မင်းယု၀ေ - သူမတူသူများ
သူလိုလူ
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က ဂရိကျွန်းဆွယ်တွင် မိမိဘုရင်၊ မိမိစနစ်ဖြင့် မိမိဘာသာ အုပ်စိုးသော မြို့ပြနိုင်ငံငယ်များ ထွန်းကားခဲ့သည်။ ယင်းတို့အထဲတွင် အေသင်နှင့် စပါတာ မြို့ပြနိုင်ငံနှစ်နိုင်ငံသည် အထင်ရှားဆုံး ဖြစ်သည်။
အေသင် မြို့ပြနိုင်ငံသားများသည် အလှအပကို နှစ်သက်မြတ်နိုး ကြသည်။ လှပသော အဆောက်အအုံများနှင့် လှပသော ရုပ်တုများကို တန်ဖိုး ထားကြသည်။ စာပေကို ဝါသနာပါကြသည်။
စပါတာ မြို့ပြနိုင်ငံသားများကား ထိုသို့မဟုတ်ကြ။ သူတို့သည် အတိုက် အခိုက်ကို နှစ်သက်မြတ်နိုးကြသည်။ လူတစ်ယောက်အဖို့ စစ်ပွဲ၌ ရဲရင့်စွာ တိုက်ခိုက်နိုင်ခြင်းသည် အမြတ်ဆုံးသော အမှုပင်ဖြစ်သည်ဟူ၍ ခံယူထားကြ သည်။ စစ်တိုက်ရာတွင်လည်း သူတို့သည် နောက်သို့ဆုတ်ခွာခြင်း မပြုရန် ဥပဒေ ထုတ်ပြန်ထားသည်။ အကယ်၍ ဆုတ်ခွာခဲ့ပါက ထိုသူအား ဥပဒေကို ချိုးဖောက်သူအဖြစ် လည်းကောင်း၊ သူရဲဘောနည်းသူအဖြစ်လည်းကောင်း ဝိုင်းဝန်းသတ်မှတ်ကြသည်။ နိုင်ငံအတွက် မတိုက်ရဲသူ၊ နိုင်ငံအတွက် မစွန့်ဝံ့သူ ဟူ၍ အထင်အမြင်သေးကြသည်။ ရှုတ်ချကြသည်။ ထို့ကြောင့် စပါတာမြို့ပြ နိုင်ငံသားများသည် ဥပဒေကို လေးစားရိုသေသောအားဖြင့် စစ်မြေပြင်၌ မည်သည့်အခါမှ နောက်ဆုတ်ခြင်းမပြုကြ။ အကယ်၍ အရေးနိမ့်လျှင်လည်း ထိုနေရာမှာပင် အသက်စွန့်သွားကြပေသည်။
သည်အချိန်မှာပင် တစ်နေ့သ၌ နန်းလမင်းဖြစ်သော ပါရှန်းဘုရင် (ရ်) ခဲ(စ်) သည် ဂရိမြို့ပြနိုင်ငံများကို ကျူးကျော်တိုက်ခိုက်ရန် စစ်ကြီးချီလာလေ သည်။ သူသည် အလွန်အင်အားကြီးမားလှသော ပါရှန်းစစ်တပ်ကြီးကိုဦးဆောင်လျက် တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ချီတက် လာသည်။ သို့ လာစဉ် လမ်း၌မြင်တွေ့သမျှတို့ ကိုလည်း ဖျက်ဆီးချေမှုန်း ဖစ်ခဲ့လေသည်။
ပါရှန်းစစ်တပ်အဖို့ ဂရိမြို့ပြနိုင်ငံများသို့ ရောက်ရှိနိုင်ရန်မှာ သာမို ပီလေးတောင်ကြားလမ်းကို ဖြတ်ကျော်ရပေမည်။ ထိုတောင်ကြားလမ်းသည် အလွန်ကျဉ်းမြောင်းသည်။ သည်အချက်သည် ဂရိစစ်တပ်များအတွက် အခွင့်ကောင်းပင် ဖြစ်သည်။ ဂရိမြို့ပြနိုင်ငံများရှိ စစ်သည်များအဖို့ သူတို့ထက် အဆ များစွာ အင်အားကြီးမားသော ပါရှန်းစစ်သည်များကို ကွင်းပြင်ကျယ်၌ယှဉ်ပြိုင်တိုက်ခိုက်ရန်မှာ မလွယ်ကူ၊ မအောင်မြင်နိုင် သည်လို တောင်ကြား လမ်းနေရာမျိုးမှ ကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက်မှသာလျှင် ရန်သူတို့ကို တားဆီး နိုင်ပေမည်။
