စိတ်ကူးချိုချိုစာပေ
မင်းယုဝေ - ဖွားညိုနဲ့ကံထူး
မင်းယုဝေ - ဖွားညိုနဲ့ကံထူး
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ဖွားညို
ဖွားညို၏ဘဝသည် နွေရာသီ၌ တွေ့မြင်ရတတ်သော ပင်စည် အိုကြီးနှင့် တူလှပေသည်။ နွေဦးပေါက်၍ ရော်ရွက်တို့ တစ်ရွက်ပြီး တစ်ရွက် ကြွေကျသွားကြသော်လည်း ပင်စည်တို့မှာမူ အထီးတည်းကျန် ခဲ့ကြတတ်သည်။ ထို့အတူ ခင်ပွန်းနှင့် သားသမီးတို့ တစ်ယောက်ပြီး တစ်ယောက် မျက်စိအောက်မှ ကွယ်ပျောက်သွားကြသော်လည်း ဖွားညိုအဖို့မှာမူ ဤလောက၌ အထီးတည်းကျန်တုန်းပင် ရှိသေးသည်။
ဖွားညို၏အမည်ရင်းမှာ ဒေါ်ညိုဖြစ်သည်။ သို့သော် အများကမူ ဖွားညိုဟုသာ ခေါ်ကြသည်။ ယခု ဖွားညိုအသက် ၈၉ နှစ်ရှိပြီ။ ခင်ပွန်း သည်ဆုံးသည်မှာ အနှစ် သုံးဆယ်ပြည့်တော့မည်။ ခုနစ်ယောက်သော သားသမီးတို့ ကွယ်လွန်ကြသည်မှာလည်း ကာလအတန်ကြာပေပြီ။ ဖွားညိုတွင် ဆွေမျိုးဟူ၍ ယခုအခါ မြေးနှစ်ယောက်သာ ရှိတော့သည်။ သို့ရာတွင် သူတို့မှာလည်း ဖွားညိုနှင့် အလှမ်းဝေးလှပါဘိ။ တစ်ဦးမှာ မြေးယောက်ျားဖြစ်၍ စစ်ထဲသို့လိုက်သွားပါသည်။ ကျန်းမိန်းကလေး မှာမူ ဝေးလံလှသော အရပ်တွင် အိမ်ထောင်ကျလျက် ရှိလေသည်။ ထို့ကြောင့် ဤအပြောကျယ်လှသော လောကကြီးဝယ် ဖွားညိုသည် တစ်ကိုယ်တည်းသာ ခရီးသွားလျက် ရှိရရှာသည်။ သို့သော် ဖွားညိုကား တုန်လှုပ်ခြင်း မရှိ။ ငယ်စဉ်က အဖြစ်အပျက်များကို တသသ တွေးတော ကာ ထိုစဉ်က သီဆိုခဲ့သော တေးဟောင်းများကို တကြော်ကြော်ကျူး ရင့်၍သာ နေလေတော့သည်။
ဖွားညိုသည် မန္တလေးမြို့ လက်ရွေးကြီးရပ် ဇာတိဖြစ်သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းကို ဖွားညို ကောင်းစွာ မီလိုက်သည်။ မင်း တုန်းမင်း လွန်စဉ်က ဖွားညို၏ အသက်သည် ၁၄ နှစ်သာ ရှိသေးသည်။ ဖွားဘို့ ဖခင်ကား ဘုရင့်လှေတော်သားတစ်ဦး ဖြစ်သည်။ ခင်ပွန်းသည် မှာမူ ကုန်သည်ပင် ဖြစ်လေသည်။ ဖွားညိုသည် မန္တလေး၌ နှစ်ရှည်လ များနေထိုင်ပြီးလျှင် အသက် ၃၅ နှစ်သို့အရောက်တွင် ခင်ပွန်း၊ သားသမီး တို့နှင့်အတူ အရောင်းအဝယ်တွင်ကျယ်သော