Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မင်းဏီ - ဝထ္ထုတိုငါးပုဒ်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out
Type

ရွှေသေနတ်တစ်လက်

          အန်ကယ် တင့်ကိုကို၏ ခြံကြီးမှာ ကျယ်ဝန်းလှ၏။ ယခင်က ဆိုလျှင် ခြံကြီးတစ်ခုလုံးတွင် ရာသီအလိုက် သူ့နေရာနှင့်သူ ပန်းတွေက ဝေနေပေမည်။ အရောင်မျိုးကလည်း စုံနေပေမည်။ တိုက်ပုကလေး ကလည်း ပန်းမျိုးတွေစုံနေသည့် အလယ်မှာ ထည်ဝါနေပေမည်။ ပန်းခင်းကလေး၏ရှေ့ အိမ်၏မျက်နှာစာတွင် တင်းနစ်ကစားကွင်းနှင့် ဆိုပြန်တော့ အန်ကယ် တင့်ကိုကိုသည် တစ်ချိန်က မည်မျှ ခမ်းခမ်း နားနား နေထိုင်ခဲ့မည်ဆိုသည်ကို သူ့ခြံတွင်း ဝင်လိုက်မိသည်နှင့်ပင် အကဲခတ်၍ ရနိုင်ကောင်းပါသည်။

          ယခုတော့ တင်းနစ်ကစားကွင်းကလည်း သမံတလင်းများ ပျက်စီးယိုယွင်းနေကြလေပြီ။ အချို့ ပတ်ကြားအက်များမှ မြက်ဖုတ် ကလေးများ ပေါက်နေပြီ။ ခြံစည်းရိုး ပတ်ပတ်လည်တွင် တိုက်ပန်းချီ နွယ်များက အထွေးလိုက် အရုံလိုက် လှိုင်းထနေကြသည်။

          အုန်းပင်၊ မာလကာပင်နှင့် သရက်၊ ပိန္နဲပင်တို့ကလည်း၊ တိရိပြုပြင်မပေးကြတော့သဖြင့်၊ ကြီးချင်းတိုင်းကြီးပြီး၊ မင်းမူချင်တိုင်း မင်းမူ နေကြလေသည်။ တစ်ခုတော့ ကောင်းသည်။ မွဲသရောင်းနေသော တိုက်ပုကလေး၏ မထည်မဝါ ရှိနေမှုကိုလည်း ကာကွယ်ပေးနေကြ သလို၊ ခြံတွင်း ပတ်ပတ်လည်ကိုလည်း အစဉ်အေးမြနေအောင် အရိပ်မိုး ပေးထားကြသလို ဖြစ်နေတော့သည်။

         ကျွန်တော်သည် အန်ကယ်တင့်ကိုကို၏ ခြံကြီးကို ကြိမ်ကုလား ထိုင်ပေါ်မှဘေးဘီလှည့်ကြည့်ရင်း၊ တစ်ချိန်တုန်းက သစ်လွင်တောက်ပြောင် ပြီး၊ ပန်းမျိုးရောင်စုံ ခြယ်မှုန်းလျက် မာလီများက ရှင်းလင်းထိန်းသိမ်းပေး ခဲ့ကြရမည့်အကြောင်းတို့ကို စဉ်းစားရင်း၊ စိတ်တွင်းမှာ မသက်မသာ ဖြစ်ကာ၊ သက်ပြင်းချ၍ အန်ကယ်တင့်ကိုကိုဘက် လှည့်ကြည့်မိ၏။

          အန်ကယ်တင့်ကိုကိုကတော့ သူ့ဝင်းသူ့ခြံ၏ ယိုယွင်းပြောင်း လဲလာသည်တို့ကို လုံးဝ ဂရုထားမိဟန် မရှိပါ။ အရွယ်ကလည်း ခြောက်ဆယ်ကျော်လာပြီ ဖြစ်၍ တင်းနစ်ကစားခြင်း၊ ဂေါက်သီးရိုက် ခြင်းတို့ကို စွန့်လွှတ်ပြီး၊ လမ်းလျှောက်ခြင်း၊ စာဖတ်ခြင်းနှင့် ညနေတိုင်း ပုံမှန် ဝီစကီခွက်ကလေး ကိုင်စွဲခြင်းလောက်ကိုသာ လုပ်တော့သည်။

