မင်းဆွေနှစ် - မုံရွာကဗျာ
မုံရွာကနဲ့ ပက်သက်၍..
ရပ်တန့်မနေတဲ့ မြစ်တစ်စင်းလို
ကဗျာတွေဟာလည်း ခေတ်နဲ့အတူ စီးဆင်းနေမှာပဲ
မုံရွာနဲ့ကဗျာဟာ ခွဲလို့မရပါဘူး
အမှောင်ခေတ်ကြီးထဲက ကဗျာမြို့တွေကို
ချိတ်ဆက်သွယ်တန်းခဲ့ကြရာမှာ
မုံရွာဟာ ကဗျာနဲ့တောက်ပနိုင်ခဲ့ပါတယ်
ခေတ်အဆက်ဆက် သက်တံရဲ့အတွင်းသားလို
ဆေးရောင်စုံကွန့်မြူးလို့
သမိုင်းတစ်ခုလို့ပြောရင် ကြီးကျယ်တယ်ထင်မှာစိုးလို့ ဖြတ်သန်းမှုတစ်ခုလို့သာ ဆိုပါစို့
မြန်မာခေတ်ပေါ်ကဗျာအကြောင်း တစ်နေ့ပြောမိကြတဲ့အခါ မုံရွာကဗျာဟာ ဘယ်နားလေးမှာလဲ
ကိုယ့်ဘာသာမေးကြည့်ပြီး ပြန်ဖြေရင် ရင်ခုန်စရာပါ
ရန်ကုန် မန္တလေးပျဉ်းမနားစသဖြင့်
ထီးပြိုင်နန်းပြိုင်တွေကြားမှာ မုံရွာဟာ
သူ့ထီးသူ့နန်းနဲ့ ကဗျာမြို့ပြနိုင်ငံငယ်လေးတစ်ခုပါ
ခု “မုံရွာကဗျာ” နဲ့
သူ့ဝေစုကို တောင်းလိုက်ပါရဲ့
မုံရွာကဗျာဆရာများ
၃၊ ၄၊ ၂၀၁၉။
သမ္ပယောဂေါ
ဝိမ္ပယောဂေါ
ချစ်ခင်သူတွေနဲ့ အတူနေရတဲ့ ညနေဟာ
ငှက်တွေ အိပ်တန်းတက်တဲ့ သစ်ပင်ပမာ
ချစ်ခင်သူတွေနဲ့ ကွေကွင်းရတဲ့ ညနေကျတော့
ပွဲပြီးသွားတဲ့ ဘောလုံးကွင်းပေါ့။
အံ့မောင်
ပတ္တမြားသုံးပွင့်
ဗိုလ်ချုပ်အောင်ဆန်းလို
မျိုးချစ်အာဇာနည်ရှိတဲ့ နိုင်ငံ
ဗိုလ်မှူးချုပ် ကျော်ဇောလို
ငြိမ်းချမ်းရေးစစ်သူကြီးရှိတဲ့ နိုင်ငံ
ကိုဗဟိန်းလို
ညီညွတ်ရေး နိုင်ငံရေးသမားရှိတဲ့ နိုင်ငံ
သူတို့ မျိုးချစ်စိတ်
သူတို့ အသည်းနှလုံးသူတို့အတတ်ပညာ
သူတို့ စိတ်ဓာတ်တွေကို
ဦးထိပ်ထားပြီး
ဒို့ပြည်သားတွေ ညီကြရင်
ဗမာ
အာရှမှာ ကမ္ဘာမှာ
နေတစ်ဆူ လတစ်စင်း
ထွန်းလင်းမှာ မုချ။
အံ့မောင်
၁၆၊ ၃၊ ၂၀၁၈
ကဗျာဧရာ၀တီ
(၁)
ကဗျာဧရာဝတီ
ကျွန်ုပ်ရေဆန် ကူးလာပြီ
ကသာရောက်ရောက် ဗန်းမော်ရောက်ရောက်
မေခ မလိခ ရောက်ရောက်
ခါကာဘိုရာဇီ ဖောက်ဖောက်
အညာနဲ့အောက် ရေမှုတ်ရေအိုး
ပုဂံကို ကျောပိုးလာ
အင်းဝကို ကျောပိုးလာ
ရတနာပုံကို ကျောပိုးလာ
ကျွန်ုပ်လာပြီ ရေဆန်ကူးလာပြီ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဦးတင်
နီရူဒါဆီလည်းရောက်ချင်ရောက်မည်
မာယာကော့စကီးနဲ့လည်း တွေ့ချင်တွေ့မည်
ရှယ်လီနဲ့ ခွက်ချင်းထိ နှုတ်ဆက်ကောင်းနှုတ်ဆက်မည်
ရောဘတ်ဖရော့စ်ကို လက်ပြဦးမည်
ကျွန်ုပ်လာပြီ
ရေဆန်ကူးလာပြီ
(၂)
မကူးတတ် ကူးတတ် ကူးတော့
ကျွန်ုပ်ရွာနားချာချာလည်
နွားကျောင်းသားပလွေသံလည်း ကြားသည်
ဘုန်းကြီးကမ္မဝါသံလည်း ကြည်ညိုရသည်
ဪ ငယ်ငယ်က ဦးညိုပြောပြတဲ့
ရှေးစကားသံကလေးတွေလည်း ပြန်နားထောင်ရသည်
ကြက်တွန်သံကိုတောင် အတိုင်းသား
လာပြီ
ကျွန်ုပ်လာပြီ
ကာရံညာရုံး ဘယ်ရုံးလွတ်လပ်
ကျုံးခတ်
လာပြီ
ကျွန်ုပ် ရေဆန်ကူးလာပြီ
