မန်းတင် - ဝန်ကြီးလာမယ်ဆိုလို့ဝထ္ထုတိုများ
အို - မိခင်
၁၂၉၉ ခု၊ တပေါင်းလထုတ် ဒဂုန်မဂ္ဂဇင်း တက္ကသိုလ်ကဏ္ဍတွင် ပါဝင် ခဲ့သော မန်းတင်၏ လက်ရာဖြစ်ပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ကျော် ကဖြစ်ပါသည်။ ။ စာတည်း။)
ဆောင်းဥတုဖြစ်သောကြောင့် ထန်းကုန်းရွာကလေးမှာ ဆီးနှင်းများ နှင့် အုပ်ဆိုင်း၍ ညိုမှိုင်းမှုန်ဝေပြီးလျှင် တစ်ရွာလုံးလည်း တိတ်ဆိတ် ငြိမ်သက်လျက် ရှိ၏။ ခဏမျှကြာသော် ဦးဘိုးလင်း၏ အိမ်ခေါင်ထက်မှ ရှည်လျားစွာ ဆွဲငင်၍ တွန်လိုက်သော ကြက်ဖကြီး၏အသံသည် တိတ် ဆိတ်သော ထိုအချိန်တွင် အလွန်စူးရှလှ၏။
ဤအချိန်သည် ငါ၏မိခင်ကြီး အိပ်ရာမှထ၍ ဆွမ်းချက်သော အချိန်တည်း။ မိခင်ကြီး၏ပြုမြဲဝတ်သည် ယနေ့ပျက်ရပေတော့မည်။ ယမန်နေ့ကပင် ငါ၏မိခင်ကြီးသည် မြတ်စွာဘုရားအား ဆွမ်း၊ ရေချမ်း၊ ပန်းများကပ်လှူ၍ သွားလေသူ ဖခင်ကြီးအား အမျှဝေရှာသေးသည်။ ယခုမူကား ငါတို့ကိုပစ်ခဲ့၍ မနေသာသောလမ်းသို့ လိုက်သွားလေပြီ။ ငါသည် မိခင်ကြီး၏ အားကိုးချစ်ခင်ခြင်းကို ခံရသော သားကြီးတည်း။
မိခင်၏ပြုဖွယ်ကိစ္စဟူသမျှတို့ကိုသာလျှင် ဆက်လက်ဆောင်ရွက်အံ့၊ ဤသို့ကြံစည်၍ ဆွမ်းချက်အံ့ဟု အိပ်ရာမှထပြီးသော် အနည်းငယ်မှောင် ၍နေသဖြင့် အနား၌ရှိသော ရေနံဆီမီးခွက်ကို ထွန်းညှိလိုက်လျှင် အခိုး တလူလူ တောက်လောင်သည်နှင့် တစ်ပြိုင်နက် ဝါးခင်းဝါးကာ သက် ငယ်မိုး၍ ဆောက်လုပ်ထားသော တဲအိမ်ကလေးတစ်ခုလုံး မထင်မရှား လင်း၍သွားလေသည်။
အနီးတွင် ၂ နှစ်အရွယ် လူမမည်ကလေးမှာ နှစ်နှစ်ခြိုက်ခြိုက် ကြီး အိပ်ပျော်၍ နေလေသည်။ ယမန်နေ့ညက ငါ၏ ညီကလေးသည် မိခင်၏ရင်ခွင်ကြားတွင် ပိုက်ထွေးယုယခြင်းကိုခံလျက် အိပ်ခဲ့ရ၏။ ယခု မူကား သင်၏မိခင်ရင်ခွင်နှင့် ဝေးခြင်းကြီးဝေးခဲ့လေပြီ၊ သင့်အား မိခင် ကြီးသည် ပဋိသန္ဓေတည်နေသည်မှစ၍ သားတို့၏ချစ်ခြင်းဖြင့် မဆင်းရဲ မငြိုငြင်ရအောင် စောင့်ရှောက်ခဲ့၏၊ ယမန်နေ့ဆွမ်းခံပြန်ချိန်မှစ၍ ငါသာ လျှင် သင့်အား စောင့်ရှောက်မည့်သူရှိတော့မည်။ ငါတစ်ယောက်တည်း သာလျှင် သင်၌ကိုးကွယ်အားထားစရာရှိတော့သည်တကား၊ အို-မိခင် ရင်သွေးညီမောင်ထွေး အားမငယ်လင့်၊ သင်သည် ငါတစ်ယောက်လုံး အားကိုးစရာရှိသေး၏။ ငါ့မှာကား မည်သူ့ကိုမျှ အားထားစရာမရှိတော့ပြီ။
