Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မင်းကျော် - ဝထ္ထုတို ၅ ပုဒ်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

ကိုသီလ

          ကိုသီလ၏ ရင်ထဲမှာ ပူနေသည်။ ခေါင်းထဲမှာလည်း နောက် နေသည်။ ခန္ဓာကိုယ်သည် ကတုန်ကယင် ဖြစ်နေသည်ဟု သူထင် သည်။ အားငယ်သည်၊ ဝမ်းနည်းသည်ဆိုသော ဝေဒနာကို မာနနှင့် ဒေါသအဟုန်က လွှမ်းဖုံးထားသည်။

          တစ်ခုခုတော့ လုပ်မှဖြစ်တော့မည်ဟု ကိုသီလ နားလည်နေ သည်။ သို့သော် ဘာလုပ်ရမည်ကို မသိ။ သူ့ရှေ့မှာ ထိုင်နေသူကို ပီပီသသ မမြင်ရတော့။ ထိုသူပြောနေသော စကားတို့ကိုလည်း ကောင်းစွာ ကြားနေရသည်ဟု သူမထင်တော့။

          နောက်ဆုံး၌ သူသည် တစ်ခုခုကို လုပ်ရလေသည်။ ပုံနှိပ်တိုက်တွင်းမှ ထွက်လာခဲ့သောအခါ၌ ကိုသီလသည် ဒုတိယ တစ်ခုခုကို မနောကံမြောက် ပြုလုပ်ရပြန်သည်။ ထိုမနောကံအမှုသည် နှုတ်ဖျားမှ ထွက်လာသည်ကို သူထင်သည်။ “တော်ပြီ တော်ပြီ ကနေ့ကစပြီး ငါစာမရေးတော့ဘူး”

          ဤကား ကိုသီလ၏ ငါးဆယ့် ခုနစ်ကြိမ်မြောက် ဆုံးဖြတ်ချက် တည်း။

          သို့ပေမဲ့ ရှေးယခင် အခါအခါများကလည်း ငါ ဤသို့ ဆုံးဖြတ် ခဲ့ဖူးပါကလား” ဟု ကိုသီလ အမှတ်မရတော့။ သည်တစ်ခါတော့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သည်။

          ကြည့်လေ...။

          ရင်ထဲမှာ “တော်ပြီ- တော်ပြီဆိုသော စကားလုံးတွေက လှိုင်း ခတ်နေပြီ။

          လှမ်းလာသော ခြေလှမ်း မြေမှာကျသည်။ မြေမှကြွသည်တို့ကို ပင် “တော်ပြီ တော်ပြီ ́ဟူသော ကျူးရင့်သံဟု ထင်သည်။

          လမ်းပေါ်က ကားတွေ ယာဉ်တွေကို မမြင်၊ ကြည့်လည်း မကြည့် ချင်။ လမ်းပေါ်မှာ သွားနေ လာနေသူတွေကိုလည်း မမြင်၊ ကြည့်လည်း မကြည့်ချင်။

          ခါတိုင်းဆို ကိုသီလသည် သည်ကားတွေ၊ သည်ယာဉ်တွေ၊ သည်လူတွေကို တစေ့စေ့ လေ့လာပြီး ရင်မှာ လှုပ်လာသည်နှင့် စာ တစ်ပုဒ်ဖွဲ့ တတ်မြဲဖြစ်သည်။ ယခုတော့ စာမရေးတော့ပါဟု မည်သူ ကမျှ မစေ့ဆော်ဘဲလျက် သူဆုံးဖြတ်သည်။

          သည်အထဲ သူ့ပခုံးကို နောက်မှလူတစ်ယောက်က လှမ်း၍ ပုတ် လိုက်သည်။

          ဘယ့်နှယ်လဲ ဆရာရဲ့ သုတ်သုတ်သုတ်သုတ်နဲ့ ဘယ်သွား မလို့လဲ”

          ဦးတိမ်တောင်ကို သူတွေ့ ရလေပြီ။ သူကား တိမ်ရောင်ခြည် ပုံနှိပ် တိုက်နှင့် ထုတ်ဝေရေး လုပ်ငန်းပိုင်ရှင်။ “သင်္ချိုင်းကို” ကိုသီလက ခပ်ပြတ်ပြတ် ဖြေလိုက်သည်။ “သင်္ချိုင်းကို ဘာလုပ်ဖို့လဲဗျ။ ဘာလဲ ဆရာက ဝတ္ထုဇာတ်လမ်းအတွက် အကွက်ကောင်း သွားရှာဦးမလို့လား”

