မင်းခိုက်စိုးစန် - ငှက်ကလေးရဲ့သက်တော်စေောင့်
ရထားက သူ့ကို ထားရစ်ခဲ့ပြီ။
မြို့ငယ်ကလေးတစ်မြို့၏ ဘူတာရုံကုပ်ကုပ်ကလေးထဲတွင် သူ တစ်ယောက်တည်း မတ်တတ်ရပ်လျက် ကျန်ရစ်၏။ တစ်စထက်တစ်စ သူ့ထံမှ ရွေ့ လျား ဝေးကွာစပြုနေသော ရထား၏ သံမဏိ ကိုယ်ထည်ကြီးလျှောတိုက်သွားပုံသည် ပြေပြေပြစ်ပြစ် သက်သောင့်သက်သာ ရှိလှသည်။ တကယ်တော့ သက်သောင့်သက်သာရှိစွာ မနေထိုင်တတ်ခဲ့သူမှာ သူသာလျှင် ဖြစ်၏။
ငါတစ်ယောက်တည်း အထီးကျန်ခဲ့ပြီဟူသော အတွေးသည်ပင် ရထားလို အဆမတန် ရှည်လျားလွန်းနေသည်ဟု အောက်မေ့စေ၏။ သူ့မှာ တစ်ခုခုလုပ်စရာရှိနေသော်လည်း ဘာတစ်ခုမှ လုပ်စရာမရှိသလို ထင်ချင်ချင် ဖြစ်နေသည်။ ဘဝဆိုတာ ဒါပဲလား။ တစ်ခုခု လုပ်စရာရှိတယ်၊ ဒါပေမဲ့ ဘာ တစ်ခုမှ လုပ်စရာမရှိဘူးလို့ အောက်မေ့ပစ်လိုက်ချင်ရင်လည်း ဖြစ်တာပဲ မဟုတ်ဘူးလား။
သူ့ကိုယ်သူ ဘာအတွက်မှ အဆင်သင့် မဖြစ်သေးဟု ခံစားရ လေသည်။
* * *
မင်းခိုက်စိုးစန် ဘူတာရုံ အုတ်ကြွပ်ခေါင်မိုး နီနီအစပ်တွင် ငှက်ကလေးနှစ်ကောင် နားနေသည်ကို မြင်ရ၏။ ရေနံချေးရောင် ညိုမှိုင်းနေသော ဘူတာရုံပုပု ကလေး၏ အသွင်အပြင်သည် စိန်ပန်းပင်ပေါက်ကလေးများ၊ စက္ကူပန်းရုံ ကလေးများ အကြားတွင် တစ်စုံတစ်ရာကို လျှို့ဝှက်ထားသည့်ပုံ ပေါက်နေ လေသည်။ မြက်ခင်းစိမ်းကလေးပေါ်တွင် အနီရောင်၊ အဝါရောင် စိန်ပန်း ပွင့်တွေ ပြန့်ကျဲနေကြသည်။ ပန်းနုရောင် စက္ကူပန်းခြောက်ခြောက်များကို လည်း အဆုပ်လိုက် အထွေးလိုက် တွေ့ရ၏။
ဘူတာရုံအစပ် မြေနီလမ်းကလေးအတိုင်း သူ ဆင်းလာခဲ့သည်။ မြို့ထဲသို့ဝင်ရန် တစ်ခုခုတော့ စီးရပေလိမ့်မည်။ မြင်းလှည်းဖြစ်ဖြစ်၊ ဆိုက်ကား ဖြစ်ဖြစ်ပေါ့ဟု သူ စိတ်ကူးလိုက်၏။ ဘယ်လောက်ဝေးဝေး သွားရသည်ကို သူမသိသေး။ သည်မြို့ကလေးကို သူ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူ့အဖေကိုသာ သည်မြို့ကလေးမှာ တွေ့လိုက်ရသည်ဟု သတင်းမကြားခဲ့ရလျှင် သူ့တစ်သက်တာအတွင်း သည်မြို့ကလေးနှင့် ပတ် သက်စရာ ဘာအကြောင်းဘာမှ မရှိဟုပင် ပြောရပေလိမ့်မည်။
