စိတ်ကူးချိုချိုစာပေ
မင်္ဂလာစျင်အောင် - ကျောင်းဒါယိကာသမီးရွှေခြေကျင်းကြီးနှင့်ဟာသပုံပြင်များ
မင်္ဂလာစျင်အောင် - ကျောင်းဒါယိကာသမီးရွှေခြေကျင်းကြီးနှင့်ဟာသပုံပြင်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
နွားကောင်းပြိုင်ပွဲကြီး
ဘုန်းတော်ကြီးသည် မိမိခြေတော်ရင်း၌ ဝပ်စင်းခိုလှုံလာသော တပည့်များအား ပညာသင်ကြားပေးရုံဖြင့် မပြီးသေးပေ။ ကျောင်းအိပ်ကျောင်းစားတွေမို့ အဝတ်ဆင်ရသည်။ အစာကျွေးရသေးသည်။ ဒါမျှဖြင့် မပြီးသေး။ ဘယ်လို လူစားတွေလဲဟူ၍လည်း စူးစမ်းရသေးသည်။
လသာသော ညတစ်ညတွင် ကျောင်းသားတွေသည် ဝတ်တက် အပြီး၌ မအိပ်ကြသေးပေ။ လက်ရန်းဘက်သို့ထွက်ကာ ငွေလမင်းကြီး ကို မော့ကြည့်နေကြသည်။ ဤအခိုက် ဆရာတော်ဘုရား ကြွလာသည်။ ဝိုင်းဝန်းဝတ်ဖြည့်ပြီး ရှေ့တော်၌ ထိုင်နေကြသည်။
ဘုန်းတော်ကြီးက...
“သြ၊ ငဦး၊ အိတို့”
“ဘုရား”
“မအိပ်ချင်ကြသေးရင် စကားနိုင်လုကြစမ်းကွယ်၊ ကိုင်း... ဘယ်သူက စပြောမလဲ”
တပည့်တို့၏ အာစ၊ လျှာစ ဗဟုသုတကို စမ်းလိုက်ခြင်း ဖြစ်သည်။
ငဩက...
“တပည့်တော် နွားကောင်းပုံကို လျှောက်ထားပါရစေ ဘုရား”
“ကောင်းသဟိတ်၊ သေသေချာချာ နားထောင်ကြ၊ စကား မပြောနဲ့”
ဤသည့်နောက်တွင် ငသြက သူ တွေ့ဖူးသော နွားကောင်း အကြောင်းကို စတင်ပြီး ပြောလေ၏။
“တပည့်တော် တွေ့ ဖူးတဲ့ နွားကောင်းဟာ လှလည်းလှ ချောလည်းချော၊ ဝလည်းဝတယ် ဘုရား။ ဒါပေမဲ့ တွဲဖက်နားက ဘက် မညီတော့ လိုရာမရောက်ဘဲ ဆီဆုံပွတ်သလို တစ်ကောင်တည်း ပြေးနေ တယ် ဘုရား။ တွဲဖက် အတိုင်းမှာ ပြေးရတယ်မရှိဘဲ ချာချာလှည့်နေရ တာနဲ့ အချိန်ကုန်ရော”
“ကောင်းတယ်ဟေ့၊ ကိုင်း.... ဦး အလှည့်”
“တပည့်တော်ရဲ့ နွားက သန်သဘုရား”
“သန်ပုံ ပြောစမ်းလဟဲ့”
“တပည့်တော်ကို ကျောင်းမအပ်ခင် တစ်လလောက်မှာ တပည့်တော်တို့ သားအဖ ငမှင်တောကို ထင်းခုတ်ရအောင် သွားကြသ ဘုရား၊ ထင်းတွေ ခုတ်ကောင်းကောင်းနဲ့ ခုတ်လိုက်ကြတာ လှည်းပေါ် တင်တဲ့အခါကျတော့ လှည်းမဆုံတာနဲ့ အကုန်မတင်နိုင်ဘူး။ ဒါတောင် ရံတိုင်အထက် တစ်တောင်လောက် မြင့်နေတယ် ဘုရား”
“တယ်လည်း လောဘကြီးသကိုး”
