မင်းကျော် - ကျွန်တော့်ဆရာများ
၁။ ဦးဘလှိုင်
ကျွန်တော့် ဆရာများအကြောင်းကို ရေးမည်ဆိုလျှင် ဦးဘလှိုင် အကြောင်းကို ကျွန်တော် စ၍ ရေးရပါမည်။ အကြောင်းကား ဦးဘလှိုင် သည် ကျွန်တော်၏ လက်ဦးဆရာဖြစ်သောကြောင့်တည်း။
မြန်မာစကားတွင် ပုဗ္ဗာစရိယ မိနှင့်ဖဟု ဆိုရိုးရှိပါသည်။ သို့ဖြစ်ရာ ကျွန်တော့်အဖေ ဦးဘလှိုင်သည် ကျွန်တော့် လက်ဦးဆရာဖြစ်ရသည်မှာ မဆန်းလှပေ။ သို့သော် ဦးဘလှိုင်ကို ကျွန်တော့်ဆရာအဖြစ် ဖော်ပြရာတွင် အဖေတစ်ယောက်အဖြစ်ထက် ကျောင်းဆရာတစ်ယောက်အဖြစ် ဖော်ပြလို သည်သာလျှင် အဓိက ဖြစ်လေသည်။
သူ့အရပ်အမောင်းမှာ သင့်တင့်ရုံမျှ ဖြစ်သည်။ အလွန်ရှိလှ ငါးပေ ခွဲ။ အသားညိုသည်။ မေးရိုးကားသဖြင့် မျက်နှာပုံပန်း လေးထောင့်စပ်စပ် ဖြစ်သည်။
သူ ကျောင်းဆရာလုပ်သောခေတ်မှာ ဗြိတိသျှခေတ်။ သူ အလုပ် ရသောကျောင်းမှာ ချောက်မြို့ ဘီအိုစီ ရေအိုးစင်ကျောင်း။ သူ သင်ပြရသော ဘာသာရပ်ကား အင်္ဂလိပ်စာ။
သူ အတန်းထဲ၌ စာသင်သည်ကို ကျွန်တော် မမြင်ဖူးပါ။ သို့သော် အိမ်၌ သူ့ညီနှင့် ညီမများကို စာသင်လေ့ရှိသည်။ ကျွန်တော့်ကို ရံဖန်ရံခါ စာပြပေးသည်တို့ကို ကြုံဖူးပါသည်။ သူ စာသင်လျှင် တိကျသည်။
ရှင်းသည်။ သူက ကျက်ဆိုလျှင် ကျက်မှ ကြိုက်သည်။ မှတ်ဆိုလျှင် မှတ်မှ ကြိုက်သည်။ သူ့ကို မနာခံလျှင် ဒေါသထွက်တတ်သည်။ ဒေါသဖြစ်လျှင် မေးရိုးသည် ပိုပြီးကားထွက်လာသည်ဟု ထင်ရသည်။ ဒေါသတစ်ဆင့် တက်လျှင် လက်ပါတတ်သည်။ လက်နှင့်မရလျှင် တုတ်ကို ကိုင်တတ်သည်။
ခေတ်သစ်ပညာရေး အယူအဆနှင့်ယှဉ်လျှင် သူကျင့်သုံးသော ရိုက်နှက်ဆုံးမနည်းကို လွဲမှားသည်ဟု ဆိုချင်ဆိုနိုင်ပေမည်။
သို့သော် သူ့ခေတ်၊ သူ့အခါ၊ သူ့ကျောင်းတွင်မူ ဦးဘလှိုင်သည် ကျောင်းသားအများ၏ လေးစားခြင်းကို ခံခဲ့ရသည်ကား အမှန်။ သူ့တပည့် များသည် သူ့ကို ချစ်သည်၊ ကြောက်သည်၊ လေးစားသည်။
ဤသည်မှာ အကြောင်းရှိသည်။ ပထမအချက်မှာ သူ၏ဝတ်စား ဆင်ယင်မှုဖြစ်သည်။ သူ ဝတ်စားပုံသည် သပ်ရပ်သည်။ မန္တလေး ပိုးလုံချည် ကို ကျောင်းတက်တိုင်းလိုလို ဝတ်တတ်သည်။ ဝတ်ပုံ သေသပ်သည်။ ခေါက်ရိုးကိုပင် မကျိုးစေရ။ ကျောင်းဆရာတစ်ယောက်အဖို့ ဝတ်စား ဆင်ယင်မှု သေသပ်ခြင်းသည် တပည့်များအဖို့ စံပြဖြစ်နိုင်သည် မဟုတ် လော။