         တစ်ခါတစ်ရံ ကျွန်တော် သူ့ဆီ အလည်အပတ် ရောက်တတ် သည်။ ရောက်သည့်အခါ အချိန်စောလျှင် ရေနွေးကြမ်းနှင့် မြည်းစရာ တို့ဖြင့် ဧည့်ခံရင်း စကားပြော၏။ ညနေစောင်း ရောက်သွားခဲ့လျှင် တော့ မော့ဝီစကီကလေးနှင့် ဧည့်ခံတတ်၏။

          ယခုလည်း တင်းနစ်ကစားကွင်းဘေးမှ သကြားပင်ရိပ်တွင် ကြိမ်ကုလားထိုင် တစ်ယောက်တစ်လုံးစီဖြင့်၊ ခလယ်တွင် ကြိမ်မော်ယာ ခုံကြီးချကာ၊ ၎င်းအပေါ်တွင် ဝီစကီပုလင်းထောင်ရင်း၊ နှစ်ယောက်သား စကားပြောနေကြပါသည်။

          အန်ကယ်တင့်ကိုကို၏ဇနီးမှာ ရန်ကုန်ကောလိပ်တွင် အင်္ဂလိပ်စာ ကထိကအဖြစ် အမှုထမ်းနေသော ဒေါ်တင်မေကြီး ဖြစ်သည်။ သူတို့တွင် သမီးတစ်ယောက်သာ ရှိသည်။ သမီးဖြစ်သူ တင်မေမေကို” က လသာမြို့နယ်အတွင်းက အထက်တန်း ကျောင်းတစ်ကျောင်း၌ အထက်တန်းပြဆရာမဖြစ်နေပြီ။ ယခုထက်ထိ အိမ်ထောင်မပြုသေး။

          သူတို့ သားအဖသုံးယောက် နေထိုင်ကြပုံမှာ ရိုးသားပြီး အေး ချမ်းလှ၏။

          အန်ကယ် တင့်ကိုကိုကလည်း ဘိလပ်ပြန် ဝတ်လုံတော်ရ ကြီး ဖြစ်သည်။ အမှုလိုက်စရာရှိမှ ရန်ကုန်ကိုသွားသည်။ ရုံးကိစ္စမရှိ လျှင် အင်းစိန်ရွာမမှ သူ့ခြံထဲတွင် စာဖတ်လိုက် အိပ်လိုက်နှင့်သာ အချိန်ဖြုန်းတတ်သည်။

          သူတို့အလုပ်ကိုယ်စီသို့ သွားရန်အတွက် လင်းရိုဗာကားတစ် စီး ရှိသည်။ ဒရိုင်ဘာ မထားဘဲ သားအဖသုံးယောက် တစ်လှည့်စီသာ မောင်းကြသည်။

         ထူးဆန်းသော အန်ကယ် ဟင့်ကိုကိုထံမှ ယနေ့ထူးဆန်းသော သူ့ဇာတ်လမ်းကလေးကို ကျွန်တော် နားထောင်ခဲ့ရသည်။ သကြားပင် ရိပ်အောက်ဝယ် ဝီစကီနံ့တသင်းသင်းနှင့် သူပြောပြသော ဇာတ်လမ်း ကလေးကို သူ့စကားအတိုင်း၊ ကျွန်တော် ပြန်လည်ဖောက်သည်ချပါ မည်။ စိတ်ဝင်စားကြပါလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။

           ကျွန်တော်ရဲ့ အဖေနာမည်ဟာ သိပ်မြန်မာဆန်တဲ့ နာမည်ဗျ။ ဒါပေမဲ့ လူနဲ့ နာမည်နဲ့ မလိုက်အောင် ဘိုသိပ်ဆန်တယ်။ သူဘိုဆန်တာက၊ စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာတွင်မကဘူးဗျ။ စကားပြောတောတောင်မှ ဘိုတစ်ယောက်က မြန်မာစကား ပြောသလိုဘိုဆန်ဆန် ပြောတာဗျ။

          အခုခေတ် လူတွေအနေနဲ့တော့ သူ့ပြောဟန်ဆိုဟန်နဲ့ နေပုံ ထိုင်ပုံတွေကို တွေ့လျှင် ရယ်ချင်စရာလို၊ မေးငေါ့ချင်စရာလို ဖြစ်မှာ အမှန်ပဲဗျ။

