မင်းရှင် - ထိန်းချုပ်ရခက်သည့်စိတ်
မိုးသောက်ပန်းချီ
ကြည်နူးစရာ အဖြစ်အပျက်ကလေးတစ်ခု။
ဘာကြောင့်မှန်းမသိ... ယနေ့ထက်တိုင် သူ့စိတ်ထဲ၌ တိတိကျကျ တစ်ခုမကျန် မှတ်မိနေသေးသည်။ အကြိမ်အခါ မရေတွက်နိုင်တော့အောင် သည်အဖြစ်အပျက်ကလေးကို ပြန်ပြောင်းအောက်မေ့မိသည်။ ထိုအခါတိုင်း၊ ထိုအခါတိုင်း တိမ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်း အရာကလေးတို့သည် အသေးစိတ်၍ ပေါ်ပေါက်လာတတ်လေသည်။
ဝေလီဝေလင်း နံနက်ခင်းတစ်ခုတွင် ဖြစ်လေသည်။ အရှေ့ဘက်ရှိ တောင်တန်းရှည်ကြီးတို့မှာ ပြာမည်းလျက်ရှိပြီးလျှင် ၎င်းတို့၏ နောက် ကျောဘက်တွင် အလင်းရောင်သည် ထွက်ပြူစဖြစ်လေရာ..တောင်စွန်း တောင်စွယ်တို့မှာ အနီရောင်ဖျော့ဖျော့ဖြင့် အနားကွပ်ထားသကဲ့သို့ ရှိ လေသည်။ အရှေ့ဘက်တောင်ထိပ်များမှာ အလင်းရောင်သည် မိုးကောင်း ကင်သို့ မြင့်လေမြင့်လေ... ဖျော့လေဖျော့လေ ဖြစ်သွားပြီးလျှင် တစ်စ တစ်စ ညို၍ ညို၍... မည်း၍ မည်း၍လာခဲ့ရာမှ အနောက်ဘက် မိုးကုတ် စက်ဝိုင်းဆီသို့ ရောက်သောအခါတွင်မူကား ပကတိ ညဉ့်၏အမှောင်ထုဖြင့် လွှမ်းမိုးလျက် သွားတော့သည်။
သိပ်အလွန်အကျွံ မဟုတ်သော်လည်း အတော်ကလေး ချမ်းလေ ရာ သူသည် လက်နှစ်ဖက်ကို ကုတ်အင်္ကျီအိတ်များအတွင်း ထည့်သွင်း လိုက်၍ ခါးကိုလည်း ခပ်ကိုင်းကိုင်းထားကာ လျှောက်လာမိလေသည်။ သူ လျှောက်လျက်ရှိသော လယ်ကွက်ကြီးအတွင်းမှ မြေကြီးတို့သည် နံနက်ဝေလီဝေလင်း၏ အညိုရောင်သန်းလျက် ရှိပေသည်။
သို့ လျှောက်ခဲ့စဉ်မှာပင် သူ့ရှေ့တည့်တည့်၌ နွားတင်းကုပ်သာ သာ တဲပုတ်ကလေးတစ်ခုအား တွေ့ရလေသည်။ ။
တဲကလေး၏ နံဘေးဝယ် လိမ္မော်ရောင်မီးတောက်ကလေးသည် မီးလင်းဖိုမှ ထိုး၍ ထောင်၍ တက်လျက်ရှိကာ... ထိုမီးတောက်ကလေး မှ တစ်ဖန် အညိုရောင်မီးခိုး အူအူ ကလေးတို့သည် တလူလူ လိပ်၍လိပ် ၍ တက်သွားပြန်ပြီးလျှင် မိုးကောင်းကင်၏ အတော်မြင့်မြင့်နေရာသို့ ရောက်သောအခါ... မြူခိုးကလေးများအထဲ၌ ရောပြန့်၍ ပျောက်ကွယ် သွားကြလေတော့သည်။
မီးလင်းဖို၏ နံဘေးတွင် ဆောင့်ကြောင့်ကလေးထိုင်လျက်ရှိသော မိန်းမတစ်ယောက်ကို သူ တွေ့ရသည်။ ထိုမိန်းမမှာ အမှန်တော့ ကလေး မကလေးတစ်ဦးသာ ဖြစ်လျက် ဤမျှချမ်းစီးသော နံနက်စောစောအချိန် တွင် သူမသည် ထဘီကိုသာ ရင်ရှားထားလေသည်။
