Skip to product information
1 of 2

Other Websites

မင်းလူ - အသပြာလုလင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

         နည်းနည်းတော့ ကြိုတင် ရှင်းပြစရာ ကလေးတွေ ရှိပါသည်။

         ပထမတစ်ခုကတော့ ခေါင်းစဉ်အမည်နှင့် ပတ်သက်ပါသည်။ လွန်ခဲ့သော နှစ်ပိုင်းလောက်က ကျွန်တော်သည် “ယမကာလုလင် အမည်ရှိ စာအုပ်တစ်အုပ် ရေးခဲ့သည်။ အရက်အကြောင်း၊ အရက် သမားတွေအကြောင်း၊ အရက်မြတ်နိုးသူများအကြောင်း ဖြစ်၏။ ထို စာအုပ်သည် မထင်မှတ်ဘဲ အောင်မြင်မှု ရပြီး လူကြိုက်များ သွားလေ သည်။

         သည်လိုဖြစ်သွားရတာကတော့ အချစ်အကြောင်းရေးလျှင် လူငယ်တွေ စိတ်ဝင်စားသလို ဘောလုံးအကြောင်း ရေးလျှင် အား ကစားဝါသနာရှင်တွေ နှစ်သက်ကြသလို ယမကာအကြောင်းဆိုတော့ လည်း ယမကာချစ်သူတွေ သဘောကျကြတာပေါ့။ ထိုစာအုပ် လူကြိုက်များခြင်းကို ကြည့်ပြီး ကျွန်တော်တို့ဆီမှာ ယမကာ ဘက်တော်သားတွေ ဘယ်လောက်များနေသလဲဆိုတာ ခန့်မှန်းကြည့်နိုင် သည်။

          ထို့အတူ ဈေးကွက်စီးပွားရေးခေတ်ကြီးထဲမှာ စီးပွားရေးကို စိတ်ဝင်စားသူတွေ အများအပြား ရှိမှာ သေချာသည်။ စီးပွားရေးနှင့် ပတ်သက်ပြီး တို့ထိကြည့်လျှင် ဘယ်လိုနေမလဲ စဉ်းစားသည်။ သည် အကြောင်းအရာက အစိမ်းသက်သက်တော့ မဟုတ်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က စီးပွားရေးမှာ အလွန် လာဘ်မြင်ပြီး အလွန် ပါးနပ်သောသူတစ်ယောက်ကို ဇာတ်ကောင်ပြ၍ 'သူငယ်ချင်းတစ်ယောက် အကြောင်း အမည်ရှိ စာအုပ်တစ်အုပ် ရေးခဲ့ဖူးသည်။ (ထိုစာအုပ်ထဲကဇာတ်ဆောင် ကျွန်တော့်သူငယ်ချင်း စိန်ထောင်သည် ခုရေးမည့် | အကြောင်းအရာထဲမှာလည်း တစ်ထောင့်တစ်နေရာမှ ပြန်လည် အသုံးတော်ခံဖွယ်ရာ ရှိပါသည်။)

          လူတွေ အလုပ်လုပ်ကြ၊ စီးပွားရှာကြတာ ဘာအတွက်လား၊ | စားဝတ်နေရေးအတွက် အခြေအနေပေးလျှင် ကြီးပွား ချမ်း သာဖို့အတွက် ဖြစ်၏။ ဒါတွေ ဖြစ်လာဖို့အတွက် အဓိက လိုအပ်ချက် က ငွေဖြစ်၏။ ငွေကို ရှေးယခင်က `အသပြာ ဟူ၍လည်း ခေါ်ဝေါ် ခဲ့ကြသည်။ အသပြာဆိုသော အသုံးအနှုန်းက ကဗျာဆန်သည်။ ရှေး စကားလုံး ဖြစ်သော်လည်း ခေတ်မီနေသေးသည်း ခေါ် ရတာ နားဝင် ချိုသည်။ ပြီးတော့ “ယမကာ” ဆိုသော စကားလုံးနှင့်လည်း ကာရန် သင့်သည်။

          “ယမကာလုလင်” ဆိုသည်မှာ အရက်သမားကို ယဉ်ယဉ်ကျေး ကျေး ခြင်း ဖြစ်သလို “အသပြာလုလင်' ဆိုတာကလည်း စီးပွား ရေးသမားကို သိမ်သိမ်မွေ့မွေ့ ရည်ညွှန်းလိုက်ခြင်း ဖြစ်၏။

