မင်းသိင်္ခ - မတတ်ပ
အခန်း (၁)
အိမ်ဟောင်းကြီးတစ်လုံးပေါ်မှ
ကော်ဖီမသောက်ရသော လူကြီးတစ်ယောက်
ရန်ကုန်မြို့ မအူကုန်းဘက်မှ တာမွေဘက်ဆီသို့သွားသော ကျိုက္ကဆံဆိုသည့် မော်တော်ကားလမ်းကြီးတစ်ခုသည်ရှိ ၏။ ထိုကျိုက္ကဆံ လမ်းကြီးကို မျက်နှာပြုထားသည့် ရှေးဟောင်းအိမ်ကြီးတစ်အိမ်သည် လည်းရှိ၏။ ထိုအိမ်ကြီးမှာ အင်္ဂလိပ်ခေတ်ကပင် ဆောက်လုပ်ထား သောကြောင့် လွန်စွာအိုမင်းနေပြီဖြစ်၏။ ရေနံဝအောင်သုတ်ထားသော အိမ်မည်းကြီးတစ်လုံးဖြစ်၏။ မှန်ပြူတင်းပေါက်များနှင့် လှေကား လက်ရန်းများမှာမူ အဖြူရောင်ဖြစ်သောကြောင့် တစ်ခါက လွန်စွာခမ်း နားခဲ့သော အိမ်ကြီးအိမ်ကောင်းတစ်လုံး ဖြစ်ခဲ့ငြားသော်လည်း ပြင်ဘဲ နှစ်ပေါင်းများစွာ အသုံးပြုနေထိုင်လာသောကြောင့် ထိုအိမ်ကြီးကို ကြည့် ရသည်မှာတစ်ခါကထည်ဝါခန့်ညားသော အဝတ်အစားများ ဖြစ်သော်လည်းယခုအခါ၌ ဟောင်းနွမ်းစုတ်ပြဲနေပြီဖြစ်သော အဝတ်ဟောင်းများကို ဝတ်ထားသည့် အထည်ကြီးပျက် မိန်းမအိုကြီးတစ်ဦးကို တွေ့မြင်ရသကဲ့သို့သာ ရှိလေတော့၏။
ပြူတင်းပေါက်များတွင် တပ်ဆင်ထားသော မှန်များမှာလည်း အပြည့်အစုံမရှိတော့...။ ကွဲသည့် နေရာက ကွဲ၍ ပေါက်သည့်နေရာက ပေါက်နေပြီဖြစ် ၏။ ထိုနေရာများကိုလည်း လေဝင်လာသောကြောင့် စက္ကူကတ်ပြားများ၊ သုံးထပ်ပြားများဖြင့် ဖာထေးထား သည်ဖြစ်ရာ တစ်ခါကကျက်သရေရှိခဲ့သော မှန် ပေါက်များသည် အကြည့်ရဆိုးနေလေ တော့၏။
ဝရံတာနှင့်လှေကားတွင် တပ်ဆင်ထားသော အဖြူရောင်ပွတ်လုံး တိုင်များမှာလည်း ပြုတ်ထွက်သည့်နေရာက ပြုတ်ထွက်နေပြီး ကျိုးသည့်နေ ရာက ကျိုးနေပြီဖြစ်သောကြောင့် ကျိုးတို့ကျဲတဲနိုင်လှတော့၏။ ထိုအရာ များကို ကြည့်ရသည်မှာ သွားများဟိုတစ်ချောင်း ဒီတစ်ချောင်းကျိုးနေသော အဘွားကြီး တစ်ဦးပါးစပ်ဟ၍ ဟက်ဟက်ပက်ပက် ရယ်လိုက် သည်ကို တွေ့မြင်လိုက်ရသည့်အလား အရုပ်ဆိုးလှ တော့၏။
မျက်နှာကျက်တွင် ချိတ်ဆွဲထားသော ဖန်ပဒိုင်းနှင့် ဖန်မီးစလောင်း များမှာလည်း ကျပ်ခိုးများစွဲ၍ ပင့်ကူအိမ်များ သွယ်တန်းနေပြီး လွန်စွာမှ အကျည်းတန်လှတော့၏။
