Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မင်းသုဝဏ် - လောကသာရပျို့

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
လောကသာရပျို့နှင့် ပျို့ဆရာ ရခိုင်သူမြတ်တို့၏
အတ္ထုပ္ပတ္တိ

          သက္ကရာဇ် ၆၈၈ ခုနှစ်တွင် မင်းလျင်စောသည် သရက်မြို့ ကို တည်၍နေ သည်။ သက် လူမျိုးများကို အုပ်စိုးသောကြောင့် သက်မင်းဟု ကျော်စောသည်။ သက်မင်းလျင်စောတွင် စောစုံ၊ စောဖြူ၊ စောတူဟု သားတော်သုံးပါးရှိသည်။

          သက်တို့သည် ရခိုင်ရိုးမ တောင်စဉ်တောင်တန်းရှိ ကျေးရွာများကို သွား ရောက်တိုက်ခိုက် ဖျက်ဆီးကြသည်။ ထိုအခါ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီး ရာဇစည်သူသင်္ကြံကို စေလွှတ်၍ သရက်ကို အတိုက်ခိုင်းသည်။

          သက္ကရာဇ် ၆၉၅ ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရိုးမတောင်ကို ဖြတ်ကျော်ချီတက်ကာ သက်မင်းလျင်စောအား သားတော်၊ သမီးတော်၊မိဖုရားမောင်းမတို့နှင့်အတူ ပရိယာယ်ဖြင့် အလွယ်တကူ ရခိုင်သို့ဆောင်ယူလေ သည်။

          မင်းလျင်စောလည်း ရခိုင်သို့ရောက်လျှင် သားတော်သုံးပါးတို့ကို ပိဋကတ် ဗေဒင်တတ်သော သူမြတ်ဝယ် အပ်လေ၏။ မင်းသားသုံးပါးလည်း ပိဋကတ် ဗေဒင်သင်၍ တတ်လေလျှင် “ဆရာသူမြတ် အိပ်မက်မြင်တော်မူ၏။ နောင်တော် အကြီး စောစံသည် စမုန်မြစ်ရေကို သောက်၍ ကုန်သည်ဟု မက်၏။ ညီတော် အလတ် စောဖြူသည် ဖိုးဦးမော်ရေကို သောက်၍ကုန်သည်ဟု မက်၏။ ညီတော် အငယ် စောတူသည် အဝမြစ်ငယ်ရေကို သောက်၍ကုန်သည်ဟု မက်၏။ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ အမောင်တို့လည်း စစ်ကိုင်း၊ ပင်းယသို့သွား၍ နေကြလေ။ မင်းချည်းဖြစ်လိမ့်မည်။ “မင်းဖြစ်လျှင် ငါ့ကိုမမေ့ပါနှင့်”ဟု မိန့်တော် မူ၏။ မင်းညီနောင် သုံးပါးတို့လည်း ခမည်းတော်၊ မယ်တော်တို့ကို လျှောက်၍ သက္ကရာဇ် ၇ဝ၅ ခုတွင် အရှေ့ပြည်သို့ သွားကြလေသည်။ စစ်ကိုင်း၊ ပင်းယသို့ ရောက်လျှင် စောစုံသည် မြင်စိုင်းမြို့ကို စားရသည်။ စောဖြူသည် ပြည်မြို့ကို စားရသည်။ စောတူသည် အမြင့်မြို့ကို “တရဖျားစောကဲ” အမည်နှင့် စားရသည်။

          နောင်သောအခါ အမြင့်တရဖျားစောကဲသည် အဝမြို့တွင် “မင်းကြီးစွာ စောကဲ အမည်နှင့် မင်းဖြစ်လေသည်။ မင်းကြီးစွာစော်ကဲသည် ပညာရှိကို ချစ်တော် မူတတ်သည်။ ပညာရှိ စကားကို နားထောင်တော်မူတတ်သည်။ မင်းကြီးလက် ထက်တွင် စဉ်းတပစ်အမတ်နှင့် ဝန်စင်းမင်းရာဇာတို့သည် မင်းတိုင်ပင်ပညာရှိများ ဖြစ်ကြသည်။ မင်းဖြစ်၍ တစ်ဆယ့်ခြောက်နှစ်ရှိသောအခါ မင်းကြီးသည်မိမိ၏ ငယ်ဆရာ ရခိုင်သူမြတ်ကို သတိရ၍ နေပြည်တော်သို့ပင့်ခေါ်ကာ မဟာသင်္ဃရာဇာ ဟူသော တံဆိပ်နာမံကပ်လှူပြီးလျှင် ကိုးကွယ်တော်မူလေသည်။