ရန်ကုန်သို့ပြောင်းရွှေ့ နေ ထိုင်ခဲ့သည်။ ရန်ကုန်၌ အနှစ်အစိတ်ခန့် အေးချမ်းစွာနေခဲ့ရာမှ နောက်ဆုံး တွင် ခင်ပွန်းနှင့် သားသမီးတို့လည်း ဆုံး၊ ပစ္စည်းလည်း ပြုန်းသောဘဝ သို့ ရောက်ခဲ့ရရှာသည်။ ထို့ကြောင့် ဖွားညိုသည် ရှေးဦးစွာ နှင်းဆီကုန်းလူအိုရုံ၌ ကိုးနှစ်ကြာမျှ နေထိုင်ခဲ့ရရှာလေသည်။ ယခုအခါ၌မူ လူအိုရုံ တွင် မနေတော့ဘဲ သူနှင့်ရင်းနှီးခင်မင်သူတစ်ဦး၏ အိမ်တွင် လာရောက် နေထိုင်လေသည်။
ကျွန်ုပ်တို့အိမ်နှင့် ဖွားညိုနေသောအိမ်မှာ အတန်နီးကပ်သည်။ ကျွန်ုပ်သည် ဖွားညိုကို ကျွန်ုပ်၏ဇနီးသည်မှတစ်ဆင့် သိကျွမ်းခဲ့ရသည်။ အသက်ကြီးရင့်လှသော ဖွားညိုကို ကျွန်ုပ်၏ဇနီးသည်က ကရုဏာသက် လှသဖြင့် တစ်ခါတစ်ရံအိမ်သို့ခေါ်ကာ စားကောင်းသောက်ဖွယ်များ ကျွေးမွေးတတ်သည်။ အပြန်တွင်လည်း ဖွားညို သုံးစွဲလိုရာသုံးစွဲနိုင်ရန် ဟု ငွေစများဖြင့် ကန်တော့လိုက်တတ်သည်။
ဖွားညိုသည် ကျွန်ုပ်တို့အိမ်သို့ရောက်ရှိလာတိုင်း သူ၏အဖြစ် အပျက်များကို ပြောပြလေ့ရှိသည်။ ဤသို့ ပြောပြရာ၌ သူငယ်စဉ်က သီဆိုခဲ့သော တေးဟောင်းများကိုလည်း ကြားညှပ်၍ သီဆိုပြတတ် သည်။ သူ့အား ကရုဏာသက်သဖြင့် ကျွန်ုပ်၏ဇနီးသည်က “အမေ မောမယ်။ သိပ်လည်း ဆိုမနေပါနဲ့ဦး” ဟုပြောသော်လည်း မရ။ “အို ကိစ္စမရှိပါဘူး သမီးရဲ့။ အမေက သမီးတို့မမွေးခင်က ပေါ်တဲ့သီချင်း တွေမို့ ကြားဖူးအောင် သိပ်ဆိုပြချင်တယ်ကွဲ” ဟုဆိုကာ အားရပါးရ ဆွဲဆွဲငင်ငင် သီဆိုပြတတ်သည်။
ကျွန်ုပ်အဖို့ ဖွားညိုကို တွေ့ရသည်မှာ ရှေးဟောင်းဂီတစာအုပ် ကြီး တစ်အုပ်ကို တွေ့လိုက်ရသည်နှင့် တူလှပေသည်။ ဖွားညို တေး များမှာ ထူးခြားလှပါဘိ။ ကြားရသူတို့အဖို့ ရင်ထဲ၌ တစ်မျိုးဖြစ်ရကာ မမြင်ဖူးသော ရှေးခေတ်ဟောင်းမှ ပန်းချီကားများကို တရေးရေး မြင် ယောင်လာစေတော့သည်။
“လှေဆို-လှေဆိုလှေမော်၊ တိုင်းရွှေပြည်တော်။
ဘက်မပေါ်၊ လှော်သားလေး-လှော်ရသေး၊
ကျွန်ယုံ ရွှေလက်ရွေး။
လက်ရွေးသူနော်မ,က၊ မျှော်လှရော့မယ်။
မလာအားဘူး-မဖုန်းမော်ရဲ့ ၊ ခေါင်ကကျော်
တဲ့ လှေတော်သား၊ မှန်းသူကများ”