 

          ယမကာလုလင်စာအုပ်၏ အောင်မြင်မှုကို ခိုစီးရင်း လူစိတ်ဝင် စားအောင် တမင်ထွင်သည်ဟု ပြောကြလျှင် ဟုတ်မှန်ကြောင်း ဝန်ခံ ပါသည်။ ယမကာလုလင်လို စာအုပ်မျိုးဟု ချက်ချင်း သိစေချင်သော ကြောင့် ဖြစ်၏။

          တချို့ စာဖတ်ပရိသတ်က ဇာတ်လမ်းဝတ္ထုမျိုးမှ ဖတ်ချင်သည်။ စကားပြောခန်းများများပါမှ ကြိုက်သည်။ ဝတ္ထုလည်း မဟုတ်၊ ဆောင်း ပါးလည်း မကျ အက်ဆေးလည်း မမည်သော (ဘာပုံစံမှန်း မသိသော) စာမျိုးကို သဘောကျချင်မှ ကျမည်။ ထိုစာဖတ်ပရိသတ်မျိုးက ဝတ္ထုမှတ်လို့ ဝယ်ပြီး၊ငှားပြီး ဖတ်ကြည့်တော့မှ “ဘာကြီးမှန်းလဲ မသိဘူး” ဆိုပြီး ငွေကုန်ရကျိုးမနပ်မှာ စိုးသည်။ ထို့ကြောင့် ယမကာလုလင်လို ပဲ တောင်မရောက် မြောက်မရောက် စာမျိုးဖြစ်ကြောင်း (ရှောင်ချင် လျှင် ရှောင်လို့ရအောင်) ကြိုတင် သတိပေးသည့်အနေနှင့် သည် ခေါင်းစဉ် တပ်လိုက်ရခြင်း ဖြစ်ပါသည်။

          နောက်တစ်ချက်ကတော့ ကောင်းပြီ၊ စီးပွားရေးအကြောင်း ရေးမည်ဆိုတော့ မင်းက ဘောဂပေဒအကြောင်း ဘယ်လောက် နားလည်လို့လဲဟု မေးစရာ ရှိသည်းသူများတွေ မမေးခင် ကိုယ့်ဘာ သာ အရင်ပြန်မေးကြည့်၏။

          ကျွန်တော်သည် ၁၀ တန်းကို သိပ္ပံဘာသာတွဲနှင့် အောင်သဖြင့် ဘောဂဗေဒနှင့် နီးစပ်မှု မရှိခဲ့။ တက္ကသိုလ်ကျတော့လည်း ဒဿနိ ကဗေဒ ယူခဲ့သဖြင့် စီးပွားရေးနှင့် ပတ်သက်မှု မရှိပြန်။ အလုပ်လုပ်

တော့ စာရေးဆရာ။ အရောင်းအဝယ်လည်း တစ်ခါမှ မလုပ်ဖူးခဲ့။ ကုန်သည်လည်း မလုပ်ဖူးခဲ့၊ ဘာစီးပွားရေးမှလည်း မလုပ်ဖူးခဲ့။

          စာအုပ် ထုတ်ဝေရေးတော့ လုပ်ခဲ့ဖူးသည်။ ဒါကလည်းဝါသနာပါလို့ လုပ်ခြင်းသာ ဖြစ်၏။ စီးပွားဖြစ် မဟုတ်၊ တက္ကသိုလ်တက်နေစဉ် ကျောင်းစရိတ်ကာမိရုံလောက်သာ ရသည်။ အရှုံးအမြတ် မတွက်ဘဲ ကိုယ်ထုတ်ချင်သည့် စာအုပ်တွေသာ ရွေးထုတ်သဖြင့် ကြာ တော့ အရင်းပြုတ်ပြီး ဆက်မလုပ်နိုင်တော့။