ညီလေးအား ယုယပိုက်ထွေး စောင်ထူထူခြုံ၍ပေးပြီးသော် ဖယောင်းတိုင်တိုကလေးကို မီးထွန်းညှိကာ မီးဖိုသို့ သွားတော့အံ့ဟု နေရာမှ ထလိုက်လေသည်။ ခေါင်းရင်းတွင် ယှဉ်ပြိုင်၍ ချိတ်ထားသော မိခင်ဖခင်တို့၏ဓာတ်ပုံငယ်နှစ်ခုကို မြင်ရပြန်လေသည်။ ရေနံဆီမီးလည်း အားနည်းလှသဖြင့် မထင်မရှားသာ မြင်ရ၏။ မိခင်ဖခင်တို့သည် ယနေ့ - အထူးသဖြင့် ညှိုးနွမ်းလျက်ရှိ၏။ မျက်ရည်ပေါက်ကြီးများပင် ကျဆင်း နေသည်ဟု ငါ့စိတ်၌ထင်မိ၏။ လက်တွင်ကိုင်၍ ထားသည်ဟုပင် သတိမရသော ဖယောင်းတိုင်မီးကို အနီးကပ်၍ သေချာစွာ ကြည့်မှ ငါထင်သည့်အတိုင်း မဟုတ်ကြောင်းကို သိရလေသည်။
အသက်ကို မှန်မှန်ရှူ၍ အိပ်နေရှာသော လူမမည်၊ မိဘမဲ့ညီလေး၊ နိုးမည်စိုး၍ ခြေကိုညင်သာစွာ နင်းပြီးလျှင် မီးဖိုသို့ ကူးခဲ့၏။ ဆွမ်းအိုး နပ်သောအချိန်၌ အိမ်၏ မြောက်ဘက် မန်ကျည်းပင်ကြီးပေါ်မှ ကျီး အပေါင်းတို့သည် “ထကြကုန်လော့၊ ငါတို့အစာရှာသွားကြကုန်အံ့” ဟု ဆိုသည့်အလား၊ တစ်ဦးနှင့်တစ်ဦးအဖော်ညှိ၍ နေကြသောကြောင့် ဆူညံလျက်ရှိ၏။ ဤအချိန်သည် ငါ၏မိခင်ကြီးဆွမ်းတော်ကပ်သော အချိန်တည်း။ ဆွမ်းတော်ပွဲကို စင်ကြယ်စွာ ဆေး၍ ဖြူဖွေးမောက်မြို့နေသော ဦးပေါင်းသားကလေးကို ဆွတ်ခူးပြီးလျှင် ဆွမ်းတော်ပန်းကန်ပြား ကလေးထဲသို့ ထည့်ထားလိုက်သည်။ နောက်လေးငါးရက်တုန်းက မိခင်ကြီးကိုယ်တိုင် မြို့မှဝယ်လာခဲ့သော ဆွမ်းတော်တင်ရန် မုန့်များကို တစ်ပန်းကန်စီခွဲ၍ ထည့်ပြီးလျှင်၊ အိမ်ဦးခန်းရှိ ရုပ်ပွားတော်ရှေ့တွင် မြတ်စွာဘုရားအား ရည်စူး၍ ဆွမ်းတော်ကပ်လေသည်။ မိခင်ကြီး၏ ကြည်လင်ပြတ်သားလှသော ဘုရားရှိခိုးသံကို နေ့စဉ်နေ့တိုင်း ဤအချိန်၌ ကြားရသည်။ ထိုအသံသည် ယနေ့မှစ၍ ဆိတ်ပေတော့မည်။ ဘုရားရှိခိုး