ဒုတိယအချက်မှာ ဆက်ဆံရေးဖြစ်သည်။ သူ့အိမ်သည် ကျောင်း နှင့် ကပ်နေသည်။ ကျောင်းသား၊ ကျောင်းသူတိုင်း သူ့အိမ်မှာ အမြဲဝင်ထွက် နိုင်သည်။ ကျောင်းသားတွေနှင့် သူ တရင်းတနှီးရှိလှသည်။ စာသင်ရာ၌ သူ့မျက်နှာထားတည်သလောက် စာသင်ခန်းပြင်ဘက်၌ သူ့မျက်နှာသည် အမြဲ ချိုနေတတ်သည်။ ကျောင်းသားတွေနှင့် တစ်စုတစ်ဝေးနေရလျှင် သူ ပျော်တတ်သည်။ ထိုကြောင့် သူ့ကျောင်းသားတွေ ကျောင်းမှထွက်သွားသည့် တိုင်အောင် စုစုစည်းစည်း ရှိစေချင်သည်။
ဘီအိုစီကဖွင့်ထားသောကျောင်းသည် စင်စစ် ဘီအိုစီအတွက် သူတို့ စိတ်ကြိုက် အမှုထမ်းရရေးသည် အဓိကဖြစ်သည်။ ထိုကာလ ရေနံလုပ်သား ကြီးတိုင်းသည် မိမိတို့၏သားသမီးတိုင်းကို ကျောင်းသို့ ပို့နိုင်ကြသည် မဟုတ်။ ကျောင်းသို့ ပို့သည့်တိုင်အောင် အတန်းကုန်သင်နိုင်ကြသည်မဟုတ်။ ထိုကြောင့် ပညာတစ်ပိုင်းတစ်စနှင့် လုပ်ငန်းခွင်သို့ ဝင်ကြရသည်က များသည်။
ဦးဘလှိုင်သည် သူ့တပည့်တွေ မည်သို့နည်းဖြင့် ကျောင်းက ထွက်ရ ထွက်ရ၊ ကျောင်းက ထွက်ပြီးသည့်တိုင်အောင် တစ်စုတစ်စည်းတည်း ရှိစေချင်သည်။ ထိုကြောင့် ကျောင်းသားဟောင်းကလပ်ကို သူ ဦးစီးသည်။
ကျောင်းနှင့် မလှမ်းမကမ်းမှာ ကျောင်းသားဟောင်းကလပ် အဆောက်အအုံ ရှိသည်။ ကလပ်တွင် အားကစားရုံနှင့် စာကြည့်ဆောင် ထားပေးသည်။
ထိုကာလမှာ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းကာလ ဖြစ်သည်။ အမျိုး သားရေးစိတ်ဓာတ် တက်ကြွနေသော ကာလဖြစ်သည်။ ဦးဘလှိုင်သည် ဘီအိုစီ အမှုထမ်းတစ်ယောက်ဖြစ်သော်လည်း သူ့မှာ နိုင်ငံရေးဉာဉ်ရှိသည်။ အမျိုးသားစိတ်ဓာတ်ရှိသည်။ တက္ကသိုလ်တွင် နှစ်နှစ်ပညာသင်ခဲ့ရသော အတွေ့ အကြုံ၊ ကွယ်လွန်သူ သီဟိုဠ် သံအမတ်ကြီး ဦးတင့်ဆွေထံ တပည့် ခံခဲ့ရာမှ ပေါက်ပွားခဲ့သော သူ၏အမျိုးသားနိုင်ငံရေးစိတ်ဓာတ် (ထိုကာလက အမြင့်ဆုံး နိုင်ငံရေးစိတ်ဓာတ်)တို့သည် ဘီအိုစီလောကတွင် ပို၍ မြင့်မားရန် ဖန်တီးလာသည်။
