မစန္ဒာ - မစပ်သောငရုတ်
အခန်း (၁)
“ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ၊ သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းမှာလ၊ ကရွတ်ကင်းလျှောက်တဲ့ တေးပုံပမာ၊ အဲဒါ... အဲဒါ... အဲဒါ ဘဝသံသရာအထမ်းသမား ကိုကြာရိုးက ငါးစည်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ဟစ်ဆိုလိုက်သည်။
“ဪ.. ဘဝသံသရာတဲ့၊ ရှည်လျားထွေပြား မနေမနား တစ်သားတည်း သွားကြတာ ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက် ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ၊ သော်... လောဘ ရယ်... ဒေါ... ဟော... ဟော... ထွီ... ဒီခြင်ငါ မျိုချလိုက်ပြန်ရော့မယ်”
ပါးစပ်ပေါက်ထဲ တည့်တည့်တန်းဝင်လာသော ခြင်ကြောင့် ကိုကြာရိုး စည်းစိမ်ပျက်သွားသည်။ ငါးညှိရေများနှင့် စိုနေသော သမံ တလင်းကြမ်းပြင်ပေါ်သို့ ထွီခနဲ ထွေးချလိုက်၏။ သူ့တံတွေးက ခုံဖိနပ် ကြီး တဂေါက်ဂေါက်နှင့် လျှောက်လာသော မအေးမြင့်ကို မထိတထိ သွားစဉ်လေသည်။ မအေးမြင့်က မျက်စောင်းနှင့်ကြည့်ရင်း “မအေပေး နော်” ဟု ပြောသွားသော်လည်း ကိုကြာရိုးက ပန်းပွင့်နှင့် ပေါက်သလောက်ပင် ထင်ပုံရသည်။ တဟဲဟဲရယ်ရင်း မအေးမြင့်၏ နိမ့်တုံမြင့်တုံ တင်ပါး စုံနှစ်ဖက်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေလေသည်။
“ဒီကြာရိုးကြောင့်တော့ ခက်တယ်၊ မိန်းမများမြင်ရင် နွားပြာကြီး အောက်သွားမရှိတော့တဲ့အတိုင်း တဟဲဟဲနဲ့”
မနွဲ့ရည်က မသိမသာ လှမ်းကြည့်ရင်း တွေးမိသည်။ “ငါ့အလုပ်သမားတွေကလည်း အကုန်လုံးက ဇကလေးတွေနဲ့၊ သောင်းမြင့်ကျတော့ အားအားရှိ ဖဲဝိုင်းပဲ သွားချင်နေတာ၊ ကိုယ့်မောင် ဝမ်းကွဲတွေကျတော့ အားကိုးရမလား အောက်မေ့ပါတယ် သူတို့ကိုယ် သူတို့ သူဌေးသားတွေ ထင်နေကြတယ်၊ အလုပ်လုပ်လိုက်ရင် စိတ်မဝင် စားသလိုလို ဝင်စားသလိုလို၊ မလှုပ်တုတ်ချောက်နဲ့၊ ငါးနံညှိရင်ပဲ နှာခေါင်းက ရှုံ့ချင်သေး၊ ဒီငါးတွေက သူတို့ကို ထမင်းကျွေးနေတာဆို တာ မေ့များနေကြသလား မသိပါဘူး”
မနွဲ့ရည်က ခုံဖိနပ်ကိုချွတ်ကာ ဒိုင်ပေါ်တက်လိုက်သည်။ လွယ် လာခဲ့သော သားရေအိတ်ကို ဘေးတွင်ချပြီး ပေါင်နှင့် မသိမသာ ဖိထား လိုက်သည်။ ဒီအိတ်ထဲမှာ ငွေက ထာဝစဉ်ပင် သောင်းနှင့်ချီကာ ပါနေ လေတော့ လက်လွတ်စပယ် မထားရဲပေ။