ချစ်သောကဗျာ ဧရာဝတီ။
အံ့မောင် ၁၈၊ ၇၊ ၂၀၁၈။
ရှင်သန်ခြင်းတစ္ဆေ
အို.. အလွမ်းဘွဲ့
တစ်ခန်းရပ်ပြဇာတ်ဆန်ပါပေ့
မျက်နှာပေါ်က ထယ်ရေးကြောင်းများစွာ
အင်ပါယာချဲ့လာကြပြီ
အာကာသထဲမှာ
ကြယ်တာရာများနဲ့အပြိုင်
ကိုယ်ပိုင်ကြယ်တစ်ပွင့်တော့
သင့်မှာရှိသင့်တယ်။
မျှော်လင့်မထားဘဲ
လွဲချော်မှုများရှည်ကြာ
အစာမျိုပြွေတစ်ကောင်လိုတရွေ့ရွေ့
အရက်ခွက်ချင်းတေ့ဆုတောင်းပေလည်း
တစ္ဆေကတော့ ခြောက်လှန့်နေဆဲ။
တစ်ခါတစ်ရံတော့လည်း
ဇာတ်သိမ်းခန်းမှာ ရယ်မောရနိုးနဲ့
တစ်ချိန်လုံးငိုကြွေးလာကြသူတွေရဲ့
မျှော်လင့်ချက်ကိုစာနာမိ။
“နိုင်ငံရေးလုပ်ရတာ
အသည်းကွဲရပါတယ်ဗျာ” တဲ့
သစ်ခုတ်သမားတစ်ယောက်ရဲ့စကား
ရင်နင့်စွာ ကြားယောင်မိ။
ဒါပေမဲ့
သူတို့ရှင်သန်နေကြတယ်
လွင်ပြင်ကျယ်လျက်လည်း
အသက်ရှူမဝနိုင်သူများ
အရှေ့မိုးကုပ်စက်ဝိုင်းကို
(အချည်းနှီး)ဘောင်ခတ်လိုသူများ
မာန်ဟုန်ချီဒီလှိုင်းကို
တံတိုင်းပိတ်ဆို့လိုသူများ
နှင်းခဲပျော်ချိန်လား
နှင်းမုန်တိုင်းထန်ချိန်လား
ခွဲခြားမှန်ကန်စေ
နိုင်ငံရေးမှာ
အကယ်၍သာ မရှိနိုင်ဘူးလေ။
မုံရွာအောင်ရှင်
ခေတ်ရနံ့၊
မေ၊ ၂၀၁၉။
ပုဂံနွေည
ညရဲ့လေပူဟာ
သဲကန္တာတဝက်၊ စိမ်းလန်းခက်ဖြာ
ချွန်ထက်မြသွား၊ ရှားစောင်းဆူးများလို
စူးရှလွန်းလှတယ်...။
သရဖူတွေ
သူရဲကောင်းတွေ၊ မြေကိုငုပ်လျှို
မိုးယံတဝှန်း၊ ပျံသန်းအုံးမလား
သင်္ခါရတရားရဲ့
တံခါးသော့တံ၊ လိမ်ဉာဏ်ခိုးဝှက်
ဖျောက်ဖျက်တိမ်းရှောင် ရအံ့လော..။
ရဲတိုက်ကြီးအလား ၊
တည်ထားသဏ္ဌာန်၊ ပုဂံရွှေပြည်
စေတီအိုများမှ၊ စိမ့်ကျယိုစီး
ဆည်းလည်းသံတို့၊ အထီးကျန်စည်းဝါး
သဲမှုန်များနဲ့အတူ
ပူလောင်ခြင်းတေး၊ သီကြွေးစဉ်မှာ
ရေဒါနဲ့ အလုပ်ရှုပ်နေတဲ့
လင်းနို့ရဲ့ တောင်ပံခတ်သံ
ညဉ့်ယံကို ချောက်ချားစေတယ်..။
ပုဂံသားတို့
အုတ်သားခိုင်ခံ့၊ အံ့ဖွယ်ဘနန်း
ဆယ်ပွင့်ပန်းခင်း၊ ဖန်ဆင်းအနုပညာ
ဗိသုကာအမွေ၊ ရွှေခေတ်ကြီးကို
မာကိုပိုလို၊ စာဆိုခရီးသည်
ကမ္ပည်းတင်ရန် မေ့ခဲ့သလော..။
ခေါမ, အာရပ်၊ အာရေဗျ, စိန
အိန္ဒိယ, သီဟိုဠ်၊ ကြိုဆို ဝယ်ရောင်း
လူမျိုးပေါင်းစုံ၊ ဖိုးကုန်သည် လမ်းမ
လမ်းဆုံကျမြို့ခံ၊ ပုဂံဈေးစည်ရာ
အိပ်ဂျီဝဲရဲ့၊ ဝတ္ထုထဲက
ကာလယန္တရား
စီးသွားပြီး ကြည့်လိုက်ချင်..။
တန့်ကြည့်တောင်ရိပ် အ
တိတ်ကြယ်ပွင့်များ၊ တချို့မှုန်ဝါးနေ
တချို့ ကြွေလွင့်ကုန်
နတ်သမီးပုံပြင်လေ
ဧရာဝတီ၊ နဒီလှိုင်းလုံးများ
တိုက်စားသွားခဲ့ပေါ့...။
တုန်ခါတော်လည်း
တောင်ကြီးတွေပြိုကျ၊ သမုဒ္ဒရာပွက်လျှံ
မှောက်လန်မပျက်စီးဖို့
အို ဘီလူးကြီးအက်တလတ်
ကြွတက်ခွန်အားထမ်းထားတဲ့ကမ္ဘာလုံး
ပခုံးပြောင်းရင် သတိပေးပါ...။
မုံရွာအောင်ရှင်