မင်းနွယ် - ဖာနိုင်ငံ
ဖာဘဝမကောင်းကြောင်း ကမ္ဘာအဝှမ်းက သဘောတူညီကြပါလိမ့်မည်။ ဘယ်သူမဆို ဘယ်လောက်ပင် ကမြင်းထလှသည့် မိန်းမဖြစ်စေ ဖာတော့ ဖြစ်ချင်မည်မဟုတ်ပါ။ သူသည် လူတကာနှင့် ဆက်ဆံရပါသည်။ အလို တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူတကာ၏ အလိုကို ဖြည့်ရပေမည်။
ကျွန်ုပ်တို့၏ နိုင်ငံကြီးကို ကျဆုံးခဲ့သည့် ဗိုလ်ချုပ်က စိုးရိမ်ကြီး စွာဖြင့် ဖာနိုင်ငံဖြစ်လိမ့်ဟု ကြိုတင်ကာ သတိပေးသွားရှာပါသည်။ ယနေ့ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ခြုံ၍ ကြည့်လိုက်လျှင် သူပြောသောစကား အတိုင်းပင် မှန်လှပါသည်။ မှန်ရုံတွင်သာမက သူပြောသည့် ဘဝထက် ပင် ပိုမိုဆိုးဝါးသည့်အခြေ ရောက်နေပါသည်။
ဖာသည် လူတကာနှင့် ဆက်ဆံရာ၌ အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်ဆံရသည်။ သို့သော် ဆက်ဆံတိုင်း၊ ဆက်ဆံတိုင်း သူ၏စီးပွားရေး ဝမ်းရေးပြဿနာကို ထိုလုပ်ငန်းက ဖြေရှင်းခြင်းခံရသည်။
ယခု ကျွန်ုပ်တို့ တိုင်းပြည်ရှိ လူထုကား ဤမည်သော လွတ်လပ် ပြီးသည့် အချိန်ကစ၍ စိုးမိုးသူ လူပေါင်းစုံနှင့် ဆက်ဆံခဲ့ကြရသည်။ သို့ဆက်ဆံတိုင်း ဆက်ဆံတိုင်း ကာလတို့တွင် သူတို့ကသာ ကျွေးရ မွေးရ၊ ပေးရ ကမ်းရ ကြလေသည်။ သူတို့ကား ဖာနှင့်နှိုင်းယှဉ်လျှင် ဖာထက်ဆိုးသည်ဟု ဆိုရပေမည်။
ရန်ကုန်တည်းဟူသော မင်းနေပြည်မှတစ်ပါး မြန်မာတစ်ပြည်လုံးကား ဤအရသာကို ခံစားကြရဖူးလေသည်။
မြန်မာပြည်ရှိ မြို့ကြီးပြကြီး အသီးသီးတို့ကား စစ်မြေပြင် နှစ်ကြိမ်ဖြစ်မှုကြောင့် များပြားလှသော အဆောက်အဦ ဗိမာန်တို့ကား ပျက်စီးခဲ့ရလေသည်။
ထို့နောက် ကြွင်းကျန်သော အဆောက်အဦများနှင့် လမ်းပန်း စသည်တို့သည်လည်း ယခု ပြည်တွင်း မညီညွတ်မှု၊ ဆူပူမှုတို့ကြောင့် လက်စသိမ်း ပျက်စီးကြရပြန်သည်။