ထို့ကြောင့် ဂရိမြို့ပြနိုင်ငံများသည် ထိုတောင်ကြားလမ်းနေရာမှ ရန်သူ တို့ကို ခုခံတိုက်ခိုက်ရန်အတွက် စပါတန်ဘုရင်ကို ဦးဆောင်အဖြစ် ရွေးချယ် လိုက်သည်။ စပါတန်ဘုရင်၏ အမည်မှာ လီအိုနိဒတ်(စ) LEONIDAS ဖြစ်သည်။ သူသည် အရဲရင့်ဆုံး အတိုက်အခိုက် အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ဂရိလူမျိုးများ၏ တာဝန်ပေးချက်အရ ဂရိမြို့ပြနိုင်ငံများရှိ လက်ရွေးစင် စစ်သည်သူရဲကောင်းများနှင့် သူ့ရဲဘော် စပါတန် စစ်သည် သူရဲကောင်း သုံးရာကို ဦးဆောင်ကာသာမိုလေးတောင်ကြားလမ်းသို့ အပြင်း ချီတက်သွားသည်။ ထို့နောက် ထိုနေရာမှနေ၍ ရန်သူများအလာကို ဆီးကြို စောင့်မျှော်နေလေသည်။
မကြာမီပင် ပါရှန်းစစ်တပ်ကြီးသည် တောင်ကြားလမ်းနေရာ အနီးသို့ | ရောက်ရှိလာကြသည်။ ဤတွင် ပါရှန်းဘုရင်သည် သူလျှိုများကို စေလွှတ်ကာ အခြေအနေကို စုံစမ်းလေသည်။ သူလျှိုများသည် တိတ်တဆိတ် သွားရောက် စုံစမ်းရာ စပါတန်ဘုရင်နှင့်တကွ အင်အားနည်းလှသော ဂရိလက်ရွေးစင် တပ်သားများကို တွေ့ရသည်။ ဂရိတို့သည် အင်အားနည်းသော်လည်း အကြောက်အရွံ့ မရှိ၊ စစ်ပွဲကိုမမှု၊ အချင်းချင်းလက်ဝှေ့သတ်၍လည်းကောင်း၊ တစ်ဦးဆံပင်ကိုတစ်ဦး ဖြိုးသင်၍လည်းကောင်း အေးအေးဆေးဆေး၊ တည် တည်ငြိမ်ငြိမ်၊ ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေကြသည်။”
ထိုအကြောင်းကို သူလျှိုတို့က ပါရှန်းဘုရင်အား ပြန်လည် သတင်းပို့ ကြသည်။ ဘုရင့်အပါးရှိ ပါရှန်းစစ်သူကြီးတစ်ဦးက -
"ဂရိတွေဟာ စစ်ပွဲကို ဘယ်တော့မှ မမှုကြဘူး။ သည်လိုပဲ မတိုက်ခင် မထီမဲ့မြင်ပြုပြီး၊ တိုက်တဲ့ခါမှာတော့ အသေအကျေတိုက်ခိုက်လေ့ရှိကြတယ်။ | အခု တောင်ကြားလမ်းမှာရှိတဲ့ ဂရိတပ်သားတွေဟာ စပါတန်ဘုရင် လီအိုနိုဒတ် (ခ)နဲ့ သူ့လက်ရွေးစင် တပ်သားတွေပဲ။ သူတို့ဟာ ဂရိနိုင်ငံမှာ အရဲရင့်ဆုံး ၊အတိုက်အခိုက်အကောင်းဆုံး သူရဲကောင်းတွေပဲ။ သူတို့ကို အောင်နိုင်ရင် | ဂရိတပ်တွေကို အလွယ်တကူ ချေမှုန်းနိုင်မှာပဲ”
ဟု၍ ရှင်းလင်းတင်ပြသည်။
