မင်းစိုးသန်း - အော့တစ်ဇင်လူငယ်လေးတစ်ယောက်အကြောင်း
သန်းခေါင်ကျော် ၇ မိနစ်အချိန်မှာပါ၊ ခွေးဟာမစ္စစ်ရှီးယားစ်ရဲ့ အိမ်ရှေ့မြက်ခင်းပြင်အလယ်ကောင်မှာ တစောင်းလဲကျလျက် ရှိနေပါ တယ်။ သူမျက်လုံးတွေကပိတ်လို့ ပေါ့ လေ၊ ပုံစံကတော့သူ့ဘေးတိုက် အနေအထားအရဆိုရင်ပြေးလွှားနေတဲ့ပုံစံမျိုးပါ၊ အိပ်မက်ထဲမှာကြောင် ကိုမြင်လို့ပြေးလိုက်တဲ့ပုံစံမျိုးနဲ့ပါ၊ ဒါပေမဲ့ခွေးကပြေးနေတာလည်း မဟုတ်သလို အိပ်ပျော်နေတာလည်းမဟုတ်ပါဘူး၊ ခွေးကသေနေပါပြီ။
ဥယျာဉ်သုံး ခက်ရင်းခွတစ်ချောင်းက ခွေးကိုစူးဝင်နေလျက်ပါ။ ခက်ရင်းခွရဲ့ ဆူးတွေက ခွေးကိုထုတ်ချင်းပေါက်ပြီး မြေကြီးထဲ ထိုးစိုက် နေဟန်တူပါတယ်။ဒါကြောင့် ခက်ရင်းခွလဲကျ မသွားတာပေါ့။ ကျွန်တော် မှတ်ချက်ချရတာကတော့ ခွေးဟာခက်ရင်းခွနဲ့ အထိုးခံ ရလို့ သေဆုံးသွားဟန်တူလေရဲ့၊ ဘာလို့လဲဆို ခွေးပေါ်မှာ အခြား ဒဏ်ရာဘာမှ မတွေ့ရတာပါပဲ။ ပြီးတော့ကျွန်တော်ကတော့မထင်ဘူး။ ခွေးဟာ အခြားပယောဂ တစ်ခုခုနဲ့ သေပြီးမှ ဥယျာဉ်သုံးခက်ရင်းနဲ့ ထိုး ထားတာလားလို့ပေါ့ လေ။ ဥပမာအားဖြင့် ကင်ဆာရောဂါ ဖြစ်ထားပြီး - ဖြစ်ဖြစ်လမ်းပေါ်မှာ မတော်တဆဖြစ်ခဲ့လို့ ဖြစ်ဖြစ်ပေါ့ လေ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စနဲ့ပတ်သက်လို့တော့မသေချာဘူး။
ကျွန်တော် မစ္စစ်ရှီးယားစ် အိမ်တံခါးအတိုင်းဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါတယ်၊ သူမရဲ့ မြက်ခင်းအတိုင်း လျှောက်သွားပြီး ခွေးဘေး မှာ ဒူးထောက်ထိုင်လိုက်ပါတယ်။ ကျွန်တော့်လက်ကို ခွေးရဲ့ နှုတ်သီး ပေါ်တင်လိုက်ပါတယ်၊ ပူပူနွေးနွေးရှိပါသေးတယ်။
ခွေးလေးကို ဝယ်လင်တန်လို့ ခေါ်ပါတယ်။ မစ္စစ်ရှီးယားစ် ပိုင်တာပါ။ သူမက ကျွန်တော်ရဲ့ မိတ်ဆွေဖြစ်ပြီး လမ်းတစ်ဖက်က အိမ်နှစ်လုံးရဲ့ ဘယ်ဘက်မှာနေထိုင်ပါတယ်။
ဝယ်လင်တန်ဟာ အမွေးအဆုပ်ဆုပ်ရှိတဲ့ ပူဒယ်တစ်ကောင် ဖြစ်ပါတယ်။ ဆံပင်ပုံစံအမျိုးမျိုးနဲ့ အကောင်သေးသေး ပူဒယ်မျိုးထဲက မဟုတ်ပေမဲ့ အကောင်ကြီးပူဒယ်မျိုးဖြစ်ပါတယ်။ အနက်ရောင် အမွေး ရှည် ထူကောက်ကောက်နဲ့အကောင်ပါ၊ ဒါပေမဲ့ အနီးကပ်ကြည့်မယ် ဆိုရင်တော့ အမွေးထူတူ အောက်ကအရေခွံကတော့ ကြက်တွေလို အဝါ ရောင်ဖျော့ဖျော့ဖြစ်ပါတယ်။
ကျွန်တော်က ဝယ်လင်တန်ကိုပွတ်သပ်ပေးရင်းသူ့ကို ဘယ်သူက ဘာ့ကြောင့်သတ်သွားလဲဆိုတာကိုမေးခွန်းထုတ်ချင်နေမိတယ်။