ပြီးသော်၊ မိခင်ကြီးသည် ကွယ်လွန်သူဆွေမျိုးဉာတိအပေါင်းနှင့်တကွ၊ မိခင်ကြီးအား အမျှဝေလေ့ရှိ၏။ ငါသည်လည်း ယခုပြုရသော ကုသိုလ် အဖို့ကို ကွယ်လွန်သူ ဆွေမျိုးဉာတိအပေါင်းနှင့်တကွ၊ မိခင်ဖခင်တို့အား အမျှပေးဝေပါ၏။ အို-မိခင် ဖခင်တို့ သားကြီးပေးသော အမျှကို ရောက်ရာဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
အရှေ့အရပ်မှ နေမင်းကြီးသည် နီရဲတောက်ပြောင်၍ အရည် ကောင်းလှသော ပတ္တမြားကြီးသို့ ထွက်ပြူ၍လာလေသည်။ ဆီးနှင်းများ လည်း နေမင်းကြီးကို ကြောက်ရွံ့သည့်အလား၊ တဖြည်းဖြည်းပျောက်ကွယ်၍သွားကုန်၏။ ခပ်လှမ်းလှမ်းမှ ကြည်လင်သာယာလှသော ကြေး စည်သံနှင့် “ဆွမ်းတော်ဗျို့” ဟူသော အရှေ့ဘုန်းတော်ကြီးကျောင်းသား များ၏ စူးရှအောင်မြင်သောအသံကို ကြားရလေသည်။ နေ့စဉ်နေ့တိုင်း ဤအသံကိုကြားရသော် ငါ၏မိခင်ကြီးသည် ဆွမ်းလောင်းရန် အသင့် ပြင်ဆင်၍ စောင့်ဆိုင်းနေတတ်လေသည်။ ငါသည်လည်း ဇလုံတစ်ခုနှင့် ဆွမ်းခူးပြီးသော် မိခင်ကြီးကိုယ်တိုင်ကြော်ခဲ့သော ငါးကြော်ကို အသင့်ဆောင်ယူ၍ အိမ်ပေါက်မှ အလှူခံအလာကို စောင့်ဆိုင်းနေ၏။ ဆွမ်းခံ လာသော ဘုန်းတော်ကြီး ဦးဇယန္တသည် မိခင်ကွယ်လွန်သည်ကို သိနှင့် ပြီးဖြစ်သဖြင့် ကျော်လွန်၍သွားမည်လုပ်ပြီးမှ၊ ဆွမ်းလောင်းရန် စောင့် ဆိုင်းနေသော ကိုမြင်သော်၊ မသာယာသောမျက်နှာနှင့် အိမ်ပေါက် တွင်ရပ်လာ၏။ မိခင်ကြီးသည် ဤအချိန်တွင် ဖိနပ်မပါ ခြေဗလာနှင့် တဘက်ကလေးကို ပခုံး၌တင်လျက်၊ ဆွမ်းလောင်းတတ်လေသည်။
ငါလည်း မိခင်ဖခင်တို့ကို ရည်စူး၍ စေတနာသန်သန်နှင့် မိခင် ကိုယ်စား ဆွမ်းလောင်းပါသည်၊ ထိုခဏ၌ ကြေးစည်ရှင်သည် ငါပြုသောကုသိုလ်ကို ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံးကို ကြွေးကြော်သည့် အလား ကြည်နူးဖွယ်ရာ တီးခတ်လိုက်လေ၏။ ငါ၏နှလုံးသားသည်ကြေးစည်သံဆွဲငင်ရာသို့ လိုက်ပါသွားပြီးလျှင်၊ ကိုယ်ခန္ဓာမှာ နေရာမှ မရွှေ့နိုင်ဘဲ ငိုင်ငိုင်ကြီး မတုန်မလှုပ်ရပ်နေ၍ မျက်ရည်ပေါက်ကြီးသည် ပူပူနွေးနွေးပါးပြင်ပေါ်သို့ ကျဆင်းလာလေသည်။