          ဘာပဲဖြစ်ဖြစ် ကျွန်တော်က စီးပွားရေးသမား မဟုတ်သော် လည်း ကျွန်တော့် ပတ်ဝန်းကျင်မှာ စီးပွားရေးသမားတွေ ရှိနေသည်။ ကွမ်းယာဆေးလိပ်ရောင်းသူ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ မီနီမားကက်၊ ကားဝယ်ရောင်းပွဲစား၊ အိမ်ခြံမြေ အကျိုးဆောင်၊ တက္ကစီ ထောင်ထား သူ၊ ဆိုက်ကားပိုင်ရှင်၊ ဗီဒီယိုကာရာအိုကေရုံ စသော အောက်ခြေ နှင့် အလယ်အလတ်လုပ်ငန်းရှင်မှအစ သိန်းရာထောင်ချီကိုင်၍ အလုပ်လုပ်နေသော လုပ်ငန်းကြီးသမားတွေအထိ ရှိသည်။ သူငယ်ချင်းတွေထဲမှာလည်း စီးပွားရေးလုပ်နေသူတွေ ရှိနေသည်။ သူတို့ဆီ | က မေးမြန်းလေ့လာလို့ ရသည်။

          ပြီးတော့ ကျွန်တော်က ခန၊ မြန်မာ့နေ၊ ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန်၊ ဈေးကွက် စသော စီးပွားရေးမဂ္ဂဇင်း ဂျာနယ်တွေ ဖတ်လေ့ ရှိသဖြင့် စီးပွားရေးကိစ္စ နည်းနည်း နားရည်ဝနေသည်။

          စာရေးဆရာဆိုတာကလည်း ဘာသာရပ်မျိုးစုံ၊ အကြောင်း အရာမျိုးစုံကို ခြေခြေမြစ်မြစ် မဟုတ်တောင် တီးမိခေါက်မိတော့ ရှိရ | သည်။ လက်တွေ့မဟုတ်တောင် စာတွေ့တော့ ဖတ်ရမှတ်ရသည်။ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှု စသည်ဖြင့်။ ထို့အတူ သမိုင်းရာဇဝင်တို့ကိုလည်း လွှတ်လို့မဖြစ်။ ဆေးပညာ | ဗဟုသုတ ရှိအောင်လည်း လုပ်ရသည်။ ဗိန္ဓောတို့၊ ပယောဂတို့ကို လည်း ချန်ထားလို့ မရ။ ဂမ္ဘီရတို့၊ ဗေဒင်ယတြာတို့ကိုလည်း လေ့လာထားဖို့ လိုသည်။ အနည်းဆုံး မဟာဘုတ်တိုင် အဟောလောက်တော့ တတ်သင့်သည်။ (သည်လိုဆိုသောကြောင့် တစ်နေ့သောအခါမှာ ယတြာလုလင် ဆိုသော စာအုပ်တစ်အုပ် ရေးဖြစ်ကောင်း ရေးဖြစ် လိမ့်ဦးမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။)

          စီးပွားရေးမဂ္ဂဇင်းတွေမှာ ပညာရှင်တွေက ဆောင်းပါးတွေ ရေး ကြသည်။ စီးပွားရေးနှင့် ဆိုင်သော စကားဝိုင်းတွေ အင်တာဗျူးတွေ လုပ်ကြသည်။ တကယ်တော့ စီးပွားရေးပညာရှင်နှင့် စီးပွားရေးသမား မတူပါ။ စီးပွားရေးနှင့် ပတ်သက်နေသူတွေချည်း ဖြစ်သော်လည်း (စကားလုံး ထွားထွားနှင့် ပြောရလျှင်) မဟာဗျူဟာနှင့် နည်းဗျူဟာ လို ကွာခြားမှု ရှိ၏။

          စီးပွားရေးသမားဆိုတာက လက်တွေ့ ဆောင်ရွက်ရခြင်း ဖြစ် ၏။ သူတို့သည် စီးပွားရေးဆိုင်ရာ ဘွဲ့ဒီဂရီတွေရဖို့ မလိုပါ။ အသေး | အဖွဲ့လုပ်ငန်းလုပ်သူမျိုးဆိုလျှင် တချို့ စာတောင် မတတ်ကြ။ လုပ် ငန်းကြီး လုပ်နေသူတွေ၊ အောင်မြင် ကြီးပွားနေသူတွေထဲမှာ ၁ဝ တန်းတောင် မအောင်တဲ့ လူတွေ၊ အင်္ဂလိပ်လို တစ်လုံးမှ မတတ် သူတွေ (တချို့ဆို မြန်မာစကားတောင် ကောင်းကောင်း မတတ်သူ တွေ) ရှိနေ၏။

