Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မစန္ဒာ - မုန်းပါသည်ဆိုသော်လည်းဝထ္ထုတိုများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မောင်စွမ်းဆောင်ရှင်

          ခပ်တိုးတိုးညည်းသံကို မကြားသလို ကြားသလိုနှင့် ဝေဝေဝါးဝါး ဖြစ်နေသည်။ သူ၏လက်မောင်းကို ပူနွေးနေသော လက်တစ်ဖက်က ခပ်သာသာ ဆုပ်ကိုင်ထားသည်ကိုလည်း မသိသလိုလို သိသလိုလိုနှင့် အိပ်ချင်စိတ်ကသာ ကြီးစိုးနေသည်။ သူ၏မျက်ခွံနှစ်ဖက်သည် ကျောက် ဖျာကြီးနှစ်ချပ်လို လေးလံနေသည်ဟု ထင်ရသည်။

          “အစ်ကို ကျွန်မ နေမကောင်းဘူး”

          ဒီတစ်ခါကြားလိုက်ရတော့ သူ့ဦးနှောက်က အနည်းငယ် နိုးကြား လာသည်။ ထို့ကြောင့် ထိုအသံသည် သူ့မိန်းမ၏အသံဖြစ်ကြောင်းကို လည်း တစ်ဆက်တည်း အသိဝင်သွားသည်။

          “ဖျားနေပြီ”

          သူက ထပ်ဆင့်ရေရွတ်ရင်း ခုတင်ခေါင်းရင်းမှ မီးခလုတ်ကို စမ်း၍ ဖွင့်လိုက်သည်။ ဖျတ်ခနဲလင်းလာသော အလင်းရောင်ဝယ် ခပ်နွမ်းနွမ်း မျက်နှာတစ်ခုကို တွေ့ရလေသည်။

ထိုမျက်နှာပိုင်ရှင်သည် သူ့မိန်းမဖြစ်သည်။ အနှစ် ၂ဝ နီးပါးခန့်သူနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့သော ထိုမိန်းမသည် သူ့အတွက် ကလေး လေးယောက်ကို မွေးဖွားပေးခဲ့လေသည်။ ကလေးမွေးပြီးခါစ ဆယ့်လေးငါးရက်ခန့် ငြိမ်ငြိမ်နေတတ်သည်မှအပ ကျန်အချိန်များတွင် ရှိရှိသမျှ အိမ်မှုကိစ္စများကို သိမ်းကျုံးလုပ်ကိုင်နေတတ်သောသူ ဖြစ်သည်။ သူ့ကို မရဲတရဲကြည့်တတ်သော၊ မျက်လွှာချတတ်သော၊ ရယ်ခဲပြုံးခဲသော၊ စကားနည်းလှသော ထိုမိန်းမသည် ဖျားခဲနာခဲလှသည်ကလည်း အမှန် ဖြစ်သည်။ ထို့ကြောင့် သူ့မိန်းမကို သူက ဖျားတတ်နာတတ်လိမ့်မည် ဟုပင် မထင်မှတ်ခဲ့မိပေ။

          “ဖျားနေတယ်”

          သူက အံ့သြသလို ထပ်၍ ရေရွတ်မိပြန်သည်။ သူ့မိန်းမ၏နဖူးကို လက်နှင့်စမ်းကြည့်လိုက်တော့ ရုတ်တရက် လန့်၍ပင်သွားသည်။ ချစ်ချစ် တောက် ပူနေသောကြောင့် ဖြစ်လေသည်။ “ဟာ... အတော်ပူနေတာပဲ။ ဘယ်လိုဖြစ်တာလဲ” “မနေ့တုန်းက မိုးတွေရွာတော့ ရေချိုးကန်ထဲ ရေဝင်အောင် ရေတံ လျှောက် ထွက်ဆွဲတာ မိုးမိသွားလို့လား မသိဘူး”

          မိန်းမက ထုံးစံအတိုင်း မျက်လွှာချကာ တိုးတိုးပြောသည်။ အဖျား သွေးကြောင့် မျက်နှာက မသိမသာ နီနေကာ မျက်တောင်များ စင်းငိုက် နေသည်။ ။

          “အသက်လေးဆယ်ကျော်နေပြီလေ.....။ ဆင်ဆင်ခြင်ခြင်လေး လုပ်မှပေါ့။ ငယ်ငယ်လေးမှ မဟုတ်တော့တာ..”

