မင်းသိင်္ခ - ပေတလူ
အခန်း (၁)
ဦးတင်ဘက်တူ နှင့် ဦးချိပ်ပန်း
တစ်ခါက ဦးတင်ဘက်တူဆိုသော လူကြီးတစ်ဦးရှိခဲ့ဖူးပါသည်။ ထိုလူကြီးသည် ရှေးမြန်မာမင်းဆက်တို့အကြောင်း၊ ရှေးမြန်မာမင်း ဆက်တို့ ၏ ဖြစ်စဉ်တို့ကို လွန်စွာမှတတ်ပွန်၏။ ထိုအကြောင်းအရာများကို ကျောင်းသူ ကျောင်းသားများအား သင်ကြားပေးသော ဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူး၏။
ထို့နောက်တွင်ကား ရှေးဟောင်းသုတေသန ဌာနသို့ ပြောင်းရွှေ့၍ လုပ်ကိုင်လေ၏။ အလုပ်တွင် လွန်စွာကြိုးစား၏။ ထို့ကြောင့် နာမည်ကောင်း များစွာရလေ၏။ ၄င်း၏မိဘမျိုးရိုးမှာလည်း ချမ်းသာကြွယ်ဝသော သူများ ဖြစ်ရကား ဦးတင်ဘက်တူသည် မိဘ၏အမွေအနှစ် များစွာကို ရရှိခဲ့လေ၏။
၄င်း၏မိဘများမှာ ပြင်ဦးလွင်မြို့တွင် နေထိုင်ခဲ့ကြသူများဖြစ်သဖြင့် မိဘများ ကွယ်လွန်သောအခါ၌ ခြံကြီးတစ်ခြံနှင့် လွန်စွာခမ်းနားသော နှစ်ထပ်အိမ်ကြီး တစ်လုံးကို အမွေအဖြစ် ရရှိခဲ့လေ၏။ ဦးတင်ဘက်တူသည် အငြိမ်းစားမယူမီ တစ်နှစ်အလိုခန့်တွင် နှလုံးရောဂါကြောင့် ဆေးရုံသို့ သုံးလခန့်တက်ရလေ၏။ ဆေးရုံတွင် နှလုံးအထူးကုသမားတော်ကြီးများက ကြပ်မတ်ကုသကြလေ၏။ ထို့သို့ ကြပ်မတ်ကုသသောကြောင့် အသက်ချမ်းသာရာ ရခဲ့သော်လည်း ဒူးခေါင်းနှစ်ဖက်မှာ ကောင်းစွာမဆန့်နိုင်သောကြောင့် ထိုင်ရာမှ ထသောအခါ တွင် လူတစ်ယောက်က တွဲ၍ထူပေးရလေ၏။ မတ်တပ်ရပ်မိသောအခါ၌မူ တွဲစရာမလိုပေ။ လမ်းကိုကောင်းစွာလျှောက်နိုင်လေ၏။ ထိုသို့ ကောင်းစွာလျှောက်နိုင်သော်လည်း ခြေလှမ်း ၁၅၀ လျှောက်ပြီးသောအခါ၌ ဆက်၍ မလျှောက်နိုင်ဘဲ မော၍ ခေတ္တနားရလေ၏။ ။
ထို့အတူ ဦးတင်ဘက်တူသည် အိပ်ရာမှ ထသောအခါ၌လည်း တွဲ၍ထူပေးသူရှိမှ ထနိုင်လေ၏။ ဦးတင်ဘက်တူသည် အငြိမ်းစားယူသော အခါ၌ ၄င်းနေထိုင်ရမည့်ပုံစံကို စနစ်တကျစဉ်းစား၍ ဇယားချလေ၏။ ထိုသို့ ဇယားချထားသော အကြောင်းအရာကိုလည်း စာဖြင့် အသေးစိတ် ရေးသား ထားလေ၏။ တစ်နေ့တွင် ဦးတင်ဘက်တူသည် သူ၏ရုံးမှ ရုံးအုပ်ကြီး ဦးချိပ်ပန်း အား သူ၏ ရုံးခန်းအတွင်းသို့ ခေါ်ယူ၍ -
“ ကိုချိပ်ပန်းရေ ...၊ ကျုပ်က ပင်စင်သွားရတော့မယ်ဗျ၊ ပင်စင်သွား ပြီးရင်တော့ ပြင်ဦးလွင်က ခြံမှာပဲနေမယ်ဗျ ...၊ အဲဒီခြံက မိဘတွေဆီက အမွေရတဲ့ခြံဗျ။ အဲဒီလို ပင်စင်ယူတဲ့အခါမှာ ကျပ်နဲ့ အတူနေဖို့ အဖော်လိုတယ် ဗျ၊ အဖော်လိုတယ်ဆိုလို့ တစ်မျိုးတမည်မထင်နဲ့နော်၊ ကျုပ်ကိုတွဲဖို့၊ ကျုပ်ကို ကူ ဖို့ ကလေးနှစ်ယောက်လောက်လိုတယ်ဗျာ..၊ယောကျ်ားလေးတွေဖြစ်မှကောင်းမယ်ဗျ။ သိပ်လည်းမကြီးစေချင်ဘူး သိပ်လည်းမငယ်စေချင်ဘူး ။ရှစ်နှစ်အရွယ် ၊ကိုးနှစ် အရွယ်ပဲ လိုချင်တယ်ဗျ။အဲဒါလေးကို ကူပြီးရှာပေးစမ်းပါဗျာ....."