ဧည့်ခန်းအဖြစ် အသုံးပြုခဲ့သော အခန်းထဲတွင် ရှေးဟောင်း ကုတင်တစ်လုံးချထား၏။ ကုတင် တိုင်တစ်ချောင်း ကျိုး၍နေသောကြောင့် ထိုကျိုး၍နေသော ကုတင်တိုင်ငုတ်တွင် ခြင်ထောင်ထောင်ရန် အတွက် ကျိုက်ထီးရိုးတောင်ဝှေးတစ်ချောင်း ကပ်၍ ချည်ထားသည်ဖြစ်ရာ တစ်ခါက ခန့်ညားထည်ဝါခဲ့ သော ဧည့်ခန်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်၍ နေလေတော့၏။
မီးဖိုခန်းဘက်ဆီမှ အသက် ၅၀ ကျော်အရွယ်လူကြီးတစ်ဦး သည် အောက်ပိုင်းမသယ်နိုင်သော သူများစီးသည့် ရဲခေါ် ဘီးတပ် ထိုင်ခုံလေးပေါ်တွင် ထိုင်၍ ဘီးကို လက်ဖြင့်တွန်းရင်း ဧည့်ခန်းဆီသို့ဝင် လာလေ၏။ သူ၏လှည်းကလေးဖြင့် ကုတင်ဘေးသို့ သွား၏။ ကုတင်ဘေး တွင်ချထားသော စားပွဲခုံဟောင်းကို ကြည့်လိုက်၏။ ထိုစားပွဲခုံဟောင်းပေါ် တွင် ဆေးလိပ်ခွက်နှင့်ဆေးပုလင်းများ၊ ခဲတံဖောင်တိန်များထည့်သောခွက်၊ ပလတ်စတစ် အုပ်ဆောင်းနှင့် အုပ်ထားသောပန်းကန်၊ ကိုင်းကျိုး၍ သားရေကြိုးဖြင့် ချည်ထားရသောမျက်မှန်၊ ပရုပ်ဆီဘူး၊ နားကြက်တောင် များ ထည့်ထားသောဘူး... စသည်တို့ဖြင့် ရှုပ်ပွနေလေ၏။
ထိုလူကြီးသည် စားပွဲပေါ်သို့ လှမ်းကြည့်လိုက်ပြီးလျှင်
“မာမီကြီး ... ခြွယ်မိုင်ကော်ဖီ...” ဟု ကျယ်လောင်စွာ လှမ်း၍ပြောလိုက်လျှင် သဲကြိုးအစိမ်းရောင်တစ်ဖက်၊ အနီရောင်တစ်ဖက်ဧည့်ခန်းဆီသို့ ဝင်လာပြီးလျှင်
“ကော်ဖီမှုန့် ကုန်နေတယ်... ဒယ်ဒီကြီးရဲ့ ...၊ တက်တက် ရုံးကပြန်လာမှ ကော်ဖီမှုန့်ပါလာမှာ ...”
ဟု ပြောလိုက်လျှင် လူကြီး သည်မျက်နှာကိုရှုံ့မဲ့၍
“အဲဒါတွေ ခက်တာပေါ့...၊ မကုန်ခင်က ကြိုပြီးဝယ်ထားရမယ့်ဥစ္စာ...”
ဟု ညည်းညူပြစ်တင်လိုက်လေ၏။ ထိုအခါ အဒေါ်ကြီးက
“ဝယ်ရမယ်ဆိုတာတော့ သိတာပေါ့...၊ ဒယ်ဒီကြီး ရယ်... ပိုက်ဆံ... ပိုက်ဆံ ...”
ဟုပြန်၍ပြောရင်း လက်ညှိုးနှင့်လက်မကို ဝိုင်း၍ ထောင်ပြလိုက်လေ၏။ ထိုအခါ လူကြီးက
“ဝှက်... ပိုက်ဆံ...” ဟုပြန်၍ အော်လိုက်လေ၏။
“အဲဒီ ဒယ်ဒီကြီးပြောတဲ့ “ဝှက်.. ပိုက်ဆံ”
ပဲ မရှိလို့ ဒုက္ခရောက် တာပေါ့ ...” ဟု လေသံခပ်ပျော့ပျော့ဖြင့် အဒေါ်ကြီးက ပြောလျှင် | လူကြီးက
“ပိုက်ဆံဆိုတာ မန်းဏီပါဗျာ... မန်းရယ် ကီးရယ် နှစ်လုံးပဲရှိ တာမခက်ပါဘူး...၊ ငါ အများ ကြီးရှာပေးခဲ့တာပဲ...၊ ဟောဟိုမှာ ချိတ်ထားတဲ့ သားရေအိတ်ကြီးနဲ့ ၇ ရက်တစ်ခါ အပြည့်ထည့်ပြီး မင်းကို ပေးခဲ့တာမေ့သွားပြီလား ...”
