မင်းသိင်္ခ - မွှေးပင်မွှေးညားပန်းစကား
အခန်း (၁)
စလင်းမြို့က ကလေးတစ်ယောက်
တစ်ခါက စလင်းမြို့ အနီးတွင် ကုန်ခြောက်ဆိုင်ကလေး တစ်ဆိုင် ရှိ၏။ ထိုကုန်ခြောက်ဆိုင်ကလေးမှာ ကိုနီနှင့် မဝါးဆိုသူတို့ ပိုင်ကြ၏။
၎င်းတို့ လင်မယားသည် လင်တစ်ထမ်း၊ မယားတစ်ရွက် ဆိုသကဲ့သို့ တက်ညီလက်ညီ လုပ်ကိုင်ကြ၏။ ကိုနီသည် ကုန်ခြောက် ရောင်းသည့်အခါ ရောင်းသည်။
သို့ရာတွင် ဆိုင်တွင် မဝါနှင့်ထားခဲ့ပြီး ၎င်းကမူ တစ်ခါတစ်ရံ ထီ ပေါက်စဉ်၊ တစ်ခါတစ်ရံ သင်္ကြန်စာ၊ တစ်ခါတစ်ရံ အဝတ်ဖြင့် ချုပ်ထားသော ကလေးဦးထုပ်၊ သင်္ကြန်ကျခါနီး အချိန်များတွင် သံဖြူဖြင့်ပြုလုပ်ထားသောရေပြွတ်စသည်ဖြင့် ပေါ်ပင်ပစ္စည်း ကလေးများကို ပွေ့ပိုက်၍ ဈေးဝတွင်ရောင်းလေ့ရှိသည်က များလေ၏၊
ထိုပစ္စည်းကလေးများသည် အမြင်အားဖြင့် သေးဖွဲသကဲ့သို့ ရှိသော် လည်။ အမှန်စင်စစ်အားဖြင့် “အမြတ်ကြမ်းသော ပစ္စည်းများ ဖြစ်ကြလေ၏။
ထို့ကြောင့် ကိုနီနှင့် မဝါးတို့သည် အိမ်ထောင်ကျပြီး များမကြာမီ၌ ပင် “ဈေးမ'ဟုခေါ်သည့် ရပ်ကွက်တွင် မြေကွက်တစ်ကွက် ဝယ်ယူ၍ အိမ် ကလေးတစ်လုံး ဆောက်နိုင်ခဲ့လေ၏။
ရပ်ကွက်ထိပ်ရှိ ဦးကိတ္တိကျောင်းသို့လည်း လပြည့်လကွယ် နေ့တိုင်း ဆွမ်းဟင်း မှန်မှန်ပို့နိုင်ခဲ့လေ၏။
တစ်နှစ်ခန့်ကြာသောအခါ၌ ၎င်းတို့တွင် သားကလေး တစ်ယောက် ထွန်းကားခဲ့လေ၏။
ထိုကလေးအား ကင်ပွန်းတပ်ရာတွင် ပုဇွန်ခြောက်ထောင်းကြော် နှင့် ပြည်ပန်းညိုဟင်းချိုချက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့လေ၏။
ရပ်ရွာမှ လူကြီးများက ကင်ပွန်းတပ်ရာ အမည်အမျိုးမျိုးကို ရွေးချယ် ခဲ့ကြလေ၏။
ရွာသူကြီးဖြစ်သူ ဦးထွန်းရှိန်က 'ကြက်သွန်ဖြူဥ တစ်လုံးစုဆိုသော နည်းဖြင့် “သန်းမောင်ဦး'ဟု အမည်မှည့်ခေါ်ရန် ပြောလေ၏။
ဦးကိုရင်ဆိုသူက ပဉ္စပွတ်၊ ဆပွတ်၊ အညွန့်နည်းဖြင့် “လှမောင်အေး” ဟု မှည့်သင့်ကြောင်း ပြောလေ၏။
ဦးတူးဆိုသူ ဘီအိုစီကိုယ်စားလှယ်ကြီးက “အရင်းမွေးနံ အဖျားခံ မှည့်ရင် ပဉ္စပွတ်'ဆိုသောနည်းဖြင့် ‘တင်လှ'ဟု မှည့်ရန် တိုက်တွန်း၏။
စာရေးကြီး ဦးဘအေးကမူ “အမည်ကိုမှန်စေ၊ နေရပ်ကို ဆန်စေ” ဆိုသော နည်းဖြင့် “တင်အောင်'ဟုသာ မှည့်သင့်ကြောင်း ပြောပြန်၏။
ဗေဒင်ဆရာ ဦးကြည်ကမူ မဟာဘုတ်နည်းအရ “ရာမောင်'မှည့်ရ မည်။ ဤသို့မမှည့်ပါက ကလေးတွင် ခိုက်နိုင်ကြောင်း အခြောက်အလှန်းများ ဖြင့် ပြောလေ၏။
ထိုအခါတွင် ကိုယ်ရေပြားရောဂါသည် ဒေါ်ချောက...
“အောင်မလေးတော် ကလေးတစ်ယောက် နာမည်ပေးတာများ ခက်နေလိုက်ကြတာ၊ တစ်ယောက်တစ်ပေါက်နဲ့ ပြီး,မပြီးနိုင်ဘူး၊ မောင်နီနဲ့ မိဝါးက မွေးတဲ့ကလေးပဲဥစ္စာ 'နီဝါးလို့ ပေးလိုက်ပြီးရောပေါ့”
ဟု အော်ဟစ်၍ ပြောလိုက်ရာ ကလေး၏ဖခင် ကိုနီသည် လွန်စွာသဘောကျ သွားကာ...
“ဟာ... သိပ်ပြီးဟုတ်တာပေါ့ ဒေါ်ချောရယ် နီဝါး... ဟား... ဟား... ဟား သိပ်ပြီးကောင်းတယ် ကျပ်သားကလေးကို မောင်နီဝါးလို့ခေါ်မယ်”
ဟု အားရဝမ်းသာ ပြောလိုက်လေ၏။
ထိုအခါ ဗေဒင်ဆရာ ဦးကြည်က...
“မောင်နီတို့များကွာ၊ ရပ်ရွာလူကြီးတွေ၊ ဘီအိုစီကိုယ်စားလှယ်ကြီး တွေ၊ စာရေးကြီးတွေ၊ ငါလို ဗေဒင်ဆရာကြီးတွေပေးတဲ့ နာမည်ကျ တော့ အင်တင်တင်လုပ်နေတယ်၊ အနူပေးတဲ့ နာမည်ကျမှ သဘော ခွေးသတဲ့ ကောင်းရော့ကွာ၊ ကလေးရေ မင်းအဖြစ်ကတော့ဆိုးသကွာ”
ဟု နိမိတ်ဖတ်လိုက်လေတော့သည်။
အခန်း (၂)
နောက်လင်က အရင်လင်ကို အပြစ်တင်ခြင်း
လေးနှစ်ခန့် ကြာသောအခါ၌ မောင်နီသည် အလုပ်ပင်ပန်းလွန်း၍ ပန်းဖျား ဖျားကာ ကွယ်လွန်အနိစ္စ ရောက်သွားလေတော့သည်။
မဝါးတစ်ဦးတည်းသာလျှင် ကုန်ခြောက်ဆိုင်ကို ဆက်လက် ရောင်း ချခဲ့လေ၏။
မောင်နီ သေပြီး တစ်နှစ်ခန့် ကြာသောအခါ၌ မဝါး၏ ကုန်ခြောက်ဆိုင်မှ ကုန်များကို သယ်ပို့လုပ်ရသော မြင်းလှည်းသမား စိန်လှိုင်နှင့် မဝါးတို့သည် ငြိစွန်းကြလေတော့၏။
ထိုသို့ ငြိစွန်းရာမှအစ မဝါးသည် မြင်းလှည်းသမား စိန်လှိုင်အား ပေါ်ပေါ်ထင်ထင်ပင် လင်သားအဖြစ်ယူ၍ အိမ်ပေါ်သို့ တင်လိုက်လေတော့၏။
ထိုနေ့မှစ၍ စိန်လှိုင်သည် မြင်းလှည်းမမောင်းတော့ပေ။ သူ၏ မြင်းလှည်း ကို ပိုင်ရှင်ထံသို့ အပြီးပြန်အပ်လိုက်လေတော့၏။
ထိုအခါ ပိုင်ရှင်ဖြစ်သူ ဦးကုလားက...
“စိန်လှိုင်ရယ် နောင်မောင်းချင်တဲ့ အခါကျတော့ အချိန်မရွေးလာယု ပါကွာ” ဟု ပြောရာ စိန်လှိုင်က...
