မင်းယု၀ေ - တိပိဋကဓရယောဆရာတော်
ယောနှင့် ဆရာဦးသိန်းဖေမြင့်
“မိန်းကလေးတို့က ချင်းမကလေးတွေလား။”
“ဘယ်ကဟုတ်ရမှာလဲ အော့။”
“ဒါဖြင့် ဒီတစ်ဝိုက်မှာ အများအပြားနေကြတယ်ဆိုတဲ့ တောင် သားများလား။”
“မဟုတ်ပါဘူး အော့။ ကျွန်မတို့က ဗမာပါ။”
“မိန်းကလေးတို့ စကားပြောတာ သိပ်ဝဲတော့ ဗမာမှဟုတ်ပါ့မလား လို့ သံသယဖြစ်ပြီး မေးမိတာပါကွယ်။ ဒါဖြင့် မင်းတို့က ယောသူတွေပေါ့နော်။”
“ဟုတ်တယ် အော့။”
“မိန်းကလေးနာမည်က ဘယ်သူတဲ့တုံး။”
“မစောမြို့တဲ့ အော့။”
“အော့” ကား ကျွန်တော်တို့အညာက “တော့” နှင့် အတူတူပင် ဖြစ်ဟန်ရှိသည်။ ။
ယောသူ မစောမြို့မှာ ခင်ကျောင်းရွာမှ သူကြီး၏သမီး ဖြစ်သည်။ အတန်ကြာသော် သူကြီးကိုယ်တိုင် ရောက်လာပြီး သူ့အိမ်ခဏဝင်ရန် ဖိတ် ခေါ်လေသည်။ မစောမြို့နှင့် မိန်းကလေးအချို့သည် ကျွန်တော်တို့စီးခဲ့သောဂျစ်ကားကိုစီးပြီး သူကြီးအိမ်သို့ သွားနှင့်ကြသည်။ ကျွန်တော်တို့သည် သူကြီး အိမ်သို့ လမ်းလျှောက်ခဲ့ကြသည်။
အထက်ပါဖော်ပြချက်မှာ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ရေး သော “ချင်းဝိသေသတိုင်း သမိုင်းအစ” စာအုပ်ပါ ကောက်နုတ်ချက် ဖြစ်သည်။ ယင်းစာအုပ်ကို စာပေဗိမာန်က ၁၉၆၇-ခုနှစ်တွင် ထုတ်ဝေ ခဲ့သည်။ ဆရာ ဦးသိန်းဖေမြင့်သည် ထိုစာအုပ်ကို ရေးရန်အတွက် ၁၉၆၆-ခုနှစ်တွင် ချင်းပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည်။ အပြန် ခရီးတွင် ဆရာဦးသိန်းဖေမြင့်နှင့် အဖော်တို့သည် ယောဒေသသို့ ခေတ္တ ဝင်ရောက်ခဲ့သည်။ ယောချောင်းပေါ်ရှိ ခင်ကျောင်းရွာသို့ ရောက်ရှိ၍ ခဏနားကြရာမှ ယောသူ မစောမြို့နှင့်တွေ့ကာ အထက်ပါအတိုင်း အပြန်အလှန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယောသည် ဗမာ
ယောသူမစောမြို့ ပြောသည့်အတိုင်းပင် ယောသူယောသား များသည် ဗမာများပင် ဖြစ်ကြသည်။ မြန်မာ့စွယ်စုံကျမ်း၌ “ယောသူ ယောသားတို့သည် ဗမာအနွယ်ဝင်များဖြစ်၍ ဒေသအလိုက် ထုံး ဓလေ့နှင့် စကားအသုံးအနှုန်းတို့ ခြားနားနေရခြင်းဖြစ်သည်” ဟူ၍ ဖော်ပြထားသည်။