ဖွားညိုက ဤတေးကိုဆိုပြီးလျှင် “အမေ ခုဆိုပြတဲ့သီချင်းဟာ အမေ့အဖေဆိုတဲ့ လှေတော်သီချင်းပဲ သားရဲ့ ။ အမေ့အဖေက သျှောင်ကြီး မှ အက်လို့၊ ဆံပင်ကောင်းတယ်ကွဲ။ အဲဒီအပေါ်ကမှ ပန်းပဝါပေါင်း လို့ပေါ့။ နောက်ပြီး အချိပ်ပုဆိုးခါးတောင်းကျိုက်ကြီးနဲ့ ၊ ရင်စေ့အင်္ကျီ ကြီးဝတ်လို့ပေါ့ကွဲ ။ အဖော် လှေတော်သားတစ်သိုက်နဲ့ ဘုရင့်လှေကိုလှော်ရင်း ဆိုကြတာလေ၊ သိပ်နားထောင်ကောင်းတာပဲကွယ်” ဟူ၍ လည်း တေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောပြ လေ့ရှိသည်။
ထို့ပြင် ညိုသည် သူငယ်စဉ်က မကြာမကြာဆိုတတ်သော “မစောဘွဲ့ လေးချိုး” ကိုလည်း သီဆိုပြသည်။
“ ဂုဏ်အခြေ တူမမျှနိုင်ဘု၊
ပုံပွေပွေ မမူကြပါနဲ့၊
ပူလှချည့် မစောရယ်။
အခံခက်လှချည်ရဲ့ ကွယ်၊
ဆလံ ဆက်ခဲ့ပါရဲ့၊
ခံခက်ဖွယ် ပွေလီရှာတဲ့၊
ဖေပီတာ မိန့်ပုံကပြင်းပါဘိ၊
မြေပြင်မှာ ငွေစင်ခင်းရမတဲ့၊
(ကွယ်) မင်းမြတ်မဖွယ်။
ဒေါင်းသပြာ ငွေမထုတ်နိုင်လို့၊
မပေါင်းသာ သည်ဖေဆုတ်ခဲ့ရ၊
ရွှေရုပ်လောက် ယဉ်တဲ့မယ်၊
တင်ခဲ့တယ်2 မှာစကား။
မွေးဖခင်၊
တွေးဆ,ကာ တူမမြင်လို့၊
မူတသွင် ကညာမြတ်ပါဘိ၊
ငယ်ချစ်မေ နဂိုလှရယ်ကြောင့်၊
ဆယ်နှစ်လေ အိုမထနိုင်ဘု၊
ငိုပါ့မယ် သဟာဆွေရဲ့၊ ကံအခြေ သည်ဖေၾတာမို့၊ ခမျာမှာ ကညာနဲ့ ဝေးပြန်ရ၊ (မစောရေ) ဆွေးမှုသာပွား။ ။”
ဤကဗျာနှင့်စပ်လျဉ်း၍လည်း ဖွားညိုက ဤသို့ ပြောပြသည်။ သူငယ်စဉ်က အရပ်ထဲတွင် သတင်းစကားကြားရသည်မှာ တစ်ခါက စစ်ကိုင်းတွင် ကိုပုညဆိုသူ ယောက်ျားပျိုတစ်ဦးနှင့် မစောဆိုသူ မိန်းမ ပျိုတစ်ဦးတို့ မေတ္တာသွယ်မိကြသည်။ သို့သော် ကိုပုညမှာ ဆင်းရဲနွမ်းပါး သဖြင့် မစောဖခင်က သဘောမတူ။ အိမ်လမ်းတစ်လျှောက် ရွှေလမ်း ခင်းပေးနိုင်မှ ပေးစားမည်ဟု ပြောလိုက်သည်။ ဤတွင် ကိုပုညက အရပ်ထဲဝယ် ကင်းစောင့်ရာမှ ဤကဗျာကို ထေ့ငေါ့ကာ စပ်ဆိုလိုက် သည်ဟူ၍ပင် ဖြစ်သည်။