          သူတို့က ဘဝထဲမှာ သင်ယူ လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ ကိုယ်တွေ့ အဖြစ်အပျက်များထဲမှ သင်ခန်းစာ ယူခဲ့ကြခြင်း ဖြစ်၏။ တစ်ခါတလေ သူတို့ဘာသာ စွတ်ရွတ်ပြီး ချခင်းလိုက်သော စီးပွားရေး ဗျူးဟာ တစ်ခု သည် ဘောဂဗေဒပညာရှင်ကြီးတွေတောင် အံ့သြရလောက်အောင်ပြောင်မြောက်ချင် ပြောင်မြောက်နေတတ်သည်။ တကယ်တော့လည်း ဘောဂဗေဒပညာဆိုတာ သမိုင်းဦးကာလကတည်းက ရှိခဲ့သော ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်မှုများကို စံထားပြီး ထုတ်နုတ် ဆင်ခြင် တည်ဆောက်ခဲ့ရသော ပညာရပ်ပဲ မဟုတ်လား။

          သည်လိုဆိုသောကြောင့် စီးပွားရေးလုပ်ရာမှာ ဘောဂဗေဒ ကို | လေ့လာစရာ မလိုတော့ လက်တွေ့သာ အရေးကြီးသည်။ အလုပ်က | သင်သွားလိမ့်မည်ဟု ဆိုလို့ လည်း ဖြစ်ပြန်။ စီးပွားရေးလုပ်တယ်ဆို | အာ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးစုံမှ အောင်မြင်သည်။ သည်ထဲမှာမှ ပညာကိုပါ ထပ်ပေါင်းပေးလိုက်လျှင် အတိုင်းထက် အလွန် ဖြစ်မည်။

          နိုင်ငံတကာ နှင့် ယှဉ်ပြီး အလုပ်လုပ်ပြီ ဆိုလျှင်တော့ 'ပညာ' မပါလျှင် | အရှုံးနှင့် ရင်ဆိုင်ရမည်သာ ဖြစ်၏။

          သည်နေရာမှာ ဘောဂဗေဒပညာရှင်များ၏ အခန်းက အရေး ပါလာပြန်သည်။ သူတို့သည် ကိုယ်တိုင်စီးပွားရှာသူတွေတော့ မဟုတ် ကြ။ စီးပွားရေးပညာရှင် ဆိုတိုင်း ချမ်းသာ ကြီးပွားနေကြသူများ မဟုတ်ကြ။ သူတို့သည် စီးပွားရေးနှင့် ပတ်သက်ပြီး လေ့လာကြ၊ သုတေသနပြုကြမည်။ ဝေဖန်ဆန်းစစ်ကြမည်၊ အကဲဖြတ်ကြမည်။ သီအိုရီတွေ ထုတ်ကြမည်၊ အကြံဉာဏ်တွေ ပေးကြမည်၊ ဟောကိန်း တွေ ထုတ်ကြမည်။

          သူတို့ပြောတိုင်းကော ယုံရမလား။

          မျက်စိမှိတ်ယုံဖို့တော့ မဟုတ်။ သို့ရာတွင် သူတို့က ကိုယ့်ထက် ပိုတတ်တယ်ဆိုတာကိုတော့ လက်ရေမည်း သူတို့ထံမှ လေးစား လောက်သော အကြံပေးချက်တွေ ထွက်ပေါ်ခဲ့တာကို သတိပြုရမည်။

          ဟိုအရင် မြေဈေးတွေ အရမ်းတက်ပြီး အရောင်းအဝယ်မြှပ်နေကြသောအချိန်တွင် စီးပွားရေး ပညာရှင်များက ထိုကိစ္စသည် ယာယီ | သာဖြစ်ကြောင်း၊ ဝယ်လိုအား အတုသာ ဖြစ်ကြောင်း သတိပေးခဲ့ သည်။ ဒါကို ဖတ်မိသော ကျွန်တော်က မြေအရောင်းအဝယ် လုပ်နေ သော မိတ်ဆွေတစ်ယောက်ကို ပြောပြသည်။ သူက ကျွန်တော့်လို ကောင်၏ စကားကို ဘယ်ယုံမလဲခုတော့ သူ့မှာ ဈေးကြီး ပေးဝယ် ထားပြီး ဘာမှ မတန်ပိုး မရှိတော့သော မြေတွေ ပိုက်လျက် ဘာလုပ်ရ မှန်း မသိ ဖြစ်နေပြီ။