ကျေးလက်ရှိ ထန်းလက်မိုးကာ ကျူဖျာဖြင့် ဆောက်လုပ်မွမ်းမံ ကာ နေကြသည့် အဆောက်အဦးများ၊ ဝါး၊ ဓနိ၊ သက်ငယ်၊ ပျဉ် စသော အဆောက်အဦများမှာလည်း ဤမည်သော ပြည်တွင်းဆူပူမှုများကြောင့် ထပ်မံ ပျက်စီးကြ၊ ဆုံးရှုံးကြရလေပြန်တော့ရကား ဤအပျက်အစီးများကို နာလန်ထူရန် မည်မျှ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဖြစ်ကြရဦးမည့် အရေးကိုတွေးလျှင် အဘယ်မှာ စိတ်အေးနိုင်ပါအံ့နည်း။
သိန်းသန်းထိုက်တန်သော အဆောက်အဦကြီးမှစ၍ ရာတန် ဆယ်တန် အဆောက်အဦများတိုင် ပျက်စီးဆုံးရှုံးခဲ့ခြင်းကား ကျွန်ုပ်တို့ တိုင်းပြည်တွင် နာလှ၏။ ဆုံးရှုံးမှုဖြစ်ခဲ့ရ၏။ သို့သော် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍ရသော အဆောက်အဦး။ ပစ္စည်းဥစ္စာတို့ ဆုံးရှုံးမှုကား ဆုံးပါစေ၊ ရှုံးပါစေ၊ ပျက်စီးပါစေ။ တကယ်တွေးလျှင် ဝန်လေးလှသည်ဟု မဆိုသာပါ။ ယနေ့ ထူထောင်၍မဖြစ်လျှင် နက်ဖြန်ထူထောင်နိုင်မည်။ ရက်ပိုင်းဖြင့် ထူထောင်၍မရလျှင် လပိုင်း နှစ်ပိုင်းဖြင့် ထူထောင်က ရနိုင်သည်။ မခက်ခဲလှဟု ဆိုချင်ဆိုပါတော့။
ပျက်စီးမှုကို အပြုအပြင်ခက်သော အရာတစ်ခုကား ရှိ၍နေ သည်။ ထိုအရာကား တိုင်းသူပြည်သားတို့၏ အနေ၊ အကျင့်၊ စိတ် သဘော၊ ပျက်စီးမှုကိုကား ထိုအဆောက်အဦ၊ ဥစ္စာပစ္စည်းတို့ကဲ့သို့ ပြုပြင်ရန် မလွယ်ကူလှပါ။ ကိုယ်ကျင့်တရားနှင့် စိတ်ထားဓာတ်ပျက်သူ များကား သက်ဆုံးတိုင်ပင် ပြုပြင်ရေး ခက်လှပါတော့သည်။ တိုင်းပြည် နိုင်ငံ တစ်နိုင်ငံတွင် ကိုယ်ကျင့်ပျက်သူ များလေတိုင်း ထို တိုင်းပြည်၏ ဘဝကား ဘယ်သို့ပင် ပြုပြင်လိုစေကာမူ ကျင့်ပျက်စိတ်ပျက်လူများဖြင့် ပြုပြင်အောင်မြင်ထမြောက်ရန်ကား နားနှင့် မျက်စိ ဝေးသကဲ့သို့ နီးလျက် နှင့် ဝေးတတ်လေတော့သည်။
* * *
ရ-မ-ဖ-တ
အချိန်ကား ညနေဆည်းဆာ နေလုံးကွယ်ပျောက် အနောက်ဘက်ဒေသ တွင် တိမ်ရည်တွေတောက်ခါနေချိန်ဖြစ်၍ နီဝါပြာယှက် ရောင်စုံဖက်ကာကောင်းကင်ပြင်သည် ဤမည်သောအချိန်၌ သဘာဝ ဝတ်ကောင်းစားလှ အသစ်အလွင်တို့ကို ဆင်မြန်း၍ ဤမည်သော ဩကာသလောကကို လူပျိုလှည့်နေဘိသကဲ့သို့ပင် ဖြစ်တော့၏။
