Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ကော်ဖီည

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အခန်း ၁

ကျွန်တော်ရဲ့ လူငယ်ပီပီ ခံစားချက်တွေဟာ ကြယ်ပျံတွေ ကြွေသလို မျိုးပဲ။ အရှိန်အဟုန် ပြင်းထန်သလောက် ခဏကလေးပဲ အလင်းရောင် တောက်ပသွားတတ်တာ...။

တစ်ခုခုကို ကြိုက်မိပြီဆိုရင် လိုချင်လိုက်တာ အရူးအမူး တပ်မက် လောင်ကျွမ်းလို့။ ရပြီဆိုရင်လည်း သုံးလေးရက်လောက်တော့ မအိပ်နိုင် မစားနိုင် ကြည့်လို့မဝ တသသ ရင်ခုန်တတ်ပါတယ်။

ဒါပေမဲ့ သိပ်မကြာပါဘူး။ ရိုးသွားတယ်။ ငြီးငွေ့သွားတယ်။ လှည့်ကို မကြည့်ချင်တော့ဘူး။

ကျွန်တော့်ရဲ့ စိတ်ဟာ သိပ်ပြီးတော့များ ကလေးဆန်နေသလား။ ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်နိုင်ဘူး။ ကြယ်ပျံတွေကတော့ တဖွဲဖွဲကြွေပြီးရင်း ကြွေနေတော့တယ်။

ပြတင်းပေါက်ဘောင်ပေါ်မှာ ကြောင်အဝါလေးတစ်ကောင် အိပ် ငိုက်နေသည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နေ့လယ်ခင်းတစ်ခု ဖြစ်၏။

ဇက်ကတော့ နံရံကိုမှီကာ ခြေဆင်းထိုင်ရင်း သူ့ကိုယ်သူ အေးအေး ဆေးဆေး ငြီးငွေ့ နေပစ်လိုက်သည်။ ဒီလောက် ထုံထုံထိုင်းထိုင်းဖြစ်နေတဲ့ လောကမှိုင်းမှိုင်းကြီးဆီကနေ ဘာတွေများထပ်ပြီး မျှော်လင့်နေရဦးမှာလဲ။

သူကတော့ ဘာကိုမှ အားကြိုးမာန်တက် မလုပ်ချင်ပါ။ ဘာကိုမှ လည်း မပိုင်ဆိုင်ချင်၊ ဘာကိုမှလည်း အနိုင်မယူချင်ပါ။ ရွှေရောင် ငွေရောင် ပြောင်လက်နေသော သရဖူတွေကိုလည်း ဆောင်းချင်စိတ်မရှိပါ။

(သရဖူဆိုသည်မှာ ကလေးတွေ ကစားဖို့လောက်သာ အသုံးဝင်သော အရာဖြစ်သည်ဟု သူက ရိုးရိုးလေးပင် ခံယူထား၏)

အခန်းတံခါးကို “ကျီ” ခနဲ မြည်အောင် တွန်းဖွင့်သံကြားရ၏။ သူ့ ဦးလေးဖြစ်သူ ဦးစောဝေ ဝင်လာမှန်းသိသော်လည်း (မော့ကြည့်ရမှာ ပျင်း သောကြောင့်) သူ မော့မကြည့် ဖြစ်ချေ။

“ဟေ့ကောင် ဇက်၊ ကြမ်းပေါ်ထိုင်ပြီး ဘာလုပ်နေတာလဲ၊ ထိုင်ချင်ရင် လည်း ကုလားထိုင်ပေါ် ထိုင်တာမဟုတ်ဘူး”

“ကုလားထိုင်လို့ သတ်မှတ်ထားတဲ့ပစ္စည်းပေါ်ထိုင်ရမှာ ပျင်းလို့”

သူ့စကားကြောင့် ဦးစောဝေ ခေါင်းကို ကုတ်လိုက်မိ၏။ ဦးစောဝေက တူဖြစ်သူ ကို “ဒီကောင်ရူးနေပြီလားမသိဘူး” ဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ရင်း...