သူသည် တစ်စတစ်စ ရှေ့သို့တိုး၍ လျှောက်ခဲ့သောအခါတွင် မိန်းမရွယ်၏ ရင်ခွင်အတွင်း၌ အအေးဒဏ်မှ သက်သာရာရစေရန် ကိုယ် ကလေးကိုကွေး၍ နို့စို့လျက်ရှိသော ကလေးငယ်ကိုပါ တွေ့ရလေသည်။ မိခင်မိန်းမရွယ်မှာကား မီးအရှိန်မလျော့စေရန် သစ်ကိုင်းချောက်ကလေး များကို အဆက်မပြတ် မီးတောက်အထဲသို့ ထိုးသွင်းလျက်ရှိရာမှ မီးဖို ပေါ်မှ မြေအိုးကလေးကို စူးစိုက်ကြည့်ရှုနေလေသည်။ ကလေးငယ်မှာလည်း နို့ကိုသာ အစဉ်မပြတ် စို့လျက်ရှိလေ၏။ သို့ရာတွင် သူသည် မိခင်၏အလုပ်၌မူကား... အနည်းငယ်မျှ အနှောင့်အယှက်ပေးခြင်း မရှိ ဘဲ ငြိမ်သက်စွာပင် ကွေးလျက်ရှိလေသည်။
မိခင်မိန်းမရွယ်၏ ပြုမူလှုပ်ရှားမှုများမှာ ပေါ့ပါးဖျတ်လတ်ပြီးလျှင် ကျင့်သားရပြီး ဖြစ်နေကြောင်းကို ဖော်ပြလေသည်။ မီးလင်းဖိုအတွင်းမှ လိမ္မော်ရောင်မီးတောက် မီးလျှံကလေးတို့မှာကား နံဘေးနားရှိ တဲပုတ် ကလေးအပေါ်တွင် ဟပ်ကာ တယိမ်းယိမ်းတနွဲ့ နွဲ့ ကလျက်ရှိလေသည်။
သူသည် နီးသထက်နီးလာပြီးလျှင် အရသာ အင်မတန်ရှိမည်ဟု အောက်မေ့လောက်သော ပူနွေးနွေး ထမင်းနံ့ကို ရှူရှိုက်မိလေသည်။ ထိုအချိန်တွင် အရှေ့ဘက်တွင်ကား အလင်းရောင်သည် လျင်မြန်သော အဟုန်ဖြင့် ထွန်းလင်းစပြုလာလေပြီ။ သူသည် မိန်းမရွယ်အနီးသို့ ရောက်သွား၍ မီးဖိုအနီး၌ ရပ်လိုက်မိလေသည်။
ထိုအခိုက်မှာပင် တဲပုတ်ငယ်ကလေးအတွင်းမှ လူရွယ်တစ် ယောက် ထွက်လာပြီးလျှင် သူ့နောက်မှ ရှေ့ဆင့်နောက်ဆင့် လူကြီးတစ် ယောက် ပါလာပြန်လေသည်။ သူတို့နှစ်ယောက်စလုံး အင်္ကျီမပါ၊ လုံချည်ကိုသာ ခပ်တိုတို ဝတ်ထားကြလေသည်။ သူတို့နှစ်ယောက်၏ မျက်နှာများကား ခပ်ဆင်ဆင်တူကြလေသည်။ သူတို့နှစ်ယောက်စလုံး ပင် တဲပေါက်ဝမှနေ၍ အရှေ့ဘက် လင်းရောင်ခြည်ပိုးဝါးဝါးကို ငြိမ် သက်စွာ ရပ်ကြည့်နေကြရာမှ “ဝါး” ခနဲ သမ်းဝေလိုက်ကြလေ၏။ ထိုနောက်မှ သူတို့သည် မီးဖိုဆီသို့ လှည့်ကြည့်ရင်း ဧည့်သည်လူရွယ် အား သတိပြုလိုက်ကြလေသည်။
“စောစောစီးစီး... ဆရာလေး ဘယ်ကလာသလဲ” ဟု လူကြီးက မေးလိုက်လေသည်။ သူ့အသံမှာ ဖော်ရွေလှပုံလည်း မပြ၊ ရိုင်းပြဟန် လည်း မရ။
“ရွာက လာတာပဲ... ဒီဘက်မရောက်ဘူးလို့ သက်သက် လျှောက် လာတာပါ” ဟု ကုတ်အင်္ကျီ၊ သိုးမွေးဦးထုပ်၊ မာဖလာ စသည်တို့ကို စတိုင်ကျကျ ဝတ်ဆင်ထားသော ဧည့်သည်လူရွယ်က ယဉ်ကျေးစွာ ဖြေလိုက်လေ၏။