ကျေးရွာ၏ဓလေ့ထုံးစံအရ ထိုကဲ့သို့သော ကာလများတွင် ရွာ လုလင်ကလေးတို့၏ ပလွေသံ၊ လုံမငယ်တို့၏ ညနေချမ်းချိန်ခါ တိမ် ရည်သာချိန်တွင် ရေခပ်လမ်းတစ်လျှောက် သနပ်ခါးပန်းမန် လိမ်းကျံ ဝတ်စား အလှအားပြိုင်ကြလျက် သူ့ထက်ငါ ထိုအချိန်အခါကလေး၏ သာယာမှုကို ဝန်းဝိုင်းကူညီကြဘိသကဲ့သို့ ဖြစ်တော့သည်။
အခြား အခြားသော ကျေးရွာကလေးများကမူ ဤသို့ပင် အလေ့အထ ရှိငြားသော်လည်း ရှားခဲရွာကလေးမှာမူ ညနေခင်း သာယာ သည့်အချိန်ကလေးကို ဤသို့သောနည်းဖြင့် ကူညီဖြည့်စွက်လေ့ရှိသည်။
ရွာ၏ မြောက်ဘက် ထန်းတောတွင် ကာလသား၊ မြီးကောင် ပေါက်၊ ကာလသား အငယ် အလတ် အကြီးတို့သည်လည်းကောင်း၊အိမ်ထောင်ရှင် ယောက်ျားကြီးငယ်မှ စ၍ အရွယ်လွန်ပြီး စိပ်ပုတီး လည်တွင် ဆွဲဆင်သင့်သော ဇရာ ဒုဗ္ဗလ ချိန်ရွယ်ကျသည့် အဘိုးအိုတို့ သည်လည်းကောင်း၊ ညနေ နေခြည်ကလေး စောင်းစပြုသည်နှင့် တစ်ပြိုင်နက် တစ်တောဝင်ဝင် တစ်ပင်လျှိုလျှိုး မြူအိုးကိုယ်စီ ထန်းဆစ် ဖြင့် စစ်အပ်သော နီလာရောင်ပြ ငှက်ခါးတောင်ထနေသည့် ပင်ကျရည် များကို သုံးဆောင်ကြလေသည်။ ပင်ကျရည် တန်ခိုးရှိန်စော် အာနုဘော် အရ ဆက်ရက်မင်း စည်းစိမ်ခံစားချိန်တွင် တစ်ဦးအပေါ်တစ်ဦး ပြောလို ရာ ပြော၊ ဆိုလိုရာ ဆို မြည်တွန်တောက်တီးကြရာမှ ကျားမင်းဘဝသို့ ပြောင်းကြကာ လက်ဝှေ့ရေးလည်းပြကြသည်။ တုတ်ရေးဓားရေးလည်း ပြကြရသည်။ ထိုထန်းတော၏ အဝင်မှာ ဦးထိပ်ထက်တွင် မည်သည့် ဝတ်ကောင်းစားလှ ထူးထွေသည့် တန်ဆာမဆင်မြန်းကြစေကာမူ နေ့စဉ် အမျှ အနည်းနှင့်အများ ဆိုဘိသကဲ့သို့ ထန်းတောမှ အပြန်ထွက်တွင် “လောဟိ-မာလာ”တည်းဟူသော ပတ္တမြားရောင် ယှက်ဖြာသည့်သွေးပန်းမာယာတို့ကို ဦးထိပ်ထက်တွင် လှပအောင်ဆင်ကာ ထွက်ကြရ သူများ တွေ့နိုင်လေသည်။
ယင်းကြောင့် မြောက်ထန်းတောကလေးကား ရွာရှိ ယောက်ျား တစ်စု၏ ပျော်မွေ့ရာ သွေးအနီပြိုင်ရာ ရာဇဝတ်မှု ဥပဒေပုဒ်မ ၃၂၅ မှ ၃၀၂ ထိ ဥပဒေစည်းမျဉ်းဝါဒကို ရွာသားတို့ လက်တွေ့ဆည်းပူး လေ့လာနိုင်ဖို့ရာ မွန်မြတ်လှသည့် ဒေသတစ်ခုဟု ယူမှတ်ဖွယ်ဖြစ်တော့ သည်။