          စေတနာနှင့် ပြောလိုက်သော်လည်း သူ့အသံက ထုံးစံအတိုင်းမြို့ ပျော့ပျော့ပျောင်းပျောင်း မရှိလှပေ။ ပြောပြီးခါမှ အိမ်တွင် ကူဖော်လောင် ဖက် အိမ်ဖော်မလေးတစ်ဦးတလေပင် မရှိသည်ကို သတိရမိသည်။

          သူ့မိန်းမက ဘာမှပြန်မပြော။ ရီဝေနွမ်းဖျော့သော မျက်လုံးများနှင့်သာ သူ့ကို တစ်ချက်လှမ်းကြည့်သည်။

          “ဒီအသက် ဒီအရွယ်မှာ သိပ်အပင်ပန်းခံလို့ မရတော့ဘူးလေ..”

          သူက လေသံကိုထပ်လျှော့ကာ စေတနာစကားနှင့် ထပ်ပြော သည်။ သူနှင့်သားသမီးများ ရုံးသွား၊ ကျောင်းသွားကြလျှင် သူ့မိန်းမ တစ်ဦးတည်း ကျန်ရစ်ရမြဲဖြစ်သည်။ လျှော်လိုက်ဖွပ်လိုက်၊ လှည်းလိုက် ကျင်းလိုက်၊ ချက်လိုက်ပြုတ်လိုက်နှင့် တကုပ်ကုပ် တလှုပ်လှုပ် လုပ်နေ တတ်သော မိန်းမကို သူက ပင်ပန်းတတ်လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့မိ ပြန်ချေ။

          “အင်းလေ... ဒါက မိန်းမတွေရဲ့ အလုပ်ပဲ။ အိမ်ရှင်မတွေရဲ့ အလုပ် ပဲ။ သူက အိမ်အလုပ်လုပ်ရသလို ငါကလည်း စီးပွားရှာရတာပဲ”

          သူက တွေးနေကျအတိုင်း တွေးကာ အိပ်ရာမှထသည်။ ခုတင် ခြေရင်းမှ ဆေးဗီရိုကလေးကို ဖွင့်သည်။ အခါတိုင်း ဘယ်သူဘာဖြစ် ဖြစ် သူ့မိန်းမက ထိုဗီရိုကလေးကိုဖွင့်ပြီး လိုအပ်သမျှ သောက်ဆေး၊ လိမ်းဆေးများကို ထုတ်ပေးလေ့ရှိသည်ကို သတိရသည်။ အခု ကိုယ့် ဘာသာကိုယ်ရှာရတော့ ဘယ်ပုလင်း၊ ဘယ်ဘူးကို ဖွင့်ရမည်မသိ။

          “ပါရာစီတမောက သုံးလုံးပဲကျန်တော့တယ်။ စီဗစ်ပုလင်းလေး ထဲမှာ ညာဘက်ထောင့်က ချပ်စက္ကူဘူးထဲမှာတော့ ဒီလ်ကိုဂျင်တစ်ကတ် ရှိတယ်” ။

          သူ၏အခက်အခဲကိုသိဟန်နှင့် မိန်းမက ခပ်သဲ့သဲ့ လှမ်းပြော သည်။ သူကမ်းပေးသော ဆေးတစ်လုံးကို ရေနှင့်မျှောချပြီး သူ့မိန်းမက ခေါင်းအုံးပေါ် ပြန်လှဲချသည်။

