Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

Min Thu Wun - Short Stories

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

ထွေးနှစ်ဖော်

          လက်ခုပ်ကုန်းရွာကလေးသည် ပူလောင်သော နွေရာသီအခါတွင် အလွန် နှစ်လို ပျော်ရွှင်ဖွယ် သာယာလှပေ၏။ ပင်လယ်မှ အမြဲမျှ တိုက်ခတ် လျက်ရှိသော ဆားငန်ဓာတ်လေတွင် ဘယ်ညာယိမ်းလျက်ရှိသော ကွမ်းသီးပင်၊ အုန်းပင်တို့သည်ကား ၎င်းရွာကလေး၏ တောလိုက်အုံပါ တင့်တယ်စွာသော ဆင်ယင်စရာ မြတန်ဆာတို့ပေတည်း။ နံနက်ခင်း၏ သာယာအေးချမ်းခြင်း၊ နေ့လယ်ခင်း၏ သာယာအေးချမ်းခြင်း၊ ညနေ ခင်း၏ သာယာအေးချမ်းခြင်း၊ ညဉ့်သုံးယံ၏ သာယာအေးချမ်းခြင်း တို့နှင့် ပြည့်စုံပေ၏။ ထို့ကြောင့်ပင်လျှင် ၎င်းရွာကလေးသည် နွေလ အခါ၌ မြို့ကြီးပျော်တို့၏ အပူရှောင်ရာ နွေရာသီစံ လောကနိဗ္ဗာန် ကလေး ဘဝသို့ ပြောင်းလာရပေသည်။

          ပင်လယ်ကမ်းပါး သဲတာရိုးမို့မို့မှိုင်းမှိုင်းကြီးမှ နွားစားကျက် ကုန်းတန်းတစ်ခုနှင့် မိုးအခါတွင် ရေအိုင်သော ချိုင့်တန်းကြီးတစ်ခုသာ ခြားလျက်တည်သော ခြံညိုမှိုင်းကြီး၏ ပိုင်ရှင်များမှာ မောင်ထွေး၏ အဖ ဦးရွှေချိုနှင့် အမိ ဒေါ်လှဦးတို့ ပေတည်း။ ခြံတွင်း၌ ဓနိမိုး ပျဉ်ထောင် အိမ်ညီနောင်တို့မှာ သပ်ရပ်စင်ကြယ်စွာ ရှိပေ၏။ ခေါင်းရင်းအိမ်တွင်မောင်ထွေးတို့ သားအမိ သားအဖတစ်စု နေ၍ အနောက်အိမ်ကြီးဟု ခေါ်သော ခြေရင်းအိမ်မှာ မောင်ထွေးအစ်ကို မောင်လေးတို့ မိသားတစ်စု မြို့သို့ ပြောင်းရွှေ့ နေထိုင်သောကြောင့် ဟင်းလင်းရှိလေသည်။

          ဦးရွှေချိုသည် ငယ်ငယ်က ဗဟန်းရပ်တွင် စာသင်နေစဉ် အင်္ဂလိပ်စာကို အနည်းငယ် သင်ကြားခဲ့ဖူး၍ ခေတ်အကြောင်းကို နား လည်သူပင် ဖြစ်သော်လည်း မိရိုးဖလာ ရိုးရာမပျက် မိမိပိုင်လယ်မြေမှ ကိုးတုံးထွန်လောက်ကို တူသားနောင်မယ်များ၏ အကူအညီဖြင့် ဦးစီး လုပ်ကိုင်လျက် အေးချမ်းစွာနေပေ၏။ တည်ကြည်တော်ဖြောင့် သနား ကြင်နာတတ်သော သဘောရှိသော ဦးရွှေချိုမှာ လူသမာကြီးဟူသော ဘွဲ့ကို ခံယူ၍ ရွာမိရွာဖစာရင်းတွင် ခေါင်ကစွဲသူဖြစ်ပေ၏။ မောင်ထွေး ကို ဆွေမျိုးများရှိရာ ကွမ်းခြံကုန်းမြို့ရှိ အမျိုးသားကျောင်းတွင် စာပေ သင်ကြားစေ၏။ မောင်ထွေးသည် အဖေတူသားကလေးဖြစ်၍ ကျောင်း ပိတ်ရက်များ၌ ကျွဲနွား ကြည့်ရှုခြင်း၊ ခြံပြုစုခြင်း စသော လုပ်မှုဆောင်တာ အိမ်ရေးရာတို့တွင် အစ်ကိုဝမ်းကွဲများနှင့်အတူ အဖအား ကူညီပေ၏။