          ထို မဟာသင်္ဃရာဇာ တံဆိပ်နာမံကို ခံယူတော်မူသည့် ရခိုင်သူမြတ်သည် မင်းသားသုံးပါးကို စာပေချစဉ်အခါက “လောကသာရပျို့ကို စီကုံးကာ မင်းသားတို့ အား သင်ကြားပေးလေသည်။

          ဤကား ဦးကုလားရာဇဝင် ၊ဓညဝတီအရေးတော်ပုံ၊သာသနာလင်္ကာရ စာတမ်းတို့နှင့် အညီဖြစ်သော လောကသာရပျို့နှင့် ပျို့ဆရာတို့၏ အတ္ထုပ္ပတ္တိ ပေတည်း။ ။

လောကသာရပျို့၏ ထူးခြားချက် သုံးရပ်

           လောကသာရပျို့သည် (၁) အဟောင်းဆုံးပျို့ ဖြစ်သည်။ (၂) လူသိ အများ ဆုံးပျို့ဖြစ်သည်။ (၃) ကာရန်သတ်ပုံ မှန်ကန်သောပျို့ဖြစ်သည်။

          (၁) ရာဇဝင်ကြောင်း အရဆိုလျှင် လောကသာရပျို့ကို ရခိုင်သူမြတ်သည် သက္ကရာဇ် ၆၉၅ ခုနှစ်နှင့် ၇ဝ၅ ခုနှစ်အကြားတွင် စီကုံးသည်ဟု ယူမှတ်ရပေမည်။ သို့ဖြစ်ပါက နှစ်ပေါင်း ခြောက်ရာကျော်လေပြီ။

          (၂) မြန်မာမင်းများလက်ထက်က လောကသာရပျို့ကို မည်မျှ အသုံးပြု ခဲ့ကြသည်ဟု မသိနိုင်သော်လည်း အင်္ဂလိပ်မင်းများ လက်ထက်တွင်ကား နှစ်ပေါင်း များစွာ အသုံးပြုခဲ့ကြလေပြီ။ ပြည်ထောင်စု မြန်မာနိုင်ငံခေတ်တွင်လည်း ဤပျို့ကို တစ်ဖန် အသုံးပြုလျက် ရှိပြန်လေပြီ။ နှစ်ပေါင်းခြောက်ရာကျော်မျှ မြန်မာတို့၏ အကျိုးကိုဆောင်ခဲ့သည့် ဤပျို့၏ ကျေးဇူးကားကြီးလှပေစွတကား။

          (၃) ယခုလက်ရှိ လောကသာရပျို့မူ အချို့တွင် ကာရန်တိမ်းယိမ်းချက် အနည်းငယ်ကို တွေ့နေရသော်ငြားလည်း ဝေါဟာရတ္ထပကာသနီကျမ်းပြုသူ ဒုတိယကျော်အောင်စံထား ဆရာတော်နှင့် သတ်ညွှန်းသစ်ကျမ်းပြုသူ တွင်းသင်း တိုက်ဝန် မဟာစည်သူတို့သည် သတ်ပုံအလို့ငှာ ဤပျို့ကို များစွာထုတ်ဆောင် ကိုးကားခဲ့ကြလေပြီ။ ။

လောကသာရပျို့နှင့် ဗလငါးတန်

          လောကတွင် လူတို့သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုပ်ထိုက် သည်ကို လုပ်ရမည်။ ရထိုက်သည်ကို ရရမည်။

          ဥပမာ- ဆရာသည် တပည့်အား ပညာသင်ပေးလိုက်သည်။ တပည့်သည် ဆရာထံမှ ပညာသင်ယူထိုက်သည်။ ဆရာသည် တပည့်ထံမှ ရိုသေလေးစားမှုကို ရထိုက်သည်။ တပည့်သည် ဆရာထံမှ ချစ်ခင်သနားမှုကို ရထိုက်သည်။