သည်မျှ အင်အားနည်းလှသော ဂရိစစ်သည်များက သူ၏ အင်အား ကြီးမားလှသော ပါရှန်းစစ်တပ်ကြီးအား ခုခံတိုက်ခိုက်မည် ဆိုသည်ကို ပါရှန်း ဘုရင်သည် မယုံနိုင်၊ မဖြစ်နိုင်ဟု ထင်မိသည်။ ထို့ကြောင့် သူသည် တမန်တို့ကို စေလွှတ်လိုက်သည်။လီအိုနိဒတ်(စ) ကို လက်နက်ချရန် ပြောကြားသည်။
သည်အခါ လီအိုနိုဒတ်(စ်) က ပြုံးလျက် ပြန်ကြားလိုက်သည်။
“ကျူးကျော်ရေးသမားတွေ သတ္တိရှိရင် လာခဲ့ကြ "
မကြာမီ ပါရှန်းတပ်မှ လက်ရွေးစင်စစ်သည်များသည် လီအိုနိဒတ်(စ) ဦးဆောင်သော ဂရိလက်ရွေးစင် စစ်သည်များကို တိုက်ခိုက်ကြသည်။ တိုက်တိုင်းပင် သူတို့မှာ တပ်လန်သွားကြသည်။ သို့ဖြင့် သူတို့သည် ဆက်၍ဆက်၍၊ ဖိကာဖိကာ တိုက်ကြသည်။ သည်လို ဖိတိုက်ကြသည်နှင့်အမျှ သူတို့မှာ အတုံး အရုံး ကျဆုံးကြသည်။ လီအိုနိဒတ်(စ)တို့သည် ကျဉ်းမြောင်းသော တောင်ကြား လမ်းတစ်လျှောက် ရင်ကို မြေကတုတ်လုပ်ကာ ကြံ့ကြံ့ခံလျက် ရန်သူတို့ကို တွန်းလှန်တိုက်ခိုက်ကြသည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
နှစ်ရက်မျှ ဆက်၍ တိုက်ပြီးသောအခါ ပါရှန်းဘုရင်သည် သူ အားအထားဆုံးဖြစ်သော သူ၏ ကိုယ်ရံတော်တပ်ကို စေလွှတ်တိုက်ခိုက်စေ သည်။ သူတို့မှာလည်း မအောင်မြင်ကြ။ ဂရိတို့၏ ဓားဖျား၊ လှံဖျားတွင် အသက်ပျောက်ကြလေသည်။ ပါရှန်းစစ်သည်တို့၏ အလောင်းများမှာ မြင်မကောင်း၊ ရှုမကောင်း၊ တောင်ပုံရာပုံဖြစ်နေသည်။ ထိုအခါ ပါရှန်းဘုရင်နှင့်တကွ ပါရှန်း စစ်သည်တို့သည် မိမိတို့ရှုံးနိမ့်တော့မည်လောဟူ၍ပင် စိုးရိမ်စ ပြုလာကြသည်။ တပ်ဆုတ်၍ ပြန်ရတော့မည်လော ဟူ၍ပင် တွေးတောစ ပြုလာကြသည်။
ထိုစဉ် ဂရိလူမျိုးထဲမှ အက်ဖီယာလတီအမည်ရှိ သစ္စာဖောက်တစ်ဦး ပေါ်လာသည်။ သူသည် မိုက်ကန်းသည်၊ ယုတ်မာသည်၊ လောဘကြီးလွန်း သည်၊ ရွှေငွေကို ငမ်းငမ်းတက် လိုချင်သည်။ ထို့ကြောင့် သူသည် ပါရှန်း တပ်များရှိ ရာသို့ တိတ်တဆိတ်သွားကာ ပါရှန်းဘုရင်ကို လျှောက်ထားသည်။
“ အရှင်၊ ဘုရင်လီအိုနိဒတ်(စ)နဲ့ သူ့တပ်သားတွေ ရပ်တည်တဲ့ နောက်ကျောပိုင်းကို အရောက်သွားနိုင်တဲ့ လမ်းတစ်လမ်း ရှိပါတယ်။ သည်လမ်း ဟာ လျှို့ဝှက်ဘောင်ပေါ် ဖြတ်လမ်းပါပဲ။ အရှင့်စစ်သည်တချို့ သည်လမ်းက ချီတက်ပြီး ဘုရင်လီအိုနိဒတ်(စ) တပ်တွေကို နောက်ပိုင်းက ဝိုင်းထားနိုင်ပါ တယ်။ ပြီးတော့ ရှေ့နောက် ညှပ်တိုက်လိုက်ရင် သူတို့ ဘာတတ်နိုင်မှာလဲ သည်လမ်းကို ကျွန်တော်မျိုး ကောင်းကောင်းသိပါတယ်။ အရှင်ကသာ ကျွန်တော်မျိုးကို ရွှေငွေတွေ ပေးသနားချီးမြှင့် မယ်ဆိုရင် သည်လမ်းကို ကျွန်တော်မျိုး ပြသပေးပါမယ် အရှင်"