          ပင်လယ်လေသန့်ကို ခံ၍ အလုပ်ကြမ်းဖြင့် ကြီးပြင်းလာရ သောကြောင့် မောင်ထွေးမှာ ရင်အုပ်ကျယ်ဖောက်ခြင်း၊ မောင်းသန်ခြင်း၊ ခြေမြဲခြင်း၊ ခံ့ညားခြင်း စသော ယောက်ျားတို့၏ ကြန်အင်တို့နှင့် ပြည့်စုံ ပေ၏။ လူချစ်လူခင်ပေါ၏။ မျက်နှာပွင့်လန်း၏။ ရွာနေ ကာလသားတို့ တွင် အငယ်ဆုံးပင်ဖြစ်သော်လည်း အကြံကောင်း၊ အစည်ကောင်းတို့ကို ပေးနိုင်လောက်အောင် ဉာဏ်ထက်မြက် လိမ္မာပေ၏။ ပညာသင်ယူရာ၌ လည်း မညံ့ပေ။ ခြောက်ဆင့် စာမေးပွဲကို ဖြေဆိုပြီး၍ ပြန်လာသည်မှာ မကြာလှသေး။ နေ့လယ်အားလပ်ချိန်များ၌ သူငယ်ချင်းများနှင့် တသောသော တရုန်းရုန်း ပျော်ပါးစွာ အချစ်နာလန်ထလျက် ရှိကြလေ၏။

          ဒေါ်လှဦးသည် နွားတင်းကုပ်၌ ကောက်ရိုးစဉ်းနေသော မောင်ထွေးအား အနားသို့ခေါ်၍ “မောင်ထွေးရေ.. အနောက်အိမ်ကြီးကို ရှင်းလိုက်စမ်းပါ။ ကိုရင်ထူးရဲ့ မိတ်ဆွေ ပွဲစားကြီးတစ်ယောက် လေညင်း ခံလာလိမ့်မယ်။ ဗိုလ်တဲ မအားလို့ တို့အိမ်မှာ ခဏနေမယ်တဲ့။ ညနေ သင်္ဘောနဲ့ ရောက်ကြမလားမသိဘူး။ အိပ်ရာနားကတိုင်မှာ သော့တွဲ ရှိလေရဲ့” ဟု ခိုင်းစေလိုက်သဖြင့် အိမ်ကြီးမှာ မကြာမီပင် ပင့်ကူမျှင်၊ ပိုးအိမ်၊ ဖုန်မှုန့်တို့မှ ကင်းစင်လျက် သန့်ရှင်းသွားလေ၏။ ထိုနေ့တွင် ကူးတို့လှေမှာ ရေကျမိနေ၍ ပွဲစားကြီးတို့လူစုသည် မိုးချုပ်မှ ရွာသို့ ရောက်လေ၏။

