Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့်၀ိညာဥ်နှုတ်အကျဥ်းသား

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out

         

ဟယ်ရီပေါ်တာသည် အခြားကလေးများနှင့်မတူ၊ နွေရာသီကျောင်း ပိတ်ရက်များကို ခါးခါးသီးသီး မုန်းတီး၏။ အခြားကလေးများနှင့် မတူရသည့် နောက် အကြောင်းတစ်ချက် ရှိသေးသည်။ သူသည် ကျောင်းကပေးလိုက်သော သူ့အိမ်စာများကို အမှန်တကယ် စိတ်ပါလက်ပါ လုပ်လိုခြင်း ဖြစ်သည်။ သို့ရာ တွင် သူသည် သူ၏အိမ်စာများကို အခြားကလေးများလို လူမြင်သူမြင် လုပ်ခွင့် မရ။ ဘယ်သူမှ မသိအောင် ပုန်းလျှိုးကွယ်လျှိုလုပ်ရသည်။ လျှို့ဝှက်စွာလုပ်ရ သည်။ ညသန်းခေါင် လူခြေတိတ်ချိန်ကျမှ လုပ်ရသည်။ ထို့ကြောင့်ပင် ဟယ်ရီ ပေါ်တာသည် အခြားကလေးများနှင့် လုံးဝ ကွဲပြားခြားနားသော လူသားတစ် ယောက် ဖြစ်နေရခြင်း ဖြစ်၏။ သူကား စုန်းကဝေတစ်ယောက်တည်း။

ညသန်းခေါင်တိုင်ချိန် နီးလေပြီ။ ဟယ်ရီသည် ခြုံစောင်ကို ရွက်ဖျင်တဲ အမိုးလို သူ့ခေါင်းပေါ်တွင် လွှမ်းခြုံကာ အုပ်မိုးလျက် ခုတင်ပေါ်တွင် ထိုင်နေ၏။ သူ့လက်တစ်ဖက်တွင်ကား လက်နှိပ်ဓာတ်မီးကိုင်ထားပြီး “မှော်ပညာသမိုင်း'ဟု အမည်ရေးထိုးထားသည့် သားရေဖုံး စာအုပ်ထူကြီးကို ခေါင်းအုံးပေါ်ဖွင့်ချထား သည်။ ဟယ်ရီသည် လက်နှိပ်ဓာတ်မီးအလင်းရောင်ဖြင့် လင်းယုန်ငှက်မွေး ကလောင်တံကိုကိုင်ကာ ဆယ့်လေးရာစုနှစ်အတွင်းက စုန်းကဝေများကို ကားစင် တင်ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်းသည် အခြေအမြစ်မရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ရှင်းလင်းတင်ပြပါ'ဟူသည့် ကျောင်းစာအက်ဆေးကို ရေးသားနေခြင်း ဖြစ်လေ သည်။

သားရေဖုံးစာအုပ်ထူကြီးထဲက သူရှာဖွေနေသော စာပိုဒ်ကို တွေ့ပြီဟု ယူဆ ရသော ဟယ်ရီက ကလောင်တံကို ရပ်လိုက်၏ ။ နှာခေါင်းပေါ် လျှောကျလာသောသူ့မျက်မှန်အဝိုင်းလေးကို ပင့်တင်ရင်း ဟယ်ရီက လက်နှိပ်ဓာတ်မီးကို စာအုပ်ဆီသို့ တိုးကပ်ပြီး ဖတ်ကြည့်လိုက်၏။