ထိုအခါ ပါရှန်းဘုရင်သည် ဝမ်းသာမဆုံး ဖြစ်သွားသည်။ လီအို နိဒတ်(စ) တို့ကို ရှေ့ မှလည်းကောင်း၊ နောက်မှလည်းကောင်း ညှပ်၍တိုက်နိုင်တော့မည်။ သည်လိုဆိုလျှင် ဂရိတို့ခံနိုင်တော့မည်လော။ သူသည် သစ္စာဖောက် ကို ချက်ချင်းပင် ရွှေငွေများ ပုံပေးသည်။ လျှို့ဝှက်တောင်ပေါ် ဖြတ်လမ်းကို ပြစေသည်။ သို့ဖြင့် ပါရှန်းလက်ရွေးစင်တပ်သား အမြောက်အမြားသည် လီအို နိဒတ်(စ)တို့၏ နောက်ကျောပိုင်းသို့ ရောက်ရှိသွားကြလေသည်။
လီအိုနိဒတ်(စ)သည် မိမိတို့ သစ္စာဖောက်ခံရပြီဖြစ်ကြောင်း သိရှိရသော အခါ ရင်နာမဆုံး ဖြစ်မိသည်။ သို့ရာတွင် မတတ်နိုင်တော့ပြီ။ သူသည် သူ့ တပ်သားများကို နှစ်စုခွဲလိုက်သည်။ ပထမအစုတွင် တပ်သားဦးရေအများ အပြားပါဝင်စေသည်။ ထိုအစုသည် နောက်ကျောတွင် ရောက်ရှိနေသော ရန်သူများကို တိုက်ခိုက်ရန်ဖြစ်သည်။ ဒုတိယအစုတွင် သူနှင့် သူ့ရဲဘော် စပါတန်သုံးရာ ပါဝင်စေသည်။ သူတို့သည် ရှေ့ပိုင်းမှ တရကြမ်း ဝင်ရောက် တိုက်ခိုက်မည့် ရန်သူများကို ခုခံတိုက်ခိုက်ရန် ဖြစ်သည်။ သူတို့မှာ အခြေမလှ၊ မည်သို့ပင် ကြိုးပမ်းစေကာမူ ရန်သူတို့ကို တွန်းလှန်နိုင်မည်မဟုတ်။ သူတို့ ကျဆုံးကြရပေတော့မည်။
သို့ရာတွင် သူတို့သည် အနိုင်မခံ အရှုံးမပေး၊ သူတို့ ကျဆုံးခြင်းသည် အချည်းနှီး မဖြစ်စေရ၊ သူတို့ အချိန်ဆွဲ၍ တိုက်နိုင်သည်နှင့်အမျှ ကျန်ဂရိတပ် များအဖို့ စစ်ပြင်ချိန်၊ အင်အားစုချိန် ပိုမိုရရှိနိုင်သည် မဟုတ်ပါလော။ ထို့ပြင် သူတို့၏ စိတ်ဓာတ်ကို စံနမူနာယူကာဆက်လက်ကြိုးပမ်းပါက ဂရိလူမျိုးများ သည် ယခုရှုံးသော်လည်း၊ နောင်အခါ ပြန်လည်အောင်ပွဲဆင်နိုင်မည်။ ထိုမှ တစ်ပါး စပါတာနိုင်ငံ၏ ချမှတ်ထားသော ဥပဒေကို လေးစားရိုသေသောအား ဖြင့် သူတို့သည် နေရာမှမဆုတ်ခွာဘဲ အသေခံကြရမည် မဟုတ်ပါလား။ နောင်လာနောက်သားများအတွက် စံနမူနာပြခဲ့ ရမည် မဟုတ်ပါလား။
