Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မင်းယု၀ေ - အနော်ရထာနှင့်ဘိုးဘွားများ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

အနော်ရထာ

           ချိန်းဆိုသောနေ့သို့ ရောက်လျှင် စုက္ကတေးနှင့် အနော်ရထာတို့သည် သမထီးချောင်းဘေး တွင် တွေ့ဆုံကြသည်။

           စုက္ကတေးက ပုဂံဘုရင်။ အနော်ရထာ၏ ဝမ်းကွဲနောင်တော်။ အနော်ရထာက ပုဂံနန်းကျဘုရင် ကွမ်းဆော်၏ သားတော်။ စုက္ကတေး၏ ဝမ်းကွဲညီတော်။ သူတို့နှစ်ဦး သည် မြင်းစီးချင်း တိုက်ကြပေတော့မည်။ သည်ပွဲကား သာမန်တိုက်ပွဲမဟုတ်။ သူသေ ကိုယ်သေ အနိုင်တိုက်ရမည့် တိုက်ပွဲဖြစ်သည်။ ထို့ပြင် အနိုင်ရသူသည် ပုဂံထီးနန်းကို လည်း စိုးစံရမည် ဖြစ်သည်။

           ထို့ကြောင့် ထိုတိုက်ပွဲကို ပုဂံပြည်သူအားလုံး စိတ်ဝင်စားနေကြသည်။ ရင်တမမ ရှိနေကြသည်။ ။

           မကြာမီ သူတို့ညီနောင် ယှဉ်မိကြသည်။ အနော်ရထာက စုက္ကတေးကို ဦးစားပေး သည်။ ။

           “နောင်တော် ငါ့ထက်ကြီးသူ ဖြစ်သည်။ အရင်ထိုးလော့”

           စုက္ကတေးသည် အနော်ရထာကို လှံဖြင့် သေချာစွာ ချိန်ရွယ်သည်။ ထို့နောက် မြင်းကို ဒုန်းစိုင်းစီးကာ ချဉ်းကပ်သွားသည်။ အနီးသို့ရောက်သည်နှင့် တစ်ပြိုင်နက် အားကုန် ထိုးလိုက်သည်။

           အနော်ရထာက ခမည်းတော်ပေးလိုက်သော အရိန္ဒမာလှံဖြင့် လျင်မြန်စွာ ကာလိုက် သည်။ ကိုယ်ကို မထိုးမိ။ မြင်းကဦးကိုသာ ထိုးမိသည်။

           စုက္ကတေးသည် မိမိလှံချက် လွဲချော်သည်ကို မြင်တွေ့သောအခါ အလွန်ကြောက်ရွံ့ သွားသည်။ တုန်တုန်ခိုက်ခိုက် ရှိနေသည်။

           ထိုစဉ် အနော်ရထာက မဆုတ်မဆိုင်း။ စုက္ကတေးထံပါးသို့ မြင်းကို ဒုန်းစိုင်းစီးသွား သည်။ အနီးသို့ရောက်သည်နှင့်တစ်ပြိုင်နက် အရိန္ဒမာလှံဖြင့် ကျွမ်းကျင်စွာ ပစ်ထိုးလိုက် သည်။ စုက္ကတေး မကာကွယ်နိုင်။ မတိမ်းမရှောင်နိုင်။ ချက်ကောင်းကို ထိုးမိသည်။ လှံသည် စုက္ကတေး၏ကိုယ်ရှေ့မှ နောက်သို့ပေါက်ထွက်သည်။ စုက္ကတေးသည် ချက်ချင်း မြေပေါ်သို့ကျမသွား။ ချောင်းနားတိုင်အောင် မြင်းကုန်းပေါ်တွင် ပါသွား၍ အနိစ္စရောက် လေသည်။

           သည်တိုက်ပွဲသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ဖြစ်သည်နှင့်အမျှ သမိုင်းတွင်ရစ် သော တိုက်ပွဲလည်းဖြစ်သည်။ သည်တိုက်ပွဲသည် မည်သို့သောအကြောင်းကြောင့် ဖြစ် ပေါ်လာရပါသနည်း။