“ငါးနံ့ညံ့တာများတော့ ရိုးနေပါပြီ၊ ညံ့တယ်လို့တောင် မထင်ပါ ဘူး။ ငါက ဟိုဘက်သစ်သီးတန်းဘက်က ဒူးရင်းသီးနံ့ရရင်သာ စိတ်ညစ် တာ၊ ပြောရင်းဆိုရင်း အနံ့ကသင်းလာပြီ၊ ကြည့်... အဲ့ဒီအနံ့ကြီးကသာ ခံရခက်တာ””
မနွဲ့ရည်သည် ချွတ်ထားသော ခုံဖိနပ်ကို ပြန်၍ ကုန်းကောက်ပြီး ခြေရင်းဘက်တွင် ချထားလိုက်သည်။ တော်ကြာ ပျောက်သွားဦးမည်။ ဖြတ်သွားဖြတ်လာတွေက မနည်း။ တော်ကြာ ဘယ်သေနာ့ခြေထောက်တွင် ပါသွားသည်မသိဘဲ ပျောက်ရဦးမည်။ ခံရပေါင်းလည်း များလှပြီ။
“အစ်မနွဲ့ရည် ဒီနေ့စောသားပဲ”
“ဓနုဖြူငါး စောင့်ရဦးမယ်လေ”
“ဘာငါးတွေလာမှာလဲ၊ ကန်ငါးလား”
“မဟုတ်ဘူး၊ ပိုက်သမားတွေလာမှာ၊ သောင်းပြောင်းပဲပေါ့။ ဒါကြောင့် စောစောလာခဲ့တာ။ စာရင်းတွေလည်း ပြန်တွက်ရဦးမယ်။ မနေ့တုန်းက ကျော်ကျော်ကို စာရင်းမှတ်ခိုင်းလိုက်ပါတယ်၊ ငါးအချိန် ကိုပဲ ရေးသွားတယ်။ ငါးကြီးလား၊ ငါးသေးလား၊ အမျိုးအစားလည်း ရေးမထားဘူးလေ။ အဲဒါ မှတ်မိသရွေ့ စဉ်းစားပြီး ပြန်ရေးရဦးမယ်””
ရေခဲပွဲစား မလှတင့်က မနွဲ့ ရည်အား မင်းကွတ်သီးသုံးလုံး လှမ်းပေးသည်။ မနွဲ့ ရည်က တစ်လုံးလှမ်းယူကာ လက်နှစ်ဖက်နှင့် ညှစ်၍ ခွဲလိုက်သည်။ အတွင်းသားများက ဖွေးခနဲ ပေါ်လာလေသည်။
“ဒါဆို ဒီည အစ်မ အိပ်ရပါ့မလား”
“မအိပ်ရတော့ဘူး ထင်တာပဲ၊ အဲဒီစာရင်းတွေပြီးရင် ဥက္ကံကို ကြွေးတောင်းစာ ရေးရဦးမယ်၊ နေဦး၊ အခု ရှစ်နာရီခွဲဆိုတော့ ဆယ့်တစ် နာရီလောက်မှာ စာရင်းပြီးရင်တော့ ခဏမှေးနိုင်တယ် ထင်ပါရဲ့”
မီးလုံးရောင်က မှိန်မှိန်သာ လင်းနေသည်။ သို့သော် စာရေး စာဖတ်၊ စာရင်းတွက်၍ကား ရသည်။ မျက်စိအားစိုက်ရလေတော့ ကာလရှည်ကြာလာလျှင် မျက်စိတော့ နည်းနည်းပျက်ချင်ပျက်ပေ မည်။ သို့သော် မနွဲ့ရည် ခုအထိတော့ မျက်မှန်မတပ်ရသေး။ ဒီကီလီဈေး၊ ဒီငါးစိမ်းတန်းတွင် မနွဲ့ရည် ကျင်လည်ခဲ့သည်မှာ ငါးနှစ်ခန့်ပင် ရှိပေပြီ။ ။
ငါးနှစ်ဟူသည်မှာ ပြန်တွေးလိုက်တော့လည်း ဘာမှမကြာသလို လို၊ အကြာကြီးလိုလိုနှင့် စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်နေသည်။ ဒီ ငါးနှစ်မတိုင်ခင် ငါးနှစ်ကတော့ ငံပြာရည်ရောင်းရင်း၊ ငါးပိရောင်းရင်းအချိန်ကုန်ခဲ့သည်။ ဆယ်နှစ်ဟူသော အချိန်ကို ပြန်တွေးလိုက်တော့လည်း ကြာသလိုလို၊ မကြာသလိုလိုပင်။
မနွဲ့ ရည်ဟူသော မိန်းကလေး လူ့ဘဝ လူ့လောကထဲသို့ ရောက် လာသည်မှာ ဘာလိုလိုနှင့် သုံးဆယ့်ငါးနှစ်ပင် ရှိခဲ့ပေပြီ။ အတွေ့အကြုံ ပေါင်းလည်း စုံလှပြီ။