          “ခေါင်းကိုမထူချင်ဘူး။ ကိုက်လိုက်တာလည်း အုံနေတာပဲ” ဟု ပြောရင်း နားထင်နားရင်းများကို ပရုတ်ဆီနှင့် ပွတ်နေသည်။ ပင်ပန်းနွမ်း လျဟန်နှင့် ညှိုးမှိန်နေသော မိန်းမကို ငေးကြည့်ရင်း ထိုနေရာတွင်သာမေမီဖြစ်နေလျှင် ပရုတ်ဆီပူပူလေးကို သူကိုယ်တိုင် တယုတယ လိမ်းပေး ဖြစ်လေမလားဟု တွေးလိုက်မိသည်။ ထို့နောက် လေထက်လျင်မြန်သော စိတ်က မေမီဆီသို့ ချက်ချင်းရောက်သွားသည်။

          မေမီ”ဟု သူ့ရင်ထဲမှာ တိုးတိုးခေါ်မိသည်။ မေမီသည် သူ၏ချစ်သူ ဖြစ်သည်။ တက္ကသီလာ မြကျွန်းသာတွင် ပညာရှာစဉ်က ချစ်ခဲ့ရသော ချစ်သူဖြစ်သည်။ သူနှင့်မေမီတို့၏အကြောင်းကို သစ်ပုပ်ပင်ကြီးသည် လည်းကောင်း၊ အင်းလျားရေပြင်သည်လည်းကောင်း၊ တက္ကသိုလ်စာ ကြည့်တိုက်အနီးက ကံ့ကော်ပင်များသည်လည်းကောင်း ကောင်းကောင်း သိခဲ့ကြမည်ဖြစ်သည်။ ထိုချစ်စဖွယ် မိန်းကလေးကို တစ်ဘဝလုံးအတွက် လက်တွဲရန် ရည်ရွယ်ခဲ့သော်လည်း အခွင့်မသာခဲ့ပေ။ အမေက သူ့ကို သူဌေးသမီး တက္ကသိုလ်ကျောင်းသူနှင့် သဘောမတူဘဲ ဆယ်တန်းသုံး ခါကျသော မိန်းကလေးနှင့် လက်ထပ်စေခဲ့သည်။

          “သားကောင်မလေးက ချမ်းသာတယ်။ နောက်ပြီး ပညာတတ် တယ်။ ငွေတို့ ပညာတို့ဟာ လူကိုမာနတက်စေတာ အမှန်ပဲ။ ဒါပေမဲ့ တချို့က သတိနဲ့ထိန်းနိုင်တယ်။ သူ့မှာတော့ အဲဒီသတိမရှိဘူး။ သူ့မျက် နှာပေါ်မှာရော၊ မျက်လုံးထဲမှာရော မာနတွေ လျှံထွက်နေတာ အမေတွေ့ရ တယ်” ဟု အကြောင်းပြခဲ့သည်။

          ဟုတ်သည်။ မေမီက အမှန်တကယ်ပင် မာနကြီးလှပေသည်။ အမေ့သဘောထားကို အရိပ်အယောင်ကလေး သိရုံမျှနှင့် ဆတ်ဆတ်ခါ နာကြည်းခဲ့သည်။ နိုင်ငံခြားသင်္ဘောလိုက်နေသော သင်္ဘောသားတစ်ဦး နှင့် သူ့ထက် အလျင်ဦးအောင် လက်ထပ်သွားခဲ့လေသည်။ ထိုစဉ်က သူ့အသည်းတွေ ဖျပ်ဖျပ်လူးအောင် နာခဲ့ရသည်။

          “အတန်းပညာ မတတ်ပေမဲ့ အညွန့်လေးက အိမ်ထောင်နိုင် တယ်ဘွဲ့ ။ မိဘမရှိဘဲ အဒေါ်အိမ်မှာနေရတော့ မျက်နှာလေးလည်း ငယ်ရှာတယ်။ ငါ့သားကို ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ အိမ်ဦးနတ်လို ကိုး ကွယ်မယ့် မိန်းမမျိုး”

