Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မင်းယုဝေ - အတ္ထုပ္ပတ္တိထူး

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
အင်္ဂလိပ်ဘုန်းတော်ကြီး
အရှင်အာနန္ဒာမေတ္တေယျ

          “တစ်ခါက ကျွန်ုပ်သည် မြန်မာရွာတစ်ရွာသို့ ရောက်ရှိစဉ် အဖော်ရဟန်းများနှင့်အတူ အသုဘတစ်ခုသို့ သရဏဂုံတင်ရန် သုသာန်တစ်ခုသို့ ရောက်သွားသည်။ ထိုစဉ် ကျွန်ုပ်သည် အလောင်းကို မီးသင်္ဂြိုဟ်သော နေရာအနီး၌ ဝါးကျောင်းငယ် တစ်ခုကို တွေ့ရသည်။ ထိုကျောင်းပြတင်းမှနေ၍ အထဲသို့လှမ်း ကြည့်လိုက်သောအခါ ရဟန်းအိုတစ်ပါး သီတင်းသုံးနေထိုင် သည်ကို တွေ့ရသည်။ ရဟန်းအို၏မျက်နှာမှာ အိုမင်းရင့်ရော် သောအသွင်ကို ဆောင်နေသော်လည်း ချမ်းမြေ့၍ ကြည်လင် တောက်ပလျက်ရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် မျက်လုံး အစုံသည် ကြည်လင်တောက်ပလျက် ရှိသည်။ ထိုကြည်လင် တောက်ပမှုသည် အကျင့်သိက္ခာနှင့် ပြည့်စုံ၍ အမှန်တရားကိုကြည် တွေ့ရသည်နေသော်လည်း အထူးသဖြင့် ည်လင်သိမြင်မှုကြောင့် ရောင်ပြန်ဟပ်မှုပင် ဖြစ်သည်ဟု ယူဆမိသည်။

          ရဟန်းအို၏ ကြည်ညိုဖွယ်အသွင်ကြောင့် ကျွန်ုပ်သည် အနီးသို့ ချဉ်းကပ်လျက် ဤသုသာန်သည် ရွာနှင့် အလှမ်းဝေးလှ ကြောင်း၊ နေရာမှာလည်း သူ သေတို့ကို မီးရှို့ရာနေရာဖြစ် ကြောင်း၊ ဘေးရန်လည်းများလှ၍ စက်ဆုပ်ဖွယ်ရာလည်းဖြစ် ကြောင်း၊ အဘယ်ကြောင့် ဤနေရာ၌ သီတင်းသုံးနေပါကြောင်း မေးမြန်းလျှောက်ထားမိသည်။

          ထိုအခါ ရဟန်းအိုက သူသည် ပျိုရွယ်စဉ် လူဝတ်ကြောင် ဘဝက အမျက်ဒေါသကြီးခဲ့ကြောင်း၊ စိတ်မြန်လက်မြန်လည်း ရှိခဲ့ကြောင်း၊ ထို့ကြောင့် မကြာခဏ ရန်ခိုက်ဒေါသဖြစ်ကာ ဒုက္ခ ရောက်ခဲ့ရကြောင်း၊ တစ်နေ့တွင်မူ သူ့အဖြစ်ကို ပြန်လည်သုံးသပ် ကာ ပြုပြင်ရန် ဆန္ဒဖြစ်ပေါ်လာကြောင်း၊ သို့ဖြင့် ရဟန်းတော် တစ်ပါးထံ ချဉ်းကပ်၍ သူ့ဆန္ဒကို ပြောပြခဲ့ကြောင်း၊ ထိုအခါ ရဟန်းတော်က “ဤလောက၌ လူမိုက်တို့သည် ငါတို့သေကြ လိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့ သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါ တို့သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန် ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏” ဟူ၍ ဗုဒ္ဓ၏အဆုံးအမ ဖြစ်သော ဓမ္မပဒ ပါဠိတော်လာ အဆုံးအမတစ်ရပ်ကို ရွတ်ဆိုပြ ခဲ့ကြောင်း၊ ချက်ချင်းပင် သူသည် သတိသံဝေဂရကာ ရဟန်း ဘောင်သို့ ကူးပြောင်းခဲ့ကြောင်း ပြောပြခဲ့သည်။

          တစ်ခါတစ်ရံ လူတို့သည် ကုသိုလ်ကံ အကျိုးပေးအရဗုဒ္ဓ၏တရားတော်မှ အဆုံးအမ အနည်းငယ်မျှ နာကြားရရုံဖြင့် အမှန်တရားကို ချက်ချင်းနားလည် သဘောပေါက်နိုင်ခဲ့ကြ သည်။ အမှောင်ခန်းအတွင်းသို့ မီးအိမ်ကို ယူလာသောအခါ အလင်းရောင်ရသကဲ့သို့ ဗုဒ္ဓ၏တစ်ပိုဒ်မျှသော ဂါထာသည်ပင် လျှင် လူတို့၏စိတ်ကို အလင်းရောင် ရစေနိုင်ခဲ့သည်။ ထိုအခါ ဘဝသစ်သို့ ရောက်ရှိသွားသူပမာ စိတ်သစ်လူသစ် ဖြစ်သွားပေ တော့သည်။

          “ငါတို့ သေကြလိမ့်မည်” ဟူသော စကားသည် ရှင်းလင်း လွယ်ကူသည်နှင့်အမျှ အလွန်ပင် လေးနက်လှသည်။ အဓိပ္ပာယ် ပြည့်ဝလှသည်။ ထိုစကား၏တန်ဖိုးကို သာမန်အသိအမြင်ဖြင့် မသိမမြင်နိုင်။ စိတ်၏ အဇ္ဈတ္တသန္တာန်တွင် အလင်းရောင် ရရှိ သူမှသာလျှင် ထိုးထွင်းသိမြင်နိုင်ပေသည်။

          ဤအသိအမြင်မျိုးကို ရဟန်းအိုဖြစ်လာမည့် လုလင်သည် သိရှိလိုက်သည်။ သိရှိလိုက်သဖြင့်လည်း မြင့်မြတ်လှသော ရဟန်းဘဝသို့ ရဲဝံ့စွာကူးပြောင်းလိုက်သည်။ သူ၏ အမျက် ဒေါသတို့ကို ကြိုးပမ်းပယ်သတ်သည်။ တစ်စက်တစ်စက်ကျသော ရေသည် ကာလကြာသော် ရေအိုးကိုပြည့်စေနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့အတူ လုလင်ပျိုရဟန်းသည် အမျက်ဒေါသ ကို တစ်စတစ်စ ပယ်သတ်ခဲ့ရာ အတော်အတန် ပယ်သတ်နိုင်ခဲ့ သည်။ သို့ရာတွင် လုံးဝကင်းစင်အောင်ကား ပယ်သတ်၍မရ ဖြစ်နေသည်။ သို့ဖြင့် သူသည် ယခင် အမြင်ထူးရစေခဲ့သော တရားကို ပိုမိုခံစားသိမြင်နိုင်ရန် သုသာန်သို့ မကြာခဏကြွရောက်သည်။ တရားဘာဝနာ ရှုသည်။ ယင်းသို့ ကြွရောက် ရှုရာမှ သုသာန်မြေ၌ အမြဲနေထိုင်လျက် တရားဘာဝနာရှုရန် ဆန္ဒဖြစ်လာသည်။ နောက်ဆုံးတွင် သူ၏ဆန္ဒကို ဖြည့်စွမ်းသော အနေဖြင့် ရွာသားများက ကျောင်းငယ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းရာ ထိုနေရာ၌ အမြဲသီတင်းသုံး နေထိုင်ခွင့်ရခဲ့သည်။ သေခြင်းတရားကို နေ့စဉ်ဘာဝနာပွားကာ တရားမြတ်ကို ပိုမို ရှာဖွေနိုင်ခဲ့သည်။ သူ ရှာဖွေတွေ့ရှိသော တရားမြတ်ကို ရွာသား များအားလည်း ပြန်လည်ဟောကြား၍ အမှန်တရားကို ညွှန်ပြ ခဲ့သည်။ ရွာသားအားလုံးကပင် ရဟန်းအိုသည် တရားထူးတွေ့ကာ ပေါက်မြောက်နေသူဖြစ်သည်ဟု ပြောကြားသည်။ ကျွန်ုပ် ကလည်း ဤကဲ့သို့ပင် ယူဆမိပါသည်။

          အထက်ပါ အကြောင်းအရာသည် အင်္ဂလိပ်လူမျိုး၊ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျ ရေးသားသော စာတမ်းမှ ကောက်နုတ်ချက်ဖြစ်သည်။ အရှင်အာနန္ဒာမေတ္တေယျ သည် မြန်မာပြည်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ရာမှ သူ့ကိုယ် တွေ့တစ်ရပ်ကို ထည့်သွင်းတင်ပြထားခြင်း ဖြစ်သည်။ ဤသို့ တင်ပြရာမှ- လူတစ်ယောက်သည် အမှန်တရားကို သိမြင်လိုက် သည်နှင့်တစ်ပြိုင်နက် အများကတန်ဖိုးရှိသည်ဟု ယူဆနေသော အရာတို့ကို စွန့်လွှတ်ကာ အမှန်တရားနောက်သို့ ကောက်

ကောက်ပါအောင် လိုက်တတ်ပုံကိုလည်း ဤသို့ ဆက်လက်တင် ပြထားပြန်သည်။

          “လူ့ဘဝတွင် အမှန်တရားသည် အလွန်အရေးကြီးလှသည်။ လူတစ်ယောက်သည် အမှန်တရားကို သိမြင်သည်နှင့် တစ်ပြိုင်နက် အများကတန်ဖိုးရှိသည်ဟု ယူဆနေသော အရာ တို့ကို စွန့်လွှတ်ကာ အမှန်တရားနောက်သို့ ကောက်ကောက်ပါ အောင် လိုက်တတ်ကြပေသည်။ ထိုသို့ လိုက်ကြခြင်း၏အကြောင်းရင်းဇာတ်မြစ်ကို လူများသည် မသိမမြင်နိုင်ကြပေ။ ထို့ကြောင့် ကျွန်ုပ်၏နိုင်ငံ(အင်္ဂလန်နိုင်ငံ)တွင် လူပေါင်းများစွာ တို့ သည် ဗုဒ္ဓသားတော် ရဟန်းအဖြစ် ကူးပြောင်းခြင်း၏ အကြောင်းရင်းကို မသိမမြင်ကြချေ။ ထိုသူတို့၏ အမြင်တွင် ဗုဒ္ဓဘာသာရဟန်းအဖြစ် ကူးပြောင်းခြင်းမှာ လူ့ဘဝအတွက် အသုံးမဝင်၊ လူ့လောကကြီးနှင့် ဇနီးသားသမီးများအပေါ် တာဝန် မကျေ၊ ကိုယ်လွတ်ရုန်းသည်ဟု ထင်မြင်ယူဆကြသည်။ ဤသို့ ထင်မြင်သည်ကို အပြစ်မယူလိုပေ။ ရဟန်းအိုမြင်သကဲ့သို့ အမှန်တရားကို မမြင်မိသောကြောင့်သာ ဖြစ်ပေသည်။”

          ဤတင်ပြချက်သည် သူဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် လောကီကိစ္စတို့ကို စွန့်လွှတ်လျက် ဗုဒ္ဓဘာသာ ရဟန်းဘဝကို ခံယူခဲ့ပုံကို တစ်စိတ်တစ်ဒေသ ညွှန်ပြသကဲ့သို့ ရှိပေသည်။

          ဗုဒ္ဓသာသနာ ထွန်းကားသော မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စသည့်နိုင်ငံများတွင် လောကီစည်းစိမ်တို့ကို စွန့်လွှတ်ကာ ရဟန်းဘောင်သို့ ကူးပြောင်းသွားခြင်းကို လူအများပင် နားလည် သဘောပေါက်ကြမည် ဖြစ်သည်။ သို့ရာတွင် အင်္ဂလန်ကဲ့သို့ ဗုဒ္ဓသာသနာ ထွန်းကားခြင်းမရှိသေးသည့် နိုင်ငံမျိုးတွင်ကား ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူသွားခြင်းကို မည်သို့မျှ နားလည်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် အရှင်အာနန္ဒာမေတ္တေယျ ရဟန်းဘောင်သို့ ဝင်သည့်အချိန်အခါ၌ သူ့နိုင်ငံသားများသည် သူ ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူခြင်းကို ပိုမို၍ နားမလည်နိုင် အောင် ဖြစ်ကြပေမည်။ အဘယ့်ကြောင့်ဆိုသော် အရှင်အာနန္ဒာ မေတ္တေယျသည် အင်္ဂလိပ်လူမျိုးများအထဲမှ ဗုဒ္ဓသားတော် ရဟန်း အဖြစ် ရှေးဦးစွာ စွန့်စားခံယူသူတို့အထဲတွင် တစ်ပါးအပါအဝင် ဖြစ်သောကြောင့်ပင်။

          ထို့ကြောင့် သူ၏ ဆွေမျိုး မိတ်သင်္ဂဟများက ရဟန်းမပြု ရန် ဝိုင်းဝန်းတားမြစ်ကြသည်။ မည်သို့မျှ တားမြစ်သော်လည်း သူသည် လောကီစီးပွား ချမ်းသာတို့ကိုသာမက မိဘဆွေမျိုးများ ကိုပါ စွန့်ခြင်းကြီး ကြီးစွာဖြင့်စွန့်၍ ရဟန်းပြုခဲ့ပေသည်။ တစ်နည်းအားဖြင့် အမှန်တရားကို သိမြင်လိုက်သောကြောင့် ထိုအမှန်တရားနောက်သို့ ရဲဝံ့စွာ ကောက်ကောက်ပါအောင် လိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ။

          ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်အခါကလည်း ဤကဲ့သို့ သာသနာ့ဘောင်သို့ အကူးရခက်သည့်ဖြစ်ရပ်များ ရှိခဲ့လေသည်။ အရှင်ရဋ္ဌပါလမထေရ်နှင့် အရှင်မသုမေဓာထေရီတို့သည် ဗုဒ္ဓ သာသနာတော်သို့ ခဲယဉ်းစွာ ကူးပြောင်းရသူများအနက် ထင်ရှား သောပုဂ္ဂိုလ်များ ဖြစ်၏။

          ရဋ္ဌပါလသည် တစ်ဦးတည်းသော သူဌေးသားဖြစ်သည်။ အသက်အားဖြင့်လည်း ငယ်ရွယ်နုပျိုသေးသည်။ ကုဋေများစွာ ထိုက်တန်သော ရွှေငွေဘဏ္ဍာ တိုက်တာအဆောက်အအုံနှင့်လယ်ယာပစ္စည်းများသည် ရဋ္ဌပါလအတွက် အမွေဆက်ခံယူရန် အသင့်ရှိနေသည်။ ယင်းကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေးသား ဘဝ၌ ရှိနေသော်လည်း ရဋ္ဌပါလသည် ဗုဒ္ဓ၏တရားလမ်းစဉ်ကို ကြားနာရသောအခါ စည်းစိမ်အားလုံးကိုစွန့်လွှတ်၍ ရဟန်းပြု လေသည်။

          ရဟန်းပြုသည်ဆိုရာ၌ လွယ်ကူသည်ကား မဟုတ်ပေ။ ရဟန်းပြုခွင့်ကို အသက်နှင့်လဲ၍ ရယူခဲ့ရလေသည်။ မိဘနှစ်ဦး ဖြစ်သူ သူဌေးကြီးလင်မယားသည် ရဋ္ဌပါလရဟန်းပြုခွင့် တောင်းသော်လည်း ခွင့်မပြုကြ။ အကြိမ်ကြိမ် အဖန်ဖန်ပင် တားမြစ်ကြလေသည်။ မြောက်မြားစွာသော စည်းစိမ်ဥစ္စာတို့ကို ရဋ္ဌပါလ တစ်ဦးတည်းသာလျှင် အမွေဆက်ခံယူမည့်သူရှိ၍ ရဟန်းပြုခွင့်မပေးနိုင် ရှိနေကြသည်။