သို့ဖြင့် လီအိုနိဒတ်(စ) တို့သည် အင်အားကြီးမားလှသော ရန်သူ တပ်သားများ၏ ရှေ့နောက်ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကို အစွမ်းကုန် တွန်းလှန် တိုက်ခိုက်ကြသည်။ ရန်သူတို့မှာ တစ်ယောက်ပြီးတစ်ယောက်ကျဆုံးကြသည်။ ထို့အတူ လီအိုနိဒတ်(စ) တို့ဘက်မှလည်း တစ်ယောက်ပြီး တစ်ယောက် ကျဆုံးကြသည်။ ရန်သူများမှာ ကျဆုံးသော်လည်း အင်အားကြီး သဖြင့် တပ်သားသစ်များ အသစ်အသစ်ဖြည့်တင်းနိုင်ကြသည်။လီအိုနိဒတ်(ခ) တို့မှာမူ အသစ်အသစ် မဖြည့်နိုင်ရှာ။ သို့ရာတွင် သူတို့သည် အလျှော့မပေးကြ။ ရှိသမျှ လူအင်အားဖြင့်ပင် လှံများကျိုးသည်အထိ ထိုးကြသည်။ မားများကျိုး သည်အထိ ခုတ်ကြသည်။ နောက်ဆုံး လက်နက်များ မရှိသောအခါ လက်သီး ဖြင့် ထိုးကြသည်။ ခြေဖြင့် ကန်ကျောက်ကြသည်။ သွားဖြင့် ကိုက်ကြသည်။ ယင်းသို့ အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ရင်းပင် လီအိုနိဒတ်(စ) နှင့်တကွ သူ့ ရဲဘော်တပ်သားများ ကျဆုံးသွားကြပေသည်။ တစ်ယောက်မကျန် အားလုံး ကျဆုံးသွားခဲ့ရှာပေသည်။
လီအိုနိဒတ်(စ) တို့ ကျဆုံးသွားသဖြင့် ပါရှန်းတို့သည် ဂရိလူမျိုးများ အပေါ် အောင်ပွဲရသွားလေသည်။ သို့ရာတွင် သူတို့၏ အောင်ပွဲမှာ မတာ ရှည်ပေ။ တစ်နှစ်ခန့်အတွင်းမှာပင် ဂရိတို့သည် ကျဆုံးလေပြီးသော လီအို နိဒတ်(စ) နှင့် သူ့ ရဲဘော်များ၏ စိတ်ဓာတ်ကို စံနမူနာထားကာ ပါရှန်းတို့ကို ပြန်လည်တိုက်ခိုက်ကြသည်။ သူတို့သည် ကြည်းကြောင်း၊ ရေကြောင်းနှစ်ရပ် စလုံးမှာပင် ပါရှန်းတို့ကို ချေမှုန်းနိုင်ခဲ့ကြသည်။ ကျူးကျော်သူများကို အမိမြေမှ အပြီးအပိုင် မောင်းနှင်ထုတ်နိုင်ခဲ့ကြသည်။ ။
စစ်ပွဲများ ပြီးဆုံးသောအခါ ဂရိတို့သည် လီအိုနိဒတ်(စ)နှင့် သူ့ ရဲဘော်များ ကျဆုံးရာ သာမိုလေး တောင်ကြားလမ်း၌ ခြင်္သေ့ရုပ်တုကြီး တစ်ခုကို ကျောက်သားဖြင့် ထုလုပ်ထားရှိသည်။ ယင်းသည် ခြင်္သေ့ပမာတိုက် ခိုက်ခဲ့ကြသောလီအိုနိဒတ်(စ) တို့အတွက် အထိမ်းအမှတ် ကျောက်ရုပ်တုပင် ဖြစ်သည်။ ယင်းခြင်္သေ့ ကျောက်ရုပ်တုအောက်ခြေတွင်လည်း ကျဆုံးသူများကို ဂုဏ်ပြုသောအားဖြင့် အောက်ပါစာတန်းကို ကျဆုံး၁၃များက ပြောကြားလေဟန် ရေးထိုးထားပေသည်။
' အို ... ခရီးသွား၊ သင် စပါတာသို့ ရောက်လျှင် သည်နေရာ၌ ငါတို့ သည် စပါတာနိုင်ငံသားတို့ ချမှတ်ထားသော ဥပဒေကို ရိုသေသောအားဖြင့် အသက်စွန့်ခဲ့ကြပါသည်ဟု ပြောပြပါလော့”