          ဟုတ်ပါသည်။ အမေပြောသလိုပင် သူ့မိန်းမက သူ့ကို ရိုသေမြတ် နိုးခဲ့သည်ကတော့ အမှန်ပင်။ သူ့ထက် ခြေတစ်လှမ်းမျှမက သုံးလေးငါး လှမ်း နောက်ဆုတ်ပြီး ခပ်ပေါ့ပေါ့နေတတ်သည်ကတော့ ရခါစကတည်းက ဖြစ်သည်။ အမေ့ကြောင့် ချစ်သူနှင့်လွဲခဲ့ရသော သူကတော့ အမေ့သဘော ကျ ချွေးမဖြစ်သောကြောင့်ပင် အတန်ငယ် မျက်မုန်းကျိုးချင်သည်။ အမေ့ ကို အတိုက်အခံမလုပ်ချင်တော့ မိန်းမအပေါ်တွင် အခုအခံဖြစ်နေသည်။ မေတ္တာကို အရင်းခံခဲ့လေတော့လည်း သူ့ဘက်မှ ကရုဏာတရားနှင့် အကြင်နာတရား နည်းခဲ့ကြောင်းကိုတော့ ကိုယ့်ကိုယ်ကိုယ် အသိသား ပင်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းခဲ့သော်ငြားလည်း ချစ် သည်” ဟူသော စကားကိုတော့ ယနေ့အချိန်ထိ မပြောခဲ့ဖူးသေးချေ။ သူတို့အိမ်ထောင်ရေးသည် ဆားမပါသော ဟင်းချိုကို သောက်ရသလို သူ့ရင်ထဲတွင် ပေါ့ပြက်ပြက် ဖြစ်နေခဲ့လေသည်။

          “ မိုးတောင် လင်းခါနီးပြီ”

          အလင်းရောင် မလာသေးသော်လည်း ကျေးငှက်သံကလေးများ ကို စိုးစိုးစီစီ ကြားနေရသည်။ အခါတိုင်း ဒီအချိန်ဆိုလျှင် သူ့မိန်းမ အိပ်ရာထဲမှာ မရှိတော့ချေ။ မီးဖိုချောင်တွင် ညင်သာသွက်လက်စွာ လှုပ်ရှားလုပ်ကိုင်နေပြီဖြစ်သည်။ သံဒယ်အိုးနှင့်သံယောက်မ ထိခတ်သော အသံနှင့်အတူ ထမင်းကြော်နံ့၊ ကြက်သားဟင်းနံ့ ၊ ငါးပိချက်နံ့၊ ပဲကြီး နှပ်နံ့၊ သီးစုံချဉ်ရည်နံ့၊ ချဉ်ပေါင်ကြော်နံ့စသော အနံ့ပေါင်းစုံက အိပ်ရာ နားအထိ တိုးဝှေ့ဝင်ရောက်လာတတ်သည်။ သားတို့သမီးတို့ အိပ်ရာ မထမီ ဟင်းနံ့ရှူရှိုက်ရင်း သူတို့အမေချက်သော ဟင်းကို မှန်းဆကြည့် တတ်ကြမြဲဖြစ်လေသည်။//

          “ထမင်းလည်း မချက်နိုင်တော့ဘူး”

          သူ့မိန်းမက ညည်းညူသလိုပြောသည်။ လူကသာ မထနိုင်သော် လည်း စိတ်က မီးဖိုချောင်ရောက်နေသည်။

          “ကလေးတွေ ထမင်းဘူးယူနိုင်တော့မှာ မဟုတ်ဘူးကွယ်။ ဝယ်စား လည်း ဝမှာမဟုတ်”

          “တစ်နေ့တလေပဲကွာ... သက်သက်သာသာ နေစမ်းပါ”

