပ်ကြီးကိုယူလျက် အနက်ရောင်သားရေအဖုံးကို ဖွင့်လှန်လိုက်သည်။

ထိုအခါ သမ္မာကျမ်းစာအုပ်ကြီး၏ အဖုံးနှင့် အတွင်းစာသားများကို ခြားပေးထားသော စာရွက်အလွတ် အပိုတစ်မျက်နှာ ပေါ်ထွက်လာခဲ့သည်။

ထိုစာရွက်လွတ်တွင် ပုံနှိပ်စာလုံးများမရှိသော်လည်း ဦးဖေ၏ လက်ရေးညီညီဖြင့် ပီပီသသ ရေးမှတ်ထား သော ဖွားစာရင်းတစ်ခုကား ရှိလေသည်။ ။

ဦးဖေသည် အဆိုပါမွေးစာရင်း၏ မောင်ဘရင်၊ မကြည်၊ မောင်ဘသင်၊ မမှီ အမည်ရှိသော သားသမီး အကြီးလေးဦးတို့အောက်တွင် အမှတ်စဉ်အသစ်တစ်ခုကို ထပ်တိုးရေးဖြည့်လိုက်သည်။

ပြီးလျှင် ဦးဖေသည် သူ့ဇနီးဒေါ်မြိုင်မှ ယခုပင် မွေးဖွားသန့်စင်လိုက်ပြန်သော သူ့ရင်သွေးသားငယ်ကလေး သည် ဝမ်းမှကျွတ်ခိုက် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်ခဲ့ရသော နိမိတ်လက္ခဏာအရ လူမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အစရှိရာ အကြောင်းတစ်စုံတစ်ခုမှာ ထက်မြက်ထူးချွန်စွာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူ သားကောင်းရတနာကလေးတစ်ဦး ဖြစ်လာလေမည်လားဟု စဉ်းစားတွေးခေါ်ရင်း ဖွားစာရင်းတွင် ဆက်လက်ရေး ဖြည့်လိုက်တော့သည်။

ပဉ္စမသား မောင်ဘတင်။ ခရစ်နှစ် ၁၈၈၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်။ မြန်မာသက္ကရာဇ် ၁၂၅ဝ ပြည့်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။ ညနေ ၅ နာရီခွဲတိတိအချိန်တွင် အင်းစိန်မြို့ ပေါက်တောရပ်၌ မွေးဖွားသန့်စင်သည်။

 

မောင်ဘတင်မှ မောင်တင်

မောင်ဘတင်ကလေး သုံးနှစ်သားအရွယ်သို့အရောက်တွင် သူ့မေမေ ဒေါ်မြိုင်က သူ့အတွက် ညီကလေးတစ် ယောက်ကို မွေးဖွားပေးပြန်လေသည်။ ။

ထိုအခါ အစ်ကိုများ၊ အစ်မများ၏ အချီအချော့များကိုသာ ခံယူရရှိနေခဲ့သော မောင်ဘတင်ကလေးသည် သူကတစ်ပြန် ချီချော့ရမည့် ညီကလေးတစ်ယောက်ရလာခဲ့သဖြင့် အထူးပင်ပျော်ရွှင်သွားလေသည်။

ထိုသို့ ပျော်ရွှင်နေမိသော မောင်ဘတင်ကလေးသည် သူ့အတွက် ညီငယ်ကလေးတစ်ယောက် ရရှိလိုက် ချိန်မှာ သူ့ကို အစဉ်ချီချော့ယုယတတ်သော အစ်ကိုကြီး မောင်ဘရင်တစ်ယောက် အိမ်သာထဲမှ ရုတ်တရက် ပျောက်ဆုံးယုတ်လျော့သွားသည်ကိုကား ပီပီပြင်ပြင် ထင်ထင်ရှားရှား မသိလိုက်ချေ။