           ပုဂံမင်း ၃၉ ဆက်မြောက်ဖြစ်သော ကွမ်းဆော်(ကြောင်ဖြူမင်း)သည် ခရစ်နှစ် ၉၆၄ ခုနှစ်တွင် ပုဂံထီးနန်းကို စိုးစံသည်။ ထိုအခါ သူသည် တောင်ပြင်သည်၊ အလယ် ပြင်သည်၊ မြောက်ပြင်သည် အမည်ရှိ ညီအစ်မသုံးပါးကို မိဖုရားမြှောက်သည်။ ထိုညီအစ်မ မိဖုရားသုံးပါးမှာ နတ်ရွာစံဘုရင် တောင်သူကြီးမင်း(ညောင်ဦးစောရဟန်း) ၏ မိဖုရား များဖြစ်သည်။ ကွမ်းဆော်သည် နန်းတက်သောအခါ ထိုမိဖုရားများကိုပင် ဆက်လက် မိဖုရားမြှောက်သည်။ ထိုအချိန်၌ အစ်မတော် တောင်ပြင်သည်တွင် တောင်သူကြီးမင်း နှင့်ရသော ကျည်စိုး ပဋိသန္ဓေ ကိုးလပါလာသည်။ အစ်မတော်လတ် အလယ်ပြင်သည် တွင် စုက္ကတေး ပဋိသန္ဓေ ခြောက်လပါလာသည်။ ညီမငယ် မြောက်ပြင်သည်တွင်သာ ပဋိသန္ဓေ ပါမလာခဲ့။ ကွမ်းဆော်နှင့် သင့်မြတ်သောအခါတွင်မှ မြောက်ပြင်သည်သည် အနော်ရထာကို ဖွားမြင်လေသည်။ ။

           ကျည်စိုးနှင့် စုက္ကတေးတို့သည် တောင်သူကြီးမင်း၏ သားများဖြစ်သော်လည်း ကွမ်းဆော်သည် ရန်မပြု။ မရှုတ်မချ။ မိမိ၏သားတော်ရင်း အနော်ရထာနည်းတူပင် ကောင်းစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။

           သို့ရာတွင် ကျည်စိုးနှင့် စုက္ကတေးတို့ကား ကွမ်းဆော်၏ကျေးဇူးကို မထောက် ထားကြ။ ပုဂံထီးနန်းကို ရယူရန် ကြံစည်ကြသည်။ ။

           ကွမ်းဆော် မင်းဖြစ်၍ ၂၂ နှစ်အကြာတွင် ကျည်စိုးနှင့် စုက္ကတေးတို့ညီနောင် သည် သူတို့၏ အကြံအစည်ကို အကောင်အထည်ဖော်ကြသည်။ ပုဂံမြို့ပြင်တစ်နေရာ တွင် ကျောင်းတစ်ဆောင် ကောင်းမွန်စွာဆောက်လုပ်သည်။ ပြီးသော် ကွမ်းဆော်မင်းအား “ခမည်းတော်၊ သားတော်တို့ ကျောင်းအလှူအတွက် သာဓုခေါ်ကြွပါ”ဟု လှည့်ဖြားလျှောက်ထားသည်။

           ကွမ်းဆော်မင်းသည် မစူးစမ်း၊ မဆင်ခြင်၊ ယုံကြည်စွာဖြင့် လိုက်သွားသည်။ သည် တွင် အကြံသမားညီနောင်က ကွမ်းဆော်ကိုဖမ်း၍ ခြိမ်းခြောက်ကာ အတင်းအကျပ် ရဟန်းပြု စေသည်။ ပုဂံပြည်သူတို့ကိုမူ “ခမည်းတော် ကွမ်းဆော်မင်းသည် တရားသံဝေဂ ရသဖြင့် ရဟန်းပြုသွားပြီ”ဟု လိမ်ညာသတင်းဖြန့်သည်။

           ထို့နောက် ကျည်စိုးက ပုဂံထီးနန်းကို တက်ရောက်သိမ်းပိုက်သည်။ ထိုအခါ အနော်ရထာနှင့် မယ်တော်မြောက်ပြင်သည်တို့သည် ကွမ်းဆော်ရဟန်းပြုရာကျောင်းသို့ပြောင်းရွှေ့ နေထိုင်ရလေ၏။ အနော်ရထာသည် ဘုရင့်သားတော်ဘဝမှ နန်းကျဘုရင် သားတော်ဘဝသို့ရောက်ကာ ညှိုးငယ်စွာ နေထိုင်ရလေသည်။

