Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ဝထ္ထုတိုပေါင်းချုပ်(၃)

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out
ခေါင်းလောင်းထိုးသံ
[]

ကောင်းကင်ပြင်တစ်ခုလုံးသည် ညိုညိုမှိုင်းမှိုင်းနေ၏။

          မြေကြီးမှ တရိပ်ရိပ် တလွင့်လွင့်နှင့် တက်နေသော မီးခိုးများသည် မြေကြီးနှင့်ဝေး၍ ကောင်းကင်ပြင်သို့ တက်လာသည်နှင့်အမျှ ပျံ့နှံ့ကာ လွင့်ပါးနေကြပါ၏။ အာကာသက လေဆောင်သဖြင့် မီးခိုးမှိုင်းများသည် ကောင်းကင်ပြင်တစ်ခုလုံးတွင် ပျံ့နှံ့လှုပ်ရှားကာ ညိုညိုမှိုင်းနေစေသည်။

          ပြာသောကောင်းကင်သည် မရှိတော့။ အဘယ်စကြာဝဠာသို့ ထွက်ပြေးပုန်းအောင်းနေပါပြီလဲ။ ပြာသောကောင်းကင်ပြင်သည်ကား မရှိ တော့။ ဆိတ်သုဉ်းလေပြီ။

          မြေကြီးပြင်မှတက်လာသော မီးခိုးမှိုင်းများသည် ကောင်းကင်မှာ ပျံ့လွင့်နေ၏။ ရှိနေ၏။

          မငြိမ်းသာက သူမ ပင်ပန်းခြင်းကြီးစွာနှင့် ရပ်၍နေရာသော မြေကြီးပေါ်မှ တသကြေကွဲခြင်းဖြင့် ကောင်းကင်ကို လွမ်းဆွတ်စွာ မော်၍ ကြည့်နေသည်။ စိတ်၏ ချမ်းမြေ့ကြည်နူးခြင်းကို ပေးတတ်သော ကောင်း ကင်ပြာပြာကို ကြည့်ချင်မြင်ချင်၍နှင့် တူပါ၏။ ပြီးတော့ တစ်ယောက် တည်း။

          ပြာသောကောင်းကင်သည်ကား မရှိတော့..

          ကောင်းကင်ပြင်တစ်ခုလုံးသည် ညိုညိုမှိုင်းနေ၏။

          ဗန်းမော်တင်အောင် သူမ ပင်ပန်းကြီးစွာ တစ်ယောက်တည်း ရပ်နေရသော မြေကြီး ပြင်မှ တရိပ်ရိပ် တလွင့်လွင့်နှင့်တက်နေသော မီးခိုးမှိုင်းများသည်သာ ကောင်း ကင်ပြင်မှာ ပျံ့လွင့်နေ၏။ ရှိနေ၏။

          သို့ရာတွင် မငြိမ်းသာက မျှော်လင့်ခြင်း ကြီးမားစွာဖြင့် ကောင်း ကင်ပြင်ကို မော့ကြည့်နေတုန်းပင် ဖြစ်ပါ၏။ ပြာသောကောင်းကင်ကို မတွေ့ ရသဖြင့် ဝမ်းနည်းတသ မိလာသလားကား မပြောတတ်။ ပုလဲဥလို မျက် ရည်ပေါက်များက မျက်လုံးအိမ်မှ ပါးပြင်ပေါ်သို့ တစ်ပေါက်ပြီးတစ်ယောက် စီးဆင်းကျလာနေပါ၏။

          ကောင်းကင်ပြင်ကား ညိုညိုမှိုင်း၍သာနေပါ၏။

[]

          မြေကြီးတစ်ပြင်လုံးသည် နီနေ၏။

          လူ့သွေးများ...သွေးများ.....လူ့သွေးများဖြင့် ချောင်းစီးကာ ခြင်း ခြင်းနီနေပါ၏။ မြေကြီးတစ်ပြင်လုံးမှာ ရဲရဲနီနေပါ၏။ သွေးများ... လူ့ သွေးများ...