လူကြီးနှင့် သူ့ထက်ငယ် လူရွယ်တို့သည် မီးဖိုအနားသို့ လျှောက် လာကြ၍ မီးလှုံကြလေသည်။ မိန်းမရွယ်မှာကား သူ့အလုပ်ကိုသာ လုပ်မြဲလုပ်လျက် မီးဖိုပေါ်မှ မြေအိုးတွင်သာ စိတ်ဝင်စားလျက် ရှိလေ သည်။ သူမ၏ ဖွာတာတာဆံစမှာ မျက်နှာပေါ်၌ အနှောင့်အယှက်ကင်း လွတ်စေရန် ကြိုးစတစ်ခုဖြင့် စုပြုံချည်နှောင်ထားလေရာ အလုပ်လုပ် နေစဉ် အခါများ၌ လည်ကုပ်ပေါ်တွင် ဖွာရရာ ဝဲလျက်ရှိလေသည်။ အတန်ကြာသောအခါ သူမသည် မီးဖိုပေါ်မှ မြေအိုးကို လက်နှီးစုတ်ဖြင့် ချလျက် ဒန်ဇလုံတစ်ခုတွင်းသို့ ထမင်းရည်ကို ငဲ့နေသည်။ ထို့နောက် ထမင်းအိုးကို မီးကျည်းပေါ်တွင် ပြန်နှပ်ထားလိုက်ရာမှ ထမင်းရည်ဇလုံ ထဲသို့ ဆားအနည်းငယ်ထည့်လိုက်ပြီးလျှင် မွှေနေလေသည်။ ဇလုံတွင်း ထမင်းရည်သည် မွှေးကြိုင်စွာ ပျံ့နှံ့သွားသောအခါတွင် ယောက်ျားနှစ် ယောက်စလုံး အားရပါးရ ရှူရှိုက်လိုက်ကြပြီးလျှင် “ဆာလိုက်တာ...” ဟု အိမ်ရှင်လူရွယ်က ဆာလောင်မွတ်သိပ်သော အသံကြီးနှင့် ဆိုလိုက် လေသည်။ လူကြီးဖြစ်သူကမူ.....
“ဆရာလေးတို့ကတော့ မနက်စောစော ကော်ဖီသောက်ကြမှာ ပေါ့နော်”
ဟု ပြောလိုက်လေသည်။
“ဟုတ်ကဲ့. ဒါပေမဲ့ ဦးကြီးရာ ဒီရွာရောက်တော့ မသောက်ပါဘူး”
“ဒါဖြင့်ရင်... ကျုပ်တို့နဲ့ ထမင်းရည်ကလေး အဆာပြေ သောက် သွားပါလားဗျာ”
လူကြီးက “ငါပြောတာ ကြိုက်မှ ကြိုက်ပါ့မလား”
ဟူသော ဟန်မျိုးဖြင့် လောကွတ်ပြုလိုက်သောကြောင့် ဧည့်သည်လူရွယ်လည်း ဝမ်း မြောက်စွာပင်
“ဟာ... သောက်တာပေါ့ ဦးကြီးရာ.. ကောင်းမှာပဲ”
“ဟေ့ မယ်. တစ်ခွက် ပိုငဲ့လိုက်ပါကွယ်”
ဟု အိမ်သည်လူရွယ် က မိန်းမရွယ်အား အမိန့်ပေးလိုက်လေသည်။ ထို့နောက် သူတို့လေး ယောက်သား မီးဖိုတစ်ဝိုက်၌ပင် ဝိုင်းဖွဲ့၍ ဆောင့်ကြောင့်ထိုင်လိုက်ကြရာ က မိန်းမရွယ် ငဲ့ပေးသော ထမင်းရည်ပူပူနွေးနွေးကို စတင်မြည်းမိကြလေ ၏ ။
“ဦးကြီးတို့ လယ်လုပ်ကြတာပေါ့ နော်” ဟု ဧည့်သည်လူရွယ်က မေးလိုက်သည်။
“ဟုတ်ကဲ့. လယ်သမား.. လယ်ပဲ လုပ်တတ်တာပေါ့”
“ကျုပ်တို့ ကနေ့ပဲ. လယ်စထွန်ကြမလို့” ဟု အိမ်ရှင်လူရွယ်က ဝင်ထောက်လိုက်သည်။
ထိုအခါ စကားတစ်ခွန်းမျှ မပြောဘဲနေခဲ့သော မိန်းမရွယ်က “ ဒါကြောင့် အဘနဲ့ ကိုညိုတို့ တမင်တကာ စောစောကြီး ထကြတာပေါ့” ဟု ပြုံးပြုံးကလေး ဝင်ပြောလိုက်လေ၏။ ထိုအခါ လူကြီးနှင့် လူရွယ် တို့သည် သူတို့လက်ထဲမှ ထမင်းရည်ပန်းကန်များကို အမှတ်မထင် ငုံ့ကြည့်လိုက်မိကြလေသည်။
“ဒါမှပဲ... ကျုပ်တို့မိသားတစ်စုတွေ ဝဝလင်လင်ကလေး စားနိုင် ကြတော့ မပေါ့ ...”