ထိုခဏ၌ အိမ်တွင်းမှ “မေမေ” ဟူသောအသံကိုကြား၍ သတိရ သောအခါ၌ ဘုန်းတော်ကြီးနှင့် ကျောင်းသားများမှာ ဝေး၍သွားလေပြီ။ ညီလေး၏ “မေမေ” ဟူသောအသံသည်၊ ငါ၏ နှလုံးသားကို ဖျစ်ညှစ် ဆုပ်ကိုင်၍ ဆွဲဆောင့်လိုက်သည်နှင့်တူတော့သည်။ ငါသည် မည်သည့် အရာများကို နင်း၍သွားသည်ဟူ၍ပင်မသိဘဲ၊ ညီလေးအနားသို့ရောက်သွားလေသည်။ ညီလေးမှာ မိခင်ကိုသာ တမ်းတငိုယို၍နေသောကြောင့် အတန်ကြာအောင် လှည့်ပတ်ပြောဆိုချော့မော့မှ အငိုတိတ်၍ သွားလေ သည်။
နေလည်း ထန်းတစ်ဖျားသာသာရှိလေပြီ။ ရွာထဲ၌လည်း “ဆွမ်းတော်ဗျို” ဟူသောအသံနှင့် ကြေးစည်သံများကိုလည်း မကြားရတော့ချေ။ ရွာသူရွာသားများလည်း မိမိတို့အလုပ်ခွင်သို့ ဝင်ကြလေပြီ၊ ဤအချိန်၌ပင် ငါ၏မိခင်ကြီးထံသို့ ကြမ္မာဆိုးဆိုက်ရောက်လာလေ သည်။ မိခင်ကြီးသည် လေထိုးလှသည်ဟု အိပ်ရာထဲတွင် ဘယ်ပြောင်း ညာပြန်မှောက်လှန်ပြီးလျှင် ညည်းညူ၍နေ၏။ ငါသည် မည်ကဲ့သို့ပြုရ မည်မသိ၊ မိခင် ၏ ညွှန်ကြားချက်အရ ဆေးပုလင်းထဲမှ ဆေးမှုန့်တို့ကို တိုက်၏။ မကြာမီပင် အန်ပစ်တော့သည်။ အိမ်နီးချင်းဒေါ်မှီကို သွား၍ခေါ်သဖြင့် ဒေါ်မှီလည်း ဒရောသောပါး ပြေး၍လာရှာ၏။ သူသည် နားလည်သမျှ ဟိုနှိပ်၊ သည်နှိပ် နှိပ်သော်လည်း မသက်သာ သည့်အပြင် တိုး၍ပင် နာလာသေးသတတ်၊ မြောက်ဘက်အိမ်မှ ဒေါ်မြစ် လည်း မကြာမီ ရောက်လာပြန်၏။ ဒေါ်မြစ်မှာ ဝေဒနာကို နားမလည် သောကြောင့် အနားတွင် ငိုနေသော ညီလေးကို ကောက်ယူချီပိုက်၍ ချော့ရှာ၏။ ထို့နောက် ဒေါ်မြစ်ယောင်္ကျား ဦးဘိုးလင်းရောက်လာပြန်၏။ ငါ့အား တောင်အရပ်မှ အနှိပ်သည် မထိုက်ကိုသွား၍ခေါ်ရန် ခိုင်းသောကြောင့် မိခင်နားမှ မခွာလိုသော်လည်း၊ မထိုက်လာလျှင် မိခင်ဝေဒနာ ပျောက်ကင်းလတ္တံ့ဟု အောက်မေ့၍ ဖိနပ်မပါခြေဗလာနှင့် ပြေးခဲ့ရ၏။ မထိုက်ကိုကား မတွေ့၊ အိမ်သို့တစ်ဖန် ပြေးခဲ့ပြန်၏။ အိမ်သို့ရောက်သော် မိခင်အနားတွင် လူတစ်ယောက်မျှမရှိ၊ အပြင်ခန်းတွင်ကား