သူသည် တိုးတက်ရေးမဂ္ဂဇင်းကို စွဲစွဲမြဲမြဲ ဖတ်သည်။ နဂါးနီစာအုပ် အသင်းနှင့် ပထမဆုံး ဆက်သွယ်သည်။ သခင်ဘိုးလှကြီးသည် သူ့အိမ်သို့ အမြဲဝင်ထွက် သွားလာမြဲဖြစ်သည်။ သူ့ ဇနီးက သူ နိုင်ငံရေးစကား ပြော သည်ကို မကြိုက်။ သို့သော် သူ မနေနိုင်။ သူ့မိတ်ဆွေ ဦးကျော်သိန်းဆိုသူ ကို စာအုပ်ဆိုင် ဖွင့်ခိုင်းသည်။ နဂါးနီနှင့် ဆက်သွယ်စေသည်။ နဂါးနီ စာအုပ်တွေ ချောက်မြို့မှာ ဖြန့်သည်။ သူ့ကျောင်းသားဟောင်းကလပ် စာကြည့်ဆောင်မှာ နဂါးနီစာအုပ်တွေ ထားပေးသည်။
ချောက်မြို့တွင် တန်ဆောင်တိုင်၌ ကျင်းပမြဲဖြစ်သော အေးစေတီ ဘုရားပွဲဟူ၍ ရှိသည်။ ထိုဘုရားပွဲရက်တွင် မြို့ပေါ်အသင်းအဖွဲ့ အလိုက်၊ ရပ်ကွက်အလိုက် လူငယ်များသည် ယိမ်းအကများဖြင့် ဘုရားသို့ လှူဖွယ် များ သွားရောက်ဆက်ကပ် လှူဒါန်းမြဲဖြစ်သည်။ ထိုယိမ်းများတွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေး လှုံ့ဆော်မှုများပါတတ်သည်။ တချို့ ယိမ်း များကို ဗြိတိသျှအစိုးရက အရေးယူရသည်အထိ ဖြစ်ခဲ့ဖူးသည်။
ထိုအချိန်က နဂါးနီအသင်း အရှိန်တက်နေသလို ခင်မောင်ရင်၏ နဂါးနီသီချင်းသည်လည်း နာမည်ကြီးသည်။ ဦးဘလှိုင်သည် နဂါးနီသီချင်း ကို ဆိုသည်။ လက်တွင် ဓားကိုကိုင်၍ နဂါးနီသီချင်းကို သီဆိုရင်း ကသည်။ ပထမတွင် အကြောင်းရင်းကို မသိ။ နောက်မှ သူ့ကျောင်းသားဟောင်းတွေကို ယိမ်းတိုက်ပေးရန် သူ လေ့ကျင့်နေမှန်း သိရသည်။
ထိုနှစ်က သူကိုယ်တိုင် ဦးစီးပြီး ရေအိုးစင်ချောင် ကျောင်းသား ဟောင်းအဖွဲ့ က အေးစေတီဘုရားသို့ နဂါးနီယိမ်းဖြင့် လာခဲ့သည်။
“ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်။
ရတနာခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည်”
သူ့သီချင်း၊ သူ့ယိမ်းနှင့် သူ့တပည့်တွေ စုစုစည်းစည်း ရှိလှသည်။
ဤသို့လျှင် ဦးဘလှိုင်သည် သူ့တပည့်တွေကို စုစည်းခဲ့သည်။ တပည့်တွေနှင့် ရင်းနှီးမှုကို ယူခဲ့သည်။
စကောက်အဖွဲ့မှာလည်း သူပင် ခေါင်းဆောင်၊ အားကစားမှာ လည်း သူ ရှေ့က။ ကျောင်းသားတွေနှင့် လုပ်ကိုင်လှုပ်ရှားနေရသည်ကို သူ အမြဲ မွေ့လျော်သည်။ ထို့ကြောင့်လည်း ကျောင်းသားတိုင်း၏ ယုံကြည် မှုကို ရခဲ့သည်။ ချစ်ခင်မှုကို ရခဲ့သည်။