“ဒါနဲ့ မမှောင်ခင် ရွာရောက်အောင် အသော့နှင်လာလိုက်တာ အရေးထဲမှာ အရာပေါ်ဆိုတာလို တောအုပ်အထွက်က ဗွက်ထဲမှာ လှည်းနစ်ပါလေရော ဘုရား။ တပည့်တော်က ထင်းတွေ ချဖို့ပြောတာ အဖေက နားမထောင်ဘူး။ ငါ့ နွားအကြောင်း ငါသိတယ်ဆိုပြီး နွားနှစ်ကောင်ကို ရိုက်မောင်းတော့ တအားရုန်းတယ် ဘုရား။ အဖေ့ နွားတွေ ဟာ တကယ်ပဲ သန်ပါတယ် ဘုရား။ လှည်းစည်းကုံးပြတ်ပြီး နွားနှစ် ကောင်ရယ်၊ အဖေရယ် လွင့်သွားလိုက်ကြတာ ရှားပင်ပေါ်ကို ကန့်လန့် ကြီး တင်နေပါရောလား”
“တယ် သန်ပါကလား”
“တပည့်တော်မှာ ရွာပြန်ပြီး လူတွေခေါ်လာရတယ် ဘုရား၊ အဖေနဲ့ နွားတွေကို ကြိုးနဲ့သိုင်းပြီး ခက်ခက်ခဲခဲ ချရပါသဘုရား”
“အင်း...ကောင်းပါ့...ကောင်းပါ့၊ ကိုင်း...ခုတစ်ခါ အိ အလှည့်ပေါ့...”
ချောင်ထဲက မှောင်ထဲတွင် ကုပ်နေသော သျှောင်ပေစူး ကလေးသည် ရှေ့နားသို့ တိုးလာ၏။
“တပည့်တော် နွားက မြန်သဘုရား”
“အေး...မြန်ပုံကလေး”
“တပည့်တော်ကို ကျောင်းမထားမီ တစ်နှစ်လောက်မှာ ရေစကြို က ဒွေးတော် အလည်လာပါလေရော ဘုရား။ အဖေကလည်း မအားတော့ တပည့်တော်ပဲ ဒွေးတော်ကို ဘုရားဖူးဖို့ လှည်းနဲ့ လိုက်ပို့ရတာ ပေါ့။ တပည့်တော်ရဲ့ နွားတွေကလည်း ဝမ်းသာအားရနဲ့ ပြေးတယ် ဘုရား။ ကန်ကြိုးကို ကန်ပြီး ဆွဲထားတဲ့ကြားထဲက ပြေးနေတော့ ပြေး ဟာဆိုပြီး လွှတ်ပေးလိုက်တော့ ပြေးလိုက်တာ ဘုရား။ ရွှေစည်းခုံဘုရား ကို ကွမ်းတစ်ယာမညက်ခင်ရောက်သဘုရား။ ဒါနဲ့ ဒွေးတော် ဆင်းတော့ လို့ပြောပြီး လှည့်အကြည့်မှာ ဒွေးတော် ပါမလာဘူး”
“ဘယ်လို ဖြစ်တာတုံးဟဲ့”
“တပည့်တော်လည်း ကမန်းကတန်း လှည်းကို ပြန်လှည့်ပြီး
မောင်းလာလိုက်တာ သရပါတံခါးနားမှာ ဒွေးတော်ကို မြင်ရတယ်
ဘုရား”
“လှည်းပေါ်က လိမ့်ကျတာ မသေတောင် ကျိုးပြီပေါ့ ဟယ်”
“မကျိုးပါဘူး ဘုရား၊ ဒွေးတော်ဟာ လှည်းခုန်လို့ မြောက်တက် ပြီး လွင့်သွားတာမို့ လေထဲမှာပဲ ရှိသေးသဘုရား၊ ဒါနဲ့ တပည့်တော် လည်း လှည်းကို ဒွေးတော်အောက်တည့်တည့် ပြေးခံလိုက်ရပါသ ဘုရား”
ဘုန်းတော်ကြီးသည် “နွားတွေထဲမှာတော့ ငအိရဲ့နွားက အကောင်းဆုံးပဲဟေ့” မိန့်တော်မူသည်။ ကိုရင်များ၊ သာမဏေများ လည်း လက်ခုပ်လက်ဝါးတီးကာ တသောသော ရယ်မောကြလေ၏။