အင်း...အခုတော့ ပတ်သက်လာရပြီပေါ့လေ။ အဖေ့ကြောင့်ဆိုပါ တော့။ အင်း..ဒီလိုလည်း ပြောလို့မရသေး။ အဖေက ငါ့ကို လိုက်ရှာပါ သားရယ်..ဟု မှာခဲ့သည်မဟုတ်၊ သူ့ဘာသာ သူ သွားချင်၍ သွားခြင်း ဖြစ်သည်။ ကိုယ်ကလည်း ကိုယ့်ဘာသာကိုယ် လိုက်ရှာခြင်း ဖြစ်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်၏။ အင်း..ဒါဆို ဒီမြို့ကလေးနဲ့ လာပတ် သက်ရတာ ငါ့ကြောင့်ပဲပေါ့ဟု တွေးလိုက်၏။ ဟင့်အင်း...ဒါလည်း သိပ် မဟုတ်လှသေး။ သူ့စိတ်နှင့် သူ့ကိုယ်သာဆိုလျှင် အဖေ့ကို လိုက်ရှာဖြစ်မည် မဟုတ်သည်မှာ သေချာပါသည်။ သွားပါစေပေါ့၊ အဖေ့ဘာသာ အဖေ လွတ်မယ် ကျွတ်မယ် ထင်တဲ့နေရာ သွားစမ်းပါစေ။ အဖေရဲ့ ငြိမ်းချမ်းမှုကို အဖေ့ဘာသာ အဖေရှာဖွေပါစေ။ သူ့အနေဖြင့် လိုက်ခေါ်စရာအကြောင်းမရှိ၊ တစ်နည်းအားဖြင့် ပြောရလျှင် လိုက်အနှောင့်အယှက်ပေးစရာအကြောင်း မရှိ။
လူဆိုသည်မှာ သူ့ကိုယ်သူဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကိုဖြစ်စေ လွတ် လပ်စွာ ရွေးချယ်ခွင့် ရှိသင့်သည် မဟုတ်လား။ သူကတော့ ထိုသို့ပင် ခံယူထား၏။ လူ၏ တတ်နိုင်မှုအစွမ်းသည် အကန့်အသတ်ရှိပါသည်။ အများဆုံး တတ်နိုင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲယူမည်။ လွယ်တော့ အတော်မလွယ်သောကိစ္စ ဖြစ်၏။ တန်ပြန် ဆန့်ကျင်မှုများ၏ အတိုက်အခိုက် ကို ခံရမည်။ နောက်ပြီး ကိုယ့်လိုပင် လောကကြီးကို မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲချင်သူများကလည်း ရှိဦးမည်။ ထိုသူတို့၏ စိတ်ကြိုက်နှင့် မိမိ၏ စိတ်ကြိုက် မတိုက်ဆိုင်ဘူးဆိုလျှင် ယှဉ်ပြိုင်တိုက်ခိုက်ရဦးမည်။ လောကကြီး ကို ပြုပြင်ပြောင်းလဲယူဖို့ ဆိုသည်မှာ တော်တော် ကြီးကြီးကျယ်ကျယ် ဘဝင် မြင့်တတ်သူများနှင့်သာ သက်ဆိုင်သည့်ကိစ္စ ဖြစ်၏။ လောကကြီးသာ ရွှံ့စေးတုံးတစ်တုံး ဖြစ်မည်ဆိုလျှင် ထိုသူများက လောက်စာလုံး လုံး၍ရောင်းပစ်ကြပေလိမ့်မည်။ နောက် သူတို့အချင်းချင်း အပေးအယူ မတည့် သည့်အခါ တစ်ယောက်ကိုတစ်ယောက် လေးခွကိုယ်စီဖြင့် ပစ်ကြပါစေ ပေါ့။ ဒါပါပဲ။ ထိုသို့ မတတ်နိုင်ဘူးဆိုလျှင် အနည်းဆုံး တတ်နိုင်တာ ကတော့ ဘာကိုမှ ပြောင်းလဲမပစ်ဘဲ နဂိုရှိနေသည့်အထဲမှ ကိုယ်ကြိုက်ရာကို ရွေးချယ်သွားရန် ဖြစ်သည်။