          ဒီတစ်ခါတော့ သူ့အသံက အတန်ငယ် ပျော့ပျောင်းနေသည်။ “မေမီက ထမင်းလည်း မချက်၊ ဟင်းလည်း မချက်တတ်ဘူးနော်။ အဝတ်လျှော်၊ မီးပူတိုက်လည်း လုပ်လိမ့်မယ်မထင်နဲ့” ဟု ပြောလေ့ရှိသော ချစ်သူ၏စကားကိုလည်း တစ်ဆက်တည်း ကြားယောင်နေမိသည်။ ထို့နောက် “ဒါတွေ ဒါတွေကြောင့် အမေက ဒီလို ဒီလို စီစဉ်ခဲ့တာကိုး” ပထမဦးဆုံးအကြိမ်အဖြစ် ရှောရှောရှူရှူ အတွေးပေါက်မိသည်။

          ခြောက်နာရီခွဲလောက်ကျတော့ သားတွေသမီးတွေ နိုးလာသည်။ သူတို့အမေကို ခါတိုင်းလို မီးဖိုချောင်တွင် မတွေ့ရတော့ အခန်းထဲသို့ တစ်ဦးပြီးတစ်ဦး ရောက်လာကြသည်။ ခေါင်းကို လက်ကိုင်ပဝါနှင့် တင်းတင်းစည်းကာ သက္ကလတ်စောင်ကြီး ပိန်းနေအောင် ခြုံထားသော မိခင်ဖြစ်သူအား တအံ့တဩ ဝိုင်းကြည့်နေကြလေသည်။

          “မေမေ ဖျားတယ်တဲ့” “အေးလေ ဘာလို့များ ဖျားတာလဲမသိဘူး” “အရင်တုန်းက မဖျားဖူးပါဘူးနော်”

          သားတွေ သမီးတွေကလည်း သူ့လိုပင်ဖြစ်နေပုံရသည်။ သူတို့ အမေကို သံတွေသံခဲကြီးဟုများ ထင်နေသလားမသိ။ ဖျားတတ်နာတတ် လိမ့်မည်ဟု ထင်ထားကြပုံ မရပေ။ သမီးကြီးကသာ...

          “မေမေ ဘာဆေးသောက်ပြီးပြီလဲ” ဟု မေးကာ ကော်ဖီပြေးဖျော်သည်။ ငါးတန်းရောက်နေပြီဖြစ်သော သမီးအငယ်ဆုံးကလေးကတော့ သူ့အနားကပ်ကာ...

          “ဖေဖေ”

          “မေမေက သေမှာလားဟင်” ဟု ငိုမဲ့မဲ့လေး မေးလေသည်။ သမီးက ကလေးစိတ်နှင့် မေးလိုက်သော်လည်း သူ့ခေါင်းထဲတွင်တော့ လျှပ်စီးတွေ ဖြိုးပြိုးပြက်ပြက်လက်ပြီး မိုးပြိုတော့မလို ဖြစ်သွားသည်။

          “ကြောင်အိမ်ထဲမှာ ငါးဖယ်ဆုပ်ဟင်းလေး ရှိတယ်။ အုပ်ဆောင်း အောက်မှာတော့ ထမင်းကြမ်းဇလုံရှိတယ်။ ကလေးတွေကို ကြည့်ကျွေး လိုက်နော် သမီး။ အမေ ပဲပြုတ်လည်း မဝယ်ဖြစ်ဘူး။ ထမင်းလည်း မကြော်ဖြစ်ဘူး”

          သူ့ခေါင်းသူ မထူနိုင်သော်လည်း နှုတ်ကတော့ စီစဉ်နေသေး သည်။ အသံကတော့ သိပ်မထွက်။ ပျော့နဲ့နဲ့ဖြစ်နေလေသည်။ သမီးငယ် ပြောသလို သူသေသွားရင်များ ဘယ်လိုလုပ်ကြမလဲ။