အလယ်ခေတ်အတွင်းက မှော်ပညာမတတ်သော လူသားများ (ရိုးရိုး လူသား မတ်ဂယ်များဟု ခေါ်ဝေါ်သုံးစွဲကြသည်) သည် စုန်းကဝေပညာကို အထူးတလည် ကြောက်ရွံ့ကြသည်။ ထို့ကြောင့် စုန်းကဝေဟု သိရလျှင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိ၏။ သို့ရာတွင် စုန်းကဝေ အစစ်များကို ရှာဖွေဖမ်းဆီးမိသည် ဟူ၍ကား ရှားလှသည်။ တကယ့် စုန်း ကဝေအစစ်ကို မီးရှို့မည်ဆိုလျှင်လည်း မည်သို့မျှ ထိရောက်လိမ့်မည် မဟုတ်။ တကယ့် စုန်းကဝေတစ်ယောက်သည် မူလ အခြေခံကတည်းက မီးကို အေးခဲစေသော မန္တန်ကို တတ်ကျွမ်းထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ကို မီးရှို့သည့်အခါ ဟန်ဆောင်ပန်ဆောင်ဖြင့် တွန့်လိမ်အော်ဟစ်ကြမည်ဖြစ်ပြီး တကယ်တမ်းတွင်မူ သူတို့၏ စိတ်ထဲ၌ ရွစိရွစိ ဖြစ်နေသော မီးလောင်သည့်ခံစားမှုကို ကျိတ်၍ ကျေနပ်နေကြပြီးသား ဖြစ်သည်။ ဝင်ဒလင်ဟု ခေါ်သော စုန်းမကြီးတစ်ယောက်သည် ထို မီးလောင်ခံရသည့် ခံစားမှုကို သဘောကျလွန်းသဖြင့် သူမကိုယ်သူမ နေရာ အမျိုးမျိုးတွင် အသွင်အမျိုးမျိုးဖြင့် တမင် အဖမ်းခံရအောင်လုပ်ပြီး မီးရှို့ခံခဲ့ သည့် အကြိမ်ပေါင်း ၄၇ ကြိမ်ထက် မနည်းရှိကြောင်း မှတ်တမ်းရှိသည်။

ဟယ်ရီက ကလောင်တံကို သွားများဖြင့်ကိုက်ထားလိုက်ရင်း ခေါင်းအုံးနှင့် ပရပိုက်လိပ်ကို လှမ်းယူလိုက်သည်။ ထို့နောက် မင်အိုးကို အသံမကြားအောင် ဖြည်းညင်းစွာဖွင့်ပြီး ကလောင်တံကို မှင်တို့ကာ စတင်ရေးသားတော့သည်။ ရေး ရင်းနှင့်လည်း မကြာခဏ ရပ်ပြီး အပြင်မှ အသံဗလံကို နားစွင့်ရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဦးလေး၊ အဒေါ်နှင့် ညီအစ်ကိုဝမ်းကွဲတို့ ဖြစ်ကြသော ဒါစလေမိသားစုထဲမှ တစ်ယောက်ယောက်က တစ်ရေးနိုး အိမ်သာသွားရင်း သူ့ မှော်ကျောင်းစာများ လုပ်နေသည်ကို မိသွားလျှင် ဟယ်ရီကို တစ်နွေရာသီလုံးလုံး လှေကားအောက်က ဗီရိုထဲတွင် ပိတ်ထားပြီး အပြစ်ပေးမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။

ယခု နေထိုင်ရာ အမှတ်(၄)။ ပရီဗက်ဒရိုက်လမ်း နေအိမ်ရှိ အန်ကယ်ဗာနွန်၊ အန်တီပက်ကျူးနီးယားနှင့် သူတို့၏ သားဖြစ်သူ ဒတ်ဒလေတို့သည် ဟယ်ရီ၏ တစ်ခုတည်းသော သက်ရှိထင်ရှားဆွေမျိုးများ ဖြစ်ကြသည်။ သူတို့သည် မှော်ပညာမတတ်သော ရိုးရိုးလူသား မတ်ဂယ်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့၏ဦးနှောက်ထဲ၌ စုန်းများကို မုန်းတီးစက်ဆုပ်သော အလယ်ခေတ်က အတွေးအခေါ် အယူအဆများ ရှိနေသေးသည်။ ဟယ်ရီ၏ ကွယ်လွန်သွားပြီဖြစ်သော မိဘနှစ်ပါးစလုံးသည် စုန်းကဝေများဖြစ်ကြပေရာ ဒါစလေမိသားစု၏ အိမ်ခေါင်မိုးအောက်၌ သူတို့၏နာမည်ကို ယောင်၍မျှပင် မပြောကြပေ။