အဖေသည် အများဆုံးကို မတတ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူ တတ်နိုင် သည့် အနည်းဆုံးကို လုပ်သွားခဲ့သည်။ မိသားစုကို ထားရစ်ခဲ့ပြီး သူ့ ငြိမ်းချမ်းမှုကို သူ ရှာရန် ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ သွားပါစေ ဘာဖြစ်လဲ။
ပြဿနာက တစ်ခုတည်းသာ ဖြစ်သည်။ အမေ..၊ အမေက သူ့လို သဘောမထားနိုင်။ စင်စစ် အဖေ မရွေးချယ်ချင်သော ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးသူမှာလည်း အမေ။ အဖေ့ကို ထိုပတ်ဝန်းကျင်ထဲ ပြန်ဆွဲသွင်း ထားရန် သူ့ကို လိုက်ရှာခိုင်းလိုက်သူမှာလည်း အမေပင် ဖြစ်သည်။ အဖေ သည် မီးခြစ်တစ်လုံး မဖြစ်ခဲ့သည်မှာ အတော် ကံကောင်းသည်ဟု သူ ထင်သည်။ မီးခြစ်တစ်လုံးသာဆိုပါက အမေက ခဏခဏ ဓာတ်ဆီဖြည့်ပြီး မီးတောက်အောင် ဖြစ်နေမည်မှာ သေချာသောကြောင့် ဖြစ်သည်။
မြေနီလမ်းကလေးအဆုံး ကုက္ကိုပင်ရိပ်တွင် ဆိုက်ကားတစ်စီး ရပ် ထားသည်ကို လှမ်းမြင်ရသည်။ သူ ထိုကုက္ကိုပင်ဆီသို့ လျှောက်သွား လိုက်၏။ အနီးသို့ ရောက်သောအခါ ဆိုက်ကားသမားတစ်ယောက်က.. “ဆိုက်ကားငှားမလား ဆရာ”
ဟု လှမ်းမေး၏။ သူက ခေါင်းညိတ်ပြလိုက်ရင်း မြို့ထဲကို ဘယ် လောက်လဲဟု မေးလိုက်သည်။ ဆိုက်ကားသမားလေးက..
“လေးဆယ်တော့ပေးပါ ဆရာ” “မင်းဟာက မများဖူးလားကွ”
“ဘယ်လောက်နီးနီး ဆိုက်ကားပေါ် တက်ထိုင်လိုက်ရုံနဲ့ သုံးဆယ် ယူတာ ဆရာရဲ့”
ဘုရားရေ...ဒီကောင့် ထိုင်ခုံမှာ ရွှေတွေများ ချထားသလား။
အထဲမှ အုန်းဆံမျှင်များ ပေါက်ထွက်နေပြီဖြစ်သော ဆိုက်ကား ကူရှင်ပေါ်သို့ သူ တက်ထိုင်လိုက်သည်။ ကျန်ဆိုက်ကားသမားတစ်ယောက်ကို သူ လှမ်းကြည့်ဖြစ်သေး၏။ ထိုတစ်ယောက်ကတော့ ခရီးသည်မရဘဲ နေရစ် ခဲ့ရတော့မည်ကို တွေးကာ သူ့စိတ်ထဲ အားနာသလို ဖြစ်မိသည်။ ကဲ... ကြည့်စမ်း၊ ဘယ်လောက် ကြောင်လိုက်သလဲလို့။ ။
ဘာမှ အားနာစရာမရှိသည့်ကိစ္စကို ကြံဖန်ပြီး အားနာနေမိခြင်း ဖြစ်သည်။ အင်းလေ...ငါတစ်ယောက်တည်းက ဆိုက်ကားနှစ်စင်းလုံးကို ငှားစီးလို့ဖြစ်တာမှ မဟုတ်ဘဲ။ တစ်စီးစီးကတော့ ကျန်နေရစ်ခဲ့ရမှာ သေချာ တယ်။ ဘာမှ အားနာနေစရာမလို၊ ကဲ..မေ့လိုက်တော့။ ။