လုပ်ထိုက်သည်ကို တာဝန်ဝတ္တရားဟုခေါ်၍ ရထိုက်သည်ကို အခွင့်အရေး ဟု ခေါ်သည်။ လူတို့သည် တာဝန်ဝတ္တရားကို မဆောင်ရွက်။ အခွင့်အရေးကိုကား ရယူ၏ဆိုလျှင် လောကသည် မငြိမ်ဝပ်နိုင်ရာ။ တစ်ဖန် အခွင့်အရေးကို မရယူနိုင်။ တာဝန်ဝတ္တရားကိုကား ဆောင်ရွက်ရ၏ဆိုလျှင်လည်း လောကသည် မငြိမ်ဝပ်နိုင်ရာ။

          ဥပမာအားဖြင့်ဆိုသော် သူငယ်တို့ လေထဲတွင်လွှတ်သောစွန်သည် တစ်ဖက် တိမ်းနေလျှင် မငြိမ်ဝပ်နိုင်သကဲ့သို့ဖြစ်ပေသည်။ စွန်သည် တစ်ဖက်ဖက်က အလေး သာနေလျှင် ထိုဘက်သို့ တိမ်းနေသဖြင့် ထိန်းမရဖြစ်ကာ နောက်ဆုံး၌ မြေသို့ကျ၍ ပျက်စီးရလေသည်။ ထိုနည်းတူစွာ တိုင်းပြည်တစ်ခု၌ လူတို့သည် အခွင့်အရေး ကိုသာ ခံစားလျက် တာဝန်ဝတ္တရားကို မဆောင်ရွက်ကြပါမူ ထိုတိုင်းပြည်သည်ထိန်းမရနိုင်ဘဲ မကြာမီ ပျက်စီးရချေမည်။

          ထိုဘေးကြီးကို မြင်သော “ရခိုင်သူမြတ်သည် အမျိုးလေးပါးတို့အား တာဝန်ဝတ္တရားကို သင်ပြလိုသောကြောင့် ဤ လောကသာရပျို့ကို စီကုံးလေ သည်။

          ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဖိုးသုညတွေ ပျောက်အောင် ဗလငါးတန် ဘက်ကို အစိုးရရော လူထုပါ ကြိုးစားဆောင်ရွက်လျက်ရှိကြသည်။ ထိုဗလ ငါးတန်တို့သည်ကား

(၁) ကာယဗလ - ကိုယ်ကျန်းမာသန်စွမ်းခြင်း။

(၂) ဉာဏဗလ - ပညာတတ်မြောက်ခြင်း။

 (၃) ဘောဂဗလ - ပစ္စည်းနှင့်ပြည့်စုံခြင်း။

(၄) မိတ္တဗလ - မိတ်ဆွေကောင်းရှိခြင်း။

 (၅) စာရိတ္တဗလ - အမူအကျင့် မွန်မြတ်ခြင်းတို့ ဖြစ်ကြပေသည်။

          ထိုဗလငါးတန်နှင့် ပြည့်စုံလိုသူသည် ဤလောကသာရပျို့ကို လေ့လာ မှတ်သား လိုက်နာရပေမည်။ မြန်မာတို့၏ ဘေးဘိုးဘီဘင်တို့သည် ဤပျို့ကိုလေ့လာမှတ်သားလိုက်နာ၍ ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံကြီးအေးချမ်းသာယာ ဝပြောစည်ပင်ခဲ့ဖူးလေပြီ။

          ကာယဗလ

          ရှေးက မြန်မာတို့သည် လယ်ထွန်ကြသည်။ ယာလုပ်ကြသည်။ မောင်း ထောင်းကြသည်။ ဆန်ဖွပ်ကြသည်။ သူတို့သည် ယောက်ျားလည်း ယောက်ျား အလျောက်၊ မိန်းမလည်း မိန်းမအလျောက် ခွန်အားဗလနှင့် ပြည့်စုံကြရာသည်။ ရိုးသားစွာ စားသောက်နေထိုင်ကြသဖြင့် ရောဂါဘယလည်း ဆန်းပြားထွေလီစွာ ဖြစ်ပေါ်ခဲ့ပုံ မရချေ။ ထို့ကြောင့် ယခုကာလတွင်ကဲ့သို့ အလေးမခြင်း၊ ပြေးခုန်ခြင်း၊ လှေခတ်ခြင်း၊ ဘောကန်ခြင်းတို့ကို အထူးတလည် အရေးယူဖို့ လိုခဲ့ပုံမရချေ။ သို့ သော်လည်း ကိုးဆယ့်ခြောက်ပါးသောရောဂါတို့ ပေါ်ပေါက်လာလျှင်ကား ပျောက်ကင်းအောင် ကုစားဖို့ရန် ဆေးဆရာများသည် ဆေးကျမ်းများကို လေ့လာရလေသည်။ ဆေးမြစ်များကို လေ့လာရလေသည်။ ဆေးကျမ်းတို့တွင် ပါသော အနက်အဓိပ္ပာယ်တို့ကို အကျယ်တဝင့် နားလည်ရသည်။ ဆေးမြစ်တို့၏ အရသာ တန်ခိုးသတ္တိတို့ကို လေးနက်စွာ နားလည်ရသည်။ သလိပ်၊ သည်းခြေ၊ လေတို့ကြောင့်ဖြစ်သော ၉၆ ပါးသောရောဂါတို့ကို နားလည်ရသည်။ ဤအချက်ကို ညွှန်ပြလိုသဖြင့် ရခိုင်သူမြတ်သည် ဤသို့ ရေးခဲ့လေသည်။