သူ့အစ်ကိုကြီး ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မောင်ဘတင်ကလေးစိတ်မှာ ဝိုးတိုးဝါးတားသိထားမိခဲ့ သလောက်မှာကား

သူတို့မိသားစုထံသို့ ရန်ကုန်မြို့ကြီးဆီမှ ဆွေမျိုးဉာတကာများ မကြာခဏ လာရောက်လည်ပတ်ကြသည့် အတိုင်း ထိုနေ့ကလည်း ဦးဖေ၏ညီမောင်ဘတင်ကလေးတို့၏ဦးလေး ဦးထွန်းငြိမ်း ရောက်လာခဲ့သည်။

ဦးလေးဦးထွန်းငြိမ်းသည် သူ့ဖေဖေ ဦးဖေနှင့် စကားတွေပြောသည်။ သူ့ညီကလေးပေါက်စကိုကြည့်သည်။ သူ့ကိုလည်း ချီပိုးလုပ်သေးသည်။ ပြီးမှ သူ့အစ်ကိုကြီးမောင်ဘရင်ကို ဦးလေးဦးထွန်းငြိမ်းက အိမ်အောက်ခြံဝင်း ထဲသို့ လက်ဆွဲခေါ်သွားသည်။

ထိုအချိန်မှစ၍ နောက်ပိုင်း၌ သူ့အစ်ကိုကြီးမောင်ဘရင်ကို မောင်ဘတင်ကလေး လုံးဝမတွေ့၊ မမြင်ရတော့။

ထိုသို့ သူ့အစ်ကိုကြီးကို နောက်ဆုံးမြင်တွေ့လိုက်ရသည့်နေ့က သူ့စိတ်မှာ ထူးထူးခြားခြား မှတ်မှတ်သား ခံစားမှုအသိကလေးတစ်ခုတော့ မောင်ဘတင် ရရှိခဲ့လေသည်။

ထိုနေ့က ဦးလေးဦးထွန်းငြိမ်းနှင့် သူ့အစ်ကိုကြီးမောင်ဘရင်တို့ ခြံထဲဆင်းသွားခဲ့ကြပြီးနောက် တစ်အောင့် လောက်အကြာတွင် ဘာဖြစ်သည်မသိ။ အိမ်ရှိလူအားလုံး အပြေးအလွှား ပျာယာခတ်လှုပ်ရှားသွားကြသည်။

ထို့နောက် သူ့မေမေနှင့် သူ့မမများ၊ အဘွားနှင့် အဒေါ်များ အားလုံးတို့ ငိုကြွေးရှိုက်ငင်နေကြသည်ကို သူ့ညီကလေးပေါက်စအနားမှ မခွာနိုင်ဘဲရှိနေသော မောင်ဘတင်ကလေးက အံ့သြထူးဆန်းစွာ တွေ့လိုက်မိသည်။

ပြီးလျှင် သူတို့အိမ်ကြီးမှာ လူအဝင်အထွက် ရှုပ်ရှက်ခတ်သွားသည်။ ဧည့်သည်တွေ ဆွေမျိုးတွေလည်း အများကြီးလာကြသည်။

ထိုဧည့်သည်များ ဆွေမျိုးများနှင့် သူတို့အိမ်သားများ စုပေါင်း၍လည်း သူတို့အိမ်မှာ ဘုရားရှိခိုးကြသေးသည်။ သို့ရာတွင် သူတို့အိမ်သားများထဲမှာ သူ့အစ်ကိုကြီး မောင်ဘရင်ကိုမူ မောင်ဘတင်ကလေး လုံးဝရှာမတွေ့ ဖြစ်နေသည်။

ယခုလို လူကြီးသူကြီးများ အလုပ်မအားဖြစ်နေကြစဉ် မောင်ဘတင်ကလေးစိတ်မှာ သူ့အစ်ကိုကြီးအနား ကပ်ချင်နေမိသည်။ သူ့အစ်ကိုကြီး၏ အချီအချော့ကို ခံယူချင်မိသည်။

သို့ပေမည့် သူ့အစ်ကိုကြီးကို တစ်အိမ်လုံး တစ်ခြံလုံး ဘယ်မှာမှ ရှာမတွေ့နိုင်သည်က မောင်ဘတင်ကလေး အတွက် အခက်ဖြစ်နေသည်။

သူ့အစ်ကိုကြီး ဘယ်ရောက်သွားပါလိမ့်။ မောင်ဘတင်ကလေး သိချင်လှတော့သည်။ “မေမေ တိုတိုကြီးရောဟင် တိုတိုကြီး"

နောက်ဆုံး၌ မောင်ဘတင်ကလေးသည် သူ၏သိချင်မှုကို အဖြေပေးနိုင်လိမ့်မည်ထင်သော သူ့မေမေထံ ပြေးကပ်၍ မေးလိုက်တော့သည်။ “အို သားလေးရယ်”

မောင်ဘတင်ကလေး၏ မေမေသည် အရင့်အရင်တုန်းကဆိုလျှင် သူသိလို၍ မေးမြန်းသမျှတစ်ခုမကျန် အောင် ပြုံးရွှင်ချိုအေးစွာ အဖြေများပေးခဲ့လေ့ရှိသည်။ ယခုမူ သူ့ကို ဆီးဖက်၍ ရှိုက်ငင်ငိုကြွေးလိုက်လေသည်။ သူ့မေမေနှင့်အတူ သူ့မမများ သူ့အဘွားနှင့် သူ့အဒေါ်များလည်း လိုက်ရောရှိုက်ငိုလိုက်ကြသည်။

ထိုအခါ ဘဝင်ဖိုလှိုက်အောင် ငိုရှိုက်နေသော သူ့မေမေ၏ရင်ခွင်တွင် ပွေ့ပိုက်ထားခြင်းကို ခံနေရသော မောင်ဘတင်ကလေးမှာလည်း အလိုလို ငိုချင်သွားမိသည်။

ထို့ကြောင့် သူသည် သူ့မေမေ၏ ရင်ခွင်မှအသာခွာခဲ့ပြီးနောက် သူ့ဖေဖေထံ ပြေးကပ်၍ ငိုမဲ့မဲ့ကလေး မေးလိုက်ပြန်တော့သည်။

“ဖေဖေ တိုတိုကြီးရော ဘယ်မှာလဲဟင်"

“ဟင် ဖေဖေ တိုတိုကြီးရောလို့ချို”

လည်ကလေးမော့၍ စောင့်နေရသည်ကို စိတ်မရှည်ချင်ဖြစ်သွားသော မောင်ဘတင်ကလေးသည် ခါတိုင်းနှင့် မတူအောင် ထူးခြားနေပြန်သော သူ့ဖေဖေကို လက်ကလေးနှစ်ဖက်ဖြင့် ကိုင်လှုပ်ရင်း အားမလိုအားမရကလေး ထပ်မေးလိုက်ပြန်တော့သည်။

သည်အခါကျမှပင် ငြိမ်ငြိမ်ကြီးရှိနေသော သူ့ဖေဖေက လှုပ်ရှားလာခဲ့သည်။ “သားလေး တိုတိုကြီးလား" သူ့ကိုပြန်ပြောလိုက်သော သူ့ဖေဖေအသံသည် ခါတိုင်းလိုမဟုတ်ဟု မောင်ဘတင်ကလေးထင်မိသည်။ “သားလေးတို့ တိုတိုကြီးကိုလေ ဘုရားသခင် ခေါ်ယူသွားပြီကွယ့်” “တိုတိုကြီးကို ဘုရားသခင်က ဘယ်ကိုခေါ်သွားတာလဲဟင် ဖေဖေ”

မောင်ဘတင်ကလေးသည် သူ့အကျင့်ကလေးအတိုင်း သူ့စိတ်ထဲမှ သိလိုမှုကို စပ်စပ်စုစု တွေးတွေးခေါ် ကလေးထပ်မေးလိုက်ပြန်သည်။

ထိုအခါ သူ့ဖေဖေကလည်း ထုံးစံအတိုင်း ပြန်လည်ဖြေကြားလိုက်ပြန်သည်။ ။ “ဘုရားသခင်ကလေ သားသားလေးတို့ တိုတိုကြီးကို ဟိုးကောင်းကင်ဘုံက အိမ်တော်ကို ခေါ်သွားတာ ပေါ့ကွယ်”

“ဟုတ်လား ဒီလိုချို တိုတိုကြီးနောက်ကို အနော်တို့လည်း လိုက်သွားကြမယ်နော်၊ ဖေဖေနော်" “အေး အေး လိုက်သွားကြရမှာပေါ့ကွယ်၊ လိုက်သွားကြရမှာပဲပေါ့” “ဟေး တိုတိုကြီးနောက်ကို လိုက်သွားရတော့မယ်ဟေ့”

သူ့အပြောလေးကို သူ့ဖေဖေက သဘောတူ ထောက်ခံပေးလိုက်လျှင် မောင်ဘတင်ကလေးသည် အားရ ကျေနပ်ခြင်းဖြင့် လက်ခုပ်လက်ဝါးကလေးပင်တီးကာ ရယ်မောပြောဆိုလိုက်တော့သည်။

ထိုအခိုက်မှာပင် သူ့ကို ရင်ခွင်မှာ ပိုက်ထားသော သူ့ဖေဖေက မလှမ်းမကမ်း၌ မျက်ရည်မစဲရှိနေကြသေး သော သူ့မေမေတို့ကို လှမ်းပြောလိုက်လေသည်။ ။

“ကဲ ကဲ တို့သားကြီး မောင်ဘရင်မရှိတော့တဲ့နောက် ကျန်တဲ့သားငယ်တွေရဲ့ နာမည်တွေက ဘဆိုတဲ့ စာလုံးကို အကုန်ဖြုတ်ပစ်ကြရအောင်၊ ဒီကနေ့ ဒီအချိန်ကစပြီး မောင်ဘသင်၊ မောင်ဘတင်၊ မောင်ဘခင်အစား မောင်သင်၊ မောင်တင်၊ မောင်ခင်လို့သာ ခေါ်ကြပေတော့” သူ့ဖေဖေသည် သူ့မေမေတို့ကို လှမ်းပြောပြီးနောက် မောင်ဘတင်ကလေးသို့ ငုံ့ပြောလိုက်ပြန်သည်။

“ဖေဖေပြောတာကြားလား သားလေး၊ ဒီကနေ့ကစပြီး သားလေးနာမည်ဟာ မောင်ဘတင်မဟုတ်တော့ ဘူးနော်၊ မောင်တင်ဖြစ်သွားပြီ ဟုတ်လား”

“ဟုတ်ကဲ့ ဖေဖေ” သူ့ဖေဖေ၏အပြောကို မောင်ဘတင်ကလေးကလည်း လွယ်ကူစွာပင် လက်ခံကျေနပ်လိုက်သည်။

ထိုအခါ သူ့ဖေဖေက သဘောကျသွားသလို သူ့ကိုဖက်၍ ပါးကလေးကို တစ်ချက်နမ်းသည်။ ပြီးမှ သူ့ကို မေးခွန်းထုတ်လိုက်လေသည်။ ။

“ကဲ ဖေဖေ့ကိုပြောစမ်း သားလေးနာမည် ဘယ်သူတဲ့လဲကွယ်” သူ့ဖေဖေ၏ မေးခွန်းကို မောင်ဘတင်ကလေးကလည်း မဆိုင်းမတွ ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။ ““မောင်တင်”

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)