ခက်တာက သည်ဘူတာတွင် ဆင်းသော ခရီးသည်က သူတစ် ယောက်တည်း။ ကျန်သော ဆိုက်ကားအဖို့ ခရီးသည်ထပ်ရစရာ မရှိ။ သည်အတိုင်း ထိုင်ခုံဗလာဖြင့် အိမ်ပြန်ရပေလိမ့်မည်။ သူ တွေးရင်း မျက်နှာ ပူသလို ဖြစ်လာ၏။
သို့ သော် ဆိုက်ကားနှစ်စီးပေါ်တွင် သူ တစ်ယောက်တည်း ဟိုဘက် ခြေထောက်တစ်ချောင်း၊ သည်ဘက် ခြေထောက်တစ်ချောင်း ကိုးရိုး ကားရား ခွစီးနေပုံကို စိတ်ဖြင့် မြင်ယောင်ကြည့်လိုက်သောအခါ မျက်နှာ ပူချင်စိတ်ပင် ပျောက်သွား၏။ အင်း...ဒီလိုပါပဲလေ၊ တစ်ခါတလေ လောက ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ကူညီဖို့ မဖြစ်နိုင်တဲ့ကိစ္စမျိုးတွေ ရှိတတ်တယ် မဟုတ်လား။ ဘာတတ်နိုင်မှာလဲ။ မျက်နှာလွှဲနေလိုက်ရုံ ရှိတော့တာပေါ့။
သူစီးသော ဆိုက်ကားက ထိုကျန်နေရစ်ခဲ့သူအနီးမှ ဖြတ်သွားသော အခါ သူ အလိုလို မျက်နှာလွှဲနေဖြစ်သည်။ သို့သော် အတော်လေးလွန်သွား ပြီးချိန်တွင် သူမနေနိုင်၊ လှည့်ကြည့်မိပြန်၏။ ကျန်နေရစ်ခဲ့သော ဆိုက်ကား ဆရာသည် သူ့ဆိုက်ကားပေါ်တွင် မျက်နှာကို ဝါးဖက် ဦးထုပ်ဖြင့် ဖုံးကာ ငြိမ်းချမ်းစွာ ငိုက်မျဉ်းနေသည်ကို လှမ်းမြင်ရ၏။
ကောင်းပါသည်။ သူ မရလိုက်သော ခရီးသည်အတွက်လည်း ဘာမှ မကြောင့်ကြ၊ ဝန်တိုနေပုံမပေါ်။ တစ်စုံတစ်ခု၏ ကယ်တင်ခြင်းကို ခံရဖို့အတွက်လည်း ပူပန် မျှော်လင့်နေပုံမရ။ ဘာကိုမှလည်း ထွေထွေထူးထူး စဉ်းစားနေဟန်မတူ၊ ကောင်းပါသည်။
သူ အနည်းငယ် ဘဝင်ကျသွား၏။ နေရာတကာ လျှောက်ကယ် တင်ချင်နေသော သူ့စိတ်ကို သူ ပြန်ပြင်ဆင်ရဦးမယ်။ “ပျက်အစဉ်ဖြစ်ခဲ့သော စိတ်ဓာတ်များသည် ပြင်လျှင် အတော်ကြာတတ်ပါသည်။
“ဆရာ...ဈေးရှေ့အထိ သွားမှာလား”
သူ စီးလာသော ဆိုက်ကားသမားလေးက မေးသည်။ ရုတ်တရက် သူ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားပြီးမှ...
“အင်း...ဒီလိုလုပ်ကွာ။ ငါ့ကို တည်းခိုခန်းတစ်ခုခုဆီကို ပို့ပေးပါ ကွာ။ သိပ်အကောင်းစား တည်းခိုခန်းကြီးတော့ မဟုတ်ဘူးပေါ့။ သပ်သပ် ရပ်ရပ်နဲ့ နားအေးပါးအေး နေလို့ရမယ့် တည်းခိုခန်း ခပ်သေးသေးပေါ့ကွာ”
ဆိုက်ကားသမားလေးက ခစ်ခနဲ ရယ်လိုက်ပြီး...