အန်တီပက်ကျူးနီးယားနှင့် အန်ကယ်ဗာနွန်တို့သည် သူတို့၏ လှေကား ထစ်များပေါ်၌ မွေးကင်းစ ဟယ်ရီပေါ်တာလေးကို စတွေ့ပြီး မွေးစားခဲ့ရသည့် အချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဟယ်ရီသွေးထဲမှ မှော်မျိုးရိုး ဗီဇကို မေ့ဖျောက်ပယ်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့ရာတွင် သူတို့အဖို့ ဒေါသ ထွက်ရသည်သာ အဖတ်တင်ပြီး အောင်မြင်မှုကား မရခဲ့။ ယခုအခါတွင် ဟယ်ရီ ကား ဟော့ဝပ်ဟု ခေါ်သော မှော်ကျောင်းတော်ကြီးတွင် စုန်းကဝေပညာရပ်များကို သင်ကြားလာခဲ့သည်မှာ ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများကိုပင် အောင်မြင် ခဲ့လေပြီ။ ယခုအချိန်တွင် ဒါစလေ မိသားစုက တတ်နိုင်သည်မှာ နွေရာသီကျောင်း ပိတ်ရက်တွင် ဟယ်ရီတစ်ယောက် အိမ်သို့ပြန်လာပြီဆိုသည်နှင့် သူ၏ မန္တန်စာအုပ် များ၊ ဆေးတောင်ဝှေး၊ ဆေးကြိုသည့် ဒယ်အိုးနှင့် မှော်တံမြက်စည်းတံတို့ကိုသော့ခတ်သိမ်းဆည်းထားခြင်း၊ ဟယ်ရီကို အိမ်နီးချင်းများနှင့် စကားမပြော ရအောင် တားမြစ်ထားခြင်းတို့ပင် ဖြစ်သည်။

ထိုသို့ မန္တန်စာအုပ်များကို သိမ်းဆည်းထားခြင်းသည် ဟယ်ရီအတွက် တော့ အကြီးအကျယ် ပြဿနာပင် ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် ဟော့ ဝပ်မှ ဆရာ၊ ဆရာမများက ကျောင်းပိတ်ရက်အတွင်း လေ့ကျင့်ကျက်မှတ်စရာ အိမ်စာ အမြောက်အမြား ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ အိမ်စာတစ်ပုဒ်ဆိုလျှင် (ဟယ်ရီ မနှစ်မြို့ဆုံးဆရာဖြစ်သည့်) ပရော်ဖက်ဆာ စနိပ် ၏ ကျုံ့ဝင်ဆေးရည် အကြောင်း ရေးသားရမည့် အက်ဆေးဖြစ်သည်။ ထိုအိမ်စာကို ရေးသားရန် ပျက် ကွက်ခဲ့ပါက ပရော်ဖက်ဆာ စနိပ်က သူ့ အား ဝမ်းမြောက်ဝမ်းသာဖြင့် တစ်လ လောက် ဒဏ်ပေးပေလိမ့်မည်။

ထို့ကြောင့် ဟယ်ရီက နွေကျောင်းပိတ်ရက် ပထမပတ်အတွင်းမှာပင် ပေါ် ပေါက်ခဲ့သော အခွင့်အရေးကို အရယူလိုက်သည်။ အန်ကယ်ဗာနွန်တို့မိသားစု သုံးယောက်စလုံး သူတို့ အသစ်ဝယ်လာသော ကားကိုကြည့်ရန် ခြံရှေ့ဥယျာဉ် ထဲသို့ ဆင်းသွားကြစဉ် (ထိုကားမှာ အသံဆူညံစွာ မြည်လွန်းသောကြောင့် တစ် လမ်းလုံးကပင် သတိထားမိကြ၏) ဟယ်ရီက အောက်ထပ်သို့ တိတ်တိတ်လေး ဆင်းသွားလိုက်ပြီး ဗီရိုသော့ကိုဖွင့်ကာ စာအုပ်တချို့ကို ပြန်ယူထားလိုက်သည်။ ထို့နောက် ထိုစာအုပ်များကို အိပ်ခန်းထဲတွင် ဝှက်ထားလိုက်၏။ သူ့အိပ်ရာခင်း အဝတ်များကို မင်စက်တွေ စွန်းပေအောင် မလုပ်မိသေးသရွေ့တော့ သူ့ မှော်သင်ခန်းစာများ လေ့လာရေးသားနေသည်ကို ဒါစလေမိသားစုက သိကြလိမ့်မည် မဟုတ်ပေ။

လောလောဆယ် အခိုက်အတန့်တွင် အန်ကယ်ဗာနွန်နှင့် အန်တီပက်ကျူး နီးယားတို့ စိတ်အနှောင့်အယှက်ဖြစ်မည့် ကိစ္စမျိုးကို ဟယ်ရီ တတ်နိုင်သလောက်ရှောင်ရှားချင်သည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်ကမှ ဟယ်ရီ ထံသို့ ရွန်ဝီစလေ က ဖုန်းဆက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြဿနာတက်ထားသော ကြောင့် ဖြစ်၏။

ရွန်ဝီစလေဆိုသူမှာ ဟော့ဝပ်ကျောင်းတွင် ဟယ်ရီနှင့်အရင်းနှီးဆုံး သေဖော်ရှင်ဖက် သူငယ်ချင်းဖြစ်၏။ ရွန်တို့မိသားစုတစ်ခုလုံးသည် စုန်းကဝေမျိုးရိုး စစ်စစ်များ ဖြစ်ကြ၏။ ထို့ကြောင့် ရွန်သည် ဟယ်ရီ မသိသေးသော စုန်းကဝေလောကအကြောင်းကို အမြောက်အမြား သိထားသည်။ သို့ သော် အပြန်အလှန် အားဖြင့် ရွန်သည် လူ့လောကထဲသို့ မဝင်ဆံ့ဖူးခြင်းကြောင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့်ပတ်သက်၍ ဘာတစ်ခုမျှမသိပေ။ ရွန်သည် သူ့ဘဝတွင် တယ်လီ ဖုန်းကိုပင် တစ်ခါမျှ ဆက်ဖူးခြင်း မရှိပေ။ ကံဆိုးချင်တော့ ရွန် လှမ်းဆက်လိုက် သည့်ဖုန်းကိုမှ တည့်တည့်ကြီးကိုင်မိသူကား အန်ကယ်ဗာနွန် ဖြစ်နေသည်။

“ဗာနွန်ဒါစလေ ပြောနေပါတယ်”

ထိုအချိန်တွင် အခန်းထဲ၌ ဟယ်ရီလည်း ရှိနေခိုက်ဖြစ်လေရာ တယ်လီဖုန်း နားထောင်ခွက်ထဲမှ ကျယ်လောင်စွာ အသံကုန်အော်ဟစ် ပြောဆိုနေသော ရွန်၏ အသံကို ကြားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ။

“ဟယ်လို ဟယ်လို ကြားလား? ဟယ်ရီပေါ်တာနဲ့ ပြောချင်လို့ပါ”

တစ်ခါမှ ဖုန်းမပြောဖူးသော ရွန်က တယ်လီဖုန်းထဲသို့ အသံကုန်အော် ထည့်လိုက်ရာ အန်ကယ်ဗာနွန်က လန့်ပြီး ခုန်ထရင်း တယ်လီဖုန်းကို သူ့နားရွက် နှင့် တစ်ပေလောက်ကွာအောင် ကမန်းကတန်း ရွှေ့ဖယ်လိုက်၏။ သူ့မျက်လုံးထဲ တွင်လည်း ဒေါသ အရိပ်အငွေ့တို့ ဟုန်းခနဲ တောက်လောင်သွားကာ သူအော် သလို ငါလည်း ပြန်အော်လိုက်မယ်'ဟူသော အနိုင်မခံ အရှုံးမပေးစိတ်ဖြင့် တယ်လီ ဖုန်း စကားပြောခွက်ကို ပါးစပ်နားတေ့ပြီး..

“ဘယ်သူလဲကွ၊ မင်း ဘယ်ကကောင်လဲ?

ရွန်ကတော့ တယ်လီဖုန်းဆိုသည်မှာ အော်ပြောရသောပစ္စည်းဖြစ်သည်ဟု ထင်နေဆဲပင် ဖြစ်သောကြောင့် ကျယ်လောင်စွာဖြင့်ပင်...

“ရွန်ဝီစလေဗျ”

ရွန်နှင့် အန်ကယ်ဗာနွန်တို့သည် ဘောလုံးကွင်း ဟိုဘက်ထိပ်နှင့် ဒီဘက် ထိပ် လှမ်းစကားပြောနေကြသူများလို ဖြစ်နေ၏။

“ကျွန်တော်က ကျောင်းက ဟယ်ရီသူငယ်ချင်းပါ”

အန်ကယ်ဗာနွန်၏မျက်စိသေးသေးလေးနှစ်လုံးသည် ဟယ်ရီ ထံသို့ ဖျတ်ခန် အကြည့်ရောက်လာ၏။ ဟယ်ရီကတော့ နေရာမှာပင် ရပ်လျက်သားရှိသေး သည်။ ထို့နောက် အန်ကယ်ဗာနွန်က တယ်လီဖုန်းကို ပေါက်ကွဲတော့မည့်ပစ္စည်းလို လက်တဆုံး ဆန့်ကိုင်ထားပြီး………….

“ဒီအိမ်မှာ ဟယ်ရီပေါ်တာဆိုတာ မရှိဘူး။ မင်းပြောတဲ့ကျောင်းကို လည်း ငါမသိဘူး။ ဘယ်တော့မှ ဖုန်းထပ်မဆက်နဲ့တော့။ ငါ့အိမ်နားကို လည်း မလာနဲ့။ ဒါပဲ”

ထို့နောက် သူက အဆိပ်ပြင်းသော ပင့်ကူတစ်ကောင်ကို လက်ထဲမှ ခါချ လိုက်သလိုမျိုး တယ်လီဖုန်းကို ပစ်ချလိုက်၏။ ထို့နောက် ဟယ်ရီဘက်သို့ လှည့်ကာ.. ။

“ဒီအိမ်ဖုန်းနံပါတ်ကို မင်း. မင်း...မင်းလိုကောင်စားတွေကို ပေးထား တယ်ပေါ့လေ၊ ဟုတ်လား”

ဟု ကြုံးဝါးလိုက်ရာ ဟယ်ရီ မျက်နှာကို တံတွေးစက်များဖြင့် သင်္ကြန်ကျ လိုက်သကဲ့သို့ ဖြစ်သွား၏။

ရွန်ကတော့ သူ ဖုန်းဆက်၍ ဟယ်ရီ ဒုက္ခရောက်သွားမှန်း သိပုံပေါ်သည်။ နောက်တစ်ကြိမ် ထပ်၍ ဖုန်းမဆက်တော့ပေ။

ဟော့ဝပ်ကျောင်းတွင် ရွန်ဝီစလေအပြင် အခြားသော ဟယ်ရီနှင့် သေဖော် ရှင်ဖက် ကျောင်းသူတစ်ယောက် ရှိသေး၏။ သူမကား အတန်းထဲတွင် စာအတော် ဆုံးဖြစ်သော ဟာမီယွန်ဂရင်ဂါ ဖြစ်လေသည်။ သူမသည်လည်း ဟယ်ရီထံသို့ လုံးဝ အဆက်အသွယ် မလုပ်ပေ။ ကြည့်ရသည်မှာ ရွန်ဝီစလေက လှမ်း၍ ကြိုတင် သတိပေးလိုက်သောကြောင့် ဖြစ်မည်။ ဟာမီယွန်ဂရင်ဂါကတော့ လူသာမန် မတ် ဂယ်မျိုးရိုးမှ ပေါက်ဖွားလာသည်ဖြစ်ရာ တယ်လီဖုန်းကို မသုံးတတ်စရာ အကြောင်း မရှိပေ။ ထို့ပြင် သူမသည် ပါးရည်နပ်ရည်ရှိသော မိန်းကလေးတစ်ယောက်လည်း ဖြစ်သောကြောင့် အန်ကယ်ဗာနွန် ဖုန်းကိုင်လျှင် ဟော့ဝပ်ကျောင်းအကြောင်း လေသံမျှမဟဖို့ ရိပ်စားမိပေလိမ့်မည်။

ယခု သူတို့က တစ်ယောက်မျှ အဆက်အသွယ်မလုပ်ကြတော့သော ကြောင့် ဟယ်ရီခမျာ ရှည်လျားလှသော ငါးပတ်တာကာလပတ်လုံးလုံး အခြား စုန်းကဝေ သူငယ်ချင်းများအကြောင်း ဘာသတင်းအစအနမှ မရတော့ဘဲ အဆက် အသွယ်ပြတ်နေရတော့သည်။ တစ်ခုတော့ရှိသည်။ ဟယ်ရီ၏ ဇီးကွက်မလေး ဟက်ဝစ် ဖြင့် စာပို့ခိုင်းလျှင်တော့ ရနိုင်၏။ အန်ကယ်ဗာနွန်က ညအချိန်များတွင် ဇီးကွက်မလေးဟက်ဝစ်ကို အပြင်သို့ ထွက်လည်ပျံသန်းခွင့်ပြုထား၏။ အဘယ်ကြောင့်ဆိုသော် တစ်ညလုံးလုံး လှောင်အိမ်ထဲတွင် တောင်ပံတဖျပ်ဖျပ်ခတ်ကာ အော်မြည်နေသော ဇီးကွက်မလေး၏အသံက အန်ကယ်ဗာနွန်ကို အိပ်မရအောင် စိတ်အနှောင့်အယှက်ပေးသောကြောင့် ဖြစ်သည်။

          ဟယ်ရီက ကဝေမဝင်ဒလင်အကြောင်း ရေးသားပြီးနောက် ခေတ္တရပ်ကာ အသံဗလံများကို နားစွင့်လိုက်၏။ သဲ့သဲ့ကြားနေရသော ဒတ်ဒလေ၏ တခူးခူး တခေါခေါ ဟောက်သံမှတစ်ပါး တစ်အိမ်လုံးသည် အမှောင်ထဲတွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ ညဉ့်နက်လှပြီ။ ဟယ်ရီ၏ မျက်လုံးများသည် အိပ်ချင်စိတ်ဖြင့် လေးလံနွမ်းနယ်နေကြ၏။ မနက်ဖြန်ဆိုလျှင်တော့ ဒီအိမ်စာကို ပြီးလောက်ကောင်း ပါရဲ့ ဟု သူတွေးလိုက်သည်။

သူက မင်အိုး၊ လက်နှိပ်ဓာတ်မီး၊ ကျောင်းစာအုပ်တို့ကို ဝှက်နေကျနေရာ တွင် ပြန်ထားလိုက်ပြီး အိပ်ရာထဲမှထကာ ခုတင်ဘေး စားပွဲပေါ်ရှိ နာရီကို လှမ်းယူ လိုက်သည်။

သန်းခေါင်ကျော် တစ်ချက်ထိုးနေပေပြီ။ ရုတ်တရက် ဟယ်ရီ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ ယနေ့ကား သူ၏ ၁၃ နှစ်မြောက် မွေးနေ့ထဲသို့ ရောက် နေပေပြီ။ သူ ၁၃ နှစ်ပြည့်သွားသည်မှာ တစ်နာရီတိတိကြီးများပင် ကြာခဲ့ပါ ပကော။ ဒါကို သူ သတိမထားမိခဲ့။

ဟယ်ရီဘဝတွင် သိပ်မမျှော်လင့်ခဲ့သော အရာများစွာအနက် မွေးနေ့ လက်ဆောင်တည်းဟူသောအရာလည်း ပါဝင်ပေသည်။ သူ့ဘဝတွင် မွေးနေ့လက်ဆောင်အဖြစ် ကတ်ပြားလေးတစ်ခုတလေမျှပင် မရခဲ့ဖူးပါ။ ဒါစလေမိသားစုကတော့ ဆိုဖွယ်ရာပင်မရှိ။ ဟယ်ရီမွေးနေ့ကို မသိကျိုးကျွန် ပြုထားခဲ့သည်မှာ အစဉ်အလာ ပင် ဖြစ်သည်။

ဟယ်ရီက ဇီးကွက်မလေးဟက်ဝစ်မရှိ၍ ဗလာဟင်းလင်းနေသော လှောင် အိမ်အနီးမှ ဖြတ်သန်းကာ မှောင်မိုက်နေသော အခန်းတစ်ဖက်ဆုံးဆီသို့ လျှောက် သွားလိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ အေးစက် သင်းပျံ့သော ညလေပြည်က သူ့မျက်နှာကို နှစ်လိုဖွယ် လာရောက်တိုးဝှေ့နေသည်။ ဇီးကွက်မလေးဟက်ဝစ် ပြန်မလာသည်မှာ ဒီညနှင့်ပါဆိုလျှင် နှစ်ညတိတိ ရှိပေပြီ။ သို့သော် ဟယ်ရီကတော့ သိပ်စိတ်မပူမိပါ။ မကြာခင် ပြန်လာလိမ့်မည်ဟုသာမျှော်လင့်နေမိသည်။ ဒီအိမ်တစ်အိမ်လုံးတွင် ဟယ်ရီ ကိုမြင်ရုံနှင့် မျက်နှာကြော ရှုံ့ မသွားသည့် သက်ရှိသတ္တဝါဟူ၍ ထိုဇီးကွက်မလေးတစ်ကောင်သာ ရှိသည်။