           ကျည်စိုးသည် ခြောက်နှစ်မင်းပြုပြီး အနိစ္စရောက်သွားသည်။ စုက္ကတေး မင်းဖြစ် လာသည်။ အနော်ရထာလည်း စုက္ကတေးမင်းထံ အမှုထမ်း၍ ခစားရသည်။ တစ်နေ့သ၌ ခစားဝင်စဉ် စုက္ကတေးက အနော်ရထာအား “ညီသားနောင်မယ်”ဟု ခေါ်လိုက်သည်။ ယခု ဝမ်းကွဲညီနောင် တော်စပ်နေသည်။ အနော်ရထာ၏မယ်တော်ကို သိမ်းပိုက်လျှင် သားတော်စပ်မည်။ ထို့အတွက် “ညီသားနောင်မယ်”ဟု စကားရိပ်ဆိုခြင်း ဖြစ်သည်။

           ထိုစကားကို အနော်ရထာက မရိပ်မိ။ ရဟန်းပြုနေသော ခမည်းတော်အား လျှောက် ထားသည်။ ထိုအခါ ခမည်းတော်က “အမောင့်အမိကို ယူလို၍ “ညီသားနောင်မယ်” ခေါ်ပေသည်”ဟု ရှင်းလင်းမိန့်ဆိုသည်။

           သည်တွင် အနော်ရထာ အမျက်ပြင်းစွာ ထွက်လေတော့သည်။ စုက္ကတေးသည် အဖကိုလည်း နန်းချခဲ့သည်။ ယခု အမိကိုလည်း သိမ်းပိုက်ဦးမည်။ စင်စစ် သူ၏မယ်တော် မှာ စုက္ကတေး၏ မိထွေးတော်ဖြစ်သည်။ စုက္ကတေး ဆိုးသွမ်းလှသည်။ မိမိ သည်းမခံနိုင်ပြီ ဆိုကာ စုက္ကတေးကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ခမည်းတော်ထံ လက်စွဲတော် အရိန္ဒမာလှံ၊ ဓား စသည်တို့ကို တောင်းသည်။ ခမည်းတော်က လက်နက်များကို ပေးအပ် လိုက်သည်။ “အမောင် ပုပ္ပားအရပ်သို့သွား၍ ဦးစွာ လူသူအင်အား စုရုံးပါ။ ပြည့်စုံမှ တိုက်ခိုက်လေ”ဟူ၍ မှာကြားသည်။

           အနော်ရထာလည်း ခမည်းတော်မှာကြားသည့်အတိုင်းပင် ပုပ္ပားအရပ်သို့ သွား သည်။ အင်အားစုသည်။ ထိုအတွင်း စုက္ကတေးက အနော်ရထာ၏မယ်တော် မြောက်ပြင် သည်ကို သိမ်းပိုက်လိုက်လေသည်။

           အနော်ရထာသည် အင်အားပြည့်စုံလာသည်နှင့်တစ်ပြိုင်နက် ပုဂံသို့ ချီလာသည်။ “နန်းကိုတည်းပေးမည်လော၊ စစ်ကိုတည်းပြုမည်လော”ဟူ၍ စုက္ကတေးမင်းထံ စေလိုက် သည်။

           စုက္ကတေးလည်း အမျက်ပြင်းစွာ ထွက်သည်။ “သင်သည် ခံတွင်းတွင် နို့ဖတ်မျှ မစင်သေး၊ ငါ့ကို အန်တု၍ တိုက်မည်ဆိုသည်။ ငါ့ကို နိုင်မည်လော။ ဗိုလ်ပါဆင်မြင်း အားဖြင့် နိုင်သည်ကို ငါ အလိုမရှိ။ မှူးမတ်ဗိုလ်ပါတို့ ကြည့်၍သာ နေကြပါစေ၊ သင်နှင့် ငါ နှစ်ပါးချင်း မြင်းစီးချင်းတိုက်မည်”ဟု ချိန်းဆိုလိုက်သည်။