ဆေးသမားလည်း၊ ဆေးဝါးအဖြစ်

ဆေးမြစ်လေ့ကျွမ်း၊ ပိဏ္ဍာပြွမ်း၍

ဆေးကျမ်းထိုထို၊ ရသာကိုလည်း

ဖွင့်ဆိုတတ်ကျယ်၊ ဓိပ္ပာယ်အနက်

လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ

သွေးလေချောက်ချား၊ သလိပ်ဖျားက

စသည့်ရောဂါ၊ အနာအမျိုး

ကိုးဆယ့်ခြောက်ပါး၊ အပြားပြားကို

မမှားလွတ်အောင်၊ ကုသဆောင်၍

တင်ပြ အခေါင်သမား မြောက်စေမင်း။

ဉာဏဗလ

           ဗလငါးတန်တို့သည် ဆိုင်ရာဆိုင်ရာတွင် အရေးကြီးကြသည်။ အသုံးဝင် ကြသည်။ သို့သော်လည်း ဉာဏဗလခေါ် ပညာတတ်ခြင်းသည်ကား အရေး အကြီးဆုံး အသုံးအဝင်ဆုံး ဖြစ်ပေသည်။ အားလုံးသော ဗလတို့၏ ခေါင်းဆောင် လည်း ဖြစ်သည်။ ဉာဏဗလသည် နိဗ္ဗာန်သွားရာလမ်းသို့ပင် ရှေးရှုခေါ်ဆောင် သွားနိုင်သည်။ ဤအချက်တို့ကို ထင်ရှားစေလိုသော ရခိုင်သူမြတ်သည် ဤသို့ ရေးခဲ့သည်။

 အင်ငါးမည်တွင်၊ အထွတ်တင်သား

မျက်ရှင်အလား၊ ပညာအားလျှင်

 စီးပွားမြင်နိုင်၊ အခေါင်တိုင်၏။

ပြည့်လှိုင်ကျေးဇူး၊ အထူးထူးတွင်

အမှူးစင်စစ်၊ ရှေ့သွားဖြစ်လျက်

အပြစ်ခွာရှောင်၊ အကျိုးဆောင်သား

တတ်ခေါင်ပညာ၊ မတ်လိမ္မာကို

စေပါးသုံးစွဲ၊ ကိုယ်၌မြဲက

ငရဲမလား၊ ရှေးရှုသွားလျက်

မြတ်များနိဗ္ဗာန်၊ ခရီးညွှန်ရှင့်။

 

          ထိုသို့ ကျေးဇူးပြုတတ်သော ပညာကို သင်ကြားလေ့လာရာသည်။ သင် ကြားလေ့လာရာတွင်လည်း အမိအဖ၊ ဆရာသမားတို့၏ မေတ္တာ၊ ကရုဏာရှေ့ ထား၍ ဆုံးမသော စကားတို့ကို လိုက်နာကာ လေ့လာရာသည်။ ထို့ကြောင့် ရခိုင် သူမြတ်က ဤသို့ တိုက်တွန်းခဲ့သည်။