ထို့ကြောင့် သူ ရိုက်နှက်ဆုံးမသည်ကို မည်သူကမျှ မငြိုငြင်ကြ ခြင်းဖြစ်သည်ဟု ထင်ပါသည်။
ကျောင်းဆရာသည် ကျောင်းသားအတွက် စံပြဖြစ်ရမည်ဟူသော အယူအဆကို သူ စွဲမြဲဟန်တူသည်။ သူသည် ဆေးလိပ်မသောက်။ ကွမ်း မစား။ အရက်ကိုကား ဝေးစွ။
သူနှင့် ပတ်သက်၍ မှတ်မိနေသော အဖြစ်အပျက် တချို့ရှိလေ သည်။
ပထမအချက်မှာ သားသမီးအပေါ် ဆုံးမပုံကလေးတစ်ခု ဖြစ်ပါ သည်။ ထိုစဉ်က ကျွန်တော့်အသက်မှာ လေးငါးခြောက်နှစ်ခန့်သာ ရှိဦးမည်ထင်သည်။ သူသည် ကျွန်တော့်ကို ငယ်စဉ်ကတည်းကပင် သွားလေရာ ခေါ်မြဲဖြစ်သည်။ ကျွန်တော့်တွင် ဖခင် ဘယ်သွားသွား လိုက်လိုသော အကျင့် ဖြစ်လာခဲ့သည်ဟု ဆိုရပေမည်။ တစ်ခါတွင်မူ အဖေသည် သား၏ ထို အကျင့်ကို ချေဖျက်လိုဟန် ရှိလာသည်။ ထို့ကြောင့် တစ်ကြိမ်၌ အဖေသည် ဈေးဘက်သို့ သွားမည်ပြုရာ ထုံးစံအတိုင်း ကျွန်တော်က လိုက်လိုကြောင်း ပြောသည်။ အဖေက မခေါ်ချင်။ ကျွန်တော်က လိုက်ချင်သည်။ ကျွန်တော် က ဆန္ဒပြသည်။ ကျွန်တော့်ဘက်တွင် အမေပါလာသည်။ ထိုအခါ အဖေ သည် စည်းကမ်းတစ်ခု ချလာ၏။
“ကောင်းပြီ။ သား လိုက်ချင်ရင် လိုက်ခဲ့။ ဒါပေမဲ့ ဈေးထဲမှာ ဘာမှ မပူဆာဘူး၊ အဝယ်မခိုင်းဘူးဆိုမှ လိုက်ခဲ့ရမယ်ဟူသော စည်းကမ်းတည်း။
ကျွန်တော်က ထိုစည်းကမ်းကို အလွယ်နှင့် လက်ခံလိုက်သည်။ သို့ဖြင့် ဈေးသို့ လိုက်ခွင့်ရလေတော့သည်။ ဈေးတွင်းရှိ ဆိုင်တစ်ဆိုင်၌ ကလေး ကစားစရာ အရုပ်တစ်ခုကို တွေ့သည်။ ကျွန်တော် လိုချင်သည်။ သို့ပေမဲ့ မပူဆာဝံ့။ စည်းကမ်းက ရှိနေသည်။ ကတိကလည်း ခံထားပြီး ဖြစ်သည်။ ထိုအရုပ်ကလေးကိုလည်း လိုချင်သည်။
ကျွန်တော် ဘာမျှမပြောတော့။ ထိုဆိုင်တွင် အဖေနှင့် ဆိုင်ရှင် ပစ္စည်းတစ်ခု အရောင်းအဝယ် လုပ်နေစဉ်မှာပင် ကျွန်တော်သည် ကျွန်တော် လိုချင်သော ထိုကာလတန်ဖိုး တစ်ပဲမျှပင်မတန်သော ကစားစရာကလေးကို အလစ်သုတ်လိုက်လေသည်။ အဖေလည်း မသိ။ ဆိုင်ရှင်လည်း မသိ။
