မင်းခိုက်စိုးစန် - လွမ်းလို့သေသွားတဲ့သစ်ပင်
အခန်း(၁)
ချစ်သူဟာ
‘’အလင်း” ကို
ကမ္ဘာမြေပေါ် ပထမဦးဆုံး သယ်ဆောင်လာခဲ့သူ ဖြစ်ပေရဲ့။
ရယ်စရာကောင်းသော အတွေ့အကြုံတစ်ခုဖြစ်သည့်တိုင် ရုတ်တ ရက်မို့ ရယ်ဖို့ သတိမရ။ မေ့လျော့နေ၏။ နောက်မှ တစိမ့်စိမ့်တွေးကာ ပြုံး ဖြစ်လေသည်။ ။
“.. ကြယ်တာရာတွေကို အပြုံးယောင်ဆောင်ခိုင်းဖို့ ငါ့ဘဝ ထဲမှာ မှော်ဆရာမလေးတစ်ယောက် ရောက်လာတဲ့နေ့ပါပဲ”
ဟု ချမ်းမြေ့ညီညီက ဒိုင်ယာရီထဲတွင် ရေးထားလိုက်၏။
အဲယားကွန်းဘတ်(စ်)က လေပူတွေကို လှောင်ထားသလို ဖြစ်နေ သောကြောင့် မွန်းကျပ်နေ၏။ ထိုင်စရာ နေရာရလို့ တော်ပါသေးရဲ့ ဟု ညီညီက တွေးလိုက်သည်။ သို့သော်..... သူ့နေရာက ပြတင်းပေါက်ဘက်က ထိုင်ခုံမဟုတ်ဘဲ လူသွားလမ်းနှင့် ကပ်လျက်ဖြစ်သောကြောင့် သိပ် အဆင် မပြေလှ။
လူဝကြီးတစ်ယောက်က ဘေးမှာရပ်ရင်း ပခုံးပေါ်ကို သူ့ဗိုက်ပူပူကြီးဖြင့် မှီကာ ငိုက်လျက်ပါလာ၏။ ဘုရားလမ်းမှတ်တိုင်ကို ဝင်ခါနီးတွင် ထိုလူဝကြီးက ဆင်းတော့မည့်ဟန်ဖြင့် အတက်အဆင်းပေါက်ဆီ တိုးထွက် သွားသည်။
အင်း... အခုမှပဲ အသက်ရှူချောင်တော့တယ်။
ကားမှတ်တိုင်တွင် စုပြုံနေသော လူအုပ်ကြီးကို သူလှမ်းမြင်နေရ၏။ ကားက တဖြည်းဖြည်း ဘီးလှိမ့်ဝင်သွားသောအခါ ပလက်ဖောင်းပေါ်မှ လူအုပ်ကြီး ပြိုဆင်းလာကြသည်။
ပြတင်းပေါက် မှန်သားပြင်၏ ဟိုတစ်ဖက်ဆီကို သူ လှမ်းငေးနေမိသည်။
“အခု ရပ်မယ့်မှတ်တိုင်က ဘုရားလမ်းမှတ်တိုင်လားဟင်” | စကားလေသံထဲတွင် ရေခဲမုန့် ရနံ့တွေ သင်းပျံ့လာသည်ဟု ထင် ရ၏။
ရင်ထဲမှာ လတ်ဆတ်အေးမြသော သင်းချိုချိုဂီတတစ်ပုဒ် ကြားရ လေသည်။
ညီညီ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။
အဝါရောင် ကောင်မလေးတစ်ယောက်.... (အဝါရောင် အိပ်မက်နုနု တွေ အကိုင်းဖျားထိ ပွင့်ဖူးနေသော သစ်ပင်ပေါက်စလေး တစ်ပင်နှင့် တူပါသည်) ။
“အခုရပ်မယ့် မှတ်တိုင်က ဘုရားလမ်းမှတ်တိုင်လား”
သူမက ထပ်မေးသည်။ ညီညီက ...
“အ... အာ... အအု... အု”
“ရှင်...”
ကောင်မလေးကြောင်နေသည်။ ညီညီက...