          ခြေထောက်တွေလက်တွေ မသယ်နိုင်တော့သလို စင်းစင်းကြီး လှဲနေသော သူ့မိန်းမကိုကြည့်ရင်း သူက ကယောင်ချောက်ချား အတွေးပွားနေမိသည်။ ရုပ်ရှင်ကြည့်ချင်သည်ဟုလည်းကောင်း၊ ရွှေပါတိတ် ကြိုက်သည်ဟူ၍လည်းကောင်း၊ စိန်နားကပ် ပန်ချင်သည်ဟူ၍လည်းကောင်း၊ မော်တော်ကား စီးချင်သည်ဟူ၍လည်းကောင်း တစ်ခါမျှ မပြော ခဲ့ဖူးသော မိန်းမ၊ သူထမင်းစားလျှင် ဘေးမှ လိုသလို ဖြည့်ဆည်းပေးကာ ယပ်ခတ်ပေးနေတတ်သော မိန်းမ၊ သူ့ဘာသူသာ ဆယ်တန်းသုံးခါကျခဲ့ သော်လည်း သမီးတို့ သားတို့ကို ခုနစ်တန်း၊ ရှစ်တန်းလောက်အထိ သင်္ချာတွေ ရှင်းလင်းသင်ပြပေးနေတတ်သော မိန်းမ၊ ထိုမိန်းမသာ ရုတ် တရက် ကွယ်ပျောက်သွားခဲ့မည်ဆိုလျှင် သူက ရှေ့ကိုဆက်၍ပင် မတွေး ရဲဘဲ ချွေးတွေပြန်လာသည်။

          “မေမေ စိတ်ချလက်ချနေပါ မေမေရဲ့။ သမီး ဒီနေ့ကျောင်းဖျက် လိုက်မယ်”

          သမီးကြီးက သူ့ဘာသာသူ စီစဉ်သည်။ သမီးကြီးက အသက် ၁၅ နှစ်ကျော်နေပြီး ကိုးတန်းလည်း ရောက်နေပြီမို့ အတော်လေးအားကိုး နေရပြီဖြစ်သည်။ ခုတင်ပေါ်တက်ပြီး သူတို့အမေဘေးတွင် ငုတ်တုတ် ကလေးတွေ ထိုင်နေကြသော အလတ်နှစ်ကောင်နှင့် အငယ်မလေးကို မီးဖိုချောင်ခေါ်သွားသည်။ ထမင်းကြမ်းခဲကြီးက အေးစက်စက်နှင့်မို့ စား၍ မကောင်းလှသော်လည်း အငယ်တွေက ဘာမှမပြောကြချေ။ မျက်နှာငယ်ငယ်ကလေးတွေနှင့် ဝင်သလောက်သာ တိတ်တိတ်ဆိတ် ဆိတ် စားသွားကြသည်။ သူကတော့ ဟိုလျှောက်လိုက် သည်လျှောက် လိုက်နှင့် ယောင်ပေပေဖြစ်နေသည်။ ထမင်းစားပွဲပေါ်တွင် အဆင်သင့် တွေ့နေကျ ထမင်းကြော် ပူပူနွေးနွေးကလေးကိုလည်းကောင်း၊ လှော် ခြောက်နံ့မွှေးနေသော ရေနွေးကြမ်းအိုးကလေးကိုလည်းကောင်း မတွေ့ရ သေးတော့ ရေတစ်ခွက်သောက်ကာ ပြန်ထွက်လာရသည်။

          “ကလေးတွေကို မုန့်ဖိုးပိုပေးလိုက်တယ်။ ဖေဖေလည်း ထမင်းဘူး ပါမှာ မဟုတ်တော့ဘူးနော်”

          စောင်တွေခေါက်သိမ်းနေသော သမီးက ပြောသည်။ “ရပါတယ်သမီးရယ်...။ ဖြစ်သလိုပေါ့ ”