ဟုပြောလိုက်လျှင် ရုံးအုပ်ကြီး ဦးချိပ်ပန်က...
“တွဲထူဖို့ ကလေးတစ်ယောက်ဆို တော်ပြီပဲ၊ ဘာဖြစ်လို့ ကလေး နှစ်ယောက်တောင်လိုရတာလဲ ” ဟု မေးလိုက်လျှင် ဦးတင်ဘက်တူက
“ကလေးနှစ်ယောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အဖော်ရ တာပေါ့ ဗျာ ..၊ တစ်ယောက်တည်းဆိုရင် ပျင်းပြီးထွက်ပြေးလိမ့်မယ် .."ဟု ပြောလိုက်လျှင် ဦးချိပ်ပန်းက -
“ဟုတ်တယ် ...ဟုတ်တယ် ..” ဟု ပြောဆိုကာ တဟဲဟဲ ရယ်လေ၏။
“နေပါဦး ဆရာဦးတင်ဘက်တူရယ် ...၊ အငြိမ်းစားယူပြီးရင် ပြင်ဦးလွင်မှာပဲ နေမှာလား ..." ဟု ဦးချိပ်ပန်းက မေးလိုက်လေ၏။ ထို အခါ ဦးတင်ဘက် တူ က “ဟုတ်တယ် ကို ချိပ် ပန်းရေ ...။ ပြင်ဦးလွင်မြို့ အဝင်နားမှာ မိဘတွေဆီက အမွေရလိုက်တဲ့ ခြံကြီးတစ်ခြံ ရှိတယ်ဗျ...၊ ခြံထဲမှာလည်း သီးပင်စားပင်တွေကိုစုံ နေတာပါပဲဗျာ ...။ ရေလည်း ကောင်းကောင်းရတယ်ဗျ။ ကျုပ် ငယ်စဉ်က အဲဒီခြံကအိမ်ကြီးမှာ ကြီးခဲ့ရတာပဲ၊ ကျုပ် အဖေက သစ်ကုန်သည်ကြီးဗျ။ အမေက စိန်ပွဲစား လုပ်တယ်လေ ...၊ နှစ်ထပ်အိမ်ကြီးကိုလည်း ခမ်းခမ်းနားနားဆောက်ပြီး နေခဲ့တာဗျ..၊ အိမ်မှာက လူတွေလည်း မနည်းဘူးဗျာ ...၊ အဖေ့ တပည့် တွေကလည်း အိမ်မှာနေကြတယ်၊ အမေ့ အမျိုးတွေကလည်း အိမ်မှာလာပြီးနေကြတယ်၊ ကျွန်တော်တို့ခြံကြီးက တခြားခြံတွေလို တိတ်ဆိတ် နေတာမဟုတ်ဘူးဗျ။ မီးတွေလင်းပြီး တစ်ခြံလုံး ဆူညံနေတာပဲ၊ အဲဒီခြံကြီးကို အဖေက ဝယ်ပြီးတာနဲ့ ခြံကိုနာမည်ပေးထားတယ်၊ ခြံဝမှာ သစ်သားထွင်း စာလုံးနဲ့ဆိုင်းဘုတ်ကြီး အခုထက်ထိရှိသေးတယ်ဗျ ... ဆွေးတော့ နေပါပြီ ဗျာ..၊ အဲဒီ သစ်သားဆိုင်းဘုတ်ကြီးမှာ ဘာရေးထားသလဲဆိုတော့-
တူဘက်တင်ခြံ
လို့ရေးထားတယ်ဗျ..” ဟု ပြောလိုက်လျှင် ဦးချိပ်ပန်းက
“နေပါဦး ဆရာဦးတင်ဘက်တူရယ် ၊ ဆရာ့ နာမည်က တင်ဘက်တု၊ ဆရာတို့ခြံကြီးနာမည်က တူဘက်တင် ၊ ဘယ်လိုဖြစ်တာလဲ ...” ဟု မေးလေ၏။