မိဘဆရာ၊ စကားနာ၍

ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။

          ပညာကို ဘယ်အရွယ်တွင် သင်ရမည်နည်း။ ငယ်ရွယ်စဉ်သင်ရမည်။ ဘယ် သူ့ထံတွင် သင်ရမည်နည်း။ ဆရာစစ်၊ ဆရာကောင်းထံတွင် သင်ရမည်။ ဘယ်သို့ သင်ရမည်နည်း။ ဆရာ့ထံတွင် ပုဆစ်ဒူးတုပ်၍ သင်ရမည်။ ရိုသေလေးစားစွာ သင်ရမည်။ ကြိုးစားအားထုတ်၍ သင်ရမည်။ အခွင့်ကောင်းကို ချောင်းမြောင်း စောင့်စား၍ သင်ရမည်။ ဆရာက ကြိမ်းမောင်း ဆူပူသော်လည်း သည်းခံ၍ သင်ရ မည်။ ဤသို့ ဆုံးမညွှန်ကြားလိုသော ရခိုင်သူမြတ်သည် အောက်ပါတို့ကို ရေးသား လေသည်။

 မကြီးသက်ရွယ်၊ အငယ်သော်က

 ကြိုးလုံ့လလျက်၊ တုပ်ကွပုဆစ်

ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ

လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း

 တချောင်းချောင်းလျှင်၊ ခြိမ်းမောင်း(သောခါ)၊ သည်းခံ(ပါလော့)။

အတတ်ပညာ ဘယ်နှစ်မျိုးရှိပါသနည်း။ အဌာရသတစ်ဆယ့်ရှစ်မျိုး

ရှိသည်။ အားလုံးကိုသင်ရမည်လား။ သင်နိုင်လျှင် ကောင်းသည်။ မသင်နိုင်ပါက တစ်ခုခုကို ကောင်းစွာတတ်အောင်သင်ပါ။ သို့မှသာ ချမ်းသာစွာ အသက်မွေးနိုင် မည်။ ပညာမတတ်လျှင် သူတစ်ပါး၏ ကဲ့ရဲ့ခြင်းကိုခံရမည်။ ဒုက္ခလည်း များစွာ ရောက်မည်။ ပညာမရှိသူကို လူတို့ မရိုသေကြ။ အိုသောအခါ လှောင်ပြောင် သရော်ခြင်းကိုပင် ပြုတတ်ကြသည်။ ဤသို့သောအပြစ်တို့ကို ထင်ရှားပြလိုသော ရခိုင်သူမြတ်သည် အောက်ပါအတိုင်း ဖွဲ့ စီပြန်သည်။

ထိုသိပ္ပကို

နှံ့မျှလုံးခြုံ၊ မတတ်တုံလည်း

 တစ်စုံတစ်ခု၊ တတ်အောင်ပြု၍

လူမှုအိမ်ထောင်၊ စီးပွားဆောင်လော့။

ညဥ့်မှောင်မသိ၊ ကြက်မျက်စိသို့

မိမိကိုယ်ဖို့ ၊ အတတ်ချို့သော်

သူတို့ပြစ်တင်၊ ဆင်းရဲဖျင်အံ့။

ထင်ထင်မျက်နှဲ၊ မကော်ရော်သည်

 အိုသော် သူမရယ်စေနှင့်မင်း။

 

ဘောဂဗလ

          လူတို့သည် မတောင့်မတ မကြောင့်မကြရဘဲ နေလိုကြလျှင် အလုပ်လုပ်ကြ ရမည်။ ပစ္စည်းရှာကြရမည်။ မည်သို့သော အလုပ်များကိုလုပ်၍ ပစ္စည်းရှာကြရပါ မည်နည်း။ လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းဖြင့် ပစ္စည်းရှာရမည်။ ထိုမျှမကသေး လူတို့၏ အသုံးအဆောင်များဖြစ်သော ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဝမ်းဘဲတို့ကို မွေးမြူ ရောင်းဝယ်ခြင်းဖြင့်လည်း ပစ္စည်းရှာရမည်။ ထိုအချက်ကို ရခိုင်သူမြတ်သည် ဤသို့ ရေးသားခဲ့သည်။