          သူက အခန်းထဲပြန်ဝင်လာကာ မိန်းမ၏ နဖူးကို စမ်းကြည့်ပြန် သည်။ ဒါကလွဲလို့လည်း မလုပ်တတ်။

          “အသားတွေက ခြောက်ပြီးပူနေတာပဲ။ ဆရာဝန်တစ်ယောက် တော့ ပြမှထင်တယ်” “ရပါတယ်။ ညနေမှ မသက်သာရင် အိချိုကို ခေါ်လိုက်မယ်လေ” သူ့မိန်းမက သူ့ကို ခပ်နွမ်းနွမ်းပြုံးပြရင်း ပြောသည်။ အိအိချိုသည်တစ်လမ်းကျော်တွင်နေသော ဆရာဝန်ပေါက်စမလေး ဖြစ်သည်။ သူ့ မိန်းမ၏အစ်မဝမ်းကွဲက မွေးသည်မို့ ဆွေမျိုးစပ်လျှင် တူမနှစ်ဝမ်းကွဲတော်သည်။ ထို့ကြောင့် အိအိချို ကို အိမ်ခေါ်လျှင် ခြေကြွခပေးစရာ မလိုချေ။ တစ်ခါတလေ ကံကောင်းလျှင် သူ့မှာရှိသော ဆေးများကိုပင် ပေးသွားတတ်သေးသည်။ သူ့မိန်းမကလည်း အိမ်မှာလုပ်သော သရက် သီးသနပ်တို့၊ ငါးပိကြော်တို့ကို နိုက်ဂျူတီကျလျှင် စားရန်အတွက် အိအိချိုဆီသို့ ပို့ပေးတတ်မြဲဖြစ်သည်။ ။

          ရှစ်နာရီထိုးခါနီးတော့ သူ ရေချိုးသည်။ ရေချိုးခန်းကထွက်လာ တော့ အခါတိုင်းလို မွေးပွတဘက်ကြီး ကမ်းပေးသော မိန်းမကို မတွေ့ရ။ ခုတင်ပေါ်တွင် အဆင်သင့်တင်ထားနေကျ လည်ကတုံးရှပ်လက်ရှည် အဖြူနှင့်အတူ အဆင်သင့်ဖြန့်ပြီး လွှားထားသော ပုဆိုးကိုလည်း မမြင်ရ။ အဝတ်ဗီရိုဖွင့်ကာ ကိုယ့်အကျီကိုယ်ဆွဲထုတ်ရင်း “အရင်က ငါ့အင်္ကျီ ကိုတောင် ငါထုတ်စရာ မလိုခဲ့ပါလား” ဟု တွေးနေမိသည်။

          ရုံးမသွားခင်တော့ မိန်းမ၏နဖူးကို တစ်ခါထပ်ပြီး စမ်းကြည့်မိ ပြန်သည်။

          “ဒီနေ့ ဘာစားမလဲ”

          “ညနေ ဘာဝယ်ခဲ့ရမလဲ”

           “နေရတာ သက်သာရဲ့ လား...”

          “ခေါင်းတွေရော သိပ်ကိုက်နေလားဟင်”

           စသည့် အကြင်နာစကား လေးတစ်ခုခု ပြောဖို့ကောင်းမှန်းသိသော်လည်း ပြောရန်လည်း စိတ်ကူး သော်လည်း ဘာဆိုဘာမှ မပြောဖြစ်ခဲ့ချေ။

          ရှစ်နာရီခွဲခါနီးတော့ ကားဂိတ်ကို ခပ်သုတ်သုတ် ထွက်ခဲ့သည်။ သူက အရာရှိငယ်မို့ ရုံးကားသီးသန့်မရသေးချေ။ ရုံးကြိုရုံးပို့လုပ်သော ရုံးကားတော့ရှိသည်။ လမ်းထိပ်စုရပ်သို့ အချိန်မီရောက်ရန်တော့