“တွေ့... ကြုံ... ဆုံ..ကွဲ၊ တစ်ခရီးတည်း ဝမ်းနည်းဝမ်းသာ အကြောင်းကံပါ၊ ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ””
ကိုကြာရိုးက သီချင်းဆက်ဆိုပြန်သည်။ ငါးခူတွေလှောင်ထား သော သစ်သားစည်ပိုင်းကို စည်းချက်နှင့် ခေါက်နေသည်။ သူ့ဘေးက ရေစည်ပေါ်တွင်ကား ပုစွန်ဒိုင်မှ အထမ်းသမားတစ်ဦးက ခွေခွေခေါက် ခေါက် အိပ်နေသည်။ သူ့မျက်နှာတွင် ခြင်တွေအုံခဲနေသော်လည်း သိပုံ မရ။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေသည်။ ဒါကတော့ မဆန်း။ မနွဲ့ရည်တို့လို ငါးသမားတွေက ညတွင် အလုပ်လုပ်ကြရသူများမို့ အိပ်ချိန် အတော်နည်းသည်။ ထို့ကြောင့် ရသမျှ အချိန်ကလေးများတွင် ဖြစ်သလို အိပ်တတ်ကြလေသည်။ ငါးသလောက် သေတ္တာဘေးတွင် အိပ်စင်ခင်းပြီး အိပ်နေသော ကိုစိုးဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ရာသီဥတု အံ့အံ့အိုက်အိုက်ကြီးမို့ အင်္ကျီမဝတ်ဘဲ ကျောအပြောင်သားနှင့် မှောက်လျက်ကြီး အိပ်နေသည်။ သူ့ကျောတစ်ပြင်လုံး ခြင်တွေခဲနေလိုက် သည်မှာ မည်းသည်း၍ နေသော်လည်း သူကတော့ တုတ်တုတ်မျှမလှုပ်။
“ခြင်တွေ ကိုက်လိုက်တာဟယ်၊ ငါတော့ ခြင်ထောင်ထောင်တော့မယ်”
“ကျွန်မလည်း ကြွေးတောင်းထွက်လိုက်ဦးမယ်၊ ဦးပိုက်ကြီးတို့ ဒိုင်က ရေခဲဖိုး မရှင်းတာ ကြာနေပြီ”
“ခုနတုန်းကတော့ ဦးပိုက်ကြီးကို တွေ့လိုက်သားပဲ၊ သွားတောင်းချေ”
“နေ့ရွှေ့ ညရွှေ့ လုပ်ဦးမှာပဲ အစ်မရဲ့”
“ရအောင်တောင်းအေ၊ သူကဖြင့် ဆီဒင်ကား ဝယ်စီးနေပြီး ကိုယ်ပေးစရာရှိတဲ့ ငွေကျရင် အင်မတန် လက်ပေါက်ကတ်တယ်၊ မရရင် ဆဲပစ်”
“မအော်ရဲဘူး အစ်မရဲ့၊ သူက ကိုယ့်ထက်တောင် မိုးမွှန်အောင် ပြန်ဆဲမှာ၊ သူ့အကြောင်းလည်း သိသားနဲ့”
မလှတင့်က ခုံဖိနပ်သံ တဂေါက်ဂေါက်နှင့် ပြန်ထွက်သွားသည်။ လမ်းလျှောက်ရင်းမှ သူ့ညာဘက်လက်မောင်းမှ ခြင်ကို ဘယ်လက်နှင့် ယမ်း၍ ရိုက်လိုက်သည်။ လက်ဖဝါးတွင် ရဲခနဲ ပေသွားသော သွေးကို ထဘီနှင့် ပွတ်သုတ်လိုက်လေသည်။
ခုနတုန်းက ခဏငြိမ်သွားသော ရေခဲခွဲစက်က တဂျီးဂျီး တဂျိမ်း ဂျိမ်းနှင့် ပြန်၍ ဆူညံလာပြန်သည်။ ရေခဲတုံးကြီးများကို ကြမ်းပေါ် တဂျီးဂျီးနှင့် တွန်း၍ ရွှေ့သွားသံကိုလည်း ကြားနေရသည်။ မနွဲ့ရည်သည် လှည့်မကြည့်ဘဲ ကျောခိုင်းထားသော်လည်း လေးထောင့် ရေခဲတုံးကြီးကို ကြမ်းပေါ်တွင် လျှောတိုက်၍ တွန်းသွားသူများ၊ ခွဲပြီး ရေခဲ အကြေများကိုတောင်းနှင့် ပြန်ထမ်းလာသူများ အားလုံးကို စိတ်နှင့်သိပြီး၊ စိတ်နှင့် မြင်နေသည်။ သည်ဝန်းကျင်တွင် သူကျင်လည်ခဲ့ရသည်မှာလည်း ကြာလှပေပြီ။