“ဒီလို ကိုချိပ်ပန်းရဲ့ ...၊ ကျုပ်အဖေ သစ်ကုန်သည်ကြီး ဦးသိန်းဖေ ဟာ ငယ်စဉ်က လက်ဝှေ့သမားကြီးဗျ၊ မြေဝိုင်းလည်း ထိုးဖူးတယ်၊ စင်နဲ့လည်း ထိုးဖူးတယ်၊ သူတို့ နယ်မှာတော့ လူသိများတဲ့ လက်ဝှေ့သမားတစ်ယောက်ပါပဲ။ တူတဲ့ဘက်ရှိရင် စင်ပေါ်တင်လိုက်၊ သတ်မယ်ပေါ့ ဗျာ၊ အဲဒါကို အကြောင်းပြုပြီး သူ့ရဲ့နာမည်ဟာ တူဘက်တင် ဖြစ်သွားတာပဲ၊ အမေနဲ့ အိမ်ထောင်ကျတဲ့အခါ အမေက လက်ဝှေ့ထိုးသတ်ဖို့ ခွင့်မပြုတော့ဘူးဗျ၊ အဖေက သစ်ကုန်သည် လုပ်လို့ရတဲ့ငွေနဲ့ ပြင်ဦးလွင်ကခြံကို ဝယ်လိုက်တယ်ပေါ့ ဗျာ ...၊ ပြီးတော့ သူ့ရဲ့ လက်ဝှေ့နာမည်ကို အလွမ်းပြေ တပ်လိုက်တာပေါ့ ဗျာ ............. အဲဒီခြံ ရောက်မှ ကျုပ်ကို မွေးတာဗျ၊ အဲဒီတော့ အဖေက စနေသားဖြစ်တဲ့ကျုပ်ကို တင်ဘက်တူလို့ သူကိုယ်တိုင် နာမည်ပေးခဲ့တာ ...၊ အကြောင်းတော့ရှိမှာပေါ့ ဗျာ ........။ အဲဒီအကြောင်းကို တော့ တစ်ခါမှ ပြောပြမသွားဘူး ” ဟု ဦးတင်ဘက်တူက ပြောလေ၏။
ထို့နောက်တွင်ကား ရုံးအုပ်ကြီးဦးချိပ်ပန်းသည် ဦးတင်ဘက်တူ အငြိမ်းစားယူသောအခါ၌ ကူဖော်လောင်ဖက်ရမည့် ကလေးနှစ်ဦးအား အပြင်းအထန် ရှာဖွေလေတော့သတည်း။
အခန်း(၂)
အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး နှစ်လခန့်ကြာသောအခါ၌ | ရုံးအုပ်ဦးချိပ်ပန်းသည် အသက်သုံးဆယ့်ငါးနှစ်ခန့်ရှိသော အသားမည်းမည်း၊ကိုယ်လုံးကိုယ်ပေါက်လှလှ မိန်းမတစ်ဦးကိုခေါ်၍ ဦးတင်ဘက်တူ၏ ရုံးခန်းသို့ ရောက်ရှိလာလေတော့၏။ ဦးတင်ဘက်တူက ဦးချိပ်ပန်းအား
“ဆိုစမ်းပါဦး ကို ချိပ်ပန်းရယ် ..၊ ဘာကိစ္စများလဲ ..”
ဟု မေးလိုက်ရာ ဦးချိပ်ပန်းက
“ဒီလိုပါ ဆရာဦးတင်ဘက်တူရယ် ...၊ ဆရာက ကျွန်တော့်ကို အငြိမ်းစားယူပြီးတဲ့အခါမှာ ဆရာနဲ့ အတူနေဖို့ ကလေးငယ်နှစ်ယောက် လိုချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား ...”
ဟု ပြောလေ၏။
“ဟုတ်ပါ့ ကိုချိပ်ပန်းရယ် ...၊ ကျုပ်က အဲဒီအတိုင်း ပြောမိပါ တယ်ဗျာ ...”
ဟု ဦးတင်ဘက်တူက ပြောလိုက်လျှင် ဦးချိပ်ပန်းက ၄င်းနှင့်ပါလာသော မိန်းမကို ညွှန်ပြလျက် -
“သူ့ယောက်ျားနဲ့ ကျွန်တော်နဲ့က အလွန်ရင်းနှီးတဲ့ မိတ်ဆွေ တွေပဲ။ ကျွန်တော်တို့နေတဲ့ မြို့ကလေးမှာ တစ်ခုတည်းသော ပင်မင်းဆိုင်ပဲ၊ သူ့နာမည် က ကိုလှမောင်တဲ့၊ လာအပ်တဲ့အထည်တွေကို ကိုယ်တိုင်လျှော်ရတာလည်း ရှိတယ်၊ လူတွေနဲ့ လျှော်ရတာလည်း ရှိတယ်၊ ပြီးတော့ လျှော်ပြီးတဲ့အဝတ် တွေကို သူကိုယ်တိုင် ကြေးမီးပူကြီးနဲ့ တိုက်တော့တာပဲ၊ ကျွန်တော်တို့မြို့မှာတော့ အဲဒီလို မီးပူတိုက်တာကို ကြွေတိုက်တာလို့ ခေါ်ကြတယ်ခင်ဗျ ..။ ကြက်တိုက်တဲ့နေရာမှာ မြမောင်ဆိုတဲ့လူက တော်တယ်၊ ကြွေတိုက်တဲ့နေရာမှာ လှမောင်က တော်တယ်ဆိုပြီးတော့ ကြက်တိုက်မှာ မြမောင်၊ ကြွေတိုက်မှာ လှမောင်၊ ဖဲရိုက်မှာ ငဒိုးတဲ့ ...၊ အလေးခိုးမှာ “မဟာ”တဲ့ ... အဲဒီလို ပြောလေ့ရှိကြတယ်၊ ငဒိုးဆိုတာကလည်း ရိုက် အလွန်တော်တယ်၊ ဈေးထဲမှာ ငါးရောင်းတဲ့ မတာဆိုတာကလည်း အလေးခိုး အလွန်ကောင်းတယ်။ အဲဒါကြောင့်လည်း အဲဒီလိုတွင်တော့ တာပဲခင်ဗျာ ...၊ လှမောင်ကလည်း လေးငါးယောက်ရှိလေတော့ သူ့ကို ကြွေလှမောင်လို့ ခွဲခြားပြီး ခေါ်လေ့ရှိတယ်။ သူ့မိန်းမရဲ့ နာမည်ကတော့ မခင်နက်တဲ့၊ ကြွေလှမောင်သေတော့ မခင်နက်က ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တယ်၊ အဲဒီကလေးနှစ်ယောက်ကလည်းတစ်နှစ်ကြီး တစ်နှစ်ငယ်လေးတွေ ...၊ မခင်နက်က အဲဒီကလေးနှစ်ယောက်ကို မကျွေးနိုင်လို့ ဟိုအိမ်ထား၊ ဒီအိမ်ထားထားရတာ...၊ ဆရာ ဦးတင်ဘက် တူပြောတဲ့ အကြောင်းကို ဟောဒီမခင်နက်ကို ပြောပြတော့ သူကသူ့ကလေး နှစ်ယောက်ကို ဆရာ့အိမ်မှာ ထားမယ်တဲ့ ... အဲဒါကြောင့် ဆရာ့ဆီကို ခေါ်လာခဲ့တာ ....” ဟု ဦးချိပ်ပန်းက ပြောလေ၏။ ထိုအခါ၌ ဦးတင်ဘက်တူက မခင်နက်အား အကဲခတ်သကဲ့သို့ ကြည့်လိုက်ပြီးနောက်
“ဒီမှာ မခင်နက်ရေ ...၊ ခင်ဗျားကလေးနှစ်ယောက်ကို ကျုပ်က ကောင်းကောင်းမွန်မွန် မွေးမှာပါဗျာ၊ သူတို့အကူအညီလည်း ကျုပ်မှာ လိုမှာပါ ဗျာ ...၊ တစ်ခုပြောချင်တာက သူတို့ဆီကို ခင်ဗျား ခဏခဏ မလာဖို့ပါပဲ” ဟု ပြောလိုက်လျှင် မခင်နက်က -
“ဒီလိုပါဦးရယ် .....ကျွန်မ ကလေးနှစ်ယောက်က တစ်ယောက်က ကိုးနှစ်၊ တစ်ယောက်က ဆယ်နှစ်ရှိပါပြီ ...၊ ကလေးနှစ်ယောက်ရဲ့ လုပ်အားခ | ဟာ ခပ်ညံ့ညံ့ လူကြီးတစ်ယောက်ရဲ့ လုပ်အားခနဲ့ ညီပါလိမ့်မယ်၊ ဒါ့ကြောင့် ကျွန်မကလေးနှစ်ယောက်ရဲ့ လုပ်အားခအဖြစ် တစ်လမှာ ရှစ်ဆယ်တိတိ ကျွန်မ လိုချင်ပါတယ်၊ နောက်ပြီးတော့ ကျွန်မရဲ့ ကလေးနှစ်ယောက်ဟာ ဦးရဲ့ ဝေယျာဝစ္စကို အခါမလပ် လုပ်ပေးနေရမှာဆိုတော့ ကျောင်းနေခွင့်ရကြတော့မှာ မဟုတ်ပါဘူး၊ ဒါကြောင့် လျော်ကြေးအဖြစ် ငွေငါးထောင်လိုချင် ပါတယ် ...” ဟု ပြောလေတော့၏။
“ကောင်းပါပြီ မခင်နက်ရယ် ...၊ ကလေးနှစ် ယောက်အတွက် တစ်လမှာ ရှစ်ဆယ်လခပေးပါမယ်၊ ကလေးတွေက ပညာသင်ပျက်မယ်ဆို တာဟာ ဒီလိုပါ၊ သူတို့ဟာ ကျောင်းနေခွင့် တော့ ရကြမှာမဟုတ်ပါဘူး...။ ဒါပေမဲ့ စာတတ်အောင်တောင့် အိမ်မှာ ဆရာမခေါ်ပြီး သင်ပေးပါမယ်...။ အဲဒါကြောင့် လျော်ကြေးငါးထောင်တော့ မပေးနိုင်ပါဘူး...”ဟု ဦးတင် တက်တူက ပြောလေ၏။ ထိုအခါ ကလေးနှစ်ဦး၏မိခင် မခင်နက်က
“နောက်ငါးနှစ်ကြာတဲ့အခါမှာ ကလေးအငယ်ရဲ့ အသက်ဟာဆယ့်လေးနှစ်ရှိပြီပေါ့ ....၊ အကြီးရဲ့ အသက်ဟာ ဆယ့်ငါးနှစ်ရှိပါပြီ၊ အဲဒီအခါမှာ ကျွန်မဟာ သူတို့ကို ရှင်ပြုပေးချင်ပါတယ်၊ အဲဒီအခါမှာ သူတို့ကို ကျွန်မနဲ့ ခဏပြန်ထည့်ပေးရမယ်နော် ...”ဟု ပြောလေ၏။ ထိုအခါ ဦးတင်ဘက်တူက -
“အဲဒီအတွက်တော့ မပူပါနဲ့၊ ကလေးနှစ်ယောက်ကို ခင်ဗျားနဲ့ ပြန်ထည့်ပေးတဲ့အပြင် ရှင်ပြုဖို့ပါ ပရိက္ခရာ အပြည့်အစုံ လှူဒါန်းတဲ့အပြင် ကျွေးဖို့မွေးဖို့ ငွေငါးထောင် ကျပ်က လှူလိုက်ပါဦးမယ်ဗျာ ..."ဟု ပြောလိုက် လေ၏။
ထို့နောက်တွင်ကား ဦးတင်ဘက်တူသည် အငြိမ်းစားယူရန် အခွင့်ရ | သောကြောင့် ခွင့်လေးလ ခံစားရန်အတွက် ပြင်ဦးလွင်ရှိ “တူဘက် တင်”ခြံကြီး
သို့ ပြန်သွားလေတော့၏။ ထိုခြံသို့ရောက်သည့်နေ့၌ပင် မခင်နက်နှင့် ဦးချိပ်ပန်း သည် ကလေးနှစ်ဦးကို ခေါ်၍ ထိုခြံကြီးဆီသို့ ရောက်ရှိလာလေတော့၏။ မခင်နက်က