ယောနယ်သည် အနောက်ရိုးမတောင်တန်းနှင့် ပုံတောင်ပုံညာ အကြား မြစ်သာမြစ်ဝှမ်း တစ်လျှောက်ရှိသော နယ်မြေဒေသဖြစ်သည်။ ရန်ကုန်-မန္တလေးတို့နှင့် အနေဝေး၍လည်းကောင်း၊ ဧရာဝတီအ နောက်ဘက်ကမ်း၌ တည်၍ အတွင်းပိုင်းကျနေခြင်းကြောင့်လည်း ကောင်း၊ ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့်လည်းကောင်း အပြောအဆို၊ ဓလေ့ထုံးစံ အနည်းငယ် ကွာခြားနေခြင်းဖြစ် သည်။ ယောသူ ယောသားတို့က မုံရွာ၊ ပခုက္ကူ၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်စသော မြို့ပြဒေသများကို အောက်ပြည်အောက်ရွာဟု ခေါ်ကြသည်။ ထိုဒေသနေလူများကိုလည်း အောက် သား အောက်သူဟု ခေါ်ကြသည်။
ယောသူ၊ ယောသားတို့သည် အလွန်ယဉ်ကျေးသူများ ဖြစ်ကြ သည်။ ရတနာသုံးပါးကို အလွန်ရိုသေမြတ်နိုးသူများ ဖြစ်ကြသည်။ သို့ရာတွင် ယခင့်ယခင်က လိမ်ညာခဲ့ကြသူအချို့ကြောင့်လည်းကောင်း၊ စိတ်ကူးယဉ် စုန်း၊ ကဝေ၊ တစ္ဆေ ဝတ္ထုရေးဆရာအချို့ကြောင့် လည်းကောင်း၊ မျက်လှည့်ဆရာအချို့ကြောင့်လည်းကောင်း ယောသူယောသားများကို အချို့က အထင်မှား၊ အမြင်မှား ဖြစ်ခဲ့ကြသည်။ ပြုစားတတ်သူများ၊ စုန်း၊ ကဝေအတတ်၊ မှော်အတတ်တို့ကို တတ် မြောက်ကြသူများဟူ၍ ထင်မှတ်မှားခဲ့ကြသည်။
သို့ရာတွင် ယောနယ်ကို ရောက်ဖူးသူတိုင်း အထင်မှား၊ အမြင် မှားတို့ လွင့်စင်ကွယ်ပျောက်သွားကြသည်။ ယောနယ်သူ၊ ယောနယ် သားတို့၏ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကြည်ညိုမှု၊ ရိုးသားမှု၊ နှလုံးသားဖြူစင်မှု၊ စေတနာသဒ္ဓါတရားကောင်းမှုတို့ကို ကြုံ တွေ့ကာ ချစ်ခင်မဆုံး ရှိကြသည်။ လေးစားမဆုံး ရှိကြသည်။ ယော နယ်သူ၊ ယောနယ်သားတို့၏ မြတ်နိုးဖွယ်ဘဝမှန်ကို ဆရာဦးသိန်းဖေ မြင့်၊ ဆရာဝန်တင်ရွှေ စသူတို့ကလည်း ရေးသားဖော်ထုတ် တင်ပြခဲ့ကြ သည်။
ကိုယ်တွေ့ယော
ကျွန်တော်သည် ၁၉၈၂-ခုနှစ်၊ ဒီဇင်ဘာလတွင် ကာတွန်း ဦးဖေသိန်း၊ ဆရာဌေးမောင်၊ ဆရာ ကျိုက်လတ်မိုးမြင့်၊ ဆရာနွမ်ဂျာ သိုင်း၊ ဆရာမြတ်ဆွေတို့နှင့်အတူ ယောနယ်သို့ စာပေဟောပြောပွဲ သွားရောက်ခဲ့သည်။ ယောနယ်ဖြစ်သော ကျောက်ထု၊ ဆော၊ လောင်း ရှည်၊ ယော၊ သိမ်ကျင်းတို့ကို ရောက်ခဲ့သည်။ ယောသူ၊ ယောသား တို့ စိတ်နှလုံးဖြူစင်၍ စေတနာသဒ္ဓါတရား ကြီးမားပုံကို အံ့ချီးဖွယ် တွေ့မြင်ခဲ့ရသည်။
ဆောမြို့တွင် ကျွန်တော်တို့ ညစာစားသောအခါ ယောသူက လေးများသည် မိမိတို့အိမ်များတွင် ချက်ထားသော ထမင်းဟင်းများကို လာရောက်ပေးဖို့ ကျွေးမွေးကြသည်။ သူတို့သည် ဝတ်ကောင်းစားလှ များ ဝတ်လျက် အချို့က ထမင်းအုပ်များကို ရွက်၍လည်းကောင်း၊ အချို့က ဟင်းခွက်များထည့်ထားသော ဗန်းများကို ရွက်၍လည်းကောင်း စီတန်းကာ လာပို့ကြသည်။ ကျွန်တော်တို့ကို စေတနာသဒ္ဓါ တရား ထက်သန်စွာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