          မငြိမ်းသာက ပြာသောကောင်းကင်ပြင်ကို တသခြင်းအား ဆုံးရှုံး စွန့်လွှတ်ရသောအခါ၌ မျက်ရည်ကြီးငယ်ဖြင့် သူမ အနိုင်နိုင် အားခဲကာ ရပ်နေရသော မြေကြီးပြင်ကို ဝမ်းနည်းပက်လက် ငုံ့၍ကြည့်မိပြန်သည်။

          ရေ၊ မြေ၊ တော၊ တောင်၊ မြစ်၊ ချောင်း၊ သမုဒ္ဒရာ၊ အင်းအိုင်၊ လူနေအိမ်ခြေများဖြင့် တစ်ခါက အင်မတန် သာယာစိုပြည်ခဲ့သော မြေ ကြီးက ဘယ်မှာလဲကွယ်။

          ကောင်းကင်၌ ဆုံးရှုံးရခြင်းကို သက်သာစေအံ့အလို့ငှာ မြေကြီး ကိုငုံ့၍ ကြည့်မိပြန်သောအခါ၌လည်း မငြိမ်းသာတစ်ယောက်အတွက်မှာမူ ဘယ်မှာများလည်း သက်သာခြင်းရယ်..... ။

          မြေကြီးသည် ခြောက်သွေ့ ကာ အက်ကွဲနေပါ၏။ မီးလောင်မြေ..

          သစ်ပင်၊ ပန်းပင်တို့သည်လည်း မည်းနက်သော ငုတ်တိုများဖြင့် သာ ကျန်ရစ်၏။

          မြို့ရွာတိုက်ဟာ အိမ်ခြေများအားလုံးသည် လဲပြိုကွဲကာ ပြာပုံ အတိသာ ရှိပါ၏။

ဘယ်မှာလဲ သက်သာခြင်းရယ်..မငြိမ်းသာက သက်သာခြင်းကို မြည်တမ်းနေသည်။ ဤမြေကြီးပြင်ပေါ်မှာ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်တော့သော သတ္တဝါတစ်ကောင်လို သက်သာခြင်းကို ရှာနေပါ၏။ “ဘယ်မှာလဲ” သက်သာခြင်းရယ်...

          သက်သာခြင်းကိုကား မတွေ့ရ၊ သက်သာခြင်းသည်လည်း ကောင်း ကင်နှင့် မြေကြီးလို ဆိတ်သုဉ်း၍များ သွားနေလေပြီလော။ မငြိမ်းသာက စိုးရွံ့စွာဖြင့် သက်သာခြင်းကို ရှာနေ၏ ။ သက်သာခြင်းကိုကား မတွေ့ရ။

          မီးလောင်ထားသော မြေကြီးပြင်၏ တိုက်ပြိုတိုက်ပျက်များ၊ လမ်း ကြိုလမ်းကြားများမှ သွေးများ၊ သွေးများသည် ခြင်းခြင်းနီ စီးဆင်း၍ ထွက်နေပါ၏။ ဤသွေးများသည် ကောင်းကင်ပြင်တစ်ခုလုံးအား မီးခိုး မှိုင်းများက ဖုံးလွှမ်းသွားသလို မြေကြီးတစ်ပြင်လုံးလည်း ဖုံးလွှမ်းသွားလိမ့် ဦးမည်လော။

          မငြိမ်းသာက ကောင်းကင်ကို မျှော်လင့်စွာ မော့ကြည့်ခဲ့ပါ၏။

          ကောင်းကင်၌ မျှော်လင့်ခြင်းကို မတွေ့ရသောအခါ စိတ်ပျက် ဝမ်းနည်းခြင်းများဖြင့် သူမ ရပ်နေသော မြေကြီးကို ငုံ့၍ကြည့်မိပြန်ပါ၏။

          လူ့သွေးများ...သွေးများ၊ လူ့သွေးများဖြင့် ချောင်းစီးကာ ခြင်းခြင်း နီနေပါ၏။ မြေကြီးတစ်ပြင်လုံးမှာ ရဲရဲနီနေပါ၏။ သွေးများ...လူ့သွေးများ..

            မြေကြီးတစ်ပြင်လုံးကား နီနေ၏။

[]

          ကောင်းကင်ပြင် တစ်ခုလုံးသည် ညိုညိုမှိုင်းနေ၏။

          မြေကြီးတစ်ပြင်လုံးသည် နီနေ၏။

          ဤကောင်းကင်နှင့် မြေကြီး၏အကြားမှာ မငြိမ်းသာတစ်ယောက် က သက်သာခြင်းကို ရှာဖွေနေပါ၏။ ပြာနေသော ကောင်းကင်ကိုလည်း ရှာ၏။ စိမ်းလန်းစိုပြည်၍ သာယာခဲ့သော ရေ၊ မြေ၊ တော၊ တောင်နှင့် လူနေအိမ်ခြေကိုလည်း ရှာခဲ့၏။ ထိုသက်သာခြင်းများကိုကား တစ်ခု မတွေ့ခဲ့ရ၊ ဘယ်ရောက်သွားကြပြီလဲကွယ်။

          မြေကြီးပြင်မှ ဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့သောမီး၏ မီးခိုးများက ပြောသော ကောင်းကင်ပြင်တစ်ခုလုံးဆီသို့ တရိပ်ရိပ်တက်ကာ ညိုညိုမှိုင်းနေစေပါ၏။

          မြေကြီးကို သာယာစိုပြည်စေခဲ့သော လူများနှင့် သူတို့၏ အစု အဝေးကို စစ်ဆိုသော သတ္တဝါကြီးက ဖောက်ခွဲဖြိုဖျက်ကာ လောင်တိုက် သွင်းသွားခဲ့သည်မှာ ဘယ်လောက်များ ကြာခဲ့သေးလို့ပါလဲ။

          မငြိမ်းသာက ထိုစစ်ဆိုသော ကြမ်းတမ်း ရက်စက်လှသည့် သတ္တဝါ ကြီးကို မျက်ဝါးဝါးထင်ထင် တွေ့မြင်လိုက်ခဲ့ရ၍ ထိုသတ္တဝါကြီး၏ လက် ချက်ဖြင့်ပင် ဘယ်လောက်များ အသည်းနာဖွယ်ရာများကို ဆက်ကာ ဆက်ကာ အလူးအလဲ ခံခဲ့ရပါပြီလဲ။

          မြေကြီးတစ်ပြင်လုံးသည် သွေးများ၊ လူ့သွေးများဖြင့် ခြင်းခြင်းနီ နေပါ၏။ လူပေါင်း ဘယ်လောက်တောင် ဖမ်းစားသတ်ဖြတ်ခြင်းခံခဲ့ရ၍ ဤသွေးများက မြေကြီးတစ်ပြင်လုံး ဖုံးလွှမ်းလုမတတ် စီးထွက်နေရပါသလဲ။

          မငြိမ်းသာ သိသောစာရင်းတွင် လူလေးယောက်ပါရှိ၏။

          မငြိမ်းသာက ဘုရင်ဂျီဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမယောက်ျား ကိုသက်ရှည်က ဗုဒ္ဓဘာသာ မြန်မာ လူမျိုး ဖြစ်သည်။ မငြိမ်းသာနှင့် ကိုသက်ရှည်တို့ လင်မယားနှစ်ယောက် တွင် သားသမီးသုံးယောက် ရှိပါ၏။ သားအကြီး မောင်ဘခင်က ကွန်မြူနစ် လူငယ်တစ်ဦးဖြစ်၍ သမီးအလတ် ကြေးယုံက သူနာပြုဆရာမ ဖြစ်လေ သည်။ သားအထွေးဆုံး မောင်မြမောင်က ကျောင်းသား ဖြစ်သည်။