ရွာလယ်တွင်လည်း ညနေဆည်းဆာနှင့် လိုက်လျောကိုက်ညီ အောင် ရွာသူတို့က ဤသို့ ကျင့်သုံးလျက်နေကြသည်။ ဖေသံ၊ မောင်သံ။ ဦးလေးမကျန်အောင် သွေးရင်းသားရင်းချင်း အထပ်ထပ် အလည်လည် ဃရာဝါသပြုကြစေသောအသံ။ ထဘီစွန်တောင်ဆွဲ၍ ရွာထဲတွင် လည်ကာ ကြိမ်းသံမောင်းသံ၊ ဆဲသံဆိုသံ၊ ငိုသံရယ်သံ၊ သတ်ကြပုတ်ကြသံ များကား ရွာတွင်းရှိ မိန်းမတစ်စု၏ ညနေခင်း အားလပ်ချိန်တွင် သူတို့၏ ရွာကလေးအား သာယာငြိမ့်ညောင်း၊ ပျော်ဖွယ်ကောင်းအောင် ဖန်တီး ကြသည့် နေဝင်ဆည်းဆာ လုပ်ငန်းတစ်ရပ်ပင် ဖြစ်လေတော့သည်။
နွေ မိုး ဆောင်းတည်းဟူသော ဥတုသုံးလီစလုံးပင် ရွာမှ မြို့သို့ အမြဲတစေ ကူးလူးဆက်သွယ်ရသော ကိစ္စရပ်များမှာ ရိုက်မှု၊ နှက်မှု၊ သတ်ဖြတ်မှု၊ လုပ်ကြံမှု၊ ရန်ဖြစ်မှု၊ ဖျက်ဆီးမှု၊ မီးရှို့မှု၊ ရာဇဝတ်မှုကြောင်း နှင့်ပတ်သက်သော ဂါတ်၊ ရုံး၊ ထောင်တို့နှင့်သာ ထိုက်တန်သည့် အရေး ကိစ္စတို့အား နေ့စဉ်နှင့်အမျှ ရွာကလေး၏ Exportခေါ် ထွက်ကုန်အရပ် အဖြစ်ဖြင့် သတ်မှတ်စရာဖြစ်၍ ရွာသူရွာသားအားလုံးလိုပင် ရာဇဝတ်ကြောင်းဥပဒေကို ပုဒ်ထီးပုဒ်မ ဤ-၍-မျှ မကျန်အောင် နှုတ်တက်အာဂုံ ရကြသူများပင် ဖြစ်ပေတော့သတည်း။
ကျေးလက်တောရွာများတွင် နေသူများအနက် မြန်မာပြည်၏ မြို့ကြီးများသို့ ရောက်ဖူး လည်ပတ်ဖူးသူများက မြို့ကြီးပြကြီးများသို့ မရောက်ဖူးသူများကို လူအ လူနုံဟူသော အထင်အမြင် ပြုခြင်းခံရသကဲ့ သို့ ရှားခဲရွာသူရွာသားများတွင်လည်း ထောင်မကျဖူးသူ၊ အချုပ်မရောက် ဖူးသူ၊ ဒဏ်တပ်မခံရဖူးသူများကား ရွာမှုရေးရာတွင် လူရာမဝင်သူများ ဟူသော အထင်အမြင်ကို ခံရလေခြင်းကြောင့် ရန်ကုန် ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ရန် ကြိုးစားအားခဲသည့်သဖွယ် ထောင်တန်း၊ အချုပ် တို့သို့ အနည်းဆုံး တစ်ခါတစ်ခေါက်ရောက်ရန် သူ့ထက်ငါပင် နဖူးမှ သွေး မြေသို့ကျအောင် အချင်းချင်း ကြိုးစားကြလေသတည်း။
