Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ဝထ္ထုတိုပေါင်းချုပ်(၂)

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out
ဆိုက်ကားသမားနှင့် မုဆိုးမသားအမိ
ဤသုံးဦးတို့၏ အကြောင်း

          နွေခေါင်ခေါင် ပူလောင်ရနှင့် အိုက်ရ၊ စပ်ရသည့်အထဲ ဖုန်ကထူ၍ ရေ ကလည်း ရှားလိုက်ချေသေး၏။ ထိုအထဲတွင် ခြင်ကလည်း ဖွဲနှင့်ဆုပ်၍ ပက်နေသည်နှင့် မခြား။ ကိုက်လှခဲလှသည့်အကြားမှပင် ခြင်ထောင်ကို လည်း မရတတ်ချေ။ မည်ကဲ့သို့ပင်ရှိစေ အပယ်ခံ ဥက္ကလာပသည် ကုလားသေ ကုလားမော အိပ်စက်လျက်ရှိလေပြီ။ တခေါခေါနှင့် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားမျှပင် ဟောက်လျက်ရှိလေပြီ။

          အချိန်မှာ ညကိုးနာရီသာသာခန့် ဖြစ်၏။ တစ်နေ့လုံး ပူထား သဖြင့် လေသည် ငြိမ်လျက်ရှိ၏။

ရန်ကုန်မြို့တွင်း၌မူကား ညသည် လှပတုန်းပင်ဖြစ်၏။ နုတုန်း ပျိုတုန်းနှင့် အရွယ်ကောင်းတုန်းလည်း ဖြစ်၏။ သွားကြ၊ လာကြ၊ ပျော်ကြ၊ ပါးကြနှင့် စားကြ၊ သောက်ကြတုန်းလည်း ဖြစ်၏။ ည ၉ နာရီခွဲပွဲ ရုပ်ရှင် ကြည့်ရင်း အအေးဓာတ်ခံသူများ၊ လေဟာပြင် ညဈေးတန်းဘက်တွင် သရေစာ စားကြသူများ၊ အင်းလျားဘက်တွင် မော်တော်ကားနှင့် လေညင်း ခံကြသူများနှင့် ကမ်းနားလမ်းဘက်ရှိ မြနန္ဒာတွင် အအေးသောက်ကြသူများ စည်ကားသိုက်မြိုက်လျက်ရှိတုန်း ဖြစ်၏။

          သို့ရာတွင် ရန်ကုန်မြို့တော်၏ အရန်မြို့၊ သို့မဟုတ် နောက် ဆက်တွဲ ဥက္ကလာပမူကား ပူအိုက်ရနှင့် ခြင်ကိုက်လှသည့် အကြားမှပင် ကုလားသေ ကုလားမောအိပ်လျက် ရှိလေသည်။ တခေါခေါနှင့် ဟောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိလေသည်။

[၂]

          အချိန်မှာ ည ၉ နာရီသာသာခန့်ဖြစ်၏။ တစ်နေ့လုံး ပူထား သဖြင့် လေသည် ငြိမ်လျက်ရှိ၏။ မည်ကဲ့သို့ပင်ဖြစ်စေ ဥက္ကလာပ မြို့သူ မြို့သားများသည် ယင်းသို့ စောစောစီးစီး အိပ်မောကျနိုင်ဖို့ လိုအပ်သည်။ အရေးလည်း ကြီးသည်။

              သင်းတို့တစ်တွေသည် များသောအားဖြင့် တစ်နေ့လုပ်မှ တစ်နေ့ စားကြရသူများ ဖြစ်သည်။ အလုပ်နှင့်လက် အပြတ်မခံနိုင်ကြသော မရှိ ဆင်းရဲသား အလုပ်ကြမ်းသမားများက များသည်။ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ၊ စက်ရုံ အလုပ်ရုံ အလုပ်သမားများ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ ဆိုက်ကားသမားများနှင့် နေ့စား အလုပ်ကြမ်းသမားများ လည်း ဖြစ်ကြသည်။ သည် အသင်းတို့တစ်တွေသည် တစ်နေ့လုံးလုံး နေပူကြီးထဲတွင် ရှိသမျှ သော အင်အားများကို ခြစ်ထုတ်၍ အလုပ်လုပ်ကြရသူများ ဖြစ်သည်။ နေကလည်းညှဉ်း၊ အားကလည်း ကုန်လျက်ရှိကြသူများ ဖြစ်သည်။ သင်း တို့တစ်တွေ၏ အသားအရေများသည် ခန်းခြောက်လျက် ကြွက်သားနှင့် အကြောအမျှင်များသည်လည်း ဖွတ်ဖွတ်ကြေလျက် ရှိသည်။