ဟု လူကြီးဖြစ်သူက တိုးတိုးကလေး ပြောလိုက် လေ၏။
မိန်းမရွယ်သည် ကလေးကို လက်တစ်ဖက်က ပွေ့ပိုက်လျက်ပင်။ သူ့အဘဆိုသူနှင့် ကိုညိုဆိုသူတို့အား ထမင်းရည်ထပ်င့်ပေးရာက “ထပ် ထည့်ပါဦးတော်” ဟု စေတနာရှိစွာ ပြောလိုက်ရာ ဧည့်သည်လူရွယ်က လည်း မငြင်းဆန်ဘဲ ခွက်ထိုးခံလိုက်လေသည်။
မိန်းမရွယ်၏ ရင်ခွင်တွင်းမှ ကလေးငယ်မှာကား ငြိမ်သက်စွာပင် နို့ချိုစို့လျက်ရှိလေသည်။ သူကလေးမှာ ခေါင်းကလေးကို မိခင်၏နို့အုံနှင့် လက်မောင်းအကြားတွင် အတင်းတိုးခွေ့လျက် အချမ်းဒဏ်မှ အကာ အကွယ် ယူနေရှာလေသည်။ သူကလေး၏ နို့စို့သံမှာ ပြွတ်ခနဲ ပြွတ် ခနဲပင် ပေါ်ထွက်လာတတ်လေသည်။ ။
လူကြီးမှာကား ထမင်းရည်ကို မြိန်ရှက်စွာ သောက်နေလေသည်။ သောက်ရာက..
“အင်း... ထမင်းရည်တောင် တယ် အရသာရှိပါကလား... ဆရာ လေးရယ်”
ဟု ကျူးရင့်လိုက်လေသည်။ ထိုအခါ လူရွယ်က...
“ဆရာ လေး. တစ်လောက ကျုပ်တို့ဟာ ဒီထမင်းရေကလေးတောင် မသောက် နိုင်ကြဘူးဗျာ” ဟု တိုင်တန်းသလိုလိုနှင့် ပြောလိုက်လေ၏။
သူတို့သည် စကားပြောရင်း သောက်ရင်းနှင့်ပင် သူတို့၏ အေး စက်သော ကိုယ်လုံးများမှာ နွေးသလိုလိုရှိလာကြပြီးလျှင် မျက်နှာများတွင် လည်း အားအင်ပြည့်ဖြိုးလာသော အရိပ်အယောင်များ ယှက်သန်း၍ လာလေတော့သည်။
ဒီအချိန်တွင် လင်းရောင်ခြည်ဝယ် ရောင်စုံများ မြူးကွန့်လာလေ ပြီ။ နီကြင့်ကြင့်အရောင်သည် လောကဓာတ်ကိုပိုမို၍ အေးလာစေ သယောင်ယောင် ထင်ရလေသည်။ အိမ်ရှင်ယောက်ျားနှစ်ယောက်တို့ ကား အရှေ့ဘက်သို့ မျက်နှာများ မူလိုက်ကြလေရာ..၊ သူတို့မျက်နှာများ မှာ နံနက်ခင်း လင်းရောင်ခြည်ဖြင့် တောက်ပ၍သွားလေသည်။ ဧည့် သည်လူရွယ်လည်း သူတို့မျက်နှာမူရာဘက်သို့ ကြည့်လိုက်ရာ ရောင် ခြည်တွင် လှပစွာ ရပ်တည်လျက်ရှိသော တောင်တန်းကြီးကို မြင်ရ၍ အိမ်ရှင်လူကြီး၏ မျက်နှာကို ကြည့်လိုက်မိပြန်သော အခါတွင်မူကား ကြည်လင်ဝိုင်းစက်သော မျက်လုံးများတွင် နေရောင်ခြည်ဟပ်လျက်ရှိကြောင်းကို တွေ့ရလေသည်။