အိမ်ရောက်၍ ကျွန်တော် ဝှက်ယူလာခဲ့သော ခိုးရာပါပစ္စည်း ကစား စရာကလေးကို တွေ့သောအခါ ပထမတွင် အဖေ ဒေါပွသည်။ ရိုက်မည် တကဲကဲ ပြုသည်။ ပြီးမှ... ၊
“အေး..ခုကိစ္စမှာ ဖေဖေ မှားတယ်။ ကလေးလိုချင်တာကို အဝယ် မခိုင်းရဘူးဆိုတဲ့ တစ်ချက်လွှတ်အမိန့်ဟာ ကလေးကို ပြစ်မှုအကျူးလွန် ခိုင်းသလို ဖြစ်သွားတယ်။ ဒီနည်းနဲ့ အဖေ့သား သူခိုးဖြစ်သွားရင် ဖေဖေထက် မိုက်တဲ့ မိဘရှိဦးမလား ဆိုကာ အိမ်တွင် လာနေသော သူ့ညီဝမ်းကွဲနှင့်အတူ//
ကျွန်တော့်ကို ဈေးသို့ ပြန်သွားစေသည်။ အရုပ်ခိုးယူခဲ့ရာဆိုင်ကိုသွားပြီး ဝန်ချ တောင်းပန်စေသည်။
ကျွန်တော် ရုတ်တရက် မသွားရဲ။
ဒါဟာ ကြောက်စရာ မဟုတ်ဘူး သား။ သူများပစ္စည်း ခိုးတာ ကသာ ကြောက်စရာ။ ခုဟာက ဝယ်ဖို့သွားတာ။ ကိုယ့်မှာရှိတဲ့အပြစ် ပျောက် သွားအောင် တောင်းပန်တာ။ ဒါဟာ ကြောက်စရာ မဟုတ်ဘူး” အဖေပြောခဲ့သည်မှာ သည်မျှသာ ဖြစ်ပါသည်။ သို့သော် ယနေ့ ပြန်လည် ဆင်ခြင် မိသောအခါ မသိ၍ ကျူးလွန်မိသော ပြစ်မှုတစ်ခုအတွက် ဝန်ချတောင်းပန် ရန် ဝန်မလေးသင့်ဟူသော အချက်ဖြစ်ပါသည်။
နောက် ဖြစ်ရပ်တစ်ခုမှာ အားကစားကိစ္စတွင် အကြောင်းခံပါသည်။ အဖေသည် အားကစားတွင် စိတ်ဝင်စားသည်။ ကျောင်းအားကစားလုပ်ငန်း များကို သူ ဦးစီးသည်။ သူ့သားကိုလည်း သူသည် အားကစားသမား ဖြစ်စေချင်ဟန် တူပါသည်။ သို့သော် ကျွန်တော်သည် အားကစားတွင် စိတ်မဝင်စားချေ။ အဖေသည် ကျွန်တော့်ကို အားကစားတွင် ပါဝင်ရန် အမျိုးမျိုး ဖျောင်းဖျသည်။ မရပါ။ နောက်ဆုံး၌ လာမည့် ဒီဇင်ဘာ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ခုခု၌ မပါမနေရဟု အမိန့်ထုတ်လေတော့ သည်။ ပြီး သူ့သားသည် မည်သည့်အားကစားနည်းနှင့် သင့်မည်နည်း စမ်းသပ်လေသည်။ အားကစား ဝါသနာမပါလှသော သားသည် အားကစား တွင် ဘယ်ဘက်မှာမှ မဝံ့။ သို့သော် သူ စိတ်မလျှော့။ အိုးရိုက်ပွဲတွင် ပါကိုပါရမည်ဟု ဆုံးဖြတ်သည်။
အိုးရိုက်ပွဲ၏သဘောမှာ မျက်နှာကို အဝတ်စည်းပြီး အိုးချိတ်ဆွဲ ရာသို့ သွား၍ အိုးကို တုတ်နှင့်ရိုက်ရခြင်း ဖြစ်သည်။ ခက်ခဲသောအလုပ် မဟုတ်ပေ။ ထို့ကြောင့် ဤအားကစားမှုမှာတော့ ထိုသားသည် ပါဝင်နိုင် ရမည်ဟု အဖေ ယူဆပုံရလေသည်။
