မင်းခိုက်စိုးစန် - ကမ္ဘာ့သူရဲတစ္ဆေဝထ္ထုတိုများ(၁)
ရုပ်ရှင်
A Little place off the Edgware Road Graham Greene
နွေရာသီမိုးက ပါးပါးကလေး ဖွဲဖွဲရွာသွန်းနေ၏။ မိုးရေစက်တွေထဲတွင် ကရာဗင်သည် သူရဲကောင်းအာခိလိရုပ်တုဘေးမှ ဖြတ်လျှောက်လာခဲ့သည်။ လမ်းမီးတွေထွန်းပြီးစအချိန်သာ ရှိသေးသည်။ ကျောက်ဖြူသားမုခ်ဦးဆီ သွားရာလမ်းတစ်လျှောက်မှာ ကားတွေစီတန်းလျက် ရှိနေကြသည်။ လေ့ လာရေးခရီးတစ်လျှောက်မှာ တွေ့သမျှကို စိတ်ဝင်စားပစ်လိုက်ဖို့ရန် အဆင် သင့် ပြင်ဆင်ထားသော အာရုံနိုးကြားပြင်းပြနေသည့် မျက်နှာတွေကိုလည်း မြင်ရသည်။
ကရာဗင်သည် မိုးကာအင်္ကျီကော်လာကို တင်းတင်းဆွဲစေ့လိုက်ရင်း စိတ်ထဲမှာ ခါးသီးခံပြင်းစွာဖြင့် ဆက်လျှောက်လာခဲ့၏။ ဒီနေ့သည် သူ့ အတွက်တော့ ဆိုးရွားလှသော နေ့တစ်နေ့ပင်ဖြစ်လေသည်။
ပန်းခြံအတိုင်း လမ်းတစ်လျှောက် သူဆက်လျှောက်လာရင်း ရင်ထဲမှာ တနံ့နံ့ဖြစ်နေ၏။ အချစ်ကိုလိုချင်ရင် ပိုက်ဆံရှိမှဖြစ်မတဲ့လား။ ဟောဒီကောင် ငမွဲအဖို့ကတော့ ပြင်းထန်အုံကြွနေတဲ့ နှလုံးသားတစ်ခုသာ ပိုင်ဆိုင်လေရဲ့။ အချစ်ကို ရယူပိုင်ဆိုင်နိုင်ဖို့ဆိုလျှင် ဝတ်စုံအကောင်းစား တစ်စုံလိုသည်။ မော်တော်ကားတစ်စင်းလိုသည်။ တစ်နေရာရာမှာ အိမ်ခန်းတစ်ခန်းလိုသည်။ သို့မဟုတ် ဟိုတယ်ကောင်းကောင်းတစ်ခုလိုသည်။ အဲဒါကို ဆယ်လို ဖိန်း စက္ကူစနဲ့ ထုပ်ပိုးထားဖို့ကိုလည်း လိုအပ်မှာပေါ့။
သူ့ မိုးကာအင်္ကျီအောက်မှာ ကြိုးတစ်ချောင်းလို တင်းနေသည်ကို တစ်ချိန်လုံး သူသတိထားနေမိခဲ့သည်။ ပြီးတော့ ပွန်းရိစုတ်ပြဲနေတဲ့ အင်္ကျီ လက်တွေကိုရောပေါ့။
သူ့ခန္ဓာကိုယ် အတ္တဘောကြီးကို သူစက်ဆုပ်မုန်းတီးသော အရာ ဝတ္ထုကြီးတစ်ခုလို သယ်ပိုးယူဆောင်လာခဲ့ရသည်။ (ဗြိတိသျှပြတိုက် စာဖတ် ခန်းထဲမှာတုန်းကတော့ စိတ်ချမ်းမြေ့စရာ အကောင်းသား။ ဒါပေမဲ့ ဟောဒီ ခန္ဓာကိုယ်ကြီးက သူ့ကို အိမ်ပြန်ခေါ်လာခဲ့တာပါ။
သူ၏ တစ်ခုတည်းသော ခံစားချက်ကတော့ ပျင်းရိငြီးငွေ့ခြင်းပင် ဖြစ်သည်။ ပန်းခြံထိုင်ခုံတွေပေါ်က အရုပ်ဆိုး အကျည်းတန်လှသော အဖြစ် များအကြောင်း သတိရနေသည်ကို ငြီးငွေ့ လှပါပြီ။ လူတွေပြောပြော နေကြပုံက ခန္ဓာကိုယ်ကြီးကပဲ သေဆုံးတာ စောလွန်းသလိုလို၊ ကရာဗင် အတွက်ကတော့ အဲသည်ကိစ္စသည် စိုးရိမ်လောက်စရာဒုက္ခတစ်ခု မဟုတ် ပါ။ လုံးဝမဟုတ်ပါ။
သူ့ခန္ဓာကိုယ်ကြီးက အသက်ရှင်မှုကို ထုပ်သိမ်းထားဆဲပင် ရှိသေး ၏။ ရွှေခြည်လက်ပသော မိုးရေစက်တွေကြားမှဖြတ်ကာ ပန်းခြံအတွင်းရှိ စကားပြောစင်မြင့်ရှိရာဆီ သူလျှောက်လာခဲ့သည်။ တံခွန်အလံတစ်လက်ကို သယ်လာသော ဝတ်စုံအနက်နှင့် လူခပ်ညှက်ညှက်တစ်ယောက်ဘေးမှ ဖြတ် လျှောက်ခဲ့၏။
“သေဆုံးသွားပြီးတဲ့ ခန္ဓာကိုယ်တွေဟာ တစ်ဖန်ရှင်သန်နိုးထကြလိမ့် မယ်”
အိပ်မက်တစ်ခုကို သူပြန်သတိရလာသည်။ သုံးကြိမ်တိတိ သူလန့်နိုး ခဲ့ရသော အိပ်မက်ပင်ဖြစ်၏။ ထိုအိပ်မက်ထဲတွင် ကမ္ဘာကြီး၏ မြေလွှာအောက် ကြီးမားမည်းမှောင်သော တွင်းထဲ၌ သူတစ်ယောက်တည်း ရှိနေ ခဲ့သည်။ မြေကြီးအောက်တွင် သင်္ချိုင်းမသာကျင်းများသည် တစ်ကျင်းနှင့် တစ်ကျင်း ဆက်နေကြ၏။ သေဆုံးပြီးသူများဘက်ကနေ ကြည့်မည်ဆိုလျှင် တော့ ကမ္ဘာမြေသားလုံးလုံးကြီးသည် သူတို့အတွက် ပျားအုံကြီးတစ်အုံ၊ ပင်ဖြစ်သည်။
အိပ်မက်မက်တိုင်းမှာ ကြောက်စရာကောင်းသော အချက်တစ်ခုကို သူသိလာရသည်။ ယင်းမှာ အလောင်းကောင်ခန္ဓာကိုယ်ကြီး ပုပ်သိုးဆွေးမြည့် ပျက်စီးသွားမှု မရှိခြင်းပင်ဖြစ်၏။ တီကောင်တွေလည်း ရှိမနေပါ။ ကွဲပျက်ပြီး ဆုံးခန်းတိုင်သွားခြင်းလည်း မရှိပါ။
မြေသားထုအောက်တွင် ကမ္ဘာကြီးသည် အမှိုက်ပုံးကြီးတစ်လုံးလို ဖြစ် နေ၏။ ရှင်သန်ထမြောက်ဖို့ တမျှော်မျှော် အသင့်ပြင်ဆင်ထားကြတဲ့ အသား တုံးကြီးတွေ၊ သွေးပြည်တရွှဲရွဲ ဖူးပွရောင်ကိုင်း ပဲ့ရွဲ့ နေတဲ့ အလောင်းကောင် ခန္ဓာကိုယ်ကြီးတွေနဲ့ ပြည့်သိပ်နေတဲ့ အမှိုက်ပုံကြီးပါပဲ။ သူ နိုးလာသည့် အခါ အိပ်ရာပေါ်တွင်လှဲရင်း ခန္ဓာကိုယ်ဆိုသည့် အရာကြီးတစ်ခုလုံး ပျက် သုဉ်းသွားပြီးသည့်နောက်မှာ ကြီးကျယ်ခမ်းနားလှသော ပျော်ရွှင်မှု သတင်း ကောင်း ကြားရသကဲ့သို့ အမှတ်ထင်ထင် ရှိနေခဲ့ဖူးလေသည်။
အက်ဝဲလမ်းထဲသို့ သူ ခပ်သုတ်သုတ်ကလေး လျှောက်သွားလိုက် သည်။ နှစ်ယောက်တစ်တွဲ ပတ္တရောင်လှည့်သူတွေ လမ်းပေါ်ထွက်လာကြပြီ။ အင်မတန် ခွန်အားနည်းလှတဲ့ ရှည်မျောမျောသတ္တဝါကောင်တွေပေါ့ ။ ခပ်ကျပ်ကျပ် ဘောင်းဘီရှည်များ ဝတ်ထားကြသည့် သူတို့၏ ခန္ဓာကိုယ်များ သည် တီကောင်များနှင့် တူနေ၏။ အဲသည် ငတိတွေကို သူမုန်းတီးသည်။ နောက်ပြီး ထိုမုန်းတီးမှုကို သူ့ဘာသာသူ ပြန်မုန်းတီးလေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကိစ္စသည် သူ၏ မနာလိုစိတ်သာဖြစ်ကြောင်း သူသိ နေသောကြောင့်ပင် ဖြစ်၏။
သူတို့ထဲက လူတိုင်းလူတိုင်းသည် သူ့ထက်ပိုကောင်းသော ခန္ဓာ ကိုယ်တစ်ခုစီကို ပိုင်ဆိုင်ထားကြသည်ချည်းပင်ဖြစ်သည်။ သူကတော့...။ သူ့အစာအိမ်သည် အစာမကြေမှုကြောင့် ခေါက်ရိုးကျိုးနေ၏။ သူ့ပါးစပ်မှ အာပုပ်စော်လည်း နံနေမှာသေချာသည်ဟု ခံစားရ၏။ ဒါပေမဲ့ အဲဒါ။ သူ ဘယ်သူ့ကို ဘာသွားပြောရမှာလဲ။
တစ်ခါတလေ .. သူ့ခန္ဓာကိုယ်ကို သံသယဖြင့် သူပြန်ပြီး ဟိုနားတို့ ကြည့်၊ ဒီနားထိကြည့်၊ ပုန်းလျှိုးကွယ်လျှိုး လုပ်ကြည့်သည်။ ယင်းသည် သူ၏ အရုပ်အဆိုးဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်လေသည်။ သူမေ့လျော့ပစ်ထားချင်သော ဟောဒီခန္ဓာကိုယ်ကြီးကို ပြန်လည် ရှင်သန် ထမြောက်လာအောင် လုပ်ဖို့ ကိစ္စမှာ သက်ဝင်ယုံကြည်မှုရှိရဲ့လားလို့ လာမမေးကြစမ်းပါနှင့်။ တစ်ခါတလေ ညဘက်များတွင် သူ ဆုတောင်းဖူး သည်။ (ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှု တစ်စွန်းတစ်စသည် သစ်သီးမာမာတစ်လုံးထဲက ပိုးလောက်တစ်ကောင်လိုမျိုး သူ့ရင်အုံထဲတွင် ခိုအောင်းနေပုံရ၏)
သူ့ဆုတောင်းက...
“ဘယ်လိုအကြောင်းနဲ့မှ တပည့်တော်၏ခန္ဓာကိုယ် ရှင်သန်ထမြောက် ခြင်း မရှိပါရစေနဲ့ဘုရား”
အက်ဝဲလမ်းမကြီး ဘေးတစ်လျှောက်ရှိ လမ်းမြှောင်ကလေးတွေ အားလုံးကို သူကောင်းကောင်းနှံ့စပ်သိကျွမ်းသည်။ စိတ်လိုသည့်အခါမျိုးဆို လျှင် ရည်ရွယ်ချက်မည်မည်ရရမရှိဘဲ အဲသည်လမ်းတွေအပေါ်မှာ သူလမ်းလျှောက်လေ့ရှိ၏။ ဆိုင်ပြတင်းပေါက်မှန်များပေါ် ထင်ဟပ်နေသော သူ့ပုံရိပ် ကို စွေစောင်းစောင်းကြည့်ရင်း မောပန်းလာသည်အထိ သူလမ်းလျှောက် တတ်သည်။
ထို့ကြောင့် ကူလ်ပါးလမ်းရှိ အသုံးမပြုတော့ဘဲ စွန့်ပစ်ထားသော ပြဇာတ်ရုံအပြင်ဝတွင် ပိုစတာများ ချိတ်ဆွဲထားသည်ကို သူချက်ချင်း သတိ ထားမိသွားခြင်း ဖြစ်၏။ ဒါ လုပ်ရိုးလုပ်စဉ်မှ မဟုတ်ဘဲ။ ရံဖန်ရံခါဆိုသလိုတော့ သည်ပြဇာတ်ရုံဟောင်းကြီးကို တာကလေဘဏ်ပြဇာတ်အဖွဲ့မှ တစ်ည နေလောက် ငှားရမ်းခြင်းမျိုး ရှိတတ်သည်။ သို့မဟုတ်လျှင်လည်း ရုပ်ရှင် ကားဟောင်း အစုတ်အပြတ်တွေ ကြည့်ချင်ပွဲပြဖို့ ငှားတတ်သည်။
သည်ပြဇာတ်ရုံကို ၁၉၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၏။ ပြဇာတ်ရုံအများအပြား စည်စည်ကားကားရှိရာနေရာ၏ အပြင်ဘက် တစ်မိုင်လောက်ဝေးနေသောကြောင့် ပရိသတ်များများစားစား ရဖို့ရန် အကွက်အကွင်း မကျလှသည့်တိုင် နေရာက ဈေးပေါပေါဖြင့် ဝယ်ယူရနိုင်သည့်အတွက် စရိတ်ကာမိလောက်သည်ဟု အကောင်းဘက်က လှည့်တွက်သူတစ်ယောက် ယောက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပုံရ၏။ သို့သော်... ဘယ်ပြဇာတ်မှ အောင်မြင်သွားခဲ့ဖူးသည် မရှိပါ။ နောက်တော့ ဇာတ်ရုံတစ်ခုလုံးသည် ကြွက်တွင်းများ၊ ပင့်ကူအိမ်များဖြင့်သာ ကျန်ရစ်ခဲ့တော့သည်။ အပျော်တမ်း တူရိယာသမားတွေ ရသေ့စိတ်ဖြေသုံးဖို့လောက်၊ ကြည့်ချင်ပွဲကလေးတွေ ပြဖို့လောက် ဇာတ်ရုံအဖြစ်သဘောသာ ရှိတော့၏။
ကရာဗင်က ရပ်ပြီး ပိုစတာကိုဖတ်ကြည့်လိုက်၏။ သော် ၁၉၃၉ ခုနှစ်ရောက်နေတဲ့ ခုချိန်အထိ အကောင်းမြင်ဝါဒီတွေ ပေါ်ထွန်းလာသေး သကိုး။ အသံတိတ်ရုပ်ရှင်ဂေဟာ” ဒီဇာတ်ကားမျိုးကနေပြီး ပိုက်ဆံဝင်မယ် လို့ အောက်မေ့တာကတော့ တော်တော်တုံးတဲ့ အကောင်းမြင်သမားပဲ ဖြစ်မှာ ပါ။ ဘာတဲ့ “ခေတ်ဟောင်းရုပ်ရှင် မြတ်နိုးသူများ ၏ ပထမအကြိမ်တင်ဆက် မှုတဲ့။ အေးပေါ့လေ ဒုတိယအကြိမ် ရှိလာတော့မှာမှမဟုတ်တာ။
အင်း..... ထိုင်ခုံလက်မှတ်ခကတော့ ဈေးပေါမှာပဲ။ သူလမ်းလျှောက်ရ သည်မှာ ပင်ပန်းလှပြီ။ မိုးလွတ်ရာမှာလည်း ခိုချင်သေး၏။ ဒီအတွက် တစ်ချီလင်လောက်တော့ တန်ကောင်းပါရဲ့။ သူလက်မှတ်ဝယ်ပြီး မှောင် မည်းနေသည့် ရုံထဲဝင်ခဲ့၏။
အသက်ကင်းမဲ့သော အမှောင်ထဲတွင် စန္ဒရားသံက အနိမ့်အမြင့်မရှိ၊ ငြီးငွေ့ဖွယ်မြည်နေ၏။ လမ်းဘက်ကျကျ ခုံတွင် သူဝင်ထိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ပတ်ပတ်လည်မှာ လူတစ်ယောက်မှမရှိသည့် အဖြစ် ကို သူသတိထားမိသွား၏။
ဟုတ်နေပါပြီ၊ ဒုတိယအကြိမ် စီစဉ်တင်ဆက်မှုဆိုတာတော့ မရှိနိုင် တော့ဘူးပေါ့။ ပိတ်ကားပေါ်တွင် နန်းဝတ်နန်းစား ဝတ်ဆင်ထားသည့် မိန်းမ ကြီးတစ်ယောက်က စိတ်နှလုံးညှိုးနွမ်းနေသည့် အမူအရာဖြင့် လက်ဖဝါးချင်း ဆုပ်ခြေနယ်နေ၏။ နောက်... သလွန်ညောင်စောင်းရှိရာဆီ ယိုင်တိယိုင်ထိုး ဖြင့်သွားပြီး ထိုင်ချလိုက်သည်။ အဲသည်မှာ သိုးထိန်းခွေးတစ်ကောင်လို ထိုင်ရင်း ဖရိုဖရဲဖြစ်နေသော အနက်ရောင်ဆံနွယ်မျှင်စတွေ ကြားကနေ အဝေးကို ငေးမောကြည့်နေ၏။ တစ်ချက်တစ်ချက်တော့ တုန်ယင်မှုန်ဝါး နေသော ဖလင်ကော်ပြားပေါ်မှ အစက်အပြောက်တွေကြောင့် အရုပ်ကပျောက်ပျောက်သွား၏။ အသံတိတ်ရုပ်ရှင်ကားဖြစ်သောကြောင့် စာတန်း ကထိုးလာသည်။
“ချစ်သူဩဂတ်စတပ်၏ သစ္စာဖောက်ခြင်းကိုခံရသော ပွန်ပီလီယာ