ထိုအခိုက်တွင် အိမ်ရှင်ယောက်ျားနှစ်ယောက်တို့သည် လက်များ ကို အညောင်းဆန့်တန်းဟန် ပြုလိုက်ကြရာမှ“ကဲ.. ငါတို့လည်း အလုပ် သွားကြဖို့ တော်ပြီ” ဟု ပြောလိုက်ကြလေသည်။ လူရွယ်သည် ဧည့် သည်ဘက်သို့ လှည့်လိုက်၍...၊
“ဆရာလေးကော... ကျုပ်တို့ လယ်ထွန်တာ လိုက်ကြည့်ဦးမလား”
ဟု မေးလိုက်လေသည်။
“ဟင့်အင်း. ကျွန်တော် ရွာကို ပြန်လိုက်ပါဦးမယ်၊ ခင်ဗျားတို့နဲ့ ပျော်ပျော်ပါးပါး စားရသောက်ရတာ သိပ်ဝမ်းသာတာပဲဗျာ..၊ ကျေးဇူး တင်လိုက်တာ... နောက်များမှ လာခဲ့ဦးမယ်”
အိမ်ရှင်လူကြီးသည် “ကျေးဇူးတင်စရာ မလိုပါဘူး”
ဟူသော အဓိပ္ပာယ်မျိုးဖြင့် လက်ကြီးကို ရမ်းခါလိုက်ပြီးလျှင်
“ဘယ်တော့မဆို လာသာလာခဲ့ပါဗျာ... ကျုပ်တို့စားသလို.. ဆရာလေးတို့ စားရသောက် ရမှာပဲ”
ဟု ပြောလိုက်လေသည်။
ထိုနောက် သားအဖနှင့် တူပုံရသော သူတို့နှစ်ယောက်သည် လယ် ကွင်းကြီးဆီသို့ သွားကြ၍ နွားများ၊ ထွန်များကို ပြင်ဆင်နေကြလေတော့ သည်။ အရှေ့ဘက် ကောင်းကင်လဟာပြင်တွင်မူကား အလင်းရောင် သည် အတန့်အတန့် အကန့်အကန့် ဖြာဆင်းလျက်ရှိကာ အဆုံးအစ မမျှော်မှန်းနိုင်သော လယ်ကွင်းပြင်ကြီးတို့အား တလက်လက် တောက်ပ စေလေတော့သည်။
ဧည့်သည်လူရွယ်လည်း လယ်သမား အိမ်ထောင်သည်တစ်စုနှင့် တကွ တဲပုတ်ကလေးအား တစ်ချက်မျှ လှည့်ကြည့်လျက် ရွာဆီသို့ လျှောက်ခဲ့လေတော့သတည်း။
* * *
ဒါပဲဖြစ်ပေသည်။ ဘာကြောင့် ဒီလောက် ကြည်နူးစရာကောင်း သည်ဟူသော အချက်ကိုမူ သူသည် နားလည်တော့ နားလည်သည်။ သို့ဖြစ်၍ ယနေ့ထက်တိုင် သူ့စိတ်ထဲ၌ တိတိကျကျ တစ်ခုမကျန် မှတ်မိ နေသေးသည်။ အကြိမ်အခါ မရေတွက်နိုင်တော့အောင် သည်အဖြစ် အပျက်ကလေးကို ပြန်ပြောင်းအောက်မေ့မိသည်။ ထိုအခါတိုင်း၊ ထိုအခါ တိုင်း တိမ်မြုပ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေးတို့သည် အသေးစိတ်၍ စိတ်၍ ပေါ်ပေါက်လာတတ်ပေသည်။
ကြည်နူးစရာ.. အဖြစ်အပျက်ကလေးတစ်ခု...။
ရှုမဝ၊ ဇူလိုင်၊ ၁၉၄၈။