“ဦးရယ် ... ဟောဒါက ကျွန်မသား အကြီးလေးပါပဲ၊ ဒီကလေးကို ကိုယ်ဝန်ရတဲ့အခါမှာ အလွန်ဥပဓိ ရုပ်သန့်ပြန့်တဲ့ အင်္ဂလိပ်မကြီး တစ်ယောက် | က ကုလားလေးတစ်ယောက်ကို လက်ဆွဲပြီး ကျွန်မအိမ်ပေါ်ကို တက်လာပြီး “နင်မွေးဖို့ အလှည့်ရောက်ပြီ၊ နင် မွေးတော့ ..' ဆိုပြီး ပေးသွားတယ်။ နင့်ဆီရောက်ရင် သူ့ကို တစ္ဆေဖြူလို့ ခေါ်ရမယ်လို့လည်း ပြောသွားတယ်။ ဒီကလေးဟာ အလွန်ဉာဏ်ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မအနေနဲ့ သူ့ကိုကျောင်းမထားနိုင်ခဲ့ပါဘူး၊ တစ်ခုထူးခြားတာကတော့ ကျွန်မသား တစ္ဆေဖြူ ကလေးဟာ အသားကျွေးလို့ မရပါဘူး၊ ဒါကြောင့် သူဟာ မွေးကတည်းက အသားမစားဖူးပါဘူး၊ စားစရာမရှိရင် အငတ်ခံရရှာတယ်၊ မစားဘူး..."ဟု ပြောလေ၏။ ထိုအခါ ဦးတင်ဘက်တူက -
“အငယ်လေးရဲ့ နာမည်ကရောဗျ ...”
ဟု မေးလိုက်လေ၏။ “သူကလည်းအတော့်ကို ထူးခြားပါတယ်၊ သူ့ကို မမွေးခင်က မက်တဲ့အိပ်မက်က လူနှစ်ယောက်ဟာ သူ့ကိုချုပ်ပြီး ပါးစပ်ထဲကို အဆိပ်တွေ လောင်းထည့်ပါတယ်၊ သူဟာ ကျွန်မအိပ်မက်ထဲမှာတွေ့ရတာ အသက် ခြောက်ဆယ်လောက်ရှိတဲ့ အိုမင်းမစွမ်း ကုလားအဘိုးကြီးတစ်ယောက်ပါပဲ။ အဆိပ်မိပြီး သေအံ့ဆဲဆဲဖြစ်နေချိန်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကျွန်မဆီကို ရောက်လာပါတယ်၊ နေခွင့်ပေးဖို့ ခွင့်တောင်းပါတယ်၊ အဲဒီလို အိပ်မက်မြင်မက်ပြီးမှ သူ့ကို ကိုယ်ဝန်ရလာပါတယ်၊ သူဟာ အလွန်ဆိုး ပါတယ်၊ သူ့ကို မွေးပြီးကတည်းက ကောင်းကောင်းကို မအိပ်ရပါဘူး၊ တအားအော်ပြီး ငိုတတ်ပါတယ်၊ ဆိုးလည်း ဆိုးပါတယ်၊ ဒါကြောင့် ကျွန်မတို့ လင်မယားက ဒီကလေးကို“ပေတလူ”လို့ နောက်ပြောင်ကျီစယ်ပြီး ခေါ်ခဲ့ရာက နေ အဲဒီနာမည်ပဲ တွင်သွားပါတော့တယ် ..”
ဟု မခင်နက်က ပြောလေ၏။ ထိုအခါ ဦးတင်ဘက်တူက တစ်လလျှင် ရှစ်ဆယ်နှုန်းဖြင့် ဆယ့်နှစ်လအတွက် ကိုးရာ့ခြောက်ဆယ်ကျပ်ကို ကြိုတင်ငွေအဖြစ် မခင်နက်အား ထုတ်ပေးလိုက် လေ၏။ ထို့နောက် ဦးတင်ဘက်တူသည် ကလေးငယ်နှစ်ဦးအား လိုက်ပို့သည့် အတွက်ဟုဆိုကာ ဦးချိပ်ပန်းအား ငွေငါးရာကို လက်ဆောင်အဖြစ် ပေးလိုက် လေတော့သတည်း။