          နေပူချစ်ချစ်ကြီးထဲတွင် အလုပ်ရှင်များအား ရောင်းချခဲ့ရသော အားအင်များကို ပြန်လည် ဖြည့်စွက်ပေးနိုင်ရန် လိုအပ်သော အာဟာရ နှင့် ဆေးဝါးများကို သူတို့တစ်တွေသည် မတတ်နိုင်ကြချေ။ မသေရုံ တစ်မည်မျှသော လုပ်ခကလေးများနှင့် မသေထမင်း၊ မသေဟင်းကလေး များလောက်ကိုသာ အလျဉ်မပြတ်အောင် စားသောက်နေကြရသည်။ အသက်ရှင်နေကြရသည်။

          အသက်မွေးလောက်သော အာဟာရကိုမျှ သင်းတို့ကိုယ်ကိုမှ သင်းတို့ မကျွေးမွေးနိုင်ကြသောအခါ ဝဝလင်လင် အိပ်စက်ခြင်းပြုဖို့မှ တစ်ပါး ယင်းနောက်ပိတ် ခွေးများအတွက် အခြား ကိုးကွယ်ရာမရှိတော့ချေ။ နောက်တစ်နေ့တာ အသက်ရှင်ဖို့ အရေးအတွက် သူတို့ ဖြစ်သည့်နည်းနှင့် အိပ်စက်နိုင်ဖို့ လိုသည်။ ပူလှလောင်လှသည့်အထဲ ဖွဲနှင့်ဆုပ်၍ ပက်နေ သည်နှင့်မခြား၊ ခြင်ကိုက်နေသည့်အကြားမှ ခြင်ထောင်မရှိဘဲနှင့်လည်း သင်း တို့တစ်တွေသည် ကုလားသေ၊ ကုလားမော အိပ်စက်လျက်ရှိကြသည်။ တခေါခေါနှင့် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားမျှပင် ဟောက်လျက်ရှိကြသည်။

[၃]

          အမှတ်(၂) မော်တော်ယာဉ်လိုင်း၏ ဂိတ်ဆုံးဖြစ်သော ဥက္ကလာ၏ အစွန်ပိုင်းရပ်ကွက်သည် ပူလောင်ခြင်း၊ အိုက်စပ်ခြင်းနှင့် ခြင်ကိုက်ခြင်း များအားလုံး ပေါင်းစည်းထားသော ည၏ အမှောင်ထုဝယ် နစ်မွန်းမိန်းမော နေဟန်ရှိသည်။ တဲပုတ်နှင့် အိမ်ငယ်များအားလုံးပင် မီးများငြိမ်းသတ်ကာ ငြိမ်သက်လျက်ရှိသည်။ သို့ရာတွင် ကွင်း၏အစပ်ဘက်တွင် ဖြစ်ကတတ် ဆန်းနှင့် လူနေ၍ဖြစ်ရုံမျှ ဆောက်လုပ်ထားရဟန်ရှိသော တဲငယ်တစ်ခု အတွင်း၌ကား မကြာခဏ တဟွပ်ဟွပ် ချောင်းဆိုးသံကို ကြားရသည်။ ချောင်းသံမှာ အအေးမိသော ချောင်းနှင့်မတူဘဲ မီးယပ်ချောင်းနှင့်တူသည်။

          အသက်ရှူ မှားတော့မလောက် တဟွပ်ဟွပ်ချောင်းဆိုးလိုက်ရ ပြီးသောအခါတိုင်း မရင်သည် တစ်ခါတည်းပင် အသက်ထွက်ရမည်လောက် မော၍မော၍ သွားလေသည်။ “ငါ့နှယ်နော်..... တစ်ခါတည်း အသက်ပါသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ”ဟုလည်း ညည်းညူ လေသည်။