          ထုတ်ဝေသူ ကိုတိမ်တောင်သည် ဒေါသရောင်လွှမ်းသော မျက်နှာကိုလည်း မပြင်သေး၊ ဒေါသသံကိုလည်း မသိသေးသဖြင့် အမှတ်မဲ့ပြောရင်း ကိုသီလနှင့် ဘေးချင်းယှဉ်လိုက်သည်။ သည်အခါမှ ကိုသီလ၏မျက်နှာကို အကဲခတ်မိသည်။

          “ဘာ-ဘာ-ဘာဝတ္ထုလဲ၊ ဒီမှာ ဦးတိမ်တောင် ခင်ဗျားလမ်းကို ခင်ဗျား အေးအေးသွားစမ်း”

          ဦးတိမ်တောင်သည် ကိုသီလ၏ မျက်နှာထားနှင့် စကားတို့ကို မြင်ရကြားရသောအခါ စိတ်ထဲမှာ တုန်လှုပ်သွားသည်။ ချက်ချင်း မျက်နှာထားကို ပြင်သည်။

          “ဘယ်လိုဖြစ်တာလဲ ကိုသီလရာ။ ကျုပ်က ခင်ဗျားကို အကောင်း မေးတာပါ။ ကဲပါလေ ထားပါတော့။ ခု ကျုပ်အဖို့ တခြားသွားစရာ ကလည်း ဒီမှာ လမ်းဆုံးနေပြီ။ ကျုပ် ဆရာ့ကို တွေ့ချင်လို့ လိုက်ရှာ နေတာပါ”

          ကိုသီလသည် ရုတ်ခနဲ ရပ်လိုက်သည်။ “ကျုပ်ကို ခင်ဗျားကြီးက ဘာလုပ်ဖို့ တွေ့ချင်တာလဲ” “ဆရာလည်း ဘယ်လိုဖြစ်လာပါလိမ့်၊ ဒေါသတယ်ကြီးနေပါ လား။ ကဲပါဆရာကိုသီလရယ် ဟောဟို လက်ဖက်ရည်ဆိုင်ထဲမှာ အေးအေးဆေးဆေး စကားပြောရအောင်ပါ”

          “ကျုပ်ပြောလည်း မပြောချင်ဘူး။ ကြားလည်း မကြားချင်ဘူး။ ခင်ဗျားဘာသာသွား။ ကျုပ်လည်း ကျုပ်သွားချင်ရာ သွားမယ်”

          “မဟုတ်သေးပါဘူး ဆရာရယ်၊ ကျုပ်ဆရာ့ကို ပြောစရာရှိလို့ ပါ။ ခဏကလေးပါဗျ”

နောက်ဆုံး၌ ကိုသီလသည် ငြင်းရင်းဆန်ရင်းမှပင် ထုတ်ဝေသူဦးတိမ်တောင်နှင့်အတူ ယမင်းဖြူပြာ လက်ဖက်ရည်ဆိုင်တွင်းသို့

          ရောက်ခဲ့လေသည်။ သို့သော် စိတ်ထဲကမူ နောက်ကျိနေဆဲဖြစ် သည်။

          “ကဲ-ဆရာ၊ ဘာသောက်မလဲ” “ဘာမှ မသောက်ချင်ဘူး”

          ဘယ့်နှယ်တုံး ဆရာ့ဥစ္စာကလည်း ဒေါချည်းကန်နေပါကလား၊ ဖြည်းဖြည်းဆေးဆေး လုပ်စမ်းပါဆရာ၊ ကဲ-ကျုပ် လက်ဖက်ရည်ပဲ မှာလိုက်မယ်”

          ဦးတိမ်တောင်သည် ဆရာကိုသီလကို စူးစူးစိုက်စိုက်ကြည့်၍ ပြောပြီး လက်ဖက်ရည်နှစ်ခွက် လှမ်းမှာသည်။ ကိုသီလ၏ မျက်နှာ မှာ တင်းမာဆဲဖြစ်သည်။

          ဒီမယ် ဦးတိမ်တောင်၊ ခင်ဗျား ကျုပ်ကိုဘာလုပ်ဖို့ တွေ့ချင်တယ် ဆိုတာ ကျုပ်သိတယ်။ ဒီစကားကို ခင်ဗျားပြောဖို့ မလိုဘူး။ ကျုပ်ကပဲပြောမယ်။ ခင်ဗျားတိုက်က ကျုပ်စာအုပ်ထုတ်ဖို့ ပြောထားတာ ကျုပ် မထုတ်တော့ဘူး”