           သို့ဖြင့် အနော်ရထာသည် စုက္ကတေးနှင့် မြင်းစီးချင်းတိုက်ခဲ့သည်။ အနိုင်ရလိုက် သည်။

           အနော်ရထာသည် စုက္ကတေး ကျဆုံးသောအခါ မှူးမတ်ဗိုလ်ပါအပေါင်းခြံရံလျက် ခမည်းတော်ထံ သွားသည်။ “ခမည်းတော် မင်းပြုတော်မူပါ”ဟု တောင်းပန် လျှောက်ထား သည်။ | ခမည်းတော်က လက်မခံ။

           “ငါ အသက်အရွယ်ကြီးပြီ၊ မောင်သာ တရားနှင့်ညီစွာ မင်းပြုပါလေ”ဟူ၍ မိန့် တော်မူသည်။

           သည်တွင်မှ အနော်ရထာသည် ပုဂံပြည်ကို မင်းပြုလေသည်။ ခမည်းတော်ကို လည်း ရဟန်းပြုစေသည်။ အနော်ရထာသည် “မဟာရာဇသီရိ အနိရုဒ္ဓါဒေဝ”ဘွဲ့ အမည် ခံယူသည်။ အချို့က “အနိရုဒ္ဓါ”ဟူ၍လည်း ခေါ်ကြသည်။ အနော်ရထာသည် ၄၂ ဆက်မြောက်ပုဂံမင်းဆက် ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုမှ ၁၀၇၇ ခုနှစ်အထိ သုံးဆယ့်သုံးနှစ်တိုင် နိုင်ငံကိုအုပ်ချုပ်သည်။ ထိုသုံးဆယ့်သုံးနှစ်အတွင်း နိုင်ငံကို တိုးတက်အောင်၊ ကျယ်ပြန့်အောင်၊ စည်းရုံးအောင်၊ သာယာအောင်၊ ဝပြောအောင် ဆောင်ရွက်ခဲ့သည်။ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားအောင်၊ ယဉ်ကျေးမှုတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။

           နိုင်ငံတွင် စီးပွားရေး၏ အဓိကသော့ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ စိုက်ပျိုး ရေးလုပ်ငန်း အောင်မြင်ရန်မှာလည်း ရေသည် အဓိကဖြစ်သည်။ ထို့ကြောင့် အနော်ရထာ မင်းသည် မိတ္ထီလာကန်ကို ပြုပြင်ခဲ့သည်။ မိုးနည်းသောဒေသများတွင် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများ ဖောက်လုပ်ခဲ့သည်။

           သူသည် နိုင်ငံအနှံ့ လှည့်လည်ကြည့်ရှုရာမှ ကျောက်ဆည်နယ်သို့ ရောက်သော အခါ သာလျောင်းတောင်ပေါ်သို့ တက်ကြည့်သည်။ ထိုအခါ ကယွတ်တောင်ထက်က ကျသော ရေကိုမြင်သည်။

           “သည်ရေကို အတန့်တန့်ဆည်၍ လယ်လုပ်ရသော် သာသနာငါးထောင် ပတ်လုံး ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ စီးပွားများလတ္တံ့” ဟု ဆင်ခြင်မိသည်။ သို့ဖြင့် ပန်းလောင်မြစ်မှာ ကင်းတားဆည်၊ ငနိုင်းသင်ဆည်၊ ပြောင်းပြောဆည်၊ ကူးမည်းဆည်တို့ကိုဆည်ဖို့သည်။ ဇော်ဂျီ(မက္ခရာ)မြစ်မှာ နားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကူတော်ဆည် တို့ကို ဆည်ဖို့သည်။ ထို့ပြင် လယ်တွင်း ၁၁ ရွာကိုလည်း ပြုစုတော်မူသည်။

           လယ်တွင်း ၁၁ ရွာကား ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး(ရုန်)၊ ဖနံ(ပနန်)၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုး၊ ခံလူး(ခံမှု)တို့ ဖြစ်သည်။ ယင်းတို့ကို မြစ်သား ၁၁ ရွာဟုလည်း ခေါ်သည်။ မြစ်သား ၁၁ ခရိုင်ဟုလည်း ခေါ်သည်။

