Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဘဝသစ်ဦးအောင်ကျော် - မြန်မာမှုအင်္ဂလိပ်စာ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

မြန်မာမှုအင်္ဂလိပ်စာ

          မျှော်မှန်းချက်ကြီးမားတဲ့ ဒီကနေ့ မြန်မာလူငယ်များအတွက် အင်္ဂလိပ် စာတတ်ဖို့၊ အထူးသဖြင့် အင်္ဂလိပ်လိုပြောတတ်ဖို့ လိုအပ်ကြောင်းကို ဆရာ ဇော်ဂျီလေသံနှင့် ပြောရရင် “မင်းသိ၊ ငါသိ၊ အားလုံးသိ” ဖြစ်ပါတယ်။ ကမ္ဘာနဲ့ မြန်မာ အိမ်ဦးနဲ့ ကြမ်းပြင်လို ကူးလူးဆက်ဆံနေကြပြီး မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားဦးရေနဲ့ ပြည်ပကို သွားရောက်ကြမယ့် မြန်မာတိုင်းရင်းသားဦးရေကလည်း ကြာလေလေဖြစ်နေသကိုး။ ဒီတော့ ခေတ်ပေါ်လုပ်ငန်းအမျိုးမျိုးနဲ့ တိုးတက်ကြီးပွားမှုကို ရှာကြံလိုသူတွေ တစ်နေ့ တခြား ဒီရေအလားတိုးပွားလာနေတဲ့၊ နိုင်ငံခြားသားများ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီအမျိုးမျိုးမှာ လုပ်ကိုင်လိုသူတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို သွားရောက်လိုသူတွေအတွက် အင်္ဂလိပ်စကားတတ်ဖို့ အထူးလိုအပ်ပြီပေါ့။

          အဲဒီအထဲကမှ ထပ်ဆင့်ခွဲခြားပြီး အင်္ဂလိပ်လိုပြောရာမှာ ရွှေမြန်မာတွေ အတွက် ဘာအကြောင်းအရာတွေကို ပြောတတ်ဖို့ အလိုအပ်ဆုံးပါလိမ့်လို့ အနုစိတ်စဉ်းစားပြန်တော့ မြန်မာမှုဆိုတဲ့အဖြေထွက်လာပါတယ်။ ဟုတ်တယ် လေ၊ နိုင်ငံခြားသားတွေ၊ တိုးရစ်တွေ၊ မြန်မာတွေနဲ့ စကားပြောရာမှာ သူတို့ သိချင်ဆုံးကတော့ မြန်မာမှုတွေပဲပေါ့။ မြန်မာ့ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်း၊ အစားအသောက်၊ အဝတ်အစား၊ ရာသီဥတု စတာတွေကိုပဲ သူတို့မြန်မာတွေကို မေးမြန်းကြမှာပေါ့။

          တစ်လောက စာစောင်တစ်ခုမှာ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။လူတစ်ယောက်က အနောက်တိုင်းရေးရာတွေ၊ အထူးသဖြင့် အမေရိကန်ရေးရာ တွေကို အရမ်းစိတ်ဝင်စားပြီး အထူးလေ့လာမှတ်သားထားသတဲ့။ အဲဒါ အမေရိကန်နှစ်ယောက်နဲ့ လား တွေ့တော့ သူ အမေရိကန်အကြောင်း ဘယ်လောက်သိပါတယ်ဆိုတာ ကြွားချင်တာလည်းပါတယ် ထင်ပါရဲ့။ အမေရိကန်အကြောင်းကို အကြာကြီး ပြောပြလိုက်ပါသတဲ့။ အမေရိကန် နှစ်ယောက်က သူပြောတာတွေကို ခပ်ပြုံးပြုံးနဲ့ နားထောင်ကြပြီး သူ့စကားဆုံးတော့မှ ခင်ဗျား ဒါတွေကို ဘာလို့ ကျွန်တော်တို့ကို ပြောပြနေသလဲ၊ ကျွန်တော် တို့ သိပြီးသားတွေပဲ၊ ကျွန်တော်တို့သိချင်တာက ခင်ဗျားတိုင်းပြည်အကြောင်းပဲ၊ အဲဒါတွေကို ပြောပြပါလားဆိုတာမျိုး ပြန်ပြောတော့မှ သူပက်လက်လန်သွားပြီး သင်ခန်းစာရသွားသတဲ့။

          အဲဒီဆောင်းပါးဖတ်ရတော့ ဟုတ်လိုက်လေလို့ ထောက်ခံမိပါတယ်။ နိုင်ငံခြားသားတွေကို သူတို့ နိုင်ငံတွေအကြောင်း သွားပြောနေလို့ ဘာလုပ်ရမှာ လဲ။ သူတို့သိချင်တဲ့မြန်မာမှုအမျိုးမျိုးကို ပြောပြမှသာ သူတို့ စိတ်ဝင်စားမှာပေါ့။ ဒီတော့ နိုင်ငံခြားသားတွေနဲ့ ဆိုလိုမှုတ်ချင်သူများအဖို့ ပထမဆုံးပြောတတ်ဖို့ လိုတာကတော့ မြန်မာမှုအမျိုးမျိုးပဲဆိုတာ သတိမူဖို့ လိုပါတယ်။

