မနှင်းဖွေး - ဝထ္ထုတို ၅ ပုဒ်
ခေတ်
“ဘာသံတွေဟဲဟ”
စိတ်ရှိတိုင်း အသံကုန်ဟစ်၍ ကျုံးအော်ပစ်လိုက်ချင်သည်။ နားထဲကို သံရည်ပူတွေ အလောင်းခံနေရသလို ခံစားရသည်။
ကြားနေရသောအချိန်တစ်လျှောက်လုံး နားရောစိတ်ပါ ဆင်းရဲ ပင်ပန်းလှဘိခြင်း။
တားဆီးချိုးနှိမ်ထားသည့်ကြားမှ ဒေါသတွေ၊ မကျေနပ်ချက် တွေက ရင်ဝဆီကို တရိပ်ရိပ် တလိပ်လိပ် ထိုးတက်လာသည်။
သည်လောက် ပူလောင်ပြီး၊ သည်လောက် ဆူညီရိုင်းစိုင်းသည့် သီချင်းမျိုးကို သီဆိုသူက သီဆိုသတဲ့လား။
ဒါလား ဂီတ။ ဒါလား အနုပညာ။ ဂျာ တစ်ဦးတည်း ဒေါသထွက်ရင်း အသက်ရှူသံတွေပါ ပြင်းထန် လာသည်။
ခုတော့ သာယာကြည်နူးမည်ဟု မျှော်လင့်ခဲ့သော ခရီးစဉ်သည် ကားခေါင်းရှိ စီဒီပလေယာထဲမှ ထွက်လာသော အသံဗလံစုံတို့ကြောင့် အားလုံးအကျည်းတန် အရုပ်ဆိုးဖြစ်ရလေပြီ။ ဘယ်လိုမျှ မကြည်နူး မရွှင်ပျနိုင်တော့။
ငယ်သူငယ်ချင်း ကိုလှဆောင် ခေါ်စဉ်က မလိုက်ဘူးဟု ငြင်းခဲ့ မိလျှင် အကောင်းသား။ ခုလို စိတ်၊ နား ပင်ပန်းဆင်းရဲရမည် မဟုတ်။ ခုတော့ ...။
ကိုလှဆောင်ကတော့ စေတနာနှင့် ခေါ်တာပါလေ။ ။
“လိုက်ခဲ့စမ်းပါ ကိုဝင်းရာ၊ အပန်းဖြေသဘောပေါ့။ အိမ်မှာချည်း ကုပ်နေလို့ အလုပ်မဖြစ်ပါဘူး။ အပြောင်းအလဲဆိုတာ လိုတယ်ဗျ။ ခင်ဗျားတို့ ကျုပ်တို့ အသက်အရွယ်တွေက မငယ်တော့ဘူးလေ။ ကိုယ် လည်း ကျန်းမာ၊ စိတ်လည်း ချမ်းသာအောင်လုပ်ဖို့ လိုသေးသဗျ။ အခုဟာက အစစ အဆင်ပြေလို့ ခင်ဗျားကို ခေါ်တာပါ။ ပဲခူးဘုရားစုံ ဖူးမယ်ဗျာ၊ ခမည်းပြင် နတ်နန်းလည်း ရောက်မယ်ဗျာ။ အစားအသောက် ဘာမှပူစရာမလိုဘူး။ အကုန်တာဝန်ယူတယ်ဗျာ။ ခင်ဗျားဘက်က တစ်နေ့စာလောက် အချိန်ပေးလိုက်ရုံပဲ။ အဲ...ကံကောင်းရင် ခင်ဗျား အတွက် ရေးကွက်လေးဘာလေးတောင် ရလာဦးမှာ။ စာလေးဘာလေး ပြန်ရေးပါဦး ကိုဝင်းရာ။ ခင်ဗျားမှာ ပရိသတ် ရှိပါသေးတယ်”
ကိုလှဆောင်က သည်လိုအပြောကောင်းကောင်းနှင့် ပြောရုံမက လေအိတ်ကားကြီးကို သူ့အိမ်ရှိရာ လမ်းကြားထဲ မရရအောင် မောင်း ဝင်လာပြီး ခေါ်တော့လည်း သူ မငြင်းရက်တော့ပေ။
ရန်ကုန်မှ ထွက်စကတော့ ဟုတ်သလိုလို ရှိသား။ | ကိုလှဆောင်က သူ ပိုင် အဝေးပြေးအိတ်(စ်)ပရက် လေအိတ် ကားကို အဝေးခရီးနားခိုက် ဘုရားဖူးယာဉ်အဖြစ် ခေတ္တပြောင်းလဲပြေးဆွဲသည်မို့ ခရီးသည်အတော်များများ လိုက်ပါလာနိုင်သည်။ ခရီး သည်တွေကလည်း အရွယ်စုံသည်။ လူကြီးတွေရော၊ လူငယ်တွေရော၊ ကလေးတွေရော၊ မိသားစုလိုက် စားစရာ သောက်စရာ အစုံအလင်နှင့် ပါလာကြသည်။ လူငယ်တွေကတော့ ပိုများသည်ပေါ့။
ကားထွက်ကတည်းက ရယ်ကြမောကြ၊ ပြောကြဆိုကြ၊ စကြ နောက်ကြနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ဆိုတော့ သူတို့နှင့်ရောပြီး သူပါ ပျော် လာသည်။
ကိုလှဆောင် ပြောသလို သည်ခရီးနှင့် သည်လူတွေကို အခြေခံ ပြီး ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်အောင် ရေးချင်စိတ်လည်း ပေါက်လာ သည်။
သူ စာမရေးဖြစ်သည်မှာ ကြာပြီ။ ရေးချင်စိတ် ကုန်ခန်းခဲ့သည် မှာလည်း ကြာပြီ။ ကုန်ခန်းရခြင်းအကြောင်းကလည်း လွန်ခဲ့သော ခြောက်နှစ်လောက်ကတည်းက မဂ္ဂဇင်းတိုက်တွေကို ပို့သော သူ့ဝတ္ထု များ အားလုံးနီးပါး အပယ်ခံရသောကြောင့် ဖြစ်သည်။
ဘာကြောင့် ပယ်သလဲ စုံစမ်းတော့ သူ့ရေးဟန်၊ သူ့အတွေး၊ သူ့အမြင်တွေက ခေတ်နှင့် အံမဝင်တော့ဘူးတဲ့။ ခေတ်မမီတော့ဘူးတဲ့။ အယ်ဒီတာမင်းများက ဤနှယ်သတ်မှတ်ကြသည်တဲ့။
သည်ကတည်းက သူသည် မာနကြီးစွာ၊ (သို့မဟုတ်) ရင်နာစွာ၊ (သို့မဟုတ်) စိတ်ပျက်စွာနှင့် သူ့ကလောင်ကို ပစ်ပယ်ထားလိုက်တော့ သည်။ ပြီးတော့ စာပေအသိုင်းအဝိုင်းနှင့်လည်း ခပ်ကင်းကင်းပဲ နေဖြစ် ခဲ့သည်။
ခုတော့ အတွေ့အကြုံသစ်၊ ပတ်ဝန်းကျင်သစ်၊ မြင်ကွင်းသစ် တွေကြောင့် သူ့ရိုးတွင်းခြင်ဆီထဲ ကိန်းဝပ်တိမ်မြုပ်နေသော အနုပညာ လိပ်ပြာက ပြန်လည်နိုးထလာသည်။
ဟုတ်သည်။ သူ စာပြန်ရေးမည်။ ခေတ်ထဲက လူတွေအကြောင်း ရေးမည်။ ခေတ်လူငယ်တွေ၏ စရိုက်၊ ဘဝ၊ အတွေး၊ အမြင်တွေနှင့် ထုံမွှမ်းထားသော ယနေ့ခေတ်ကို ထင်ဟပ်မည့် သရုပ်မှန်ဝတ္ထုကို ရေးတော့မည်။
သည့်အတွက် ကားထဲပါလာသော လူတွေနှင့် သူ အရောတဝင် နေမည်။ သူတို့နှင့် ထွေရာလေးပါး စကားပြောမည်။ သူတို့ကို လေ့လာ မည်။ လူ့စရိုက်ဆိုသည်မှာ ခရီးအတူသွားမှ အမှန်သိရဆို မဟုတ်လား။
သည်စိတ်ကူးနှင့် ကြည်နူးခဲ့ရသမျှ ထောက်ကြန့်အလွန်လောက် က စပြီး ဖွင့်လာသော သီချင်းသံကြောင့် သူ့စိတ်ကူးများ အဟောသိကံ ဖြစ်ရလေသည်။
တစ်ကားလုံး ပူလောင်ဆူညံသည့် သီချင်းသံကပဲ ဖုံးလွှမ်းထား သည်။
ယင်းအသံကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူကြီးလူငယ်တွေ၏ စကားသံကို အာရုံမပြုနိုင်တော့။ သူတို့နှင့်လည်း စကားလက်ဆုံကျ လိုစိတ် မရှိတော့။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လှမ်းမြင်ရသော ရှုမျှော်ခင်းများကို ငေးမောရင်း အတွေးစိတ်ကူးဖြန့်ကြက်၍ပင် မရ အောင် ဦးနှောက်က ညစ်ညူးနေသည်။
သီချင်းတစ်ပုဒ် ပြီးသွားလို့ နားသက်သာမလို ရှိသေး၊ မိနစ် ဝက်အတွင်း နောက်တစ်ပုဒ်ထွက်လာသည်။ လေးငါးမိနစ်လောက် နားမခံသာအောင် ဖြစ်ပြီး သီချင်းဆုံးတော့ စက္ကန့်ပိုင်းလောက် နားချမ်း သာသွားရသည်။ မကြာပါ။ ခဏအတွင်း နောက်တစ်ပုဒ် ထွက်လာ ပြန်သည်။
သည်လိုနှင့် တစ်ခွေဆုံးတော့ ရပ်မလား အောက်မေ့သည်။ မရပ်။ နောက်ထပ် ထည့်သောအခွေက ပိုဆိုးနေပြန်သည်။
ပိုဆိုးသော အခွေ ပြီးသွားတော့ အခွေလဲ၍ ဖွင့်ပြန်သည်။ အေးအေးငြိမ့်ငြိမ့် တေးသံလေး ဖြစ်ပါစေဟု ဆုတောင်းသည်။ သို့သော် ဆုတောင်းက မပြည့်။ အာခေါင်ခြစ်၍ ဟစ်သောအသံမျိုးပဲ ထွက်လာပြန်သည်။
တစ်ခွေပြီးသွားတိုင်း ကားထဲပါလာသော ပရိသတ်ထဲမှ တစ်စုံ တစ်ယောက်က “ဘယ်သူ့အခွေ ဖွင့်ပါ” “ဘယ်ဝါ့ အခွေ ဖွင့်ပါ” စသဖြင့် မဆိုင်းမတွ တောင်းဆိုကြသည်။ သူတို့တောင်းဆိုကြသော အခွေရှင်၊ အဆိုသမားများ၏ နာမည်တွေကတော့ သူ့အဖို့ စိမ်းလွန်း နေသဖြင့် မသိ၊ မမှတ်မိ။
ခေတ်ပေါ်တေး၊ စတီရီယိုတေးတွေ၏ အခန်းကဏ္ဍကို သူ လျှော့ မတွက်ပါ။ တစ်ခါတစ်ရံ သူ မြို့ထဲထွက်သည့်အခါ၊ လက်ဖက်ရည် ဆိုင် ထိုင်ဖြစ်သည့်အခါ၊ သူ နေထိုင်ရာ ရပ်ကွက်ကျဉ်းကျဉ်းလေးထဲ အလှူမင်္ဂလာ ရှိ၍ ဖွင့်သည့်အခါများတွင် ကြားကြားနေရသော သီချင်း တွေကိုတော့ အဓိပ္ပာယ် နားမလည်သည်ကလွဲ၍ နားထောင်လို့ အရ သားပင်။ ခုဟာက ....။ “ဘာသီချင်းတွေလဲဗျာ၊ နားပူလိုက်တာ အရမ်းပဲ”
ပဲခူး ရွှေမော်ဓောဘုရား ဖူးဖို့ ကားပေါ်မှ အဆင်းတွင် ကားရှေ့ ပိုင်း၌ မိသားစုနှင့် ထိုင်နေသဖြင့် တစ်လမ်းလုံးစကားပြောခွင့် မကြုံ သော ကိုလှဆောင်၏ အနားကိုကပ်ကာ မအောင့်နိုင်၊ မဆည်းနိုင် ပြောချမိသေးသည်။
“ခရီးသည်တွေ သူတို့ဘာသာ သူတို့ ယူလာတဲ့ အခွေတွေပါ ဗျာ။ လူငယ်ကြိုက်တွေပေါ့ ”
ကိုလှဆောင်က ခပ်ပေါ့ပေါ့ ပြောပြီး “ရေအိမ်သွားဦးမယ်”
ဟုဆိုကာ သူ့အပါးမှ ထွက်သွားသည်။
ဘုရားခြေရင်းတွင် သူတစ်ယောက်တည်း ငေါင်းစင်းစင်း ကျန်ခဲ့ သည်။
ဘုရားပေါ်တက်၍ တစ်ပတ်လှည့်ဖူးရင်း သူ စဉ်းစားသည်။ သည်ကိစ္စကိုတော့ ပြောင်ဖွင့် ဆန့်ကျင်မှပဲ ဖြစ်တော့မည် ထင်သည်။
“ပိတ်လိုက်တော့ဟေ့၊ နားပူလှပြီ”ဟု ခပ်ဆတ်ဆတ်၊ ခပ်မာမာ ပဲ ပြောရကောင်းမလား”
“တော်ပါတော့ဗျာ၊ ခရီးသွားတာ နားအေးပါးအေးလေးပဲ ကောင်းပါတယ်”ဟု တောင်းပန်တိုးလျှိုးသံပါပါနှင့် ပြောရကောင်းမလား။
အင်း .. ဘယ်လိုနည်းနှင့်ပြောပြော ကျန်ခရီးသည်တွေနှင့် သူနှင့်က ထိပ်တိုက်တွေ့မှာ သေချာသည်။ အများနှင့်တစ်ယောက်ပင် ဖြစ်သွားကောင်း ဖြစ်သွားပေလိမ့်မည်။ ခရီးသည်များထဲတွင် သူ့ အသက်အရွယ်မျိုး သုံးလေးဦးပါသည်ကို တွေ့ရသော်လည်း သူတို့ကတော့ သားသမီးကို အလိုလိုက် အကြိုက်ဆောင်မည့်ပုံက အထင်းသား ပေါ်လွင်နေသည်။ သူ့ဘက် လိုက်ပါနိုင်မည့်သူ မတွေ့။
သူ သက်ပြင်းချမိသည်။ ။
ခက်တော့ ခက်နေပြီ။ စေ့စေ့တွေးကြည့်ပြန်တော့လည်း ကျန်ခရီးသည်များအားလုံးက ကိုလှဆောင်ကို ကားခတန်ရာတန်ကြေး ပေးပြီး စီးလာကြသူတွေ ဖြစ်သည်။ သူတစ်ယောက်သာ ကားကို အလကား ပဲတင်းစီးပြီး ကိုလှဆောင်တို့ မိသားစုနှင့် ထမင်းကပ်စား ရမည့်သူ၊ ဧည့်မြှောင်။ ။
တကယ်တော့ အလျှော့ပေးစရာ ရှိ သူကသာ အလျှော့ပေးရ မည့် အနေအထားပါကလား။
ပဲခူးတွင် ဘုရားစုံဖူးပြီး ခမည်းပြင် နတ်နန်းဆီသို့ ဦးတည်တော့ သူ့အတွက် သည်အသံများကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ။
ဘယ်လိုလုပ်ရမလဲ။ သည်ခရီးကို ဆက်လိုက်ရမလား။ ပဲခူးမှာ ပဲ ဆင်းနေရစ်ရင် ကောင်းမလား။ နေခဲ့သင့်သလား။