           အနော်ရထာမင်းစောသည် ဆည်များ အကြာအရှည်ခံအောင် ထိန်းသိမ်းရေး အတွက် ဆည်ကြပ်၊ ဆည်ကဲများကိုလည်း ခန့်ထားသည်။ ဆည်ကြပ်၊ ဆည်ကဲများ လက်အောက်တွင် ပင်သားဟုခေါ်သော ဆည်လုပ်သားများကိုလည်း ခန့်ထားသည်။ ထိုသူတို့ သည် ဆည်မပျက်စီးရအောင် စောင့်ရှောက်ပြုပြင်နေကြရသည်။ ဆည်မြောင်း ရေသုံးစွဲ သောလယ်ကို ဆည်ရေသောက်လယ်ဟု ခေါ်သည်။ ဆည်ရေသောက်လယ်ရှင်များသည် ဆည်ထိန်းသိမ်းရေးအတွက် အခွန်ပေးဆောင်ကြရသည်။ တစ်ခါတစ်ရံ ဆည်ပြုပြင်ရန် အရေးပေါ်လိုအပ်လာပါက ထိုလယ်ရှင်များသည် ဆည်ကြပ်၊ ဆည်ကဲနှင့် ပင်သားတို့ကို ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြရသည်။

           ဤသို့ဖြင့် ပုဂံပြည်သားတို့သည် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်တို့ လုပ်ကြသည်။ စပါးစသော သီးနှံမျိုးစုံ အမြောက်အမြားထွက်အောင် ရာသီအလိုက် စိုက်ကြသည်။

           အောင်မြင်သဖြင့် စားစရာ၊ သောက်စရာ၊ ချိုချဉ်ရသာမျိုးစုံ ဖောဖောသီသီ ရကြလေသည်။ စီးပွားရေး အထူးကောင်းမွန်လေသည်။

           အနော်ရထာမင်းစောသည် ဉာဏ်ပညာနှင့် ပြည့်စုံသည်သာမက စွမ်းရည်သတ္တိနှင့် လည်း ပြည့်စုံသည်။ မိမိနည်းတူ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကို ချစ်မြတ်နိုးသည်။ ချီးမြှင့်မြှောက်စားသည်။ ထိုသူတို့အထဲတွင် ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စသူတို့သည် အထင်ရှားဆုံးဖြစ်သည်။ ကျန်စစ်သားက လက်ရုံသာမက နှလုံးရည်ပါ အထူးပြည့်စုံသူ ဖြစ်သည်။ ။

           အနော်ရထာသည် ထိုသူတို့ကို အကြီးအကဲအမတ်၊ စစ်သူကြီးများခန့်အပ်ကာ အင်အားခိုင်မာ တောင့်တင်းသော၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပုဂံတပ်မတော် ကို ဖွဲ့စည်းသည်။ ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ စစ်သည်အင်အား အချိုးကျပါဝင်စေသည်။ အရေးကြုံသောအခါ ခေါ်ယူသည်။ ထို အင်အားဖြင့် တကွဲတပြားစီဖြစ်နေသော နယ်ပယ်များကို သိမ်းသွင်းသည်။

           အနော်ရထာနန်းတက်စက ပုဂံပြည်၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ အလယ် ပိုင်းဒေသတစ်ဝိုက်လောက်သာ ဖြစ်သည်။ အနော်ရထာ၏ ကြိုးပမ်းမှုကြောင့် မကြာမီပင်နယ်ပယ်ပေါင်းများစွာကို စုစည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းကိုသာမက သထုံ၊ တနင်္သာရီ၊ ရခိုင်၊ ဗန်းမော်၊ မြစ်ကြီးနား ဒေသတစ်ဝိုက်အထိ သိမ်းသွင်းနိုင်ခဲ့သည်။ ဥဿာပဲခူးကို လာရောက်တိုက်ခိုက်သည့် ဂျွမ်းစစ်သည်တို့ကိုလည်း ကျန်စစ်သား ဦးဆောင်သော အနော်ရထာ၏စစ်သည်တို့က အောင်မြင်စွာ တိုက်ခိုက်တွန်းလှန်နိုင်ခဲ့သည်။ (ဂျွမ်းစစ်သည်ဆိုသည်မှာ ယခု ကမ်ပူးချားနိုင်ငံဖြစ်သောနိုင်ငံမှ သိဝဟိန္ဒူဝါဒကို သက်ဝင် ယုံကြည်သူ ရှေးခမာများဖြစ်သည်။)

           အနော်ရထာသည် မြောက်ဘက်ရှိ သက်ကဒူး(ကန်ဘူ)တို့ကိုသိမ်းလျက် နန်းစော တို့၏အန္တရာယ်ကို ဟန့်တားနိုင်ရန် အောင်မြင်စွာ စစ်အင်အားပြခဲ့သည်။ နန်းစောနှင့် အခြားပြည်ပရန်များကို ကာကွယ်နိုင်ရန် ခံတပ်မြို့ပေါင်း ၄၃ မြို့ကိုလည်း တည်ထောင် ခဲ့သည်။

           သို့ဖြင့် အနော်ရထာလက်ထက်တွင် ပထမဦးဆုံးစည်းရုံးမိသော အင်အား ခိုင်မာ တောင့်တင်းသော “ပထမမြန်မာနိုင်ငံတော်”ကို တည်ထောင်နိုင်ခဲ့သည်။ တိုင်းရင်းသား ပေါင်းစုံတို့သည် အနော်ရထာ၏ဦးဆောင်မှုကို မြတ်နိုးစွာခံယူကာ နိုင်ငံတည်ဆောက် မှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပေသည်။

           ယင်းတို့အပြင် အနော်ရထာမင်းစောသည် ထေရဝါဒ ဗုဒ္ဓသာသနာတော်နှင့် သန့်ရှင်းသောယဉ်ကျေးမှု ထွန်းကားအောင်လည်း ဆောင်ရွက်သည်။ ထိုသာသနာ ထိုယဉ်ကျေးမှုဖြင့် နိုင်ငံအထက်အောက် စည်းလုံးခြင်းရှိအောင်လည်း ဆောင်ရွက်သည်။

           ပုဂံတွင် ရှေးဟောင်း ပျူခေတ်များကတည်းက ထွန်းကားလျက်ရှိသော ထေရဝါဒ ဂိုဏ်း၊ မဟာယနဂိုဏ်း၊ ဗိဿနိုးနတ်ကိုးကွယ်သောဂိုဏ်း၊ နဂါးကိုးကွယ်သော ဂိုဏ်း၊ ဂဝံပတိကိုးကွယ်သောဂိုဏ်း စသည်တို့ ရှိခဲ့သည်။ တန္တရဂိုဏ်းဝင် သဘောမျိုးတစ်မျိုးကို ကျင့်သုံးသော အရည်းကြီးများလည်း သြဇာကြီးမားသည်။

           အရည်းကြီးတို့သည် ဘုရားရှင်ဟောတော်မူသော တရားတော်ကို ပယ်သည်။ မိမိတို့အယူဖြင့် မိမိတို့အသီးသီး ယူကြသည်။ မိမိဆန္ဒနှင့်လျော်စွာ ကျမ်းဂန်ပြု၍ လူတို့ အား လှည့်ပတ်ဖြားယောင်းသည်။ သူ့အသက်ကိုသတ်မိသောသူသည် ဤပရိတ်ကိုရွတ်သော် အပြစ်မှလွတ်သည်။ မိဘကိုသတ်မိသောသူသည် ထိုပရိတ်ကိုရွတ်သော် အပြစ်မှ လွတ်သည်ဟု ဆိုကြသည်။ မည်သည့် မကောင်းမှုကိုပြုသော်လည်း ပြုမိသမျှကိုပြန်ပြော၍ အရည်းကြီးတို့ထံ တောင်းပန်ရသည်။ အရည်းကြီးတို့က ခွင့်ပြုလျှင် ငရဲမှလွတ်၍ နတ်ပြည် သို့ ရောက်နိုင်သည်ဟု ဆိုကြသည်။ ထို့ပြင် မင်းအစရှိသော အမှူး၊ အမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ်၊ ပြည်သူတို့၏သားသမီးကို ထိမ်းမြားမင်္ဂလာပြုသောအခါမပြုမီ ဆရာသို့ ပန်းဦးလွှတ်သည်ဆိုကာ ညဉ့်ဦးက အရည်းကြီးတို့ထံ ပို့ရသည်။ မိုးသောက်၍ ပြန်လွှတ်လိုက်မှ ထိမ်းမြားရသည်။ ဆရာသို့ ပန်းဦးမလွှတ်ဘဲ ထိမ်းမြားမိ ချေသော် အစဉ်အလာကိုဖျက်သည်ဟု ကြီးစွာသော မင်းပြစ်ကို ခံရသည်။