ဟု ပြောလိုက်လျှင် အဒေါ်ကြီးက
“မမေ့ပါဘူး ဒယ်ဒီကြီးရယ်... အဲဒီတုန်း က ဒယ်ဒီကြီးက ( အင်ပို့လိုင်စင်ရလို့ကောင်းစားပြီး လူတိုင်းလိုလိုက ငေးကြည့်နေခဲ့ရတာလေ... အဲဒီတုန်းက ဂျစ်တစ်စီးမှ ဘယ်လောက်ပေးရလို့တုံး... နှစ်ထောင်ကျော်လောက်ပေးရင် ဂျစ်ကားအကောင်းစားရတယ်လေ...၊ ခင့်ကိုတောင် တစ်စီးဝယ်ပေးခဲ့ လို့ ခင်တောင် ဂျစ်ကားတဝီဝီနဲ့လေ...၊ အဲဒီတုန်းက ခင်ကလေး ငယ်သေးတယ်မဟုတ်လား၊ ကို တောင် လေဒီဂျစ် လို့တောင်ခေါ်ကြတာပဲ...၊အခု တော့ လေဒီဂျစ်လည်း မွဲတေစုတ်ပြတ် ပြီး လေဒီညစ်ဖြစ်နေပြီ ဒယ်ဒီကြီးရေ...” ဟု ပြန်၍ပြောလိုက်လေ၏။
ထိုအချိန်၌မှာပင် ၄င်းတို့နှစ်ဦး၏ သမီးကြီး ဖြစ်သော တက်တက် သည် အပေါ်ထပ်မှဆင်း၍လာလေ၏။
“သမီးရေ... ကော်ဖီမှုန့်ကုန်နေပြီ၊ ဒယ်ဒီကြီး ဒီမနက် ကော်ဖီ မသောက်ရဘူး၊ သမီးရုံးကပြန်ရင် ကော်ဖီမှုန့်ဝယ်ဖို့တော့ မမေ့နဲ့နော်...”
ဟု အဒေါ်ကြီးက ပြောလိုက်လျှင် တက် တက်က
“မာမီကလည်း... ဒီနေ့ ဆန်းဒေးလေ.. သမီးရုံးမှ မတက်ရ ဘဲ...” ဟု ပြန်၍ဖြေလိုက်ရာ လူကြီးသည် ပြူးကြောင်ကြောင်နှင့် | တက်တက်၏မျက်နှာကို လှမ်း၍ ကြည့်ပြီးလျှင်
“ဆန်းဒေး... ဆန်း... ဒေး... အဲဗရီး ဒေးအစ်နော့... ဆန်းဒေး... နေ့တိုင်းဟာ တနင်္ဂနွေနေ့ မဟုတ်ပါဘူးကွယ်...”
ဟု ပြောလိုက်လေ၏။ ထိုအခါ တက်တက်က
“ဘတ်... တူဒေးအစ်... ဆန်းဒေး...၊ နေ့တိုင်း တနင်္ဂနွေ နေ့မဟုတ်ပေမဲ့... ဒီနေ့ကတော့ တနင်္ဂနွေနေ့ ဒယ်ဒီရေ •••
ကော်ဖီမှုန့်ကတော့ ဆောရီးပဲ ...”
ဟု ပြောရင်းလက်ဝါးလေးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ပက်လက်လှန်လိုက်လေ၏။ ထိုအခါ လူကြီးက
“ကော်ဖီ... ကော်ဖီ... ဘာများခက်လို့ လဲ...၊ စာလုံးလေး က နှစ်လုံးထဲပဲ...၊ ကော်ရယ် ဖီရယ်... ဘာများခက်လို့လဲကွယ်...”
ဟု ပြောရင်း ဆို့နင့်ကြေကွဲသော အသံကြီးဖြင့် ရယ်မောလိုက် | လေတော့သတည်း။
ဟား... ဟား... ဟား... ဟား..