“ဆရာ ဒီမြို့ကို တစ်ခေါက်မှ မရောက်ဖူးဘူးနဲ့တူတယ်”
သူ အနည်းငယ် အံ့အားသင့်သွားပြီး...
“အေး..မရောက်ဖူးဘူးကွ၊ ဒါ ပထမဦးဆုံးပဲ။ ဘာဖြစ်လို့လဲ”
“ဆရာက တည်းခိုခန်းတွေ လျှောက်ရွေးနေတာကိုး။ ကျွန်တော်တို့ မြို့မှာ တည်းခိုခန်းက တစ်ခုပဲရှိတာ ဆရာရဲ့။ အကောင်းစားတွေ၊ အလတ် စားတွေ၊ အနိမ့်စားတွေ၊ နားအေးပါးအေး နေချင်တာတွေ ဘာတွေ ညာတွေ
လျှောက်ရွေးနေစရာကို မရှိဘူး။ ဆရာကလည်း ကျွန်တော်တို့ မြို့ကလေးက ကျဉ်းကျဉ်းကလေးဥစ္စာ”
သူ ခေါင်းညိတ်လိုက်မိ၏။ သည်အတိုင်းဆိုလျှင် သူ့အဖေ ဒီမြို့တွင် ရှိနေသည်ဆိုပါက ထိုတစ်ခုတည်းသော တည်းခိုးခန်းမှာပင် တည်းရ ပေလိမ့်မည်။ ရှာမတွေ့နိုင်စရာအကြောင်း မရှိတော့။ သူနှင့် အဖေ ဆုံကို ဆုံကြရမည်။
သူက သေချာသွားအောင် ဆိုက်ကားသမားလေးကို မေးကြည့် လိုက်မည်ဟု စိတ်ကူးလိုက်ပြီး...
“ညီလေး...မင်း ဆိုက်ကားက နေ့တိုင်း ဘူတာရုံမှာ ဂိတ်ထိုးတာ လား”
“ဟုတ်တယ်...အစ်ကို၊ တခြားအချိန်တွေကျတော့ ဈေးနဲ့ မြို့ထဲ လျှောက်နင်းရတာပေါ့။ ရထားချိန်နီးရင်တော့ ဘူတာမှာ သွားစောင့်တာပဲ”
သူက ညီလေးဟု သုံးနှုန်းလိုက်တာကြောင့် ဆိုက်ကားသမားလေး ကလည်း 'ဆရာ'ဟု ခေါ်နေရာမှ “အစ်ကို”ဟု ပြောင်းခေါ်သည်။ ဆိုးတော့ မဆိုး။ ဒီဆိုက်ကားသမားလေးနှင့် ရင်းနှီးထားဖို့ လိုအပ်ကောင်း လိုအပ်ပေ လိမ့်မည်။
သူက ခရီးဆောင်အိတ် ဘီးဇစ်ကိုဖွင့်လိုက်ပြီး သူ့အဖေ၏ - ဓာတ်ပုံကို ဆွဲထုတ်လိုက်သည်။ နောက် ဆိုက်ကားသမားလေးကို လှမ်းပြ လိုက်ပြီး...
“ညီလေး...လွန်ခဲ့တဲ့ လေး ငါး ခြောက်ရက်လောက်တုန်းက ဒီလူကြီးကို စောစောက မင်းပြောတဲ့ တည်းခိုခန်းကို ပို့ပေးရသေးလား”
ဆိုက်ကားက အရှိန်လျော့ကျသွားသည်။ ကောင်လေးက ဓာတ်ပုံ ကိုမကြည့်ဘဲ သူ့မျက်နှာကိုသာ အကဲခတ်သလို ဖျတ်ခနဲ လှမ်းကြည့်၏။ ဆိုက်ကားသမားလေး၏ မျက်လုံးထဲတွင် ထိတ်လန့် စိုးရိမ်စိတ်တွေ လင်း လက်သွားသည်ကို သူ မြင်လိုက်ရသည်။
ဆိုက်ကားသမားလေးက..