           အနော်ရထာသည် ထိုအပြုအမူတို့ကို မနှစ်မသက်ရှိခဲ့သည်။ ထိုစဉ် မွန်ရဟန်း တော် ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်သည် သထုံပြည်မှ ပုဂံသို့ ကြွလာတော်မူ သည်။ အနော်ရထာမင်းအား ထေရဝါဒ ဗုဒ္ဓတရားတော်ကို ဟောပြတော်မူသည်။

           အနော်ရထာမင်း ကြားနာရသော် နှစ်သက်ယုံကြည် မြတ်နိုးသွားသည်။ အတိုင်း ထက်အလွန် သဒ္ဓါခြင်းပြင်းစွာ ဖြစ်သွားသည်။

           “တပည့်တော်အဖို့ အရှင်မှတစ်ပါးအခြား ကိုးကွယ်ရာမရှိပြီ။ ဤနေ့မှစ၍ တပည့် တော်၏ ကိုယ်၊ အသက်နှစ်ပါးကို အရှင်အား ဆောင်နှင်းတော့သည်။ အရှင်၏ အဆုံးအမ ကိုလည်း တပည့်တော် ခံတော့သည်”ဟူ၍ လျှောက်သည်။

           ထို့နောက် တောရဆောက်တည်နိုင်သောအရပ်၌ သာယာလှစွာသော ကျောင်း ဆောက်လုပ်လှူဒါန်းသည်။ ရှင်အရဟံကို ကိုးကွယ်သည်။ အဆုံးအမကို နာယူသည်။ အနော်ရထာမင်းကိုယ်တိုင် ရေထမ်း၍ မိဖုရားကဆွမ်းရွက်ကာ နေ့တိုင်းမပြတ် လုပ်ကျွေး ကုသိုလ်ပြုသည်။ အရည်းကြီးတို့၏ အယူကိုလည်း ပယ်တော်မူသည်။ ပြည်သူအပေါင်း တို့ကိုလည်း ပယ်စေတော်မူသည်။

           အရည်းကြီးတို့သည် လာဘ်သပ်ပကာ မရွှင်တော့သဖြင့် ရှင်အရဟံကို ရန်ငြိုး ကြီးစွာ ထားကြသည်။ မင်းကြီးစိုးရိမ်သဖြင့် အရည်းကြီးတို့ကို နိုင်လောက်အောင် အစောင့် အနေ ထားစေရသည်။ အရည်းကြီးသုံးကျိပ်နှင့် တပည့်လက်သား ခြောက်သောင်းတို့ကို လူဝတ်လဲစေသည်။ အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူ သည်။ ။

           ရှင်အရဟံလည်း ပြည်သူတို့အား ထေရဝါဒ ဗုဒ္ဓတရားတော်ကို ဟောပြောသည်။ သာသနာတော်၌ ကြည်ညိုသောသူတို့ကို ရဟန်းပြုပေးတော်မူသည်။

           ရှင်အရဟံ၏မိန့်တော်မူချက်အရ သထုံပြည် မနူဟာ(မကုတ)မင်း၌ ပိဋကတ်တော် အစုံ ၃ဝ ရှိကြောင်း အနော်ရထာမင်း သိရှိရသည်။ သည်တွင် လိမ္မာသော အမတ်တစ်ယောက်ကို သထုံပြည်သို့ လွှတ်သည်။ ပိဋကတ်တော်များကို တောင်းစေသည်။ မနူဟာက ပိဋကတ်တော်များကို မပေး။ မဆင်မခြင်ဘဲ မချေငံသောစကားကို ဆိုလိုက်သည်။ အနော် ရထာမင်းသည် ၁ဝ၅၇ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် သထုံကို ချီတက် တိုက်ခိုက်သည်။ ပိဋကတ်တော် အစုံ ၃၀ ကို ပင့်ဆောင်သည်။ မနူဟာမင်းနှင့်တကွ