စဉ်းစားနေဆဲမှာပင် ကားက မြို့ပြင်ကို ရောက်ခဲ့ပေပြီ။ ဘယ် လိုမှ မတတ်နိုင်တော့။
နောက်ဆုံးတော့ သူ့စိတ်ကို တုံးတုံးချလိုက်သည်။ သည်ကား ပေါ်လိုက်ပါလာရင်း သည်အသံတွေမှ လွတ်မြောက်မည့် နည်းလမ်း ကိုသာ ရှာရပေတော့မည်။
ထိုစဉ် အသိတစ်ခု ခေါင်းထဲ လင်းခနဲ ရောက်လာသည်။
သူသည် သူ့တိုက်ပုံအိတ်ကို လက်ဖြင့် ကမန်းကတန်း လျှောက် စမ်းရှာဖွေသည်။
ဟော .. တွေ့ပြီ။ ပလတ်စတစ်အိတ်ငယ်ဖြင့် ထည့်ထားသော ဝါဂွမ်းစ အနည်းငယ်။
လွန်ခဲ့သော လေးရက်ခန့်က အပေါ်သွားတစ်ချောင်း ကိုက်လွန်း သဖြင့် လမ်းထိပ်ကွမ်းယာဆိုင်မှ တရုတ်သွားကိုက်ပျောက်ဆေးရည် တစ်ပုလင်းဝယ်ပြီး ထည့်ခဲ့ရသည်။ ထိုဆေးဘူးလေးထဲတွင် ဂွမ်းစ အနည်းငယ် ပါလာရာ သွားကိုက် သက်သာသွားတော့ ပိုနေသော ဂွမ်းစလေးကို တိုက်ပုံအင်္ကျီအိတ်ထဲ ထည့်ထားမိသည်။ သည်ဂွမ်းစ ထုပ်ကလေးသည် အပေါ်အိတ်ထောင့်နား ကပ်လျက်သား ရှိနေသည်။
သူသည် ဝမ်းသာအားရဖြင့် ဂွမ်းစလေးကို ပလတ်စတစ်အိတ် လေးထဲမှ ထုတ်၍ နှစ်ပိုင်းခွဲကာ အလုံးလေးနှစ်လုံး လုပ်သည်။ ပြီးတော့ နားနှစ်ဖက်ထဲ ကျကျနန သိပ်ထည့်ထားလိုက်လေသည်။
သည်တော့မှ နေသာထိုင်သာ ရှိသွားတော့သည်။ ဟူး ...။
ဂွမ်းစ အကာအကွယ်ကြောင့် သီချင်းသံက သူ့နားထဲကို အလုံး အရင်းနှင့် ဝင်မလာနိုင်တော့။ လုံးဝ မဟုတ်သည့်တိုင် အထိုက် အလျောက်တော့ နားဒုက္ခ လျော့ပါးသက်သာသွားသည်။
သူ ကျေနပ်စွာ ပြုံးသည်။ လိုလျှင်ကြံဆ နည်းလမ်းရရမှာပေါ့ လေ။ ပြီးတော့ မျက်လုံးကို မှိတ်၊ ခေါင်းကို မှီပြီး သက်သောင့်သက် သာ အနားယူလိုက်သည်။
ခရီးသွားခြင်း၏ အရသာတစ်စိတ်တစ်ဒေသကို ပြန်လည်ရရှိ တော့မည် ဖြစ်သဖြင့် သူ အတိုင်းမသိ ဝမ်းသာသွားသည်။
ပူလောင်သော၊ ရိုင်းစိုင်းသော၊ စူးရှကြမ်းထော်သော တေးသီချင်း သံ၏ နှိပ်စက်ခြင်းမှ သူ လွတ်မြောက်ပေပြီ။ ဝတ္ထုတိုလေးတစ်ပုဒ်ရေး ဖို့ အခြေအနေ ပေးလေပြီ။ သူ စဉ်းစားသည်။ ဝတ္ထု။ ခေတ်ကိုထင် ဟပ်သည့် သရုပ်မှန်ဝတ္ထု။
တစ်ခု ခက်နေသည်က... ။
နားပိတ်ထားသောကြောင့် သူ့ပတ်ဝန်းကျင်မှ လူတွေ၏ စကား သံတွေကိုပါ သူ မကြားရတော့ပေ။