“အစ်ကိုက ထောက်လှမ်းရေးကလား” သူက စိတ်ညစ်ညစ်ဖြင့် တစ်ချက်ရယ်လိုက်ပြီး..
“မဟုတ်ပါဘူးကွာ၊ ငါက ငါ့အဖေကို လိုက်ရှာနေတာပါ။ အဖေက စိတ်ဆိုးပြီး အိမ်က ဆင်းသွားလို့ကွ။ ဒါ ငါ့အဖေ ဓာတ်ပုံပါ”
ဆိုက်ကားသမားလေးက ဓာတ်ပုံကို ယူပြီး ကြည့်သည်။ နောက် သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်ပြန်၏။ ထို့နောက် ဓာတ်ပုံကို အသေ အချာ စူးစူးစိုက်စိုက်ကြည့်ကာ စဉ်းစားနေပြီးမှ ခေါင်းကို တစ်ချက် ခါယမ်း လိုက်သည်။
“ကျွန်တော် မတွေ့ဖူးဘူး အစ်ကို” ။ “ဒါဆို ဟို နောက်တစ်ယောက်ကော.”
ဘူတာတွင် ကျန်နေရစ်ခဲ့သော ဆိုက်ကားသမားကို ရည်ညွှန်း၍ မေးလိုက်သည်။ ဆိုက်ကားသမားလေးက တစ်ခဏကြာအောင် စဉ်းစားနေ ပြီးမှ
“မပြောတတ်ဘူး အစ်ကိုရာ။ ကျွန်တော်တို့မြို့ကလေးမှာ ခရီးသည် အဆင်းအတက် သိပ်မရှိလှပါဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ပါ။ ကျွန်တော် မမြင်ဘဲနဲ့တော့ မနေပါဘူး။ ဒါပေမဲ့ ကျွန်တော်က ခရီးသည်ရလို့ ထွက်သွားပြီးတဲ့နောက်မှ ဘူတာရုံထဲက ထွက်လာတယ်ဆိုရင်တော့ မသိဘူး လေ အစ်ကို”
သည်အတိုင်းဆိုလျှင် ဘာမှ တစ်ထစ်ချ တွက်ဆထား၍ မရသလို ဖြစ်နေသည်။ သူ အနည်းငယ် တွေးရခက်သွား၏။ ဘဝတွင် ပုံသေနည်း များသည် အသုံးမကျတတ်ပါ။ မသိကိန်းတစ်လုံးပါ ညီမျှခြင်းများ၊ မသိ ကိန်းနှစ်လုံးပါ ညီမျှခြင်းများကို တွက်ချက်ဖြေရှင်းနိုင်ရန် ကျောင်းက သင်ပေး လိုက်သော်လည်း ဘဝတွင် ပုစ္ဆာပါ ကိန်းဂဏန်း အားလုံးမသိကိန်းဖြစ်နေ လျှင် မည်သို့ တွက်ချက်ရမည် ဆိုသည်ကို ကျောင်းက သင်မပေးလိုက်ပါ။
ထို မသိကိန်းများကို သည်အတိုင်း ထိုင်ကြည့်နေရန်သာ တတ်နိုင် တော့၏။ သူ့အတွက်တော့ ဂဏန်းသင်္ချာ ဟူသည်မှာ ကြွေးစာရင်းမှတ်ရုံ လောက်သာ အသုံးဝင်တော့သည်ဟု ထင်ရ၏။
“ညီလေး. ၊ ဒီမြို့ထဲကို ရထားနဲ့မလာဘဲ တခြားလမ်းနဲ့လာလို့ရ သေးလား”
ကောင်လေးက ဆိုက်ကားကို ခပ်သွက်သွက်နင်းရင်း
“ကျွန်တော်တို့မြို့ရဲ့ အနေအထားကို နည်းနည်းပြောပြမယ် အစ်ကိုရာ။ ဒီလို. မြို့ရဲ့ အနောက်ဘက် တစ်လျှောက်လုံးမှာ အစ်ကို စောစောက လာခဲ့ရတဲ့ ရထားလမ်းရှိတယ်။ မြို့အရှေ့ဘက်မှာတော့ ချောင်း