ဆင်းရဲတွင်းက နက်လှတယ်
များမကြာမီအချိန်အတွင်း၌ ထိုလူကြီးနှင့် ထိုအဒေါ်ကြီးတို့၏ | သမီးငယ် “ခက်ခက်”သည် ဧည့် ခန်းတွင်းသို့ ရောက်လာ၏။ ခက်ခက်မှာအရွယ်မရောက်သေးပေ။ ၈ နှစ်သမီးအရွယ်ခန့်သာ ရှိသေး၏။ ခက်ခက် သည် ဒယ်ဒီကြီးစီးသော ဦးရဲကို နောက်မှတွန်းလိုက်၏။ ဦးခဲ့သည် ရှေ့သို့ရွေ့သွား၏။
ထို့နောက် အဒေါ်ကြီးဘက်သို့လှည့်ကာ
“သမီး... ဘာစားရမလဲ မာမီ...”
ဟု မေးလေ၏။
“ပဲပြုတ်နဲ့ထမင်း ကြော်ထားတယ်လေ”
ဟု အဒေါ်ကြီးက ပြော လိုက်ရာ ခက်ခက်က နှုတ်ခမ်းကိုစု၍
“သမီး အဲဒါမကြိုက်ဘူး၊ မုန့်ဟင်းခါး စားချင်တယ်...”
ဟု ပြန်၍ပြောလိုက်ရာ
“ မစားချင်လို့ မရဘူးတဲ့...၊ ဒါမရှိဘူး..”
ဟု အဒေါ်ကြီးက လက်ညှိုးနှင့်လက်မကို ဝိုင်း၍ ပြပြန်၏။
“မာမီပြောလိုက်ရင် ဒါမရှိဘူးချည်းပဲ၊တစ် ခါတလေ ဒါရှိတယ်လို့ ပြောပါဦး ...”
ဟုဆိုကာ ခက်ခက်ကလည်း လက်ညှိုးနှင် လက်မကို ဝိုင်း၍ အဒေါ်ကြီးနားထောင်ပြလိုက်လေ၏။
“ဒါမရှိဘူးပဲ ပြောရမှာပေါ့ကွယ်၊ ဒီအိမ်ကြီး မှာ ညည်းဒယ်ဒီက လည်း အလုပ်မလုပ်နိုင်ဘူး၊ ဝင်ငွေ မရှိဘူး၊ မာမီကလည်း ဝင်ငွေမရှိဘူး၊ ညည်းတို့ ကိုကိုကလည်း နိုင်ငံခြားမှာ သွားအလုပ်လုပ်မယ်၊ ဟိုကနေ ပိုက်ဆံပို့မယ်ဆိုတာ ပိုက်ဆံမပြောနဲ့... စာကလေး တစ်စောင်တောင် မလာဘူး၊ တက်တက် ရုံးမှာလုပ်တဲ့ ဝင်ငွေလေးပဲရှိတာ...၊ မာမီတို့မှာရှိတဲ့ ရှိစုမဲ့စုလေးလည်း ရောင်းရောင်းပြီး စားနေရတာ...၊ ဘာများ အကောင်း ကျန်လို့လဲ သမီးလေးရယ်...၊ စောစော စီးစီး စိတ်ညစ်အောင် မပြောစမ်း ပါနဲ့ ...” ဟု ပြောလိုက်ရာ ၈ နှစ်အရွယ်ခန့်သာရှိ သော ခက်ခက်ကလေးသည် သူ၏မိခင်မျက်နှာကိုကြည့်၍ စိတ်မချမ်းမသာဖြစ်၍သွားလေ၏။ ထို့ နောက် အဒေါ်ကြီးသည် ခြေရင်းအိမ်ဘက်သို့ထွက်၍ သွားပြီးလျှင် ခြေရင်းအိမ်မှ လူငယ်တစ်ဦးနှင့်စကားပြောလေ၏။ စကားပြောသည် ဆိုခြင်းထက် ထိုနေ့နံနက်စာချက်ပြုတ်ရန်အတွက် ပိုက်ဆံချေးသည်ဟုဆို လျှင် ပို၍မှန်ပေလိမ့်မည်။ ထိုလူငယ်သည် အဒေါ်ကြီးအား