          ထိုအခါ ရဋ္ဌပါလသည် အစာမစားဘဲ နေလေတော့၏။ “အသက်သေချင်လည်း သေစေတော့၊ ရဟန်းပြုခွင့်မရသမျှ ကာလပတ်လုံး အစာမစားတော့ပါ” ဟုဆိုကာ ဆိတ်ဆိတ်နေ လေတော့၏။ ဤတွင်မှ သူဌေးကြီးလင်မယားသည် “အသက် သေခြင်းထက် ရဟန်းပြုခြင်းက သင့်လျော်သေးသည်။ သားဖြစ် သူကို ရဟန်းအဖြစ်နှင့် တွေ့မြင်နိုင်သေးသည်” ဟု ဆုံးဖြတ်ကာ ရဟန်းပြုခွင့် ပေးလိုက်လေသည်။

          ရဋ္ဌပါလသည် ရဟန်းပြုပြီး ဗုဒ္ဓ၏တရားလမ်းစဉ်အတိုင်း ကျင့်သုံးအားထုတ်သဖြင့် နောက်ဆုံး၌ “အရှင်ရဋ္ဌပါလမထေရ်” ဟူ၍ ဧတဒဂ်ရ ရဟန္တာတစ်ပါးအဖြစ် ထင်ရှားလေသည်။

          သုမေဓာထေရီသည်လည်း တစ်ဦးတည်းသော ဘုရင့် သမီးတော်ဖြစ်၏။ ပျိုမျစ်နုနယ် ငယ်ရွယ်သူဖြစ်ရုံမက ရုပ်ဆင်း ရူပကာ လှပတင့်တယ်၏။ ယဉ်ကျေးသိမ်မွေ့၏။ အမြော်အမြင် အသိပညာနှင့် ပြည့်စုံ၏။ မိမိနိုင်ငံ၌သာမက အခြားနိုင်ငံအသီး သီးမှ မင်းညီမင်းသား၊ ရှင်ဘုရင်များကပင် ထိမ်းမြားလိုကြောင်း ကမ်းလှမ်းခြင်း ခံရသူဖြစ်၏။

          သုမေဓာမင်းသမီးသည် စည်းစိမ်ဥစ္စာ၊ ခြွေရံသင်းပင်း၊ အာဏာ၊ ရာထူး စသော လောကီချမ်းသာမှုတို့ကို လိုတိုင်း ရတ တိုင်းဖြစ်ဟု ဆိုရလောက်အောင် ပြည့်စုံနေသူ ဖြစ်၏။ သို့သော် သူသည် ဗုဒ္ဓ၏တရားလမ်းစဉ်ကို ရဟန်းတော်များမှ တစ်ဆင့် ကြားနာခွင့်ရလိုက်သဖြင့် သာသနာ့ဘောင်သို့ ကူးပြောင်း လိုနေ၏။ ရဟန်းမအဖြစ်ဖြင့် ဗုဒ္ဓ၏တရားလမ်းစဉ်အတိုင်း ကျင့်သုံးအားထုတ်လိုနေ၏။ စည်းစိမ်ဥစ္စာ၊ အာဏာရာထူး များကို နှစ်လိုတပ်မက်ခြင်း အလျှင်းမရှိတော့ပေ။

          သို့သော် ခမည်းတော်၊ မယ်တော်တို့က ရဟန်းမပြုခွင့် မပေး။ ကြီးကျယ်ခမ်းနားလှသော ထီးနန်းစည်းစိမ်ကို ဆက်ခံစေ လိုသည်။ ရဟန်းမပြုခွင့်ကို အကြိမ်ကြိမ် တောင်းခံ၍မရသောအ ခါ သုမေဓာမင်းသမီးသည် သူ၏ဆံပင်ကို ကိုယ်တိုင်လှီးဖြတ် ပစ်လိုက်သည်။ ရဟန်းမပြုခွင့်မရလျှင် အစာမစားတော့ဘဲ အသက်အသေခံတော့မည်ဟု ဆန္ဒပြုလိုက်လေသည်။ ထိုအခါ တွင်မှ မယ်တော်၊ ခမည်းတော်တို့က လက်လျှော့ကာ ရဟန်းမ ပြုရန် ခွင့်ပြုလိုက်ရလေသည်။