          ဒီခေတ်နှင့်တော့ ဘယ်လိုမှ အံဝင်မှာလည်း မဟုတ်ဘူး။ ပြီးတော့ ဗျူရိုကရက်ကြီးလို့လည်း ပြောကြမှာဗျ။ သူ့ဘဝလမ်းကြောင်းကလည်း အဆန်းသားကလား။ ဘယ်ကဘယ်လို စပြောရမှန်း တောင် မသိဘူးဗျာ။ သူ့နာမည်က မောင်ဖိုးတင့်တဲ့။ မန္တလေး စိန့်ပီတာကျောင်းက ၁၉၀၈ ခုနှစ်လောက်က ကာလကတ္တား မက်ထရစ်အောင်ခဲ့ တယ်။ အောင်ပြီးတော့ အရေးပိုင်ရုံးမှာ စာရေးဝင်လုပ်ခဲ့သေးတယ်။

          ပထမကမ္ဘာစစ်ဖြစ်တော့ စစ်ထဲ လိုက်သွားတယ်တဲ့ဗျာ။ အဲဒီ မှာ မက်ဆိုပိုတေးမီးယားတို့၊ အီတလီတို့ကနေ ပြင်သစ်ထိ ရောက်ခဲ့ တယ်တဲ့။ စစ်ကြီးပြီးတော့ အင်္ဂလန်မှာ ခြောက်လလောက် စစ်နားပြီး တော့၊ အိန္ဒိယပြန်ခဲ့ရတယ်။

         တချို့ သူနဲ့အတူတူ စစ်ထဲလိုက်သွားတဲ့ လူတွေကတော့ အိန္ဒိယကနေ မြန်မာပြည် ပြန်လာကြတာပဲ။ စစ်က ပြန်လာတဲ့ လူတွေ ဆိုရင်၊ အရည်အချင်း ရှိရင် ရှိသလို အင်္ဂလိပ်အစိုးရက ရာထူးကလေး တွေပေးပြီး၊ အစိုးရဘက်မှာ ခန့်ထားလေ့ရှိတယ်ဗျ။

         တချို့လည်း လက်ထောက်မြို့ပိုင်တို့၊ ပုလိပ်ဘက်မှာ ဆိုရင် လည်း ရာဇဝတ်အုပ်တို့၊ သစ်တောဘက်ဆိုရင်လည်း တောအုပ် ကလေး ရာထူးတို့ ရပြီး၊ အေးအေးဆေးဆေးလုပ်နေကြတာပဲ။

          ကျုပ်တို့အဖေကတော့ အိန္ဒိယမှာ နေပြီး အိန္ဒိယတပ်မတော် မှာ ဆက်အမှုထမ်းခဲ့တာဗျ။ ဒါကြောင့် သူ့နာမည်မှာ ကက်ပတိန် ဖိုးတင့်၊ အိုင်အေ ဆိုပြီးတော့ နောက်က တပ်လေ့ရှိတယ်။ အိုင်အေကဥပစာတန်းကို ဆိုလိုတာ မဟုတ်ဘူးဗျ။ အင်ဒီယန်း အားမီး” လို့ ဆိုလိုတာ။ သူကလည်း မျက်နှာဖြူတွေနဲ့အတူတူ တစ်တန်းတည်း ကပ္ပတိန် အဆင့်အထိ လုပ်ရတာကို သိပ်ဂုဏ်ယူတယ်နဲ့ တူပါတယ်။ မြန်မာထဲကလည်း ဒီရာထူးအထိ တက်နိုင်တာ ရှားတယ်။

          နောက် မြန်မာပြည်နဲ့ အိန္ဒိယခွဲတော့မှ မြန်မာပြည်ကို ပြန် လာတယ်။ ပြန်လာတော့ အိန္ဒိယတပ်မတော်အရာရှိ မဟုတ်တော့ဘဲ၊ မြန်မာပြည် ပုလိပ်အဖွဲ့မှာ ရာဇဝတ်ဝန်ကြီး အဖြစ်နဲ့ ပြန်လာတာဗျ။ သူ့နာမည်မှာ စစ်ပြန်ဖြစ်လေတော့၊ ဘယ်အခါမဆို ကပ္ပတိန်ဖိုးတင့်၊ အိုင်အေ၊ အိုင်ပီအက်စ် ဆိုတာကို တပ်လေ့ရှိတယ်ဗျ။