“လောဘရယ် ... ဒေါသရယ်.. မောဟရယ်... အဝိဇ္ဇာပစ္စ ယာ သင်္ခါရတဲ့၊ ပျော်လိုက်၊ ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာ ဘယ်ခါ မတည်မြဲ၊ ဖောက်လွှဲ ဖောက်ပြန်၊ အကြောင်းခံ ကမ္မသကာ”
“တော်စမ်းပါဗျာ၊ ဒီနားက သေးစော်နံလွန်းလို့ နှာခေါင်းမချမ်းသာရတဲ့အထဲက ခင်ဗျားအသံကွဲကြီးက နားပါမချမ်းသာရအောင် နှိပ်စက်နေတယ်”သက်ထွေးက ရေစည်ထဲမှ ရေတစ်ပုံခပ်ကာ သမံတလင်းအခင်း ပေါ် ဝေါခနဲ လောင်းချသည်။ ပုံထဲမှ ရေအကျန်နှင့် ကိုကြာရိုးအား မထိတထိ လှမ်းပက်လိုက်လေသည်။
မနွဲ့ရည်က နေရာမှထကာ ခြေရင်းဘက်တွင် ဆင့်တင်ထားသော ထင်းရှူးသေတ္တာထဲမှ ခြင်ထောင်ကို ထုတ်သည်။ ခြင်ထောင်တွင် ကြိုး တွေက အဆင်သင့် တပ်ထားသည်။ လေးဖက်လေးတန်တော့ တင်းတင်း ရင်းရင်း မချိတ်နိုင်၊ ဟိုရာဇူး လှမ်းချိတ်၊ ဒီရာဇူး လှမ်းချိတ်နှင့် သုံးဖက် လောက်ကိုတော့ လျော့ရိလျော့ရဲနှင့် ဖြစ်သွားသည်။
“သူများချစ်သလို ချစ်ပါနော့တဲ့၊ အဟားဟား၊ မောင်ဆား၊ မင်းရေးထားတာလား”
ကျော်ကျော်က ရေစည်ပေါ်တွင် ထုံးနှင့်ရေးထားသော စာကို ဖတ်ကာ ရယ်နေသည်။
“ဟေ့ကောင်... မောင်ဆား၊ မင်းဆင်းကွ၊ ဟောဒီမှာ ရေးထား တာ တွေ့လား၊ မိတ်ဆွေ ရေစည်ပေါ် ဆားမတင်နှင့်တဲ့ကွ”
ရယ်သံများကို ကြားရသည်။ မနွဲ့ရည်သည် ဗေဒင်ဆရာ ခုံကလေး ကို ခြင်ထောင်ထဲ အရင်သွင်းသည်။ ထို့နောက် စာရင်းစာအုပ် နှင့် သားရေအိတ်တို့ကိုင်ကာ ခြင်ထောင်ထဲ ဝင်သည်။ လေးဖက်လေးတန် ဆွဲပြီး တင်းတင်းရင်းရင်းသာ ထောင်လျှင် လူသုံးလေးယောက်လောက် အေးအေးသက်သာ ထိုင်နိုင်မည်ဖြစ်သော်လည်း ယခုတော့ လျော့လျော့ရဲရဲ မို့ တစ်ယောက်ပင် အနိုင်နိုင်။ လျော့ကျနေသော ခြင်ထောင်ပိတ်အမိုးက ခေါင်းပေါ်တွင် တစ်မိုက်လောက်ပင် မလွတ်၊ ခေါင်းကို လာ၍ လာ၍ ထိနေသည်။
“ဖြစ်ချင်တယ် မဖြစ်ချင်ဘူးဆိုတာတွေထက် ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့သာ အရေးကြီးတာပါ။ ကိုယ်နေချင်သလို မဖြစ်တဲ့လောကကြီးမှာ ဖြစ်လာတာကိုသာ ရင်ဆိုင်ရတော့မှာပဲ။ ဘဝဆိုတာ ကိုယ်တည်ဆောက်သလို၊ ကိုယ်မျှော်မှန်းသလို ဖြစ်တတ်တာမျိုးမှ မဟုတ်တာ”