ယင်းကြောင့် ဤသည့် ရွာကလေးကား “အပုပ်ချိန် ကိုယ်တော် ကျပြီမို့ဆိုသော စာအသွားကဲ့သို့ နေဝင်လုနီး အပုပ်ချိန်ဖြစ်သည့် တိမ် ရောင်ကလေးများ တောက်၊ နေလုံးကလေးများ မပျောက်တပျောက်အခါတွင် အထက်ဖော်ပြပါသော နည်းမျိုးစုံဖြင့် ဤမည်သော သြကာသ လောကကြီးကို သာတောင့်သာယာဖြစ်အောင် ကြိုးပမ်းကြရှာသတည်း။
ထိုနေ့ နေစောင်းချိန်ကလေးတွင် ရွာ၏ ထန်းတောတစ်ဖက် ထနောင်းပင်ရိပ်သာ၌ ဦးအောင်ဘသည် ဝိုင်းတစ်ဝိုင်းဖွဲ့ကာ နေသည်။ သူ့ဘေးတွင် ရွာခေါင်း ဦးလှနှင့် ကျွန်းဝန် ဘထွန်းတို့က ထိုင်လျက် ရွာကလေး၏ ဘဝဖြစ်စဉ်ကို ဝေဖန်သုံးသပ် ဆွေးနွေးနေကြသည်။
“မကောင်းပါဘူးကွယ် ...၊ ငါ တစ်နေ့က ရွာသာယာကို ရောက်တော့မှ တို့ရွာရဲ့ မကောင်းတာတွေဟာ အကုန်သိတော့တာပဲ။ ရွာသာရွာဆိုတဲ့ နာမည်နဲ့လိုက်အောင် သာယာပါပေ့ကွယ်။ ခုလို ညနေ ချိန်မှာ ကာလသားကလေးတွေဟာ ခြင်းဝိုင်းကလေးနဲ့ ပျော်လို့၊ တချို့ ကလည်း ပလွေ၊ ဒိုးပတ်၊ အိုးစည်တွေ တီးပြီး ပျော်ပျော်ပါးပါးနဲ့ နေကြ တယ်။ ရွာသူကလေးတွေလည်း လှလှပပ ဝတ်စားပြီး ရေခပ်တဲ့လူခပ်၊ ဗိုင်းငင် ချည်ချ၊ ရက်ကန်းရက် စတဲ့ လုပ်ငန်းကလေးတွေလုပ်ရင်း သီချင်း တကြော်ကြော်နဲ့ လူကြီးပိုင်းကလည်း တစ်ယောက်အိမ် တစ်ယောက် သွား၊ စားလိုက် သောက်လိုက် စကားစမြည်ပြောလိုက်၊ ရယ်လိုက် မောလိုက်နဲ့ အတော်ပဲ သာယာတဲ့ရွာကလေးပေါ့။ တို့ဆီလို တစ်ယောက် က သူရဲစိတ်ဝင် တစ်ယောက်က ဘီလူးစိတ်ပေါက်ပြီး တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့ ဖြတ်ဖို့ ဆူဖို့ ဆဲဖို့ ဆိုတဲ့ကိစ္စတွေဟာ အဲဒီရွာမှာ မတွေ့ရဘူး။ ငါတော့ ငါ့ဇာတိကလေး မစွန့်လွှတ်နိုင်လို့သာ စွန့်နိုင်ရင် ဒီရွာကလေး သွားနေချင်စိတ်ပေါက်သား'ဟု မိမိ၏ ရွာအမှားကို သုံးသပ် ရင်း ပြောလိုက်သည်တွင် -
“ကျုပ်လည်း စိတ်တော့ပျက်ပျက်ပါပဲ၊ ရွာက ရာဇဝတ်မှုတွေ ဖြစ်တိုင်း ... ကျုပ်အိမ်ကို ရဲသားတွေလာပြီး တည်းကြ ခိုကြနဲ့ ဧည့်ခံ ရတာ ကျုပ်အိမ်အတွက် ဝမ်းစာဟာ တစ်နှစ် စပါးငါးဆယ် ကောင်း