“အောင်မယ်လေး ... ကိုကုလားရယ်၊ ဒီတစ်သက်အတွက်ကတော့ စိန်လှိုင်နဲ့ မြင်းလှည်းနဲ့ ဇာတ်ခေါင်းကွဲပြီး ဘယ်တော့မှ မောင်းတော့ဘူး၊ ပြီးတော့ ခင်ဗျားမြင်းမကြီးကလည်း ပေကတ်ကတ်နဲ့ လုပ်စားရကော ဘယ်လောက်ကျပ်တယ်မှတ်လဲ၊ ခင်ဗျား မြင်းမ စိန်လှလေးကို မောင်းမယ့်အစား မဝါးကိုပဲ မောင်းတော့မယ်"
ဟု ပြန်၍ပြောလျှင် မြင်းလှည်းပိုင်ရှင် ကိုကုလားက
“မင်းဟာ ဆီသီးသည် မဗျိုင်းလိုကောင်ပဲ မိဝါးက မောင်နီကိုတော့ ဝါးလိုက်ပြီ စိန်လှိုင်ဆိုတဲ့ကောင်ကိုလည်း ဝါးပစ်လိုက်ဦးမယ် သင်္ချိုင်းကုန်းကို ရောက်မယ့်ကောင် သွားတော့” ဟု မောင်းထုတ်လိုက်လေ၏။
စိန်လှိုင်သည် အိမ်သို့ ပြန်လာပြီးလျှင် မဝါးအား... “ဒီနေ့ ဈေးပိတ်တယ် မဝါ အော်ကောက်တို့အိမ်မှာတော့ ဝက်သား ပေါ်တယ်လို့ ကြားရတယ် ဝက်သားနှစ်တွဲလောက် သွားဆွဲပြီးရင် ပိန္နဲကွင်းနဲ့ချက်ဗျာ ပုစွန်ခြောက်များများနဲ့ စိမ်းစားငါးပီကိုထောင်းဗျာ၊ ငရုတ်သီးလည်း ထည့်ရမှာပေါ့ အဲဒါလေးကို ဆီပူတိုက်၊အီဖေကိုယ့်အကြိုက်”
ဟု ပြောရာ မဝါးသည် တရုတ်အော်ကောက်အိမ်သို့သွား၍ ဝက်နို့အုံသား နှစ်တွဲ ဆွဲလာလေ၏။ ထို့နောက် ပိန္နဲကွင်းနှင့် တွဲစပ်၍ ချက်ပြုတ်လေ၏။ ငါးပိစိမ်းစားကိုလည်း ပုစွန်ခြောက်နိုင်နိုင် ငရုတ်သီးနိုင်နိုင်ဖြင့် ငါးပိကြော် လုပ်လေ၏။
အလုံးစုံ ချက်ပြုတ်ပြီးသောအခါ စိန်လှိုင်ကို ထမင်းကျွေးလေ၏။ စိန်လှိုင်သည် တဝတပြဲ စားလေ၏။ စားပြီးလျှင် အိမ်ရှေ့ခန်းသို့ ထွက်၍ ခေါင်းအုံးကိုချကာ ပက်လက်လှန်၏၊ စန်းစန်း ဆေးလိပ်ကို ဖွား၏၊
အနီးတွင်လည်း ငါးသေတ္တာခွက်ဖြင့် ပြုလုပ်ထားသော ဆေးလိပ် ခွက်ကို ချ၏၊ ဆေးလိပ်မီးခိုးများကို အိမ်ခေါင်ဆီသို့ မှုတ်ထုတ်လေ၏။
ထိုအခိုက်မှာပင် မရွာစဖူး ထူးထူးကဲကဲ မိုးသည်းသည်းရွာလေတော့ ၏ စိန်လှိုင်သည် မိုးသံတဖြောင်းဖြောင်းကို နားထောင်ရင်း မျက်စိကို မှေး၍ အိပ်ရန် တာစူလေတော့၏။
ထိုအချိန်၌ သက်ကယ်အမိုးကြားမှ မိုးစက်ကြီးကြီးတစ်စက်သည် စိန်လှိုင်၏ရင်ဘတ်ဆီသို့ ပေါက်ခနဲ ကျလေ၏။
စိန်လှိုင်သည် လန့်၍ ဟာခနဲဖြစ်သွား၏။ သူ၏ ဧရာမ စည်းစိမ် ကြီးပျက်သွားလေတော့၏ ။
ထိုအခါ “တောက်'ဟု တောက်တစ်ချက် ခေါက်လိုက်ပြီး...
“မောင်နီတို့များ အိမ်ကို သွပ်မိုးမတင်ခဲ့ဘဲ သေရွာကို ရောက်သွား တာကိုး၊ တကယ်ဆို သွပ်ကလေး ဘာလေး မိုးခဲ့ပါလား၊ တော်တော် မိုက်ရိုင်းတဲ့ကောင်၊ အခုတော့ ကြည့်စမ်း သူ့တာဝန်ကို ယူရမယ့်နောက်လင်မှာ စည်းစိမ် မရှိလိုက်တာ”
ဟု သေဆုံးသွားရှာပြီဖြစ်သော လင်ကြီးဖြစ်သူ မောင်နီကို နောက်လင်ဖြစ် သော ၎င်းက အပြစ်မရှိ အပြစ်ရှာ၍ ကြုံးဝါးလိုက်လေတော့သတည်း။