တတိယနေ့တွင် ကျွန်တော်တို့အဖွဲ့သည် သိမ်ကျင်းရွာသို့သွား ၍ ရွှေကန်သာစေတီတော်ကြီးကို ဖူးမြော်ကြသည်။ သိမ်ကျင်းရွာသူ ရွာသားများသည် ဧည့်သည်များရောက်နေသည်ဟု ချက်ချင်း ကြားသိ သွားကြသည်။ မကြာမီပင် ယောသူကလေးများသည် စားသောက် ဖွယ်ရာများနှင့် လက်ဖက်ရည်ကြမ်းများကို ဗန်းကိုယ်စီဖြင့်ရွက်၍ ဘုရားတန်ဆောင်းထဲသို့ ယူဆောင်လာကြသည်။ လှပတင့်တယ်၍ ချိုပြုံးသော မျက်နှာကလေးများဖြင့် ကျွန်တော်တို့ကို ယဉ်ကျေးပျူငှာ စွာ ဆက်ဆံကြသည်။
“စားကြပါအော့၊ သုံးဆောင်ကြပါအော့”
ဟု ဆိုကာ လက်ဖက်ရည်ကြမ်းနှင့်တကွ လက်ဖက်သုပ်၊ ဆတ်သားကြော်၊ ဝါးဥ၊ သင်္ဘောသီးမှည့် စသည်တို့ကို ကျွေးမွေးကြသည်။ တစ်အိမ်စီမှ ကိုယ်တတ်နိုင်သလောက် ယူလာ၍ ဝိုင်းဖွဲ့ပြုစု ကျွေးမွေးကြခြင်းဖြစ် သည်။ နိုင်ငံခြားတိုင်းပြည်များတွင် မဆိုထားနှင့် မြန်မာပြည်ရှိ အရပ် ဒေသ အတော်များများတွင်ပင် ကြုံတွေ့ရခဲသော ဓလေ့ကောင်း၊ ဓလေ့မွန်များပင် ဖြစ်သည်။
ဒေသခံယောသား မိတ်ဆွေတစ်ဦးက “တစ်ခါက အောက် ပြည်အောက်ရွာက ဇာတ်အဖွဲ့တစ်ခု ဘုရားပွဲမှာ လာရောက်ကပြခဲ့ တယ်။ အကြောင်းမသင့်တော့ ဇာတ်အဖွဲ့ဟာ အမြတ်အစွန်းမပေါ်ဘဲ အရှုံးပေါ်ခဲ့တယ်။ မပြန်နိုင်ဘဲ သိမ်ကျင်းရွာမှာပဲ သောင်တင်နေခဲ့တယ်။ အဲဒါကို သိမ်ကျင်းရွာသားတွေက စာနာထောက်ထားပြီး ဇာတ်အဖွဲ့ တစ်ဖွဲ့လုံးကို အလှည့်ကျ ထမင်းကျွေးထားကြတယ်။ ရက်ပေါင်းတော်တော်ကြာတယ်။ နောက်ဆုံး ရွာသူရွာသားတွေကပဲ စရိတ်ငွေ စုဆောင်းရှာဖွေပေးကြတယ်။ ဒီတော့မှ သူတို့လဲ ပြန်သွားနိုင်ကြတော့ တယ်။ ကျေးဇူးတင်မဆုံး ရှိခဲ့ကြတယ်” ဟူ၍ ပြောပြခဲ့သည်။
ကျွန်တော်သည် ယောသူယောသားများ၏ စေတနာသဒ္ဓါ တရား ကြီးမားပုံကို ကိုယ်တွေ့ကြုံခဲ့ရသည်။ သူတို့၏ မွန်မြတ်သော စိတ်နှလုံးသည် ကျွန်တော်၏နှလုံးသားဝယ် ရိုက်ခတ်လာခဲ့သည်။ ထို့ကြောင့် ထိုဒေသမှာပင် အောက်ပါကဗျာကို ရေးဖွဲ့မိသည်။
လှသော ယော
ယောနယ် ယောရွာ အလှဖြာ
တောင်ညိုပြာနှင့် ရှုခင်းသာ။
ချောင်းရေလျဉ်မှာ ဘော်ငွေသွေး
သွင်သွင်စီးလို့ ကြည်လင်အေး။
စိုက်ပျိုးရေးက ယာနဲ့လယ်
ရက်ကန်းကိုလဲ ရက်ကြတယ်။
စွမ်းအားကြွယ်လို့ အားမာန်ပွား
ဖြောင့်မတ်တည်ကြည် ယောနယ်သား။
ဧည့်သည်များကို ဆီးလို့ကြို