ခုံပေါ်တွင် စာရင်းစာအုပ်ကို တင်သည်။ အိတ်ထဲမှ ဂဏန်းတွက် စက်ကလေးကိုပါ ထုတ်ထားလိုက်သည်။
“အစ်မ”
ခြင်ထောင်ဘေးသို့ ကျော်စိုး ကပ်လာသည်။ မျက်နှာက ခပ်ညှိုး ညှိုး။
“အစ်မ ... ကျွန်တော့်ကို နောက်ထပ် တစ်ရာလောက် ကြိုပေး ပါဦး”
“နင်ယူတာ များပြီနော်”
ကျော်စိုးက သေးသေးနွဲ့ နွဲ့ နှင့် ရုပ်လည်း ချောသည်။ အမူအရာ သာလုပ်တတ်လျှင် မင်းသားဖြစ်လောက်သော ရုပ်ရည်မျိုး ဖြစ်သည်။ သူလည်း တစ်ချိန်က မင်းသားရူး အတော်လေး ရူးခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော် မိဘက ငွေကြေးတတ်နိုင်သူများ မဟုတ်သည်ကတစ်ကြောင်း၊ အဆက်အသွယ် မရှိသည်ကတစ်ကြောင်း၊ အကြောင်းကံ မပါသည်က တစ်ကြောင်း အကြောင်းကြောင်းတို့ကြောင့် သူ့ခမျာ ရုပ်ရှင်ထဲတွင်
“အစ်ကိုက ဖိတ်စာပေးခိုင်းလိုက်ပါတယ်”
ဟု မင်းသမီးကို သွား၍ပြောရသော မင်းသား၏ ကားမောင်းသူပင် မလုပ်ဖူးသေးပေ။ မနွဲ့ရည် ၏ဒိုင်တွင်သာ တစ်ညနှစ်ဆယ် ပုတ်ပြတ်နှင့် အလုပ်သမားဖြစ်လာ ရလေသည်။
“မှတ်ထားပါ အစ်မ...၊ ခုဟာက ကလေးတွေကျောင်းဖွင့်လို့အကြီးနှစ်ကောင်က ကျောင်းကြီးအပ်ရတော့မယ်၊ အငယ်မကိုလည်း မူကြိုပို့ရမယ်တဲ့”
“အေး ... ငါကတော့ သဘောကောင်းပြီး တောင်းတိုင်းထုတ် ပေးနေတာ၊ တော်ကြာငွေများလာတော့ ဒီမှာလာမဆင်းတော့ဘဲ တခြား ဒိုင်တွေမှာလည်း သွားလုပ်မနေနဲ့ဦး”
“စိတ်ချပါ အစ်မရာ”
“အေး ... အေး၊ မနက်ကျတော့ ပေးလိုက်မယ်၊ နင်ကလည်း ကလေးက ဘယ်နှယောက်ရှိနေပြီလဲ”
“လေးယောက် ...”
“ဗိုက်ထဲမှာ တစ်ယောက်မဟုတ်လား၊ တစ်လောက နှင့်မိန်းမ တွေ့လိုက်ပါတယ်”
ကျော်စိုးက ရှက်ကိုးရှက်ကန်းနှင့် ရယ်သည်။
“နင်တို့ ကလည်း ကျွေးနိုင်မှမွေးပေါ့။ အကာအကွယ်ပေး ဘာလေး လုပ်ဦးမှပေါ့ဟဲ၊ ခုမှ အသက်က အစိတ်ရှိသေး ကလေးက လေးယောက်၊ နှင့်မိန်းမကလည်း သားပေါက်ကောင်းလိုက်တာ။ တစ်နှစ် တစ်ယောက်လောက် မွေးနေတာ။ ဒီပုံအတိုင်း ဆက်မွေးနေရင် နယ်သစ် ရှာပြီး ရွာတည်လို့ရမယ်” ။
“ဘုရားပေးတာ၊ မတားကောင်းဘူးတဲ့ အစ်မရ”
ကျော်စိုးက ခပ်တိုးတိုး ပြောသွားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပခုံးကလေး ကိုင်းညွှတ်အောင် တာဝန်တွေပိနေသော ကျော်စိုးကို လှမ်း ကြည့်ရင်း မနွဲ့ရည် သက်ပြင်းချမိသည်။ အမေ့ကို သတိရသည်။ အမေ ကလည်း “သားသမီးဆိုတာ ဘုရားပေးတာ၊ မတားကောင်းဘူး” ဟု ပြောတတ်လေသည်။ | စာရင်းစာအုပ်ကို ဖွင့်သည်။