မင်းသိင်္ခ - မင်းမေးတိုင်းငါကဖြေရမှာလား
အခန်း (၁)
ကျွန်ုပ်၏ ငယ်စဉ်ဘဝတစ်ကွေ့တွင် ကျွန်ုပ်သည် အနယ်နယ် အရပ်ရပ်ရှိ မြို့များသို့ လှည့်လည်၍ ဈေးအနီး လူစည်ကားရာ လမ်း များပေါ်တွင် လက္ခဏာ ဟောပြောခြင်းဖြင့် အသက်မွေးခဲ့ရပေ၏။
တစ်နေ့တွင် ကျွန်ုပ်သည် တောင်ကြီးမြို့သို့ ရောက်ရှိသွား၏။
ထို့နောက် အနီးရှိ တိုက်ရိပ်တစ်ခုကို အမှီပြုကာ လက္ခဏာ ဟာညှာ ဆိုင်ကလေးတစ်ဆိုင် ဖွင့်လှစ်၍ လက္ခဏာ ဟောပြောခဲ့ရ လေ၏။ နံနက်ပိုင်းတွင် လက္ခဏာ ဟောပြောပြီးနောက် နေ့ခင်းပိုင်းတွင် နေထိုင်မည့်နေရာကို ငှားရမ်းရန်အတွက် ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အိမ်ရှာရလေ၏။ အိမ်မရမီ ရက်များအတွင်း၌ တောင်ကြီး မြို့ မြေဖြူရွာရှိ တပ်ဦးဘုန်းကြီးကျောင်းတွင် ခိုကပ်၍နေရလေ၏။
ကျွန်ုပ်သည် အထက်က ဆိုခဲ့သည့်အတိုင်းနေရန် အိမ်ခန်း ကလေးကို ရှာဖွေခဲ့ရာ တစ်နေ့တွင် တိတ်ဆိတ်အေးချမ်းလှသော ရပ်ကွက်တစ်ခုအတွင်း၌ အိမ်ခန်းကလေးတစ်ခန်းရမည်ဟု သတင်းရသောကြောင့် ထိုအိမ်ခန်းဆီသို့ သွားရောက်ရလေ၏။ အိမ်မှာ သုံးပင် နှစ်ခန်း အိမ်ကလေး ဖြစ်၏။ တစ်ခန်းတွင် အိမ်ရှင်ဖြစ်သူ နေထိုင်ပြီး ကျန်တစ်ခန်းမှာ ကျွန်ုပ်အား ငှားရမ်းမည့် အခန်းဟု ယူဆရ၏။
မြေပိုကလေးရှိသောကြောင့် ခြံဝိုင်းကလေး သပ်သပ်ရပ်ရပ် ခတ်ထားသည်ကိုလည်း တွေ့ရ၏ ။
ကျွန်ုပ်သည် ခြံတံခါးဝတွင် ရပ်လျက်....
“အိမ်ရှင်တို့ အိမ်ရှင်တို့ ဝင်ခွင့်ပြုပါ ခင်ဗျာ”
ဟု ကျွန်ုပ်က အော်၍ ပြောလိုက်လေ၏။
“ဝင်ခွင့်ပြုပါတယ်၊ ဝင်ခဲ့ပါ”
ဟု ကလေးသံကလေးဖြင့် ပြန်၍ဖြေသည်ကို ကြားရ၏။
ကျွန်ုပ်သည် ခြံတံခါးကို တွန်းဖွင့်ရင်း....
“ခွေးရှိသလား ခင်ဗျား” ဟု အော်၍ မေးလိုက်၏။
“ခွေးမရှိပါဘူး၊ တောက်တဲ့ပဲ ရှိတယ်”
ဟု ကလေးသံကလေးဖြင့် ပြန်၍ဖြေလေ၏။
“မနောက်ပါနဲ့ ခင်ဗျာ၊ ကျွန်တော် အိမ်ခန်းငှားမလို့ လာတာပါ”
ဟု ကျွန်ုပ်က အော်၍ ပြောရပြန်၏။
“မနောက်ပါဘူး ခင်ဗျာ၊ ကျွန်တော်ကလည်း အိမ်ခန်းငှားမလို့စောင့်နေတာပါ”
ဟု ကလေးသံဖြင့် ပြန်၍ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ခြံတံခါးကို တွန်းဖွင့်၍ အတွင်းသို့ ဝင်သွားခဲ့လေ၏။
သုံးပင်နှစ်ခန်း အိမ်ကလေးပေါ်သို့ တက်သွားခဲ့လေ၏။ တစ်စုံ တစ်ယောက်မျှ မတွေ့ရသဖြင့်..... "
“ကျွန်တော် ရောက်ပါပြီ ခင်ဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ....