          မရင်အဖို့ အသက်ရှင်နေရခြင်းသည်ပင် ကြီးမားလှသော ဝဋ်ဒုက္ခ တစ်ခုကဲ့သို့ ဖြစ်လေသည်။ ဆေးရုံတက်ဖို့နှင့် ဆေးကုဖို့ကား ထားဘိဦး၊ မသေရုံ စားရဖို့အရေးနှင့် ဖြောင့်ဖြောင့်ကလေးအိပ်နိုင်ဖို့ အရေးများပင် ခပ် ကျပ်ကျပ် ဖြစ်နေသည်။

          အနည်းငယ် အမောပြေသွားသလိုရှိသောအခါ မရင်သည် ၎င်း ၏ဖျာဘေးတွင် အဆင်သင့်ထားရှိသော ကွမ်းရွက်နှင့် ဆားကို လှမ်းယူကာ ငုံလိုက်ရသည်။ မရင်၏ ဆေးကား ဒါပဲ ဖြစ်လေသည်။

           ကွမ်းနှင့် ဆားရည်များ လည်ချောင်းထဲသို့ ဆင်းသွားသဖြင့် အနည်းငယ်သက်သာ ခံသာသလိုရှိသည်။ ယင်းသို့ သက်သာခံသာတုန်း အချိန်ကလေး မရင်သည် ဆိုက်ကားအနင်းထွက်နေသော လင်လုပ်သူနှင့် သူ့ ပထွေးနှင့် စကားများ ရန်ဖြစ်ပြီးနောက် အိမ်မှထွက်သွားသည်မှာ သုံးရက်မျှရှိပြီဖြစ်သော သားလုပ်သူကို လှမ်း၍မျှော်ရပြန်သည်။ သားနှင့် လင် သို့မဟုတ် သခင်နှင့် ဘုရားတို့ကို မျှော်ရတိုင်း မရင်သည် မောလာ ရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဤပထွေးနှင့် ၎င်း၏ မယားပါသား တို့သည် တစ်ယောက်နှင့်တစ်ယောက် မတည့်ကြသောကြောင့် ဖြစ်လေ သည်။

          မယားပါသားနှင့် ပထွေးတို့သည် တည့်ခဲလှသည်။ ထိုအကြောင်း ကို မသိ၍သော် လည်းကောင်း၊ မစဉ်းစားမိဘဲသော်လည်းကောင်း မရင် သည် နောက်အိမ်ထောင် ပြုခဲ့ခြင်းတော့ကား မဟုတ်ချေ။ သိလျက် စဉ်းစား မိလျက်အကြားမှ မည်ကဲ့သို့မျှ မတတ်နိုင်၍ နောက်လင်ယူလိုက်ရခြင်း ဖြစ်လေသည်။

          မရင်၏ ပထမ လင်ကြီးမှာ လက်သမားဖြစ်လေသည်။ လွတ် လပ်ရေး မရမီကလေးက အိမ်ထောင်ကျပြီးနောက် ဦးဝိစာရကွက်သစ်တွင် ဣန္ဒြေရရကလေး နေနိုင်ခဲ့ကြသည်။ ပထမ လင်ကြီးနှင့် မရင်သည် ဆယ် နှစ်ခန့်မျှ ပေါင်းသင်းရသည်။ သားတစ်ယောက် ရသည်။ ထိုသားကလေး ကိုးနှစ်သားခန့်တွင် လက်သမားဆရာသည် တိုက်အပေါ်ထပ်မှ လိမ့်ကျ ၍ သေဆုံးသွားလေသည်။ မရင် မုဆိုးမဖြစ်ရသောအခါ အသက်သုံးဆယ် မျှပင် မရှိတတ်သေးချေ။