“မာမီကြီးရေ... လကုန်ခါနီးဆိုတော့ ကျွန်တော်လည်း ပြတ်နေတယ်၊ အဒေါ်ကြီးပြောတဲ့ ငွေတစ်ဆယ်တော့ မရှိဘူး၊ ငါးကျပ်ပဲ ရမယ်..."ဟုဆိုကာ ၄င်း၏ဒိုင်ယာရီစာအုပ်အတွင်းမှ ငါးကျပ်တန် တစ်ရွက်ကိုထုတ်၍ အဒေါ်ကြီးအားပေး လိုက်၏။ အဒေါ်ကြီးလည်း | ထိုငွေငါးကျပ်ကိုရလျှင် မိမိအိမ်ဘက်သို့ ပြန်၍ကူးလာပြီးနောက် အိမ်ရှေ့ လူသွားပလက်ဖောင်းပေါ်သို့ ထွက်လေ၏။ ပြီးလျှင် မျက်လုံးဖြင့် တစ်စုံ တစ်ယောက်ကိုရှာလေ၏။ ထိုသို့ရှာစဉ် ခေါင်းရင်း ၃အိမ်ကျော်ခန့်တွင် ရှိသော မော်တော်ကားဝပ်ရှော့မှ သာဂေါင်ဆိုသည့် ၉ နှစ် ၁၀ နှစ်အရွယ် ကလေးတစ်ဦးကိုတွေ့လျှင်
“သာဂေါင်ရေ... မာမီကြီးဆီ ခဏလာခဲ့ ပါဦး ” ဟုဆိုကာ သာဂေါင့်အနီးသို့ကပ်ကာ တိုး တိုး တိုးတိုးဖြင့်ပြောလေ၏။ သာဂေါင် လည်း ခေါင်းကို တွင်တွင်ညိတ်နေလေ၏။ ထို့နောက် သာဂေါင်လည်း ငါးကျပ်တန် ကို ကိုင်၍ အဒေါ်ကြီးအနီးမှ ပြေးထွက်သွားလေ၏။ အဒေါ်ကြီးလည်း မိမိအိမ်အတွင်းသို့ ပြန်၍ဝင်လာလေ၏။
အချိန်အနည်းငယ်ကြာသောအခါ သာဂေါင်ကလေးပြန်၍ ရောက်လာ၏။ သာဂေါင်၏လက်ထဲတွင် ကတော့ဖြင့်ထည့်ထားသော ကုလားပဲထုပ်တစ်ထုပ်၊ ငရုပ်သီးတောင့် အနည်းငယ်၊ ကြက်သွန် ဖြူကြက်သွန်နီအနည်းငယ်ထုပ်ထားသော အထုပ် တစ်ထုပ်၊ | စက္ကူလေးဖြင့် ထုပ်ထားသောကော်ဖီမှုန့်အချို့ပါ၍လာလေ၏။
မာမီကြီးသည် သာဂေါင်ပေးသောအထုပ် များကို လှမ်း၍ယူလိုက် ပြီးနောက် သာဂေါင့်အား မတ်စေ့တစ်စေ့ပေးရင်း
“နင်စားဖို့...” ဟုပြောလိုက်လေ၏။ ထို့နောက် မာမီကြီး သည် | သာဂေါင်ယူလာသော တစ်ခါဖျော်စာ ကော်ဖီမှုန့်ကလေးကို လူကြီးအတွက်ဖျော်၍ပေးလေ၏။ လူကြီးလည်း ယနေ့နံနက်အဖို့ ကော်ဖီသောက်ရန် မျှော်လင့်ချက်မရှိတော့ဟု စိတ်လျှော့ထားရာမှ ကော် ဖီပူပူနွေးနွေးတစ်ခွက် ကို မြင်လိုက်ရလျှင်
“အိုး... ဂွတ်.. ဒ်၊ ကောင်းလေစွ... ကောင်းလေစွ...”ဟု ရေရွတ်လိုက်လေ၏။ အဒေါ် ကြီးလည်း သာဂေါင်ဝယ်လာသော ကုလားပဲနှင့် ငရုတ်သီး ကြက်သွန်တို့ကို နံနက်နှင့် ညနေစာအတွက်ရည် ရွယ်ကာ ပဲဟင်းချဉ်စပ်တစ်ခွက်ချက်ရင်း ။
“ဆင်းရဲတွင်းက နက်လိုက်တာ... ဘယ်တော့များ တွင်း နှုတ်ခမ်းပေါ်ရောက်ပါ့မလဲ...”
ဟု တွေးတောရင်း မျက်လုံးအိမ်၌ မျက် ရည်များ စို့လာလေတော့သတည်း .......။ ။