လုပ်ကြံကြိုးစား၊ ကျွဲ နွား ဆိတ် ဝက်

ဝမ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း

သိမ်းမွေးပြင်းလျက်၊ များခြင်းစုံစီ

ဖန်တီဝယ်ရောင်း၊ ထပ်ကာလောင်းလျက်

ပဲ ပြောင်း စပါး၊ ကျီးပြည့်ထား၍

ခွက် ပြား ရွှေ ငွေ၊ ဆည်းပူးထွေဖြင့်

 မျိုးဆွေ မှီတင်း ကြွယ်စေမင်း။

          ပညာရှာရာတွင် သည်းညည်းခံဖို့ရန် ရခိုင်သူမြတ်သည် ဆုံးမခဲ့ပြီ။ ပစ္စည်း ရှာရာတွင်လည်း သည်းညည်းခံ၍ ရှာရမည်ဟု ဆုံးမပြန်သည်။ တံစက်ကြောင်း (တံစက်မြိတ်)က ကျသောရေသည် အနည်းငယ်မျှသာ ဖြစ်လင့်ကစား ကျဖန်များသောအခါ စရည်းအိုးကြီးပြည့်ရသည်။ ထိုနည်းတူစွာ တစ်ပဲတစ်မူးသော ဥစ္စာ သည် အနည်းငယ်မျှသာ ဖြစ်လင့်ကစား စုဖန်များလတ်သော် စုသူသည် သူဌေး ဖြစ်လာ နိုင်သည်။ ပျားသည် အနည်းငယ် အနည်းငယ် စုခြင်းဖြင့် ပျားအုံတွင်းတွင် ပျားရည်ကို ပြည့်ဝစေသည်။ ခြေခုံးသည် အနည်းငယ် အနည်းငယ် သယ်ဖို့ခြင်းဖြင့်=တောင်ပို့ကြီးကို ဖြစ်စေသည်။ ထိုနည်းတူစွာ အနည်းငယ် အနည်းငယ်စုခြင်းဖြင့် သူဌေးဖြစ်အောင်ကြိုးစားစေလိုသောကြောင့် ရခိုင်သူမြတ်က ဤသို့ တိုက်တွန်း လေသည်။

စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်

တံစက်ကျများ၊ ပြည့်သောလားသို့

များ၏နည်းထုံး၊ မှတ်ကျင့်သုံး၍

ခြခုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ

လူလိမ္မာတို့ ၊ ဥစ္စာဆည်းထွေ

တတ်လှစေလော့။

          မိတ္တဗလ ကျန်းမာပါ၏၊စာတတ်ပါ၏ ။ကြွယ်ဝပါ၏ ဆိုသော်ငြားလည်း မိတ်ကောင်း ဆွေကောင်းမရှိပါက မသင့်လျော်ချေ။ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းရ မည်။ မည်သို့သောသူကို မိတ်ကောင်းဆွေကောင်းဟု မှတ်ယူရပါမည်နည်း။ ယခု ဘဝတွင်လည်း ချမ်းသာအောင် နောင်သံသရာတွင်လည်းကောင်းစားအောင် အကြံဉာဏ်ပေးတတ်သော လူလိမ္မာသူတော်ကောင်းမျိုးကို မိတ်ကောင်းဆွေကောင်းဟု ယူမှတ်ရမည်။ ထိုလူမျိုးနှင့် အမြဲပေါင်းသင်းရမည်။ ထိုကြောင့် ရခိုင် သူမြတ် ဤသို့ဆိုသည်။

          ပစ္စုပ္ပန် သံသရာ၊ ချမ်းသာစီးပွား နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း။ ဤသို့ ပေါင်းသင်းရာတွင်လည်း ပျူပျူငှာငှာ ချစ်ချစ်ခင်ခင်နှင့် ပေါင်းသင်း ရာသည်။ အဝတ်အစားတို့ကို ပေးကမ်းခြင်းဖြင့်လည်း ပြုစုရာသည်။ ဤအချက် ကို ရခိုင်သူမြတ် ဤသို့ ရေးသားညွှန်ကြား၏။

          သူစိမ်းသူကျက်၊ ပေါင်းဖက်သရွေ့ မိဘတွေ့သို့ ၊ မွေ့ မွေ့လျော်လျော် ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့် ဝတ်စားပေးပံ့၊ ဖြည့်ဖြူးနံ့(လော့)။

          မိတ္တဗလ အပေါင်းအသင်းနှင့် ပြည့်စုံသောအခါ ဘေးတစ်ခုကို သတိထား ရမည်။ ထိုဘေးကား အခြားမဟုတ်။ မနာလိုသောသူတို့က မိတ်ဆွေချင်း ကွဲပြဲ မုန်းတီးအောင် မဟုတ်မတရားပြော၍ ကုန်းတိုက်သောဘေး ဖြစ်သည်။ ထိုသို့ ကုန်းတိုက်လာသော် ကြီးစွာသတိထားရမည်ဟု ဆုံးမလိုသော ရခိုင်သူမြတ်သည် ဤသို့ ဆိုလေသည်။