“ရောက်ရင် ထိုင်ပါခင်ဗျာ" ဟူသော ကလေးအသံကလေး သည် အမိုးပေါ်မှ ထွက်ပေါ်လာသဖြင့် အမိုးပေါ်သို့ မော့၍ကြည့်လိုက်ရာ ကိုးနှစ်အရွယ်ခန့်ရှိ ကလေး တစ်ယောက်သည် ထုပ်တန်းပေါ်တွင် ထိုင်၍ အိမ်အမိုးဖာနေသည်ကို တွေ့ | ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က... ။
“ဟေ့.... ကလေး၊ ဒီအိမ်ကလူတွေ ဘယ်သွားသလဲ”
ဟုမေးလိုက်ရာ ထိုကလေးက....
“ကျွန်တော်က ဒီအိမ်ကလူပဲလေ၊ အစ်ကိုကြီးနေဖို့ အမိုးဖာနေတယ်”
ဟု ဆိုကာ ကလေးသည် သွက်လက်ပေါ့ပါးစွာ ထုပ်တန်းပေါ်မှ အောက် သို့တွယ်၍ ဆင်းလာလေ၏၊ ပြီးလျှင် ကျွန်ုပ်အနီးတွင် လာ၍ထိုင်လေ၏။
"ဦးလေးက အိမ်ငှားမလို့ကွ၊ လူကြီးတွေ ဘယ်သွားသလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ထိုကလေးက....
“လူကြီးတွေ ဈေးသွားတယ်၊ ညနေမှ ပြန်လာကြမှာ အစ်ကိုကြီးရ အိမ်ငှားဖို့ကိုတော့ ကျွန်တော်နဲ့ ပြောပါ"
ဟု ထိုကလေးက ပြောလေ၏။ ကျွန်ုပ်သည် ထိုကလေးကို ကြည့်လိုက်၏။ ထိုကလေးသည် ဈေးချုပ်ဘောင်းဘီတိုကလေးကို ဝတ်ထား၏။ ထို မလောက်လေး မလောက်စား အရွယ်ကလေးတစ်ဦးနှင့် အိမ်ငှားမည့် ကိစ္စကိုပြောရန် ကျွန်ုပ်သည် ဝန်လေးလျက် ရှိ၏။
“မင်းနာမည် ဘယ်လို ခေါ်သလဲ” ဟု ကျွန်ုပ်က မေးလိုက်လေ၏။
“တောက်တဲ့လို့ ခေါ်ပါတယ်”
ဟု ကလေးက ပြန်ပြောလေ၏။ ကျွန်ုပ်သည် ပြုံးမိလေ၏။
ကျွန်ုပ်သည် ခြံအတွင်းသို့ မဝင်မီက ခွေးရှိသလားဟု မေးလိုက် ရာ ခွေးတော့ မရှိဘူး။ တောက်တဲ့တော့ ရှိတယ်ဟု ပြန်၍ ဖြေခဲ့ပုံကို သဘောပေါက်သွား၏။
“ဦးလေးက မင်းတို့ အိမ်ခန်းမှာ ငှားပြီးနေမလို့ကွ” ဟု ကျွန်ုပ် က ပြောလိုက်ရာ တောက်တဲ့က....
“အမေက အဲဒီအတိုင်း ပြောပါတယ် အစ်ကိုကြီး”
ဟု ပြန်၍ ဖြေလေ၏။ ကျွန်ုပ်က ဦးလေးဟု ပြောသော်လည်း ၎င်းက တစ်ကိုကြီးဟုသာ ကျွန်ုပ်အား ခေါ်၏။
“အဲဒီတော့ ဘယ်လို လုပ်ကြမှာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ တောက်တဲ့က....