သို့ဖြင့် အိုးရိုက်ပွဲပါဝင်ရေးအတွက် ကြိုတင်လေ့ကျင့်မှုများ လုပ်လေ တော့သည်။ လေ့ကျင့်မှု အကြိမ်ကြိမ်ကား လုပ်ပါ၏။ ဘယ်အကြိမ်တွင်မျှ အပေါက်လမ်းမတည့်။ သို့သော်လည်း ပြိုင်ပွဲတွင်ကား ပါဝင်ရလေသည်။
ပြိုင်ပွဲကြီးကြပ်သူသည် ကျွန်တော့်မျက်နှာကို အဝတ်စည်းသည် ကား မှန်ပါ၏။ သို့သော် အဝတ်မှာ တစ်ထပ်တည်း။ ထို့ကြောင့် ကျွန်တော် အိုးကို ခပ်ရေးရေး မြင်ရသည်။ သို့ဖြစ်ရာ အိုးရှိရာသို့ ကျွန်တော် တည့်တည့် မတ်မတ် ရောက်သည်။ အိုးကို ခပ်ပြင်းပြင်း ရိုက်ခွဲပစ်လိုက်သည်။ ထိုပြိုင်ပွဲ တွင် ကျွန်တော် ပထမ။ အဖေသည် ဝမ်းသာမဆုံးတော့။ ကျွန်တော်တို့ ပြိုင်ပွဲဝင်ရာသို့ အပြေးရောက်လာသည်။ ကျွန်တော့်ကို ချီးကျူးသည်။ အိမ်မှာ တစ်လျှောက်လုံး စမ်းသပ်ခဲ့သမျှ မစွဲခဲ့ဘဲ ယခု တကယ့်ပွဲ၌ တစ်ဖြောင့်တည်း ရိုက်နိုင်သည်ကို သူ အတော်ပင် အံ့သြနေပုံရလေသည်။ ထိုအခါ ကျွန်တော် မနေနိုင်တော့။
ပထမရမှာပေါ့ ဖေဖေရဲ့။ ကျွန်တော်က အိုးကို မြင်နေရတာပဲဟာ”
အဖေသည် ချက်ချင်း မျက်နှာပျက်သွားသည်။ ကျွန်တော့်ကို လူပုံ လယ်မှ ဆွဲခေါ်သည်။ လူသူဝေးရာရောက်မှ တိုးတိုးကျိတ်ကျိတ်မေးသည်။
“သား မြင်ရတယ်ဆိုတာ တကယ်လား” ကျွန်တော်က အမှန်ကို ဖြေသည်။
အဖေ မျက်နှာမသာတော့။ ညနေ အိမ်ပြန်ရောက်လျှင် ထိုပြိုင်ပွဲ ကြီးကြပ်သူကို အခေါ်ခိုင်းသည်။ ကြီးကြပ်သူရောက်လာသောအခါ နေ့လယ်က အဖြစ်အပျက်နှင့် ပတ်သက်၍ ကျွန်တော့်ကို မေးမြန်းသည်။ ကျွန်တော်လည်း အဖြစ်မှန်ကို ပြောသည်။
“ခုလိုဖြစ်ရတာ မကောင်းဘူး။ မင်းက ဘာဖြစ်လို့ ကလေးမျက်နှာ ကို အဝတ်ပါးပါး တစ်ထပ်တည်း စည်းပေးရတာလဲ”
ဆရာတို့ သားအဖ နေ့တိုင်း လေ့ကျင့်နေတာ တွေ့နေတော့ ဆရာ ရော ဆရာ့သားပါ ဘယ်လောက် ပင်ပန်းတယ်ဆိုတာလည်း ကျွန်တော် သိတယ်။ ဒီလောက် ပင်ပန်းခံလျက်နဲ့ ဒီကလေး ဆုမရရင် ဆရာလည်း စိတ်ပျက်မယ်။ ကလေးလည်း စိတ်ဓာတ်ကျမယ်။ ဒါကြောင့် ဆရာလည်းကျေနပ်၊ ကလေးလည်း ကျေနပ်ရောဆိုပြီး လုပ်လိုက်တာပဲ” ကြီးကြပ်သူက အရိုးခံနှင့် ဖြေသည်။
သို့သော် အဖေက ဘဝင်မကျ။