          မငြိမ်းသာရဲ့ ယောက်ျား ကိုသက်ရှည်က ဂျပန်ဗုံးကြဲစဉ်က ဗုံးဆန် မှန်၍ သေဆုံးသွားကာ သားအငယ်ဆုံး မောင်မြမောင်က အင်္ဂလိပ်နှင့် ဂျပန် တိုက်ပွဲဖြစ်ပွားသဖြင့် ကျည်ဆန်မှန်ကာ သေဆုံးသွားခဲ့ရပြန်သည်။ သား အကြီး မောင်ဘခင်ကို ဂျပန်ကင်ပေတိုင်များက အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်၍ ဘယ်အရပ်မှာ သစ်ပစ်လိုက်သည်ကိုကား မသိခဲ့ရ။ သမီး မကြေးယုံကအင်္ဂလိပ်တပ်များနှင့် အိန္ဒိယသို့ လိုက်ပါသွားစဉ်က ဂျပန်လေယာဉ်က ပစ်ခတ်သော စက်သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးသွားခဲ့ရ၏။

          မငြိမ်းသာ သိသောစာရင်းတွင် စစ်ဆိုသော သတ္တဝါကောင်ကြီး၏ လက်ချက်ဖြင့် လူလေးယောက် သေဆုံးသွားခဲ့ရပြီ ဖြစ်ပါ၏။ သည့်အပြင် သူလို ဆုံးရှုံးခြင်းခံရသော ဇနီးသည်ပေါင်း၊ မိခင်ပေါင်း အဘယ်မျှ ရှိနေ လိမ့်ဦးမည်နည်း။

          ယခုမူ မငြိမ်းသာသည် လင်သည်ဆုံးရှုံးခြင်း ခံခဲ့ရသော ဇနီး သည်အဖြစ်နှင့် လည်းကောင်း၊ သားသမီးသုံးယောက် ဆုံးရှုံးခဲ့ရသော မိခင်အဖြစ်နှင့် လည်းကောင်း တစ်ယောက်တည်းသော မုဆိုးမ မိခင်အဖြစ် ဤမြေကြီးနှင့် ကောင်းကင်၏အကြားမှာ ရပ်နေပါ၏။

          ပြာသောကောင်းကင်ကလည်း မရှိတော့...

          စိမ်းလန်းသော၊ သာယာသော ဤမြေကြီးပြင်၌လည်း မီးလောင် မြေနှင့် အပြိုအပျက်များအကြားမှ သွေးများ...လူ့အသွေးများ...

          ကောင်းကင်သည် ညိုညိုမှိုင်းနေ၏။ မြေကြီးကား ရဲရဲနီသော သွေးများဖြင့် ဖုံးလွှမ်းပေကျံနေပါ၏။

[ ၄ ]

          သွေးများ... လူ့သွေးများဖြင့် ခြင်းခြင်းနီနေသော မြေကြီးနှင့် ညိုညိုမှိုင်းနေသော ကောင်းကင်၏အကြားမှာ မငြိမ်းသာက တစ်ယောက် တည်း ပင်ပန်းကြီးစွာဖြင့် ရပ်နေရပေသည်။

          မိုးနှင့်မြေ၏ ပတ်ဝန်းကျင်မှာ သာယာခြင်း ဘာတစ်ခုမျှမရှိ။ ကြောက်မက်ဖွယ်ရာများဖြင့်သာ ဖုံးလွှမ်းခြိမ်းခြောက်လျက် ရှိနေပါ၏။

          မငြိမ်းသာသည် ပင်ပန်းလျက် ရှိ၏။ ကြောက်ရွံ့လျက်ရှိ၏။ ဒါမျှ မကသေး ဝမ်းနည်း၍ ယူကျုံးမရလည်း ဖြစ်နေပါ၏။

          လင်နှင့်တကွ သားသမီး သုံးယောက်စလုံးကို စစ်ဆိုသော သတ္တဝါ ကြီးက သူမ၏ နှလုံးသည်းပွတ်များအကြားမှ ရက်ရက်စက်စက် ဆွဲဆုတ်၍ ယူသွားခြင်းကို နာကျင်ခြင်းကြီးစွာဖြင့် ခံလာခဲ့ရပြီးသည့်နောက် သူမ၏နေအိမ်နှင့် လူ့တစ်လောကလုံးကို သွေးများ...သွေးများဖြင့် ရဲရဲနီပေကုန် စေကာ ဖုံးလွှမ်းသွားစေခဲ့ပြီ ဖြစ်ပါ၏။ အပြိုအပျက်နှင့် မီးလောင်မြေကို သာ ကျန်ရစ်ခဲ့စေပါ၏။

          ယခုမူ မငြိမ်းသာသည် မုဆိုးမ ဖြစ်ပါ၏။ သားသမီးများနှင့်တကွ အိုးခြေအိမ်ခြေများ အားလုံးကိုလည်း ဆုံးခဲ့ရပြီးဖြစ်၍ တစ်ယောက်တည်း သာ ကျန်ရစ်ခဲ့ရပါ၏။

          သူမ၏ လူ့တစ်လောကလုံးသည် ဟင်းလင်းပွင့်၍ လွင်တီးခေါင် ပမာ ဗလာကျင်းနေ၏။

          သာယာစရာမရှိ၊ ပျော်မွေ့စရာမရှိ အဆိုးဆုံးတစ်ခုက မျှော်လင့် ခြင်း မရှိတော့ခြင်း ဖြစ်ပါ၏။

          တစ်ယောက်တည်း မြေကြီးပေါ်မှာ လင်သေ၊ သားသမီးများ ဆုံးရှုံး၍ အသက်ရှင်နေရခြင်း၌ မည်သို့များ အနက်အဓိပ္ပာယ် ရှိနိုင်ပါဦး မည်နည်း။ တကယ်သာဆိုတော့ ဤအဓိပ္ပာယ် မရှိခြင်းမှာ မငြိမ်းသာတစ်ယောက်မျှသာ မဟုတ်။ စစ်ကြောင့် မုဆိုးမတွေ ဘယ်လောက်များရှိနေ ပါပြီလဲ။ စစ်ကြောင့် သားဆုံးရသော မိခင်တွေ ဘယ်လောက်များ ရှိနေ ပါပြီလဲ။

          စစ်...စစ်...စစ်... ။

          စစ်သည် လူ့လောကသို့ မရောက်လာမီပင် မိခင်တို့သည် ငိုရ၏။ မယားတို့သည် ငိုရ၏။ သားသမီးတို့သည်လည်း ငိုရ၏။

          စစ်ရောက်လာသော ကာလ၌ မိခင်နှင့်တကွ သားသမီးများ အားလုံးပါ အတူတူ ရော၍ငိုရ၏။ ။

          စစ်ပြီးသွားသော အခါ၌ကား... မငြိမ်းသာသည် မငိုနိုင်တော့။ ငိုပါဦးလား မငြိမ်းသာရယ်...

          ငိုဖန်များ၍ မျက်ရည်ကို ကုန်နေပါပြီလော။ ငိုရဖန်များ၍ ငိုရခြင်းကို ကြောက်ရွံ့ နေပါပြီလား မသိ။

          ငိုလေ...မငြိမ်းသာ၊ ငိုလေ... မငြိမ်းသာက မငိုနိုင်တော့..

( ၅ )

ကောင်းကင်သည် ညိုညိုမှိုင်းနေတုန်းပင် ဖြစ်ပါ၏။

          မြေကြီးသည်လည်း သွေးများ..လူ့သွေးများဖြင့် ရဲရဲနီနေတုန်းပင် ဖြစ်ပါ၏။

           မငြိမ်းသာက သက်သာရာလမ်းကို ရှာဖွေမတွေ့ဘဲ တစ်ယောက် တည်း ပင်ပန်းစွာနှင့် ရပ်နေရစဉ် မကြာမီကလေးကမှ မိုးကုတ်စက်ဝိုင်း ဘက်ဆီသို့ ဝင်ရောက်ပြေးသွားသော စစ်ဆိုသည့် သတ္တဝါကြီးက မိုးကုတ် စက်ဝိုင်းဆီမှပင် ပြန်၍ လှုပ်လှုပ်ရွရွနှင့် လုပ်၍နေပြန်ပါကော...