“အိမ်လခ တစ်လ (၅၀) ကျပ် အစ်ကိုကြီး၊ အစ်ကိုကြီး နေရမှာဒီအခန်းပဲ"
ဟု ပြောလေ၏။
"စပေါ်က ဘယ်လောက်လဲ"
ကျွန်ုပ်က ထပ်၍ မေးလိုက်ရာ တောက်တဲ့က...
“စပေါ်တွေ စရန်တွေ မဟုတ်ဘူး၊ ပြန်မအမ်း အပိုင်ယူငွေသုံးရာပေးရမယ်"
ပြောလေ၏။
“ပြန်မအမ်း အပိုင်ယူငွေဆိုတော့ ဒီတစ်ခါပဲ ကြားဖူးတယ်၊
ဘာသဘောနဲ့ အဲဒီလို ယူတာလဲ”
ကျွန်ုပ်က မေးရပြန်လေ၏။
“အစ်ကိုကြီးနေဖို့အတွက် အမိုးတွေ ပြန်ဖာရတာက တစ်ရာ့ နှစ်ဆယ်ကျတယ်၊ ကျွန်တော့်အဒေါ် အခန်းနေရာက ထရံတွေ ပေါက်နေလို့ အစ်ကိုကြီး ချောင်းမကြည့်နိုင်အောင် စက္ကူတွေ ဝယ်ကပ်ရတာက ရှစ်ဆယ်ကျတယ်” တောက်တဲ့က ပြန်ဖြေလေ၏။
“မင်းအဒေါ် အခန်းကို ငါက ဘာကိစ္စ ချောင်းကြည့်ရမှာလဲ”
“ကျွန်တော့်အမေက ကျွန်တော့်ကို ပြောတဲ့အတိုင်း ကျွန်တော် က အစ်ကိုကြီးကို စာရေး ပြောပြတာပါ။ ကျွန်တော့်အဒေါ် အခန်းက မလုံဘူး၊ အစ်ကိုကြီးက ချောင်းမကြည့်ဘူးပဲထား၊ ကျွန်တော့်အဒေါ်က အစ်ကိုကြီးကို ချောင်းကြည့်နိုင်သေးတာပဲ၊ အဲဒီတော့ အပေါက်တွေကို ဖာကို ဖာမှ ဖြစ်မှာ”
ဟု တောက်တဲ့က ပြောလေ၏။
“မင်းအဒေါ် ငါ့ကို ချောင်းကြည့်မှာစိုးလို့ ဖာတဲ့ဂုံစက္ကူဖိုးကိုတော့ ငါ့ထဲမှာ ထည့်မတောင်းသင့်ဘူးပေါ့ကွာ”
ဟု ကျွန်ုပ်က ပြောရလေ၏၊
“မပြောပါနဲ့ အစ်ကိုကြီး၊ အားလုံးပြေပြေလည်လည် ဖြစ်သွား တာ အကောင်းဆုံးပါပဲ။ အစ်ကိုကြီး ဒီမှာနေရင် အဆင်ပြေမှာ ပါ၊ ကျွန်တော်ဟာလည်း အစ်ကိုကြီးအတွက် အသုံးဝင်မှာပါ အစ်ကိုကြီး ခိုင်းချင်တာခိုင်းရတာပေါ့၊ အဲဒီအတွက် လခ မယူပါဘူး" ဟု တောက်တဲ့ က ပြောလေ၏။
ကျွန်ုပ်သည် ကိုးနှစ်သားအရွယ် ကလေးတစ်ဦး၏ သွက်လက် ချက်ချာပုံကို သဘောကျမိလေတော့၏။ ထို့နောက် တောက်တဲ့က....