သီပေါမင်းပါတော်မူသည်နှင့် ပတ်သက်၍လည်း ငယ်စဉ်က သူ ရခဲ့ဖူးသော လေးချိုးရှည်ကြီးကို ဖွားညိုသည် ပြန်ဆိုပြတတ်သေးသည်။ သီပေါမင်း ပါတော်မူစဉ်က ဖွားညို၏အသက်မှာ ၂၁ နှစ်ပင် ရှိပြီ။ ထိုစဉ်က မျက်ရည်ဖြိုင်ဖြိုင်ကျရှာသူတို့အထဲတွင် ဖွားညိုလည်းတစ်ဦးအပါအဝင်ဖြစ်လေသည်။ အင်္ဂလိပ်တို့ သီပေါဘုရင်နှင့် မိဖုရားအား မဒရပ်သို့ ဆောင်ယူပြီး မကြာမီ မိဖုရားတွင် နောက်ထပ်၍ သမီးတော် တစ်ဦး ဖွားမြင်သည်ဟု သတင်းရသည်။ ဤတွင် ဖွားညိုတို့ဆီမှ စာဆို တစ်ဦးက အောက်ပါအတိုင်း စပ်ဆိုရေးသားရာ ဖွားညိုက သေချာစွာ ကျက်မှတ်သီဆိုခဲ့လေသည်။
“သီဟာပျံနန်းဘုံမြင့်မှာလ၊ ညီလာခံမန်း
လုံတင့်ဆီက၊ ဆန်းစုံငွေဆင့် အခြားသွင်၊
များယုန်ငွေပွင့် ပတ္တမြားပလ္လင်မှာ။
ဗိုလ်ရှုကာ မှန်ရွှေနန်းမှာလ၊ ဆုတော်ခံ
ရံရွေသန်းသူမို့၊ လုံမြန်းကာ စံတော်မူတဲ့၊
သီတဂူသွင်းမူခြား၊ သနားစရာ နွယ်မဟာ။
( ဘိလပ်ပိုင် နိမိတ်များမှာလ၊ တက်သွား၍
ဆောင်ကြဉ်းရှာ၊ လောင်းပြင်းစွာဖျော့ ပြည်သူများ၊
ဆောင်ကြဉ်းလာသား သည်ရေခြား။
နတ်နှစ်ဖြာလေလေ့၊ မဒရပ်မှာ စံတော်မူတဲ့၊
ကံချော်သူ နန်းမတော်ဖုရားမှာတော့၊
မီးရှူးတော်မြင်ကာ ဖွားရသတဲ့၊ (အမယ်မင်း)
ကြားရပြန်သေး၊ သည်းဝမှာဆွေး၊ ထုံရာဇဝင်
စာတင်အိုပေါ့ ၊ မဟာဝင်စာတင်ထား၊ ကုလား
ဘုရင့်လက်ပါသူ၊ ရာဇပလ္လင်အထက်ဖျားမှာလ
ကွယ်-နှစ်ပါးအရှင် အတွက်တာပူ၊ ထီးဦးမြင်
ရနန်းနှင့်တူ၊ မီးရှူးမြင်ရဆန်းတင့်သူ၊ ဇမ္ဗူအမူ-
နှစ်ဆူ စိတ်တော်ညှိုးရှာလိမ့်၊ (အမယ်
မင်း) ကုလားဘုရင့်ပြည်မှာ၊ ရထားဖြင့် မစီး
သာ၊ ဥဿဖရား အဆင့်ဆင့်နီလာ၊ စီကာ
ရီကာ မဟာပင်လယ်ခြားမှာလ၊ နှစ်ဆူ-နှစ်ဖြာ
လိုက်ပါသွားချေပေါ့ ၊ သနားတယ်လို့လွမ်း၊
ကုလားနယ်သို့ မြန်းရှာပေါ့၊ (အသျှင်ထိပ်စု
မြတ်ဖုရားသမီးတော်နှစ်ပါး စုဖုရားတို့မှာ
ကွယ်) အေးအေး-မြမြ စန်းငွေလရယ်သို့ ၊ ထွန်းပ,
ကြည်လင်ပါစေသား။ ။”
ဖွားညိုသည် သူတစ်ထူးစပ်ဆိုထားသော တေးကဗျာများကို သီဆို တတ်ရုံသာမက သူကိုယ်တိုင်လည်း စပ်ဆိုတတ်သေးသည်။ )