“ဟေ့ကောင် ဇက်၊ အူကြောင်ကြောင်စကားတွေ လျှောက်မပြောနဲ့ ကွာ၊ ငါက နဂိုကတည်းကမှ သိပ်ပြီး ဦးနှောက်အစားခံနိုင်တာ မဟုတ်ဘူး၊ သူလိုငါလို ရိုးရိုးတန်းတန်း တွေးစမ်းပါကွာ”

“ကျွန်တော်တွေးတာ ရိုးရိုးလေးပါ၊ ဦးလေးတို့က သတ်မှတ်ချက်တွေ၊ ပုံသေနည်းတွေနဲ့ နေထိုင်နေကြလို့ ခက်နေတာ။ အရှေ့အရပ်ကို ဘယ်သူ က အရှေ့” လို့ နာမည်ပေးခဲ့တာလဲ၊ ဘာဖြစ်လို့ အနောက်အရပ်ကို “အနောက်” လို့ ခေါ်တာလဲ၊ ဘာလဲ နောက်တီးနောက်တောက်လုပ်တဲ့ လူတွေနေတဲ့အရပ်မို့လို့လား”

“တော်စမ်းပါ ဇက်ရာ၊ လျှောက်ပြောမနေနဲ့၊ အစတုန်းကတော့ မင်းပဲ အဲဒီကုလားထိုင်ကို ကြိုက်လှချည်ရဲ့ ဆိုပြီးတော့.

ဦးစောဝေက နှာခေါင်းကို ရှုံးပြီးတော့ ပုပ်သိုးသိုးလေသံဖြင့် ပြော သောကြောင့် ဇက်ရယ်နေလိုက်သည်။

တကယ်ပင် လွန်ခဲ့သည့် တစ်လလောက်တုန်းက (ယခု သူ့အခန်းထဲ တွင်ရှိသော) ထိုကုလားထိုင် ပုံစံမျိုးကိုမရလျှင် သူ လဲသေရတော့မလောက် နှစ်သက်ခဲ့ဖူးသည်။ အဲဒီကုလားထိုင်ပုံစံကို မဂ္ဂဇင်း၏ အနုပညာကဏ္ဍ စာမျက်နှာတစ်ခုတွင် သူစမြင်ဖူးခြင်းဖြစ်၏။

မြင်မြင်ချင်းမှာပင် သူအရူးအမူး ကြိုက်သွားပြီး အသိမိတ်ဆွေ လက် သမားဆရာ တစ်ယောက်ကို ခေါ်ပြကာ ထိုပုံစံအတိုင်း တစ်ထပ်တည်း တူအောင်လုပ်ခိုင်းသည်။ စိတ်တိုင်းမကျမချင်း ဖျက်လိုက်၊ ပြန်ပြင်လိုက်နှင့် ကုလားထိုင် ဆယ့်နှစ်လုံးစာလောက် ကုန်ပြီးခါမှ သူလိုချင်သောပုံစံကို ရတော့သည်။

ထုံးစံအတိုင်း ရခါစမှာတော့ ထမင်းစားလည်း ထိုကုလားထိုင်ပေါ် မှာထိုင်၊ စာဖတ်လည်း ထိုကုလားထိုင်ပေါ်မှာထိုင်လျက် ကစားစရာ အသစ် ရသော ကလေးတစ်ယောက်လို ဖြစ်နေခဲ့ဖူး၏။

အခုတော့လည်း အဲဒီရူးသွပ်စွဲလမ်းမှုတွေ ဘယ်ရောက်ကုန်ပြီလဲ မသိ တော့။ ထုံးစံအတိုင်း အရာရာကို ငြီးငွေ့မြဲငြီးငွေ့နေပြန်တော့သည်။

ရံဖန်ရံခါ ကွန်ပျူတာရှေ့မှာ ထိုင်လျက် internet ထဲမှ သူငယ်ချင်း တစ်ယောက်နှင့် စကားပြောလျက်...

ရံဖန်ရံခါ ကက်ဆက်ကို(တကယ်နားမထောင်ဘဲ) အသံကုန်ဖွင့်ထား လျက်... | ရံဖန်ရံခါ လက်ချောင်းကလေးများ၏ ထိပ်ဖျားအချင်းချင်း ငြိမ်သက် စွာ ထိထားရင်း ပြတင်းမှန်ချပ်ပေါ်ကျနေသော နေရောင်ခြည်ကို ငေးကြည့် တိတ်ဆိတ်လျက်...

ရံဖန်ရံခါ (အိမ်မက်မက်လေ့မရှိဘဲ) အိပ်စက်လျက် ဘဝကို ခြေသံ မကြားရအောင် သူ တိုးတိုးလေး ဖြတ်လျှောက်နေဖြစ်တော့သည်။

*          *          *