“ကျွန်တော့် အမေကလည်း ဟင်းချက်သိပ်ကောင်းတာ ခင်ဗျ အစ်ကိုကြီးအနေနဲ့ သူ့ဆီမှာ ထမင်းလခပေးပြီးစားရင် အဆင်ပြေတာပေါ့။ ထမင်းလခကလည်း တစ်ရာပဲယူမှာပါ၊ ဆီပြန် တစ်ခွက်ရယ်၊ ဟင်းချိုတစ်ခွက်ရယ်၊ ငန်ပြာရည်ဖျော်ရယ်၊ကပ်စရာရယ်" ဥ တောက်တဲ့က ပြောလေ၏။
“ကပ်စရာ ဆိုတာ ဘာလဲကွ” ဟု ကျွန်ုပ်က မေးရလေ၏။
“တို့စရာ ကို ပြောတာပါ အစ်ကိုကြီး” ဟု တောက်တဲ့က ပြန်၍ဖြေလေ၏။
“ ကျွန်ုပ်သည် ထမင်းလခ တစ်ရာဆိုသည်ကို စဉ်းစားနေ၏။ ထမင်းလခတစ်ရာ ဆိုသည်မှာ မများလှပေ။ ထမင်းတစ်နပ်လျှင် တစ်ကျပ်ပြားခြောက်ဆယ်ကျော်ကျော်သာ ကျပေသည်။ ထို့ကြောင့် အခန်းကို ငှားနေလျှင် နေရေးထိုင်ရေးသာမက စားရေးသောက် ပါ အဆင်ပြေလေပြီဟု တွေးမိလေ၏။
ထို့နောက် တောက်တဲ့က.... ။
“ကျွန်တော့် အမေက မုဆိုးမကြီး ခင်ဗျ၊ အမေရယ်၊ ကျွန်တော် ရယ်၊ ကျွန်တော့် အဒေါ်ရယ် နေကြတာ၊ ကျွန်တော့် အဒေါ်က အပျိုကြီး၊ သူလည်း အမေနဲ့အတူ ဈေးရောင်းတယ်၊ အစ်ကိုကြီးအတွက် အသုံးဝင်မှာပါ"
ဟု ပြန်ပြောလေ၏။
“မင်းအဒေါ်က ငါ့အတွက် ဘယ်လို အသုံးဝင်မှာလဲတောက်တဲ့ရဲ့” ဟု ကျွန်ုပ်က မေးလိုက်လေသည်။
“သူက အ လျှော်မယ်၊ မီးပူတိုက်မယ်၊ အဲဒီအတွက် အစ်ကို ကြီးက သူ့ကို လခပေးရမယ်၊ တစ်လခြောက်ဆယ်ဆိုရင် ကျွန်တော့် အဒေါ်က အစ်ကိုကြီးရဲ့ အင်္ကျီအဝတ်အစားတွေကို လျှော်လည်း လျှော်ပေးမယ်၊ မီးပူလည်း တိုက်ပေးမယ်၊ အဲဒီ တော့ အစ်ကိုကြီးရယ် အိမ်လခက ငါးဆယ်၊ ထမင်းလခက တစ်ရာ၊ လျှော်ဖွတ်ပေးခက ခြောက်ဆယ်စုစုပေါင်း နှစ်ရာ ကယ်ဆယ်ပေးတာနဲ့ အစ်ကိုကြီးအတွက် အားလုံး အဆင်ပြေ သွားမယ် တစ်လကို နှစ်ရာ့တစ်ဆယ်ဆိုတော့ တစ်နေ့မှ ခုနစ်ကျပ်ပဲ ကျပါတယ်” ဟု တောက်တဲ့က လေ၏။ ထို့ကြောင့် ကျွန်ုပ်က....
“ဒီအတိုင်းဆိုရင် အဆင်ပြေပါမယ် မောင်တောက်တဲ့ရယ်၊
အစ်ကိုကြီး ဒီညနေကို ပြောင်းလာခဲ့မယ်”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။
“အစ်ကိုကြီး ပြောင်းလာရင် သိပ်ကောင်းမှာပဲ ကျွန်တော် သိချင်တာတွေ မေးရမယ်၊ အမေ့ကို မေးလို့လည်း မရဘူး၊ အမေက စာကောင်းကောင်းမတတ်ဘူး၊ အဒေါ်ကို မေးလို့ လည်း မရဘူး၊ အချို့မှာက စဉ်းစားဉာဏ်လည်း မရှိဘူး၊ ဗဟုသုတလည်း မရှိဘူး၊ အစ်ကိုကြီးကတော့ ကျွန်တော် မေးတာတွေ ဖြေမှာပါ" ဟု တောက်တဲ့က ပြောလေ၏။//
“မင်းက ဘာတွေများ မေးချင်လို့လဲ မောင်တောက်တက်ရဲ့” ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်လေ၏။