ကျွေးချင်မွေးချင် စေတနာပို။
ထမင်းအုပ်ကိုယ်စီ ရွက်ကာပို့
ယောမေပျိုဖြူ ယောသူတို့။၏
ဂုဏ်ယူဖွယ်ဒေသ
ဤသို့ ဒေသလည်းလှ၍ ဒေသခံနယ်သူနယ်သားတို့၏ စိတ် ထားလည်းလှသော ယောနယ်သည် ဂုဏ်ယူဖွယ်ဒေသလည်း ဖြစ် သည်။ ယောနယ်သည် မြန်မာ့သမိုင်းတွင် ပုဂံနှင့်ယှဉ်၍ ထင်ရှားလာ ခဲ့သော ဒေသဖြစ်သည်။ ပုဂံခေတ်ကျောက်စာတို့တွင် ယောနယ်၏ အချို့သောရွာများအား ဖော်ပြခဲ့သည်များကို တွေ့ရှိရသည်။ ထို့ပြင်ယောနယ်သည် မြန်မာ့သမိုင်းတွင် အစောဆုံး လူနေဒေသဖြစ်မည်ဟု ပညာရှင်အချို့က မှန်းဆကြသည်။ ထိုဒေသတွင် ကျောက်ခေတ်ဦးကာလ လူသားများနေထိုင်ကြောင်း အထောက်အထားများ တွေ့ရှိ ရသောကြောင့် ဖြစ်သည်။
ယခု ယောနယ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ပါဝင် သည်။ ရှေးခေတ် ယော ၄-မြို့တို့မှာ ဆောမြို့၊ ယောမြို့၊ လောင်းရှည်မြို့နှင့် ထီးလင်းမြို့တို့ ဖြစ်ကြသည်။ ယခုခေတ် ယော ၄-မြို့မှာ ကလေး မြို့ ဂန့်ဂေါမြို့၊ ဆောမြို့နှင့် ထီးလင်းမြို့တို့ ဖြစ်ကြသည်။
ဤယော ၄-မြို့တွင် ဂန့်ဂေါမြို့သည် ချင်းဗမာနယ်စပ်တွင် တည်ရှိသည်။ ပခုက္ကူမြို့နှင့် ၁၄၅-မိုင် ကွာဝေးသည်။
လက်ပံရွာမှ ဇနီးမောင်နှံ
ထိုဂန့်ဂေါမြို့နှင့် ၁၄-မိုင်အကွာတွင် လက်ပံရွာဟူသော ရွာ ကလေးတစ်ရွာ တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀-ကျော်က လက်ပံရွာမှာ အိမ်ခြေ ၈၀-ခန့်သာရှိသည်။ လူဦးရေ ၄ဝဝ-ကျော်ခန့် သာ ရှိသည်။
ထိုရွာတွင် ဦးရဲနိုင်နှင့် ဒေါ်တုတ်ခိုင်တို့ ဇနီးမောင်နှံ နေထိုင်ကြ သည်။ ဦးရဲနိုင်သည် တောင်သူလယ်သမား ဖြစ်သည်။ စပါး၊ ပဲ၊ပြောင်း၊ နှမ်း၊ ဝါ အစုံစိုက်ပျိုးသည်။ အလုပ်ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ အလုပ်နှင့်လက်နှင့် ပြတ်သည်ဟူ၍ မရှိပေ။ ဇနီး ဒေါ်တုတ် ခိုင်ကလည်း ခင်ပွန်းနှင့် လိုက်ဖက်ညီသည်။ ထမင်းဟင်းချက်ပြုတ်၍ အိမ်မှုကိစ္စတို့ကို ကျေပွန်စွာ လုပ်ဆောင်ရုံမျှမက ရက်ကန်းလည်း ရက် သည်။ ဗိုင်းလည်း ငင်သည်။
ယောသူမှန်လျှင် ရက်ကန်းမရက်တတ်သူ မရှိသလောက်ပင် ဖြစ်သည်။ ယောဒေသသည် ပင်နီချောနှင့် ယောထဘီခေါ် သည့် ယောလုံချည်လုပ်ငန်းကို ရှေးနှစ်ပေါင်းများစွာကပင် လုပ်ဆောင်ခဲ့သော ဒေသဖြစ်သည်။ နယ်ချဲ့ကို ဆန့်ကျင်သော ဝံသာနုလုပ်ငန်းတွင် ပင်နီချောနှင့် ယောထဘီသည် ရှေ့တန်းက ပါဝင်ခဲ့သည်။