“အာ... ဝု”
ကောင်မလေးကို လက်ကာပြလိုက်ရင်း ဟိုကြည့်သည်ကြည့်ဖြင့် တစ်စုံတစ်ရာကို ရှာသည်။ ပါးစပ်က စကားမပြောနိုင်သေး။
မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေသော သူ့ကို ကြည့်ရင်း ကောင်မ လေး ထိတ်လန့်တကြား ဖြစ်သွားသည်။
ထိုအချိန်တွင် ကားက ဘရိတ်အုပ်လိုက်သောကြောင့် လူတွေအားလုံး ရှေ့ကို ယိုင်ထိုးသွားကြ၏။
ညီညီက ရှေ့ခုံကို လက်ဖြင့် ထိန်းမှီထားလိုက်သည်။ အဲသည်အချိန် မှာပင် ကားခေါင်မိုးအစပ်မှာ သူလိုချင်နေသောအရာကို တွေ့သွား၏။ သူ ( မတ်တတ်ထရပ်ပြီး လှမ်းယူသည်။
*
ညီညီက ကြွပ်ကြွပ်အိတ်ကလေးကို လက်ထဲတွင်ကိုင်ရင်း အဝါရောင် သစ်ပင်လေးကို တစ်ချက်ခိုးကြည့်လိုက်သေး၏။
ကောင်မလေးက သူ့ကို တအံ့တသြ စိုက်ကြည့်နေသည်။
*
ညီညီက ပါးစပ်ထဲမှ ကွမ်းဖတ်များကို ကြွပ်ကြွပ်အိတ်ထဲထွေးထည့် လိုက်သည်။ အား... အခုမှပဲ ရှင်းသွားတော့တယ်။ သူက... ကောင်မလေးကို လှမ်းပြောလိုက်သည်။
“ဟုတ်တယ်... ဒါဘုရားလမ်း မှတ်တိုင်၊ ဆင်း... ဆင်း”
ကောင်မလေး ဒေါသဖြစ်လောက်ပါသည်။ ကားမှတ်တိုင်က နောက် ဘက် အတော်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်၏။
*
အံကြိတ်ထားသော ကောင်မလေး၏ ပါးပြင်မှာ သွေးကြောကလေး တွေ ဒေါသဖြင့် အနီရောင်သန်းသောအခါ... တစ်ကမ္ဘာလုံး နှင်းဆီပွင့်တွေ ဖြင့် ဖုံးသွားသည်။
သူမဆံနွယ်စတွေဆီမှ စတော်ဘယ်ရီရနံ့ကလေးသင်းပျံ့ လာ၏။ အနက်ရောင်မျက်စောင်းလှလှကလေးသည် ပျားရည်ဖြင့် ထွန်းညှိထားသော ဆီမီးဖြစ်သည်။
အလင်းတွေ ရင်နှင့်အပြည့်နေရာယူသွား၏။
*
သူမ၏ရင်ထဲမှာ ထားသော အနီရောင်ပန်းဖွားတွေနှင့် လွယ်အိတ် ထဲမှ စာအုပ်နှစ်အုပ် ထိုးထွက်နေသည်ကို မြင်ရ၏။ တစ်အုပ်တွင် ပါဠိ၊ အရှေ့တိုင်းပညာ၊ ရန်ကုန်တက္ကသိုလ်ဟု အဖုံးပေါ်မှာ ပုံနှိပ်ထားပြီး၊ နောက် တစ်အုပ်က အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော နက္ခတ်ဗေဒင် ပညာစာအုပ် ဖြစ်၏။
ကြည့်စမ်း... ဘယ်လိုကောင်မလေးလဲလို့..။
အနည်းငယ် ထူးဆန်းသလို အောက်မေ့မိသည်။
*
လွယ်အိတ်ကိုပွေ့ထားသည့် လက်ဝဲဘက်လက်ကလေးဆီ သူ့မျက်စိ အကြည့်က အမှတ်တမဲ့ ဦးတည်သွားမိသည်။
ဖျတ်ခနဲ မျက်နှာလွှဲလိုက်ပြီးခါမှ ထိုလက်ကလေးတစ်ဖက်တည်း ကိုပင်..
နောက်တစ်ခါ သေသေချာချာ ထပ်ကြည့်မိပြန်လေသည်။
ဝါဝင်းနူးညံ့သော အသားအရေက ကြောင်ကလေးတစ်ကောင်၏ မျက်လုံးလို ကြည်လင်နေသည်။ သွေးကြောစိမ်းစိမ်းကလေးတွေကို မြင်ရ ၏။
လက်ဖမိုးက ပြေပြစ်စွာ ဖူးဖူးငုံငုံခုံးနေသည်။ နောက်... သွယ်နွဲ့ ရှည်လျားသော လက်ချောင်းကလေးများ...။ လက်သည်းတွေကို တိတိရိရိ သပ်သပ်ရပ်ရပ် ဖြတ်ထားသည်။
အဲသည်နေရာမှာပင်...
သူ့နှလုံးသားကို ညှို့ထားသည့်အရာကို တွေ့လိုက်ရလေသည်။
လက်သန်းကလေးတစ်ချောင်းတည်းကိုသာ ရွှေရောင်လက်သည်း ဆိုးဆေး ဆိုးထား၏။