          မြန်မာမှုဆိုတာကလည်း ပြောတော့သာလွယ်တာ။ တကယ်တိတိ ကျကျ မှန်မှန်ကန်ကန်ပြောတတ်ဖို့ကျတော့ မလွယ်ဘူး။ ဥပမာ-ဘုရား အကြောင်းပြောရင် ဓာတ်တော်တို့၊ ဌာပနာတာတို့၊ လက်ယာရစ်လှည့်တာတို့၊ အမျှဝေတာတို့၊ မေတ္တာပို့တာတို့၊ ဗေဒင် မေးတာတို့၊ ယတြာချေတာတို့လို ဝေါဟာရတွေကိုသိဖို့၊ သုံးတတ်ဖို့လိုလာပြီ။ အဲဒီအသုံးအနှုန်းမျိုးတွေ ကလည်း အများသူငါ အင်္ဂလိပ်စာတတ်သူတွေဖတ်ကြတဲ့ Time တို့ Newsweekတို့၊ Reader's Digestတို့လိုအနောက်နိုင်ငံကလာတဲ့ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေမှာ မတွေ့ရနိုင်ဘူး။ မြန်မာပြည်မှာ လာရောက်နေထိုင် သွားပြီး မြန်မာမှုကို စိတ်ဝင်စားတဲ့ အနောက်တိုင်းသားတွေ၊ အင်္ဂလိပ်စာ တတ် မြန်မာတွေရေးတဲ့ မြန်မာမှု စာအုပ်မျိုးတွေကို ဖတ်ရှုလေ့လာ မှတ်သားမှသာ တတ်သိနိုင်တယ်။ ပြီးအင်္ဂလိပ်စာတတ်တဲ့ မြန်မာအများစုကလည်း အနောက်တိုင်းထုတ် စာအုပ်တွေကိုသာ အားသွန်ဖတ်ရှုကြပြီး မြန်မာမှုစာအုပ်တွေကို အဖတ်နည်းတတ်ကြလေတော့ အထွေထွေသုံးအင်္ဂလိပ်စာကို အတော်အတန် တတ်ကြသူတွေတောင် မြန်မာမှုကို အသေးစိတ်ဖော်ပြရာမှာတော့ အခက် တွေ့ တတ်ကြပါတယ်။ ဒီအခန်းဆက်ဆောင်းပါးမှာ အဲဒီလိုအပ်ချက်ကို တတ်အားသမျှ ဖြည့်စွက်တဲ့အနေနဲ့ နိုင်ငံခြားသားများနဲ့ ပြောဆိုရာမှာ မြန်မာလူမျိုး ပြောတတ်ဖို့သင့်တဲ့၊ လိုအပ်တဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေ၊ ဝါကျတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ သိပ်မသေးလှတဲ့ အဲဒီတာဝန်ကို ကိုယ့်ကိုယ်ကိုယ် တော်လှပြီ၊ တတ်လှပြီဆိုတဲ့ အသိနဲ့ ယူတာမဟုတ်ပါဘူး။ အင်္ဂလိပ်စာသင်ပြမှုနဲ့ တစ်သက်လုံး အသက်မွေးလာခဲ့ပေမဲ့ကိုယ့်ကိုယ်ကိုယ် ထာဝရ ကျောင်းသားကြီးတစ်ဦးမျှသာ ဖြစ်တယ်လို့ ခံယူထားတဲ့အလျောက်ကျောင်းသားငယ်ကို ကျောင်းသားကြီးက တတ်သမျှ မှတ်သမျှ ကူညီသင်ပြ ပေးတဲ့ သဘောသာဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ ဒီကနေ့ အဲဒီ တာဝန်ကို ထမ်းဆောင်နေသူ သိပ်မတွေ့ရလို့သာ ခေတ်ရဲ့ အပူတပြင်း လိုအပ်ချက်တစ်ရပ်ကို ကိုယ်တတ်အားသမျှ ဝင်ဖြည့်ခြင်း ဖြစ်ပါတယ်။ စကားလက်စမသတ်ခင်မှာ နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်လို စကားကောင်းကောင်း ပြောနိုင်ချင်ရင် မြန်မာမှုစာအုပ် ဆောင်းပါးမျိုးစုံကို ရှာဖွေစုဆောင်း ဖတ်ရှုလေ့လာသင့်ကြကြောင်း ထပ်လောင်းဆော်သြလိုက်ပါတယ်။ ကဲ စပါပြီ။ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ရွှေတိဂုံဘုရားအကြောင်းနဲ့ စပါမယ်။