          အိုင်ပီအက်စ် ကတော့ အင်ပီးရီးရယ် ပုလိစ် ဆားဗစ်ဆိုတဲ့ အဓိပ္ပာယ်ဗျ။ အရေးပိုင် အိုင်စီအက်စ်တွေနဲ့တန်းတူတဲ့ အဆင့်ပေါ့လေ။

          သူရန်ကုန်ရောက်ပြီးတော့မှ ကျွန်တော့် မေမေဖုရားနဲ့ အိမ် ထောင်ကျတာကလား။ အဲဒီ ဇာတ်လမ်းကလည်း ဆန်းတာပဲဗျ။ ခင်ဗျားကြားရင်တော့ ရယ်ချင်စရာလိုဖြစ်မှာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျား ကြားဖူးတယ်ရှိအောင်တော့ ပြောပြရမှာပေါ့လေ...။

.

(၂)

          ကျုပ်တို့က မေမေဖုရားလို့ ခေါ်ရတာက တခြားမဟုတ်ဘူး ဗျ။ ကျုပ်တို့အမေက အနွယ်တော်ထဲကဗျ။ ကျုပ်တို့အဖေက အနွယ်တော်ထဲက မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့ အဖေ ဆယ်တန်းအောင်လို့ စာရေးလုပ်နေတော့၊ မေမေဖုရားကလည်း ကွန်ဗင့်ကျောင်းကနေပြီး ဆယ်တန်းအောင်ပြီး သူတို့အချင်းချင်းက အောင်သွယ်တော် အကူ အညီနဲ့ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိနေကြတာ ဆိုပါတော့။

          တစ်နေ့တော့ ဖေဖေပေးတဲ့စာကို လူကြီးတွေ မိသွားရောတဲ့။အဲဒီမှာ ဖိုးတင့်နဲ့ မတူမတန်ဘူးဆိုပြီးတော့ မေမေဖုရား မန္တလေးဥပစာကောလိပ်မှာ တက်နေရာက တစ်ခါတည်းကျောင်းနုတ်လိုက်တော့တာ ပဲတဲ့။ ပြီးတော့ အိမ်ဝိုင်းကြီးထဲကိုတောင်မှ အစောင့်အရှောက်မပါဘဲ မဆင်းရတော့ဘူးလို့ ကြပ်မကွပ်ကဲထားလိုက်ကြရောတဲ့။

          မေမေဖုရားရဲ့ဘက်က နာကြည်းစရာကောင်းတဲ့ စကားတွေကို လည်း ဖေဖေ့ဆီကို အောင်သွယ်ကတစ်ဆင့် ပြန်ဖောက်သည်ချတာကိုး။

          အောင်သွယ်ကလည်း သူ့အကြောင်းတွေကို မေမေဖုရားတို့ ဘက်က လူကြီးတွေ သိသွားတော့၊ အိမ်ကို အဝင်အထွက် မလုပ်စေရ ဆိုပြီး တားမြစ်ထားလိုက်တော့၊ သူကလည်း မျက်တယ်ထင်ပါတယ်။ စိတ်နာစရာစကားတွေကို သာသာထိုးထိုး ပြောမှာပေါ့လေ။

          ဒီမှာတွင် ဖေဖေဟာ ပထမကမ္ဘာစစ်ဖြစ်လို့ စစ်သားစုဆောင်း တယ်လည်းဆိုရော့ စစ်ထဲကို လိုက်သွားတာပါပဲ။

          သူတို့အချင်းချင်း အဆက်အသွယ်ပြတ်နေကြပေမဲ့ ထူးခြား တာကတော့၊ မေမေဖုရားကို လူကြီးတွေက ဘယ်သူနဲ့ နားချ နားချ လက်မခံဘဲ ဘူးခံနေတာပဲတဲ့ဗျ။

          ဖေဖေကလည်း ကြည့်လေ၊ အင်္ဂလန်မှာ နေခဲ့ရသေးတယ်။ အိန္ဒိယမှာ အကြာကြီး နေခဲ့ရသေးပေမဲ့ လူမျိုးခြား တစ်ယောက်ကိုမှ မယူခဲ့ဘဲ၊ ရာဇဝတ်ဝန်ကြီးဖြစ်လို့ ပြန်လာတဲ့အထိ လူပျိုကြီးလုပ်နေခဲ့ တယ်။ တော်တော့်စိတ်နဲ့ ဘယ်နေကြမလဲနော်။

          ရန်ကုန်မှာ ရာဇဝတ်ဝန်ကလေး ခဏလုပ်ရပြီး မကြာခင်မှာ ရာဇဝတ်ဝန်ကြီးအဆင့် တိုးမြှင့်ခံရတယ်။ နောက်တစ်ခါ အထက် မြန်မာပြည် မန္တလေးမှာ ပုလိပ်တပ်ဖွဲ့ တိုးချဲ့ပြီးတော့၊ ဖွဲ့စည်းတဲ့အခါ မှာ အထက်မြန်မာပြည်ရဲ့ ဒု-ပုလိပ်မင်းကြီးရာထူး တိုးမြှင့်ခံရပြီး ပြောင်းခဲ့ရတယ်။ အဲဒီခေတ်က မြန်မာထဲက ဒီရာထူးမျိုးကို ဘယ်သူမှန်းလို့ရပါ့မလဲ။ ပြီးတော့ သူ့လက်အောက်မှာကို တိုက်ပိုင်၊ ရာဇဝတ် ဝန်ကလေး၊ ရာဇဝတ်ဝန်ကြီးဆိုတဲ့ မျက်နှာဖြူတို့က ရှိနေသေးတာပဲ။

          ဖေဖေကတော့ ခပ်ဆန်းဆန်းပဲ။ အဲ အဲဒီ မျက်နှာဖြူ အရာရှိ တွေအားလုံးကို အင်္ဂလိပ်လို့ မခေါ်ဘူး။ ဂေါ်ရာ” တွေလို့ပဲ ခပ်နှိပ်နှိပ် ခေါ်တယ်။ သူတို့နဲ့ ဆက်ဆံတဲ့အခါ သိပ်မျက်နှာတင်းတာပဲ။ သူတို့နေအောင် အင်္ဂလိပ်စကားနဲ့ ပြောတယ်။ သူပြောသမျှလိုက်ပြီး လက်ရေးတိုနဲ့ မှတ်ဖို့လည်း “စတင်နို” တစ်ယောက် သူ့အနားမှာ အမြဲပါရတယ်။

          သူ့ပုံသဏ္ဌာန်ကို ခင်ဗျား ခပ်ရေးရေးမြင်ရအောင် ပြောပြဦးမယ်။

          သူဆောင်းတဲ့ ကာကီဦးထုပ်ရဲ့ မောက်လုံးဟာ ခပ်မြင့်မြင့်ပဲ။ ပြီးတော့ ငွေရောင်ကြိုးက ဦးထုပ်နေကာအဝိုင်းရှေ့မှာ ပြောင်လက်နေ တာပဲ။

         သူဝတ်တာက ကာကီကြူနစ်လက်တို၊ ဆင်မရောင်းစလွယ် ဟာ ဖိတ်ဖိတ်တောက်နေတာပဲ။ ဘောင်းဘီတိုကို ဘယ်တော့မှ မဝတ် ဘဲ၊ အရှည်ကိုသာ ဝတ်လေ့ရှိတယ်။ ညနေပိုင်းဆိုရင်တော့ မြင်းစီး ဘောင်းဘီ တစ်ခါတစ်ရံဝတ်တယ်။

        သူ့ ယူနီဖောင်းဟာ အမြဲခေါက်ရိုး မပျက်ဘူး။ ရင်ဘတ်မှာ စစ်မှုထမ်းခဲ့တဲ့ တိုက်ပွဲဝင်အမှတ်ရင်ထိုးတွေကို အမြဲတပ်ဆင်ထား တယ်။ ခြောက်လုံးပြူးဆောင်လေ့မရှိဘူး။ ကပ္ပတိန်တုန်းက ကိုင်ခဲ့ရ တဲ့ ဆောင်ကို ခါးမှာ အမြဲချိတ်လေ့ရှိတယ်။

          အရပ်က ငါးပေ ဆယ့်တစ်လက်မရှိပြီး မျက်နှာသွယ်သွယ်၊ မေးရိုးကားကားနဲ့၊ ရင်ပြင်ကျယ်ပြီး၊ နှုတ်ခမ်းမွေးနဲ့ဆိုတော့ သူ့ခေတ်နဲ့ သူ အင်မတန်ကြည့်ကောင်းတာပဲ။

သူစီးတဲ့ကားက အကြီးကြီး။ ဂျာမန်ကလာတဲ့ ဒင်းမလားဆို