“အမေက ဆုံးသွားရှာတဲ့ ခင်ပွန်းသည်ကို မေတ္တာရှိလို့ ယူတာ မဟုတ်ဘူးသားရဲ့ ။ လူကြီးတွေ ပေးစားတာနဲ့ ယူတာ။ အမေ မေတ္တာ ရှိတာကတော့ စစ်ကိုင်းဘက်မှာနေတဲ့ တရုတ်ကပြားကလေးကွဲ။ အဲဒီ တုန်းက အမေ့အသက် ၁၆ နှစ်ရှိသေးတယ်။ ကလေးချင်းမေတ္တာရှိကြ တာပေါ့ကွယ်၊ အဲဒါကို အမေ့အဖေတို့က မြန်မာမစစ်လို့ သဘောမတူ ဘူးဆိုပြီး တစ်ရပ်တည်နေတဲ့ အမေ့ခင်ပွန်း ကိုတိုးနဲ့ အတင်းကြောင်းလမ်း လိုက်တယ်။ အဲဒီလိုကြောင်းလမ်းပြီး သုံးနှစ်လည်းစေ့ရော အမေ ၁၉ နှစ်အရွယ်မှာ လက်ထပ်လိုက်ရတာပဲ။ ကိုတိုးဆိုတာ အမေတို့အိမ် မကြာ မကြာ ဝင်ထွက်သွားလာနေတဲ့ လူရင်းကလား။ အမေကလည်း မခံချင် တာနဲ့ လက်မထပ်ခင် တစ်နေ့မှာ သူကြားလောက်အောင် စောင်းပြီး စာစပ်လိုက်သေးတယ်”
“ဘယ်လိုများစပ်လိုက်တုံးအမေရဲ့၊ ဆိုပြစမ်းပါဦး” ကျွန်ုပ်က သိလိုဇောဖြင့် မေးလိုက်သည်။
ထိုအခါ ဖွားညိုက
“အမေစပ်တဲ့စာကလား”
ဟုပြောကာ
“သပြေပင် ရွက်ဝန်း၊
ထောင့်စွန်း လိမ်တိမ်လိမ်၊
မရွှေညိုအိမ်။
နေမှိန်မှိန် စံအိမ်ကူး။
(ငတိုးရယ်) နှင့် ငါမယူဘူး” ဟူ၍ သံနေသံထားနှင့် ကျကျနန ဆိုပြသည်။ ပြီးမှဆက်၍ “အဲဒါကြားတော့ ကိုတိုးအတော့်ကို အခံရ ခက်သွားဆိုပဲ။ ဒါပေမဲ့ လူကြီးတွေက ပေးစားတယ်ဆိုတော့လည်း ယူ လိုက်ကြရတာပေါ့ကွယ်။ သည်လိုယူကြပြန်တော့လည်း အစက မေတ္တာ မရှိပေမဲ့ သားနဲ့ သမီးနဲ့ဆိုတော့ တဖြည်းဖြည်း မေတ္တာရှိလာတာပဲ သား ရဲ့။ ဒါကြောင့် ဟိုတုန်းကများ ကိုတိုး အောက်ပြည်အောက်ရွာ ကုန် ရောင်းသွားပြီဆိုရင် အမေ့မှာ သိပ်ကိုလွမ်းပြီး ကျန်ခဲ့တာပဲ။ တစ်နေ့တော့ မိုးကလေးက ညိုညိုနဲ့ မဆည်နိုင်လောက်အောင် ဖြစ်လာတာကိုး။ ဒီတော့ အမေက
ပန်းသပြေ ညောင်ရေအိုးရယ်နဲ့၊
မညှိုးအောင် မယ်ညိုထိုးပါ့မယ်။
ချစ်တဲ့ လင်ကိုရွှေတိုးရေ
လွမ်းတာကမိုး... လို့ စာစပ်ပြီး မျက်ရည်ကျခဲ့ရသေးတယ်” ဟု ပြော သည်။ ဤသို့ပြောစဉ် ကျွန်ုပ်သည် ဖွားညိုကို သတိထား၍ ကြည့်လိုက် သောအခါ မျက်ရည်ကလေး တလည်လည်ဖြစ်နေသည်ကို တွေ့ရ သည်။
“တစ်ခါ တစ်ခါ လကလေး သာလာပြီဆိုမှဖြင့် ကိုတိုးနဲ့ အမေ့ သားသမီးတွေကို သိပ်သတိရတာပဲကွယ်” ဟူ၍လည်း အသံတုန်တုန် နှင့် ဆက်၍ပြောရှာသေးသည်။
ဖွားညိုသည် ဘဝခရီးကို ဤသို့ တေးကလေး တဆိုဆိုနှင့်ပင် လျှောက်သွားပေတော့မည်။ ဤအသက်အရွယ်နှင့် ဤသို့ တေးဆိုခြင်း.......
Share