လူစည်လျက် ရှိ၏။ ထိုသူတို့သည် ငါ့အား ပြူးကြောင်သောမျက်လုံးဖြင့် လှမ်း၍ ကြည့်ကြကုန်၏။ အချို့သော မိန်းမကြီးတို့၏မျက်လုံး၌ မျက်ရည်များရစ်ဝဲနေ၏။ အချို့လည်း တီးတိုးပြော၍ နေကြကုန်၏။ ထိုသူတို့၏ အမူ အရာကိုမြင်သော ငါသည် သင်္ကာမကင်း ရင်အတွင်း၌ နေခုနစ်စင်းတောက်သည့်ခင်းသို့ ပူပြင်းလောင်ကျွမ်း၊ ကိုယ်လုံးနွမ်း၍ ပင်ပန်းဖိုလှိုက်၊ ကတိုက်ကရိုက်လျှင် မိခင်၏အနားသို့ချဉ်းခဲ့၏။ မိခင်သည် မလှုပ် မယှက် ပက်လက်ကလေးနေတော့၏ ။ မျက်လုံးလည်း မှိတ်လျက်ရှိ၏။ မိခင်ကြီးသည် ရောဂါသက်သာ၍ အိပ်ပျော်နေခြင်းပေလော၊ အသက် လည်း မရှူပါတကား။ “မေမေ...မေမေ” ဟု ခေါ်ပြီးလျှင် ရင်ပေါ်၌ တင်လျက်ရှိသော လက်ဖျားကလေးများကို ဆွဲကိုင်၍လှုပ်သော်လည်း မိခင်ကြီးသည် ငါ၏အသံကိုလည်း မကြားနိုင်တော့ပြီ။ ငါ၏ကိုင်တွယ် လှုပ်နိုးခြင်းကိုလည်း မသိနိုင်တော့ပြီ။ သည်တစ်ခါ အိပ်ခြင်းသည် မည်သည့်အခါမှ နိုးတော့မည်မဟုတ်သော အိပ်ခြင်းတည်း။ အို-မိခင် ညီအစ်ကိုနှစ်ယောက်အား ဆွေမျိုးကင်းကွာ၊ သူစိမ်းရွာတွင် ပစ်ခွာရှောင် ဖယ် မျက်နှာငယ်နှင့် အဘယ်ကဲ့သို့ နေထိုင်ရပါမည်နည်း။ ငါ၏ပူဆွေး ခြင်းကို စာဖြင့်လည်း ရေး၍မကုန်နိုင်၊ စကားဖြင့်လည်း ပြော၍မဆုံးနိုင်၊ ထိုမျှလောက် ပူဆွေးခြင်းကို တစ်ရံတစ်ခါမှ ခုဘဝတွင် မကြုံဖူးသေးချေ။
ငါ၏မိခင်ကြီးသည် ကံဆိုးလေစွ။ မိခင်၏ ဒေသ၊ မိခင်၏နေအိမ် ထက်၌ဖြစ်ခဲ့ပါမူ၊ ဆွေမျိုးအပေါင်းတို့အလယ်၌ တင့်တင့်တယ်တယ် သဂြိုဟ်ခြင်းကို ခံရလတ္တံ့။ ဤရွာသို့ မိခင်ကြီး ရောက်လာသည်မှာ သုံးလမျှသာရှိသေး၏။ ရွာသူရွာသားတို့သည် မိခင်နှင့် မည်သို့မျှ သွေး သားတော်စပ်ခြင်းမရှိ၊ ဤအိမ်သည်လည်း ခေတ္တမျှား၍ နေရသော အိမ်တည်း၊ ပစ္စည်းဥစ္စာဟူ၍လည်း သားကြီး၏လက်ထဲ၌ တစ်ဆယ်မျှ သာ ရှိ၏။ ထိုကဲ့သို့ ပစ္စည်းအင်အားနည်းပါးလှသော သားကြီးသည် ဆွေမျိုး အင်အားမရှိသော သူတစ်ထူးရပ်ရွာတွင် မိခင်ကြီးအလောင်းကို အဘယ်မှာလျှင် လှလှပပ သဂြိုဟ်နိုင်အံ့နည်း။