          လက်သမားဆရာသည် မရင်တို့ သားအမိအတွက် ဘာပစ္စည်း မျှ ချန်မထားခဲ့ချေ။ ထို့ကြောင့် မုဆိုးမဖြစ်ရလျှင် ဖြစ်ရခြင်း မရင်သည် ဆေးပေါ့လိပ် အလိပ်သင်ရသည်။ တော်တော်ကလေး ဟန်လာသောအခါ ဆေးလိပ်ခုံတစ်ခု၌ အလုပ်ဆင်းရလေသည်။

           ဆေးလိပ်လိပ်ရသောအလုပ်သည် အတော်အညောင်းခံရသော အလုပ်ဖြစ်လေသည်။ သို့ရာတွင် တစ်နေ့လျှင် သုံးလေးကျပ်ထက်တော့ ပို၍ မဝင်ချေ။

           မုဆိုးမ မရင်သည် ၎င်း၏သားကလေးကို ကျောင်းဆက်၍ မထားနိုင်သဖြင့် သည်အတိုင်း ပစ်ထားရလေသည်။ လူကြီးမိဘနှင့် ဆရာသမားများက ကွပ်ညှပ်ထိန်းသိမ်း၍ ပညာသင်ပေးရမည့် အသက် အရွယ်တွင် သာအေးသည် အထိန်းအကွပ်မရှိဘဲ ပစ်အထားခံရသောအခါ လူဘော်လူကြော့ကလေး ဖြစ်လာသည်။ လူလေကလေး ဖြစ်လာသည်။ မိခင်လုပ်သူ အလုပ်ဆင်းနေခိုက် တစ်နေ့လုံး သွားချင်ရာသွား၊ လည်ချင် ရာလည်သည်။ တစ်ခါတစ်ရံ ညသန်းခေါင်သန်းလွဲမှပင် အိမ်သို့ပြန်သည်။

         မရင်သည် ၎င်း၏သားကလေးကို ကိုးနှစ်သားအရွယ်လောက်မှ အစပြုကာ တစ်စထက်တစ်စ လက်လွှတ်လာရသည်။ ထို့ကြောင့် သာအေး သည် ပို၍ပို၍ ပျက်စီးလာသည်။ တစ်ခါတစ်ရံ မိခင်၏ အလစ်တွင် ခြေ စောင့်လက်စောင့်ထားသော ငွေစကလေး ငါးကျပ်၊ တစ်ဆယ်ကိုပင် ခိုးယူ ကာ အိမ်သို့ သုံးလေးရက်မပြန်ဘဲ နေတတ်သည်။ ထိုအခါများ၌ မရင်သည် သားလုပ်သူအတွက် ပူပန်ကာ အိပ်စက်မပျော်နိုင်ဘဲ ဖြစ်ရပြန်သည်။ သာအေးသည် မုဆိုးမ မိခင်ကို မသနား၊ မညှာတာ၊ များစွာ ဒုက္ခပေးသော သူငယ်တစ်ယောက် ဖြစ်သည်။

[ ၄ ]

           မဟာရန်ကုန် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ရန် အတွက် ဦးဝိစာရကွက်သစ်ကို ဖျက်သိမ်း ရှင်းလင်းကြသောအခါ မရင် သည် ခွေးနေစရာမရှိဆိုသောစကားလို ဖြစ်ရလေသည်။ ထို့ကြောင့် မိမိတို့ နှင့် တစ်ခန်းစီ၍ နေထိုင်ကြသော ဆိုက်ကားနင်းစားသူ ဦးထွန်းခင်ဒေါ်လှတို့ လင်မယားနှင့် ကပ်ရပ်ကာ ဥက္ကလာပသို့ ပါလာရသည်။

            ဦးထွန်းခင်သည် ကိုယ်ပိုင်ဆိုက်ကားနင်းသူ ဖြစ်သည်။ သားသမီးတစ်ယောက်မျှလည်း မထွန်းကားသောကြောင့် ချောင်ချောင်လည်လည် ရှိသည်။ ထို့ကြောင့် ဥက္ကလာပတွင်ရသော မြေကွက်တွင် တဲတစ်လုံး ဆောက် နိုင်လေသည်။