          မငြိမ်းသာက ကြောက်ရွံ့စွာ ရပ်နေရာမှ လက်တစ်ဖက်တွင် အဏုမြူနှင့် ဟိုက်ဒရိုဂျင် ဗုံးကြီးများကိုကိုင်ကာ နောက်တစ်ဖန် ထပ်၍ ပြန်ပြေးလာဦးမည့်သဏ္ဌာန်ဖြင့် လှုပ်လှုပ်ရွရွလုပ်နေသော သတ္တဝါကြီးကို ရုတ်တရက် မြင်လိုက်ရသောအခါ၌ ငယ်သံပါအောင် တအားကုန်အော်၍ သတိလစ်ကာ ပြေးမိပြေးရာသို့ စွတ်ရွတ်၍ ပြေးလေ၏။

          မငြိမ်းသာတစ်ယောက် စိတ်များနောက်သွားရှာလေပြီလား မသိ နိုင်ပါ။ ဟုတ်မည်တော့ မထင်ပါ။ ခမျာ ကြောက်ရှာ၍သာ ဖြစ်ဟန်တူပါ၏။

           သည်လို ပြေးမိပြေးရာပြေးရင်း မိုးကုတ်စက်ဝိုင်းဆီမှ သူ ရောက် လာမည့်အရေးကို မြူးထူးဟစ်အော် ခြိမ်းခြောက်လိုက်သော စစ်သတ္တဝါ ကြီး၏ အမင်္ဂလာသံကြီးကို နားကွဲလုမတတ် ကြားလိုက်ရသောအခါ၌ ပြေးမိပြေးရာ စွတ်ရွတ်၍ ပြေးနေရာက သူမနှင့် မလှမ်းမကမ်း တောင် ကုန်းသာကလေးပေါ်တွင် တည်ဆောက်ထားသော ကက်သလစ်ဘုရား ရှိခိုးကျောင်းကလေးအတွင်းသို့ မငြိမ်းသာသည် သွေးအလန့်လန့် အထိတ် ထိတ်နှင့် ပြေးဝင်၍သွားမိပါ၏။

“အနုမြူဗုံးနှင့် ကြဲမည်” ဘာသံကြီးပါလိမ့်မလဲ၊ ကြောက်မက်ဖွယ်ရာ အမင်္ဂလာအသံကြီး။ ဟိုက်ဒရိုဂျင်ဗုံးနှင့် ကြဲချင်ကြဲမည်။ မငြိမ်းသာက နားကို ပိတ်လိုက်၏။ နောက် ဘုရားရှိခိုးကျောင်း//

ထဲသို့ အရူးမတစ်ယောက်လို ပြေးဝင်သွားကာ သူမ ယုံကြည်ကိုးကွယ်

သော ဘုရားရဲ့ ရှေ့တော်မှောက်တွင် ကြောက်ရွံ့စွာ ဒူးထောက်ကာ မျက်လုံး မှိတ်ထားလိုက်ပါ၏။

သည်အချိန်၌ မငြိမ်းသာလို လင်သေ၊ သားဆုံးခဲ့ရရှာသော ကမ္ဘာ့အရပ်ရပ် အပြည်ပြည်မှ မုဆိုးမနှင့် မိခင်များသည် မိုးကုတ် စက်ဝိုင်းဆီတွင် တလှုပ်လှုပ် တရွရွနှင့် ခြိမ်းခြောက်နေသော စစ်သတ္တဝါ ကြီးအား တားဆီး၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီး၌ ငြိမ်းချမ်းရေးခေါင်းလောင်းများ တညီတညွတ် တည်း ထိုးနေကြသည်ကို ကျေးဇူးပြု၍ နားထောင်လိုက်စမ်းပါဦးလား မငြိမ်းသာရယ်.....။