“ တချို့ဟာတွေ ကျွန်တော်ဟာ ကျွန်တော် စဉ်းစားကြည့်တယ်။
စဉ်းစားလို့ မရတာတွေ အများကြီးပဲ၊ အဲဒါတွေတော့ | အစ်ကိုကြီးကို မေးရမှာပဲ” ဟု တောက်တဲ့က ပြောလေ၏။ ။
“ဘယ်လိုဟာမျိုးတွေလည်း တောက်တဲ့ရဲ့ ” ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်လေ၏။
“အခုတော့ မပြောတော့ပါဘူး အစ်ကိုကြီးရယ်၊ အစ်ကိုကြီး သို့ ပြောင်းလာမှပဲ မေးတော့မယ်”
ဟု တောက်တဲ့က ပြန်၍ ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်သည် တောက်တဲ့ကို နှုတ်ဆက်၍ ပြန်ခဲ့လေ၏။ ညနေပိုင်းသို့ ရောက်သော အခါ၌ ကျွန်ုပ်၏ လွယ်အိတ်၊ ကျွန်ုပ်၏ အိပ်ရာလိပ်တို့ကို ယူကာတောက်တဲ့တို့အိမ်သို့ ပြောင်းခဲ့လေ၏၊ | ကျွန်ုပ် ပြောင်း၍ သွားသောအခါ၌ တောက်တဲ့ အနေနှင့် | တောက်တဲ့ အဒေါ်တို့သည် အိမ်သို့ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။ | ၎င်းမိန်းမနှစ်ဦးသည် မိန်းမချောများ ဖြစ်ကြ၏။
တောက်တဲ့အမေသည် မဟာဆန်၍ ချော၏။ တောက်တဲ့၏ အဒေါ်မှာ ခေတ်ဆန်၍ ချော၏။ ၎င်းတို့ ပါးများသည် ဆေးမဆိုးရပါ လေဘဲလျက် နီမြန်းလျက်ရှိ၏။
ကျွန်ုပ်က တောက်တဲ့၏ အမေအား.... “နာမည်လေး ဘာလေး ပြောကြပါဦး၊ ကျွန်တော့်နာမည်ကအောင်ထွန်း လို့ ခေါ်ပါတယ်၊ ဝေဒင်လေး ဘာလေး တွက် တော့ “မင်းသိင်္ခ' ဆိုတဲ့ နာမည်နဲ့ တွက်တယ်၊ ဇာတိကရန်ကုန်ကပါ၊ အိမ်ထောင် မရှိဘူး” ဟု ပြောလိုက်ရာ တောက်တဲ့၏ မိခင်က ခစ်ခနဲ ရယ်၏။
“ကျွန်မလည်း အိမ်ထောင်မရှိပါဘူး၊ ကျွန်မက မုဆိုးမ ရှင်ကရော မုဆိုးဖို့လား” ဟု ကျွန်ုပ်အား ပြန်၍ မေးလိုက်ရာ ကျွန်ုပ်က.... ။
“တောက်တီး ဘောက်တဲ့ဗျာ၊ ဘုရားပေးပေး၊ ကျမ်းပေးပေး၊
မိန်းမဆိုလို့ အပျင်းပြေ ရိုက်စရာတောင် မရှိဘူး”
ဟု ပြန်ပြောလိုက်ရာ တောက်တဲ့ အမေက...
“မိန်းမဆိုတာ ပြင်းမှ ရိုက်တဲ့ ပစ္စည်းမှ မဟုတ်ဘဲ၊ ရှင် ဒီလောက်ရိုက်တာ ဝါသနာပါရင် မနက်ဖြန် ဖျာတွေထားခဲ့မယ်၊ နေပူရင် တုတ်နဲ့ ရိုက်ပေတော့”
ဟု ပြောလိုက်လေ၏။
ကျွန်ုပ်သည် တောက်တဲ့အမေ၏ ဟာသဉာဏ်ရွှင်ပုံကို သဘော ကျ၍ သွားလေ၏။ ကျွန်ုပ်၏ စိတ်၌ ဤမိန်းမအား သားမှတ်မှတ် မယား မှတ်မှတ်ယူ၍ အခြေချရလျှင် ကောင်းမည်လောဟူ၍ပင် စိတ်ကူးမိလေတော့၏။ သို့ရာတွင် တောက်တဲ့အမေ မုဆိုးမကို ကျွန်ုပ်ယူလျှင် ကျွန်ုပ် တို့ အား လှည်းကျိုးထမ်းသည်ဟု ပြောကြပေလိမ့်မည်။