          နံနက်ခင်းသည် ကြည်လင်လှပေ၏။ သပိတ်လွယ် ငှက်ကလေး တစ်ကောင်သည် ခြံစည်းရိုးထက်တွင် နားလျက် နွားနို့ညှစ်နေသော မောင်ထွေးအား အပျင်းဖြေသည့်အလား အမြီးတခါခါ၊ လည်တညိတ် ညိတ်နှင့် တွန်မြည် သီဆိုလျက်ရှိလေ၏။ အနောက်အိမ်ကြီးတွင်ကား ကွမ်းသီးပန်း၏ ကြည်ချို သင်းကြူသောရနံ့ဖြင့်ထုံသော လေပြည်ကို ရှူရှိုက်ရ၍ မည်သည့်ပန်းမှထွက်သော ရနံ့ဟု သိလိုသောကြောင့် ပွဲစားကြီး သမီး ခင်ထွေးသည် နွဲ့လျသွယ်ပျောင်းသော ကိုယ်ကလေးကို မနိုင့်တနိုင် ချီမလျက် ခြံတွင်းသို့ ဆင်းလာလေ၏။ တောင်မြောက်လေးပါး လှည့်လည်ကြည့်ရှုပြီးနောက် နွားတင်းကုပ်နားသို့ ရောက်သော အခါ

          “မောင်ချစ်ရေ.. နွားကြီးတွေ ကြည့်ရအောင်ဟေ့”

          ဟု ခေါ်လိုက်

          သော ကြည်လင်အေးမြသော အသံကလေးကို ကြားရသောခဏ၌ မျက်နှာသုတ်ပဝါဖြင့် ပတ်ရစ်ထားသော မောင်ထွေး၏ ဦးခေါင်းသည် စိတ်စူးစိုက်နေရာ နို့ပုံးမှ အလိုအလျောက် လှည့်ခွာ၍ ခြင်္သေ့လည်ပြန် ကြည့်လိုက်လေ၏။ ခင်ထွေးနှင့် အကြည့်ချင်းဆုံမိ၍ နှစ်ယောက်သား တို့၏ ရင်တွင်းဝယ် တစ်ပြိုင်နက်သော သွေးတိုးခြင်းဖြင့် ဒိတ်ခနဲ ဖြစ်သွားသည်ကို ၎င်းတို့၏ သွေးရောင်လျှမ်းသော မျက်နှာများက သက်သေခံ လျက်ရှိလေ၏။ ပြုံးချိုသော မောင်ထွေး၏အသွင်သည် ခင်ထွေး၏ နှလုံးသားကို လှုပ်ရှားစေသလောက် ကြည်လင်သော ခင်ထွေး၏ အသရေသည် မောင်ထွေး၏ နှလုံးသားကို လှုပ်ရှားစေလေတော့၏။ ထိုနံနက်သည်ကား မြို့ကြီးသူ ခင်ထွေးနှင့် တောသားငယ် မောင်ထွေးတို့ ပထမဆုံးဆုံမိ၍ အချစ်စေ့ ပျိုးထောင်သော အမှတ်တရအချိန်ဖြစ်ပေ၏။ ထိုကာလမှစ၍ မောင်ထွေးသည် ခါတိုင်းကဲ့သို့ လန်းလှသည်မရှိ။ ပျော် သလိုလို၊ ပျင်းသလိုလို၊ ဝမ်းနည်းသလိုလိုနှင့် စိတ်နှလုံး ကြောင်တက် လျက်ရှိပေ၏။ အကြောင်းရင်း တိတိကျကျကိုကား ရှာဖွေ၍ မတွေ့ချေ။ ပြုံးချိုသော အသွင်၊ ငယ်သောအဖြစ်သို့ တစ်စတစ်စ ပြောင်းသွား လေတော့၏။

          ခင်ထွေးသည်လည်း မောင်ထွေး၏ ပြုံးချိုသော မျက်နှာကို အစဉ်မပြတ် မြင်ယောင်လျက်ရှိပေ၏။ ကွမ်းသီးပန်းရနံ့ကြိုင်သော အခါများတွင် အထူးသတိရ၏။ မောင်ထွေးအား မြင်တွေ့လို၏။ အသိ ဖွဲ့ လို၏။ မိမိ မောင်ကြီးပင် ဖြစ်ပါတော့ဟု တောင့်တမိ၏။ သို့နှင့်လည်း ၎င်းတို့နှစ်ယောက်သည် အထက်ပါ နံနက်မှစ၍ တွေ့ဆုံရမှာ ရှန့်တန့် တန့် ရှိကြလေသောကြောင့် တစ်ယောက်အလစ်တွင်မှ တစ်ယောက် အပြင်သို့ ထွက်သည်သာ များလေ၏။ ဤအခြင်းအရာတို့ကား မည်သို့ သောသဘော၏ အရိပ်အယောင်တို့ပေနည်း။

          ပွဲကတော်ကြီးထံတွင် ခေတ္တအစေခံ တောင်ပိုင်းသူ ဒေါ်ထွေး တုတ်သည် တစ်ခုသော နေ့လယ်၌ ခင်ထွေး၏ မောင်ငယ် မောင်ချစ် အား ခေါ်ခဲ့၍ မောင်ထွေးနှင့် မိတ်ဆွေဖွဲ့ ပေး၏။ အိမ်ခလောက်ဆွဲတွင် ချိတ်ထားသော လှောင်အိမ်တွင်းက လည်ပြောက်ကလေးသည် မောင်ချစ်အား နေ့တိုင်း အလည်လာစေရန် သွေးဆောင်လျက်ရှိလေ၏။ မောင်ထွေးသည် မောင်ချစ်အား အထူးဂရုစိုက်လေ၏။ ရွံ့နွားရုပ် ငယ် တစ်ရှဉ်းနှင့် နွားလှည်းငယ်တစ်စီးကို လုပ်၍ လက်ဆောင်ပေး၏။

          မောင်ချစ်က “ကိုမောင်ထွေး ကိုမောင်ထွေး” ဟု ခေါ်သည်ကိုပင် အလွန်အရသာရှိ၍ နားဝင်ချိုသည်ဟုထင်၏။ ညနေချိန် နွားလိုက်သွား သောအခါ သောင်ပြင်မှ ရှင်မွေ့နွန်းဆံထုံး စသော ခရုခွံ ဖြူညိုဝါတို့ကို မောင်ချစ် ကစားဖို့ ကောက်ယူ၍ လာလေ့ရှိ၏။ သို့ဖြင့် မောင်ထွေးနှင့် မောင်ချစ်တို့သည် အရွယ်ပင်မမျှသော်လည်း အကျွမ်းဝင်သော မိတ်ဆွေ များ ဖြစ်လာကြလေ၏။ ခင်ထွေးတို့သည် ဗိုလ်တဲ မအားမီ ၁၁ ရက် မျှလောက် အနောက်အိမ်ကြီးတွင် စခန်းထောက် တည်းခိုခဲ့ကြလေ၏။ ပွဲစားကြီးနှင့် ပွဲကတော်ကြီးတို့သည် ဧည့်ဝတ်ကျေပွန်သော မောင်ထွေး တို့ အိမ်သားများအား ကျေးဇူးတင်ကြောင်း မကြာခဏပြော၏။ စာပေ ဝါသနာပါသော ပွဲစားကြီးနှင့် ဦးရွှေချိုတို့သည် တစ်ခါတစ်ခါ ဆုံ၍ စာပေကို ဆွေးနွေးမေးမြန်းလေ့ရှိ၏။

          ဖော်ရွေဖျတ်လတ်၍ သူတစ်ပါးအကျိုးကို သယ်ပိုးလေ့ရှိသော မောင်ထွေး၏ ပင်ကိုသဘောသည် ရှန့်တန့်တန့်ဖြစ်သော ယာယီစိတ် တို့ကို မကြာမီပင် နိုင်နင်းအောင်မြင်သွားလေ၏။ ဖခင် ခိုင်းစေသောကြောင့် နံနက်တိုင်းပင် ဗိုလ်တဲသို့ နွားနို့ပို့ သွားရ၏။ တစ်ခါတစ်ရံ ရွာထဲတွင် လျှောက်ရောင်းသော ဒီလုံးငှက်၊ ဗိုလ်စားငှက် စသော ပင်လယ် ငှက်သေကလေးများကို ဟင်းလျာအဖို့ မိမိက စိုက်ထုတ်ဝယ်ယူ သွားပို့သောအခါ ခင်ထွေး၏မျက်နှာတွင် ကျေးဇူးအထူးတင်ကြောင်း လက္ခဏာ ကို ထင်ရှားစွာ တွေ့ရလေ၏။ တစ်ခါတစ်ရံ မိမိအား နှုတ်ဆက်လိုသောဟန်ဖြင့် ခင်ထွေးက ပြုံးစိစိ ကြည့်နေသည်ကို တွေ့ရသော်လည်း မျက်နှာချင်းမဆိုင်ဝံ့သောစိတ်ကြောင့် အခါခါ ရှုံးနိမ့်ခဲ့ရလေ၏။ ခင်ထွေး သည် ရန်ကုန်ကျောင်းကြီးတစ်ခုတွင် ကိုးတန်းစာမေးပွဲကို ဖြေဆိုခဲ့သူဖြစ်သည်ဟု ဒေါ်ဗွေးတုတ်ပြောသံကို ကြားဖူး၏။ ကိုးတန်းပညာကို မိမိတို့ရွာတွင် မကြားဖူးသောကြောင့် အံ့သြမိ၏။ လှပယဉ်ကျေး၍ ပညာရှိသော မြို့ကြီးသူ ခင်ထွေးသည် ငါသို့သော တောသား နုံချာချာကို စိတ်ကူးတွင်မျှ ထည့်မည်မဟုတ်။ မြို့ကြီးသား လူရည်လည်တို့နှင့် များစွာ တွေ့ကြုံဖူးသော မခင်ထွေးသည် ငါ့အား အသို့လျှင် သတိပြုနိုင် အံ့နည်း စသည်ဖြင့် တောင်စဉ်ရေမရ တွေးမိ တွေးရာ တွေးတောသော မောင်ထွေးသည် မိမိ၏ တည်ကြည်ခဲ့ဖူးသော စိတ်ထားကိုမျှ မထောက် ထား မလေးစားနိုင်တော့ဘဲ အချစ်လေပွေတွင် လှည့်ပတ်လွင့်ပါးလျက် နေလေတော့သတည်း။

          ခင်ထွေးဘက်ကို ကြည့်ပြန်ကလည်း ခင်ထွေး၏ ကြည်လင် သော စိတ်သည် ထိုနေ့နံနက်ကစ၍ ရီဝေညိုမှိုင်း မင်းလွင်ဆိုင်းလျက် ထုံထိုင်းခဲ့လေ၏။ မောင်ထွေးကို ချစ်သည်ဟု တိုက်ရိုက်ကြီး တွေးရမှာ လည်း ရှက်သလိုလိုဖြစ်၏။ မောင်ထွေးကိုလည်း နေ့စဉ်တွေ့ လို၏။ နံနက်ခင်းအခါများတွင် ခင်ထွေးသည် စင်စ ပုရစ်ပွင့်ကလေးကဲ့သို့ ရွှင်မြူးသောအသွင်ကို ဆောင်တတ်၏။ အကြောင်းသော်ကား နွားနို့ပို့ လာသော မောင်ထွေးနှင့် တွေ့ရဆုံရ ကြုံရသောကြောင့်ပေတည်း။ နေ့ စဉ်နှင့်အမျှ တွေ့နေရသော သူနှစ်ဦးတို့သည် တစ်ခွန်းစ နှစ်ခွန်းစ ပြောဆို နေရာမှ အကျွမ်းဝင်၍ လာကြလေ၏။ တစ်နေ့နံနက်တွင် မောင်ထွေး သည် ခြံထောင့်ရှိ ပိတောက်ပင်ကြီးမှ ပွင့်သစ်စ ပိတောက်ပန်းများကို ဆွတ်ခူး၍ နွားနို့နှင့်အတူ ဗိုလ်တဲသို့ ယူခဲ့လေ၏။ လမ်းတွင် မိမိ၏ လျင်မြန်သောခြေလှမ်းကို နှေးလှသည်ဟုအထင်ရောက်၍ အော်ငေါက်မိ သေး၏။ ဝင်းဝတွင် စောင့်နေသော ခင်ထွေးနှင့် မောင်ချစ်တို့ကို တွေ့ ရှိ၍ ပန်းများကို ပေးခဲ့ပြီးလျှင် နွားနို့ကို မီးဖိုခန်းသို့ သွားပို့မည်အပြုတွင်

          “ကိုထွေးမောင်.. ဘွား တွာ ယောင်လို့၊ ကိုမောင်ထွေး.. ဒီပန်းတွေ ဘယ်ကယူလာသလဲ။ အပင်ပန်းရှာလို့ရှင်... အားနာစရာကြီး။ ကျွန်မတို့ကိုပြောရင် လာယူမှာပေါ့ ။ မွှေးလိုက်တာကလည်း ကြိုင်လို့ ပါကလား။ မောင်ချစ်ရေ... ဟောဒီအခိုင်ကြီးကို ဘုရားတင်ဖို့ မေမေ့ဆီ ကို ယူသွားပါ”

          “ကိစ္စမရှိပါဘူးဗျာ၊ လမ်းကြုံတာနဲ့ ခူးလာတာပါ။ တောပန်း မြိုင်ပန်းတွေမို့ မထွေးတို့ ကြိုက်မှကြိုက်ပါ့မလားလို့ တွေးပြီး ပူမိပါ သေးတယ်”

          “ကိုထွေးရယ်၊ တောပန်း မြိုင်ပန်းပေမဲ့ အဆင်းရနံ့နဲ့ ပြည့်စုံလေ တော့ သဇင်ပန်းများဟာ နန်းတွင်းသူတို့ရဲ့ ပန်တော်ဝင်ပန်းမြတ် ဖြစ်ရ သေးတယ် မဟုတ်ပါလား။ မြို့ကြီးများဟာ နာမည်ကြီးသလောက်ကောင်းတာမဟုတ်ဘူးရှင့်။ မလွှဲသာလို့သာ နေရတာ။ အခုလို နွေအခါ များမှာဆိုရင် အဝီစိငရဲမီးမက ပူပြင်းတယ် ထင်မိတယ်။ ကိုထွေးတို့ ရွာကလေးကတော့ အေးအေးချမ်းချမ်းရှိလို့ မထွေးဖြင့် သိပ်ပျော်တာပဲ။ အုန်းရည် ချိုချိုအေးအေးကို ဗင်တိုရေခဲစိမ်ထက် ပိုပြီးကြိုက်တယ်။ ပင်လယ်လေနဲ့ ပန်ကာလေဟာလေ ခြံစည်းရိုးက ကျီးအာသီးမှည့်နဲ့ ပတ္တမြားလုံးလောက် ကွာခြားပါတယ်။ နေရမယ်ဆိုရင် ဟောဒီမှာ တစ် သက်လုံး နေနိုင်ပါတယ်” ဟု စကားအစဉ်မမှန် စိတ်တွင် ကာလရှည် စွာ ပြုစုပျိုးထောင်ခဲ့သော ဆန္ဒတို့ကို ထုတ်ဖော်ပြောဆိုမိလေ၏။

          သို့ဖြင့် မောင်ထွေးနှင့် ခင်ထွေးတို့သည် အကျွမ်းဝင်သည် ထက် ဝင်လာ၍ အလွမ်းဇာတ်ဖွင့်မည့် အရိပ်အယောင်ကို ပြလျက်ရှိကြ ကုန်၏။ ပွဲစားကြီးနှင့် ပွဲကတော်ကြီးတို့မှာမူကား မောင်ထွေးကို သာမန် တောသားကလေးပင်ဟု အရေးမပြု ဂရုမစိုက်၊ အထွေအထူးကို မစဉ်း စားဘဲ တွေ့သောအခါများတွင် မောင်ချစ်တို့မောင်နှမကို ကြည့်ရှုစောင့် ရှောက်ရန် ပြောလေ၏။ မိမိအား ယုံကြည်စိတ်ချ အပ်နှင်းသည်ကို