 ချောမွေ့ စကား၊ စပ်ကြားသူပျက်

ကုန်းတိုက်ဖျက်လည်း

ရက်ရက်မယုံ လွယ်နှင့်မင်း။

 

          စာရိတ္တဗလ

          ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလတို့နှင့် ပြည့်စုံလင့်ကစား စာရိတ္တဗလနှင့် မပြည့်စုံသော် “လက်မ” ကျိုးသောလက်နှင့် တူပေရာသည်။ စာရိတ္တ ဗလနှင့် ပြည့်စုံလိုလျှင် မကောင်းသော အမူအကျင့်တို့ကို ရှောင်ကြဉ်ရာသည်။ မကောင်းသော အမူအကျင့်တို့ကား အဘယ်တို့နည်း။ ငါးပါးသော မကောင်းမှုတို့ဖြစ်ပါသည်။ ထိုမကောင်းမှုငါးပါး ရှောင်ခြင်းကို ငါးပါးသီလစောင့်သည်ဟု ခေါ် -သည်။ ဤအချက်ကို ရခိုင်သူမြတ် အောက်ပါအတိုင်း ဖွဲ့ ဆို၏။

ပါဏာတိပါတ်၊ မသတ်သူ့သက်

ခိုးဝှက်မမူ၊ မယူသေစာ

 အိမ်ရာမမှား၊ မုသားမဆို

ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်

ဒါနလှူဝတ်၊ ရက်မချွတ်လျှင်

မပြတ်ဆောက်တည်၊ ဆုကြီးရည်(လော့)။

          ထို့ပြင် လူတို့သည် လောဘ၊ ဒေါသ၊ မောဟဆိုသော တရားတို့ကြောင့် လိမ်လည်းလိမ်ကြသည်။ လှလည်းလုကြသည်။ ခိုးလည်းခိုးကြသည်။ တိုက်လည်း တိုက်ကြသည်။ သတ်လည်းသတ်၊ ဖြတ်လည်းဖြစ်ကြသည်။ ထိုတရားသုံးပါးကို ပညာဖြင့် ဆုံးမပါမှ လောကကြီး ငြိမ်းချမ်းမည်ဟု ရခိုင်သူမြတ် ပြောလိုသဖြင့် ဤသို့ ဖွဲ့ စီသည်။

 လောဘ, ဒေါသ

မောဟသူပျက်၊ နေ့တိုင်းဖျက်၍

အမျက်သည်းလွန်၊ တဖျင်သန်လျက်

ပြေးလွန်ဖင်ဖင်၊ အာရုံမြင်က

ခင်ခင်မွတ်မွတ်၊ လိုက်လံတတ်သား

ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို

ထုံးပိုင်းမချာ၊ ယဉ်စိမ့်ငှာလျှင်

ပညာထိန်း၍ မိန်းစေမင်း။

 

          အချုပ်အားဖြင့်ကား လူတို့သည် ဗလငါးတန်နှင့် ပြည့်စုံလိုပါမူ ပထမဦးစွာ လုံ့လ၊ ဝီရိယ ရှိရမည်။ လုံ့လ၊ ဝီရိယရှိလျှင် အတတ်ပညာကို ရလိမ့်မည်။ အတတ် ပညာ ရသောအခါ မာန်မာနတက်လာတတ်သည်။ မာန်မာနကို ချိုးနှိမ်လော့။

          ကောက်ကျစ်စဉ်းလဲ လာတတ်သည်။ ကောက်ကျစ်စဉ်းလဲမှုကို လက်မခံနှင့်။ စိတ်နှလုံးကို စင်ကြယ်အောင်ထား၍ တော်ဖြောင့်မှန်ကန်ပါလေဟု ဆုံးမလိုသော ရခိုင်သူမြတ်သည် ဤကဲ့သို့ ဩဝါဒပေးလေတော့သည်။

လုံ့လပင်စည်၊ အရင်းတည်က

 စက်ရှည်ပညာ၊ ချမ်းသာအသီး

 ကြီးစရွေ့ ရွေ့ ၊ အဓလေ့ဖြင့်

 မမေ့မကျန်၊ လူမှုပွန်လျက်

စောင်မာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍

 နှလုံးသန့်စင် ကြယ်စေမင်း။