          အိမ်ရာလုပ်ငန်းတွေ အကြီးအကျယ် ဖွံ့ဖြိုးခဲ့တုန်းကလည်း အိမ်ရာလုပ်ငန်းသည် အမြတ်အစွန်း များတာ၊ မြန်မြန် အကျိုးရှိတာ မှန်သည်။ သို့ရာတွင် စွန့်စားလွန်းသည်။ အန္တရာယ်ကြီးသည်။ ကျပြီဆိုလျှင် အထိနာတတ်သည်။ ရှိသမျှ ပုံအောပြီး မလုပ်သင့်။ ကုန်ထုတ်လုပ်မှု (အထူးသဖြင့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ) မှာသာ ပုံအောသင့်သည်ဟု အကြံပေးသည်။ ဒါလည်း သူတို့ပြောတာ မှန်ကြောင်း သိရပြီ။ ။ ဒါဖြင့် သူတို့မှားတာရော မရှိဘူးလား။ ရှိတာပေါ့။

          မော်တော်ကားတွေတရိပ်ရိပ် တက်လာပြီးနောက် တစ်ချိန် တွင် ကားဈေးများမှာ ယုတ္တိမရှိသော ဈေးတွေ ဖြစ်နေပြီး မကြာခင် ကားဈေးကွက် ပျက်တော့မည်၊ ဈေးတွေ ထိုးကျတော့မည်ဟု ခန့်မှန်း သည်။ သူတို့ ခုလိုပြောပြီး မကြာခင်မှာပင် ကားဈေးက နှစ်ဆ၊ သုံး ဆလောက်ထပ်တက်သွားတာ ကြုံရသည်း ခုလို တက်တက်စင် လွဲ တာမျိုးလည်း ရှိ၏။

          ပညာရှင်တွေထဲမှာ အယူအဆ မတူတာတွေလည်း ရှိသည်။ ငွေဖောင်းပွမှုနှင့် ပတ်သက်ပြီး တချို့က လက်မခံ၊ တချို့က လက်ခံသည်။ တချို့က အကန့်အသတ်နှင့်သာ ဖောင်းပွစေလိုသည်။ တချို့ က အရှင်မွှေထားချင်သည်။

          တစ်ခါတလေ ဘယ်ပညာရှင်ကမှ ကြိုတင် မခန့်မှန်းနိုင်ဘဲ ရုတ်တရက် အငိုက်မိသွားတာလည်း ရှိ၏။ အာရှငွေကြေး အကျပ် အတည်းက စပြီး ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်ခဲ့သည့် ကိစ္စမျိုး ဖြစ်၏။

          ခုချိန်မှာ အဖြစ်အပျက်တွေက မြန်လွန်းလှသဖြင့် လိုက်မမီ အောင် ဖြစ်နေရတာမျိုးတွေ ရှိသည်းသီအိုရီတစ်ခုကို ထုတ်တောင် မထုတ်ရသေး၊ ကမ္ဘာ့အခြေအနေက ရုတ်တရက် ပြောင်းသွားသဖြင့်ထို သီအိုရီမှာ ချမပြခင်ကပင် ခေတ်မမီတော့ဘဲ ဖြစ်သွားရသည်ဟု L ဆို၏။ တကယ့်လက်တွေ့ ပြောင်းလဲ ဖြစ်ပျက်မှုတွေက အရင် ရှေ့ကပြေးနေပြီး သီအိုရီက အမောတကော မမီမကမ်း ပြေးလိုက်နေရရှာ သည်ဆိုသော အခြေအနေ ဖြစ်နေ၏။

-           ကိုင်း စီးပွားရေး ပညာရှင်တွေတောင် မှားတဲ့အခါလည်း မှားပေမပေါ့ဆိုတာမျိုး ဖြစ်နေသည့်အချိန်မှာ ကျွန်တော့်လို ဘောဂ ဗေဒပညာရှင်လည်း မဟုတ်၊ အောင်မြင်သော စီးပွားရေးသမားလည်း မဟုတ်သော စာရေးဆရာတစ်ယောက်က စီးပွားရေးအကြောင်း ရေး မည်ဆိုတော့ ယုံကြည်နိုင်စရာ ရှိရဲ့လား။

          တကယ်တော့ ကျွန်တော် ရေးမည့် အကြောင်းအရာများသည် စီးပွားရေး ပညာပေး မဟုတ်ပါ။ ကြီးပွားရေး လမ်းညွှန်လည်း မဟုတ် ပါ။ တက်ကျမ်းလည်း မဟုတ်ပါ။ သည်စာကို ဖတ်ပြီး စီးပွားရေးလုပ် လျှင် အောင်မြင်တိုးတက်လိမ့်မည်ဟုလည်း အာမ မခံပါ။

          စီးပွားရေးနှင့် ပတ်သက်ပြီး တွေ့ကြုံဖူးတာလေးတွေ ဖတ်မှတ်ဖူးတာလေးတွေ တွေးတောမိတာလေးတွေ၊ ခံစားမိတာလေးတွေကို တင်ပြခြင်းသာ ဖြစ်ပါသည်။ တချို့ အယူအဆများသည် ပညာရှင်များ ၏ အဆိုအမိန့်များနှင့် ကိုက်ညီမှု ရှိချင်မှ ရှိပါလိမ့်မည်။ လက်တွေ့ အသုံးကျချင်မှလည်း ကျပါလိမ့်မည်။ ရှုထောင့်တစ်မျိုးက ပြောင်းလဲ တင်ပြတာမျိုးတွေလည်း ပါနိုင်ပါသည်။ စီးပွားရေးနှင့် ပတ်သက်ပြီး တစ်ခါတလေ ဆောင်းပါးလို၊ တစ်ခါတလေ အက်ဆေးလို၊ တစ်ခါ တလေ ဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်လို ဖတ်ကြရမည့် စီးပွားရေးရသ” များ ဖြစ်ပါသည်။ ။

          ဘာပဲဖြစ်ဖြစ် ကျွန်တော့်လို ကောင်မျိုးက စီးပွားရေးတကြောင်း ရေးလိုက်ခြင်းသည် အသားမည်းမည်း ဆရာအောင်မောင်းက အသားဖြူ သနပ်ခါး ရောင်းသလိုမျိုး၊ ခေါင်းဖြူဖြူ ဆရာ မောင်မိုးသူ က ဆံပင်နက်ဆေး ထုတ်လုပ်သလိုမျိုး မတော်မတည့် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။

          တစ်ခါက သိပ္ပံပညာရှင်ကြီး အက်ဒီဆင်သည် လျှပ်စစ်ပစ္စည်း တစ်ခု တီထွင်နိုင်ရန် စမ်းသပ်မှုပေါင်း မြောက်မြားစွာ ပြုလုပ်ခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့။ သို့တိုင်အောင် သည်ကြားထဲကပင် သူ့ အတွက် တန်ဖိုးရှိသော အချက်များကို ထုတ်ယူ ရရှိခဲ့သည်။ သူက

          “ကျွန်ုပ်သည် လျှပ်စစ်ဓာတ်မကူးနိုင်သော အရာဝတ္ထုအမျိုး ပေါင်း ၁၀၀၀ ခန့် ရှာဖွေ တွေ့ရှိပြီ”                    

          ဟု ကြေညာခဲ့လေသည်။

          ခုလည်း သည်လိုပဲပေါ့။ ကျွန်တော့်စာကို ဖတ်ပြီးနောက် “ကျွန်ုပ်တို့သည် အောင်မြင် ကြီးပွား တိုးတက်ရေးနှင့် ပတ်သက်၍ အလုပ်မဖြစ်နိုင်သော၊ အသုံးမတည့်သော အချက်အလက်များကိုရှာဖွေ တွေ့ရှိပြီ”ဟု ဂုဏ်ယူဝင့်ကြွား ကြွေးကြော်လိုလျှင် ရှေ့ဆက် ဖတ်ကြည့်ကြပေတော့။

ရိုသေလေးစားလျက်

မင်းလု

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)