          ကိုသီလသည် စကားကို ခပ်မာမာ ခပ်သွက်သွက် ပြောချလိုက် သည်။ ဦးတိမ်တောင် ချက်ချင်း မျက်နှာပျက်သွားသည်။

          “ဟာ.. ဆရာကလည်း ဘယ်လိုလုပ်တာတုံး၊ ကျုပ် နယ်ကို တောင် အမှာစာကတ်ပြားတွေ ပို့ထားပြီးနေပြီ။ ဆရာ့ဆီက စာမူရ မယ်ဆိုလို့ ဟိုစာရေးဆရာ၊ သိပ္ပံပြာလဲ့ဝင်း ဝတ္ထုတောင် ကျုပ် တစ်လ ဆိုင်းထားတယ်” ဦးတိမ်တောင်က လေပျော့နှင့် ပြောသည်။

          “ခင်ဗျား ထပ်ပြောမနေနဲ့၊ ကျုပ် မရေးဘူးဆို ပြီးရောမဟုတ် လား” “ဘယ်ပြီးဦးမလဲ ဆရာရဲ့ ၊ ဆရာဘာကြောင့် မရေးရမှာတုံး၊ဘာလဲ ဆရာကြိုတင်ငွေလိုချင်လို့လား၊ ကျုပ် ပိုက်ဆံပေးတဲ့မူကို မကြိုက်လို့လား”

          ဒီမှာ ဦးတိမ်တောင် ဒီကိစ္စတွေ ကျုပ်ဘာမှ မပြောချင်ဘူး။ ကျုပ်ပြောချင်တာက ကျုပ်ဟာ ကနေ့ကစပြီး စာမရေးတော့ဘူးလို့ ဆုံးဖြတ်ထားပြီးပြီ။ ကျုပ်ဟာ စာရေးဆရာ သီလမဟုတ်တော့ဘူး”

          “ဘယ့်နှယ် ဆရာ”

          “ခင်ဗျား ဒီလောက် နားဝေးရသလား ဦးတိမ်တောင်၊ ကျုပ် စာမရေးတော့ဘူး။ ကျုပ် စာရေးဆရာ မဟုတ်ဘူးဆိုတာ ခင်ဗျား မကြားဘူးလား”

          သူတို့ရှေ့သို့ လက်ဖက်ရည်ပန်းကန်များ ရောက်လာသည်။ ဦးတိမ်တောင်သည် တွေတွေကြီးလုပ်ကာ စဉ်းစားနေသည်။

          ထိုအခိုက် သူတို့စားပွဲဝိုင်းသို့ လူတစ်ယောက် ရောက်လာသည်။ ထိုသူကား စာရေးဆရာ တမာဖြစ်သည်။ ။

          “ဟာ...ဦးတိမ်တောင်ကြီးနဲ့ ကိုသီလပါလား။ အဆင်သင့်လိုက် တာဗျာ။ ကျုပ် ဦးတိမ်တောင်နဲ့ တွေ့ချင်နေတာနဲ့” တမာသည် ပြောပြောဆိုဆို ကုလားထိုင်တစ်လုံးကို ဆွဲ၍ထိုင်သည်။

          ကိုသီလမှာ စူအောင့်အောင့် မျက်နှာပေးနှင့်။ “ကဲ ဆရာတမာ ဘာသောက်မလဲ။ ကျုပ်နဲ့ တွေ့ဖို့ကိစ္စကိုတော့ ကျုပ်သိပါပြီ။ လက်ကျန်ကော်ပီခကလေးကိစ္စ မဟုတ်လား။ နေဦး ဆရာတမာ ဒီကိစ္စနောက်မှ ပြောရအောင်၊ အခုကိစ္စကို ဆရာရှင်းစမ်း ပါဦး”

          ဘာလဲဗျ” “ဟောဒီဆရာကိုသီလက စာမရေးတော့ဘူးဆိုပဲ” ဟုတ်ရဲ့လား ကိုသီလရ၊ ခင်ဗျားကလည်း ဦးတိမ်တောင်ကြီးကိုနောက်တီး နောက်စပ်လုပ်နေပြန်ပြီ”

          “ဘာမှ နောက်နေတာ မဟုတ်ဘူး။ ကျုပ် စာရေးတဲ့ အလုပ်ကို စွန့်လိုက်ပြီ”

          “ဟုတ်-ဟုတ်သေးတော့ ကိုသီလရာ။ ဆိုစမ်းပါဦး အကြောင်း

          'ဘာဆိုစရာရှိလဲဗျ။ ခု ကျုပ် စာရေးလာတာ ၁၅ နှစ်ထဲရောက် ပြီ။ ကျုပ်ဝတ္ထုတစ်အုပ် နှစ်ထောင်ကုန်တယ်လို့ တစ်ခါမှ မရှိဘူး။ ဒီခေတ်ထဲမှာ ပြာလဲ့ဝင်းတို့လို စာရေးဆရာတွေတောင်မှ သောင်းချီ ရိုက်နေတာ၊ ကျုပ်တို့က နှစ်ထောင်မကုန်ဘူးဆိုတော့ ဘယ့်နှယ်လုပ် ရမှာလဲ”

          တမာသည် ဘာမျှစကားပြန် မပေးသေးဘဲတွေနေသည်။ ဦးတိမ် တောင်ကမူ ကိုသီလ၏ မျက်နှာကို အကဲခတ်ရင်း‘သောက်လိုက်ဦး ကိုသီလ လက်ဖက်ရည်တွေ အေးကုန်မယ်” ကိုသီလသည် လက်ဖက်ရည်ပန်းကန်ကို မော့၍ တစ်ကျိုက် သောက်လိုက်သည်။

          “ဒီမှာ ကိုတမာ ခင်ဗျားပဲ စဉ်းစားကြည့်၊ ကျုပ်ဟာ စာပေ လုပ်ငန်းကို စိုက်လိုက်မတ်တတ် လုပ်လာတဲ့ကောင်။ ဝတ္ထုတိုရှည်တွေ လည်း အတော်များများရေးခဲ့ပြီ။ ဝေဖန်ရေး ဆရာတွေရဲ့ ချီးကျူးဝေဖန် မှုကို ခံခဲ့ရလှပြီ။ အခု ခင်ဗျားတို့ ပြောပြောနေတဲ့ ဆိုရှယ်လစ် သရုပ်ဖော်ဆိုတာမျိုးလည်း ရေးခဲ့တယ်။ လွမ်းစရာ ဆွေးစရာနဲ့ လူငယ် ကြိုက်တွေလည်း ရေးခဲ့တယ်။ ခုပဲကြည့်စမ်း၊ ကျုပ် လျှပ်စီးရောင်” ပုံနှိပ်တိုက်ကလာခဲ့တယ်။ အရင်က သူတို့ ကျုပ်စာအုပ်တစ်အုပ် ရိုက်တယ်။ ကျုပ် စာအုပ် နှစ်ထောင်ရိုက်တယ်။ စာမူခကျတော့ ပြာလဲ့ဝင်းတို့လို ရာခိုင်နှုန်းနဲ့ တွက်ပေးတာ မဟုတ်ဘူး။ အပြီးအပြတ်လေးရာနဲ့ ရေးရတယ်။ ပြာလဲ့ဝင်းတို့ကျတော့ တစ်သောင်းရိုက်တယ်။ စာမူခ ဆယ့်ငါးရာခိုင်နှုန်းပေးတယ်။ ဒီတော့ စာမူခ သုံးထောင် ပေးတယ်။ အဲဒီတစ်သောင်းက ကုန်သတဲ့။ ကျုပ်လို ၁၅ နှစ်လုံး ရေးလာခဲ့တဲ့ အကောင်က စာမူခလည်း လေးရာပဲရတယ်။ စောင်ရေ ကျတော့လည်း ထောင့်ငါးရာတောင်မကုန်ဘူးတဲ့။ ထွီ...ကိုသီလ သည် တံတွေး တစ်ချက်ပစ်ထွေးလိုက်ပြီး လက်ဖက်ရည်တစ်ကျိုက် မော့သောက်ပြန်သည်။ ပြီး “ကဲ-ဒီတော့ ကျုပ်တို့ စာရေးစားနေဖို့ လိုသေးသလား ကိုတမာ”

          “ဟုတ်တယ်ကိုသီလ။ ဒီပြဿနာဟာ ခင်ဗျားတွင် မဟုတ်ဘူး။ စာရေးဆရာ အတော်များများ ကြုံနေရတဲ့ ပြဿနာပဲ။ စောင်ရေ များတာ၊ နည်းတာကလည်း စာဖတ်ပရိသတ်နဲ့ ဆိုင်တာဗျ။ ကျုပ် တို့က ဘာမှစွက်ဖက်လို့ မရဘူး။ အဲ ခင်ဗျားရေးသလို ခင်ဗျား ဘယ် လောက်ပဲ ကြိုးစားရေးရေး ခင်ဗျား ဝတ္ထုအတွက် ကောင်မလေးတွေ၊ ကောင်လေးတွေ ရည်းစားစာရေးနည်း၊ အော်တိုဂရမ်ရေးနည်းကို သင်ပေးတာမှ မဟုတ်ဘဲ။ ဒီနေ့ အများဆုံး ဖတ်တဲ့ဟာတွေက ဆယ့် လေးငါးခြောက်နှစ်နဲ့ အသက် ၂ဝ ပတ်ဝန်းကျင်တွေများတယ် မဟုတ် လား။ အဲဒီအရွယ်တွေလိုချင်တာက ရည်းစားစာ ရေးနည်းနဲ့ အော်တို ရေးနည်းဗျ။ အဲဒါတွေကို ခင်ဗျား လိုက်ရေးနိုင်ပါ့မလား”

          “အေးလေ-အဲဒါကြောင့် ကျုပ် စာမရေးတော့ဘူး ပြောနေတာပေါ့”

          “ဒီလိုပြောလို့လည်း မရသေးဘူး ကိုသီလ။ ခင်ဗျားတို့ ကျုပ်တို့ စာရေးတာ ဘယ်သူက အရေးခိုင်းလို့ ရေးတာလဲ ရေးချင်လို့ ရေး ကြတာ မဟုတ်လား။ ဘာလဲ ခင်ဗျား စာရေးပြီး ကျော်ကြားမှု လိုချင် လို့လား”

          “ဒီလိုလည်း မဟုတ်ဘူး။ ဒါပေမဲ့ စောင်ရေ ထောင့်ငါးရာတောင် မကုန်ဘဲနဲ့ စာရေးဆရာ လုပ်နေရတာ ရှက်စရာ မကောင်းဘူးလား

          “ဒါတွေကို ခင်ဗျားထည့်စဉ်းစားဖို့ မလိုဘူးထင်တယ်။ ခင်ဗျား က စာရေးဆရာ။ ရေးချင်စိတ်ရှိရင် ရေးမယ်။ ဒါပဲပေါ့ ။ စောင်ရေ ကုန်တာ မကုန်တာ၊ ဝယ်ဖတ်တာ မဖတ်တာ ခင်ဗျားနဲ့ ဆိုင်သလား

          “ခင်ဗျားက ပြောအား ရှိတာပေါ့။ ဘာပြောပြော ခင်ဗျားက ကျုပ်ထက်တော့ ရောင်းရသေးတာကိုး”

          ဒီလို တိုင်းစရာလည်း မလိုပါဘူးလေ။ ခင်ဗျားရေးစရာရှိတာ ရေးပေါ့”

          “ဟုတ်တယ်။ ဟုတ်တယ်” ဦးတိမ်တောင်က ဆေးပြင်းလိပ်ကို ဖွာရင်း ဝင်ပြောသည်။ ဒီတော့ ကျုပ်အတွက် စာမူကလေး”

          “တော်တော့ဗျာ။ ခင်ဗျားတို့လို လူတွေလည်း ကောင်းတာ မဟုတ်ဘူး။ တော်ပြီ ကျပ်စာမရေးဘူးဆို၊ မရေးဘူး။ ဖြစ်တဲ့နည်း နဲ့ ကျုပ်တော့ ပြန်ပြီးနွားပဲ ကျောင်းနေတော့မယ် ပြောပြောဆိုဆို ကိုသီလသည် နေရာမှထသည်။

          “နေပါဦး ကိုသီလရဲ့” ကိုတမာက တားသည်။

          “တော်ဗျာ ခင်ဗျားတို့နဲ့လည်း ကျုပ်မတွေ့ချင်ဘူး။ ကျုပ်မှာ ကိစ္စက ရှိသေးတယ် ကိုသီလသည် ခြေလှမ်းရန် ဟန်ပြင်ပြီးမှ ကိုတမာ ဘက်သို့ လှည့်ပြီး ၊

          ဒီမှာ ကိုတမာ ခင်ဗျားမယ် အခုငွေတစ်ဆယ်လောက် ရှိလား။ ကျုပ်အိမ်က ကလေးနေမကောင်းနေလို့ဗျာ”

          ဦးတိမ်တောင်သည် လက်ဖက်ရည်ဆိုင်သမားကို ခေါ်ပြီး ငွေ