          မရင်တို့ သားအမိသည် ဥက္ကလာပသို့ ဦးထွန်းခင်တို့ လင်မယား နှင့်ကပ်လျက် လိုက်ပါလာပြီးနောက် လေးငါးလခန့်အကြာတွင် ဒေါ်လှတင် ဆုံးလေသည်။ ဒေါ်လှတင်ကို သင်္ဂြိုဟ်ဖို့ရန်အတွက် ငွေပိုမရှိသဖြင့် ဦးထွန်း ခင်သည် ၎င်း၏ ဆိုက်ကားကို ရောင်းချထုခွဲလိုက် ရလေသည်။ ကိုယ်ပိုင် ဆိုက်ကားဘဝမှ အငှားဆိုက်ကားနင်းသမား ဖြစ်လာရသည်။ ။

          ယင်းသို့ မုဆိုးဖိုနှင့် မုဆိုးမ ဖြစ်လာကြသော ဦးထွန်းခင်နှင့် မရင် တို့သည် တဲတစ်လုံးအတွင်း အတူနေထိုင်ကာ ကိုယ့်အလုပ်ကိုယ် လုပ် ကိုင်ကြသည်။ ဦးထွန်းခင်က ဆိုက်ကားနင်းသည်။ မရင်က ဆေးလိပ်ခုံ အလုပ်ဆင်းသည်။ ကြားက လွတ်နေသော သာအေးကတော့မူ အရင်အတိုင်း ပင် ဖြစ်သည်။

          နှစ်အတန်ကြာမျှ အတူတကွ နေထိုင်လာကြသူချင်းဖြစ်၍ မရင် သည် မယားမရှိသော ဦးထွန်းခင်နှင့်အတူ နေထိုင်ရခြင်းကို ဘာမျှ အထွေ အထူး မစဉ်းစားမိချေ။ ၎င်းအပြင် ဦးထွန်းခင်သည် အသက်ငါးဆယ်နီးပါး ခန့်အရွယ်ဖြစ်၍ မရင်သည် ၎င်းထက် အသက် ၁၅ နှစ်သာသာမျှ ကြီးသော ထိုမုဆိုးဖိုကြီးကို ဦးလေး သားချင်းကဲ့သို့ သဘောထားလေသည်။ ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးရုံမက ၎င်း၏အဝတ်အစားများကိုပင် လျှော်ဖွပ်ပေးခဲ့သည်။

          ဖွဲတစ်ဆုပ်ကိုနိုင်သော ယောက်ျားများသည် သားစိတ်၊ မယား စိတ် ရှိတတ်ကြသည်ဆိုသောစကားကို မရင်သည် အမှတ်မဲ့ သဘောထား ခဲ့သည်။ ၎င်းအပြင် ဦးထွန်းခင်သည် ဆိုက်ကားနင်းစားနိုင်လောက်အောင် ကျန်းမာသန်စွမ်းသော လူကြီးတစ်ယောက်လည်း ဖြစ်သည်မဟုတ် သလော။

          သာအေးသည် တစ်ညသောအခါ မရင် ဝှက်ထားသော ခြေစောင့် လက်စောင့် ငွေစကလေးများထဲမှ ငါးကျပ်တန်တစ်ရွက်ကို ခိုးယူကာ အိမ်မှထွက်ပြေးသွားလေသည်။ သူသည် လေးငါးရက်ကြာမျှ နေအိမ်သို့ ပြန် မလာချေ။ ယင်းသို့ သာအေးကလည်းမရှိ၊ နှစ်ယောက်တည်း အိပ်စက် ခြင်းပြုရသော ညတစ်ည၌ ဦးထွန်းခင်သည် ရဲဆေးတင်ရန် အရက်များသောက်စားလာပြီးနောက် မရင်၏ ခြင်ထောင်အတွင်းသို့ အတင်းအဓမ္မ ဝင်အိပ်စက်လေသည်။

         မရင်က မသင့်လျော်သည့် အကြောင်းကို တိုးတိုးတိတ်တိတ် တောင်းပန်လေသည်။ သို့ရာတွင် မူးရူးနေသော ဦးထွန်းခင်သည် အကြမ်း ဖက်လေတော့သည်။ “ငါ မနေနိုင်တော့လို့ပါ မယ်ရင်ရယ်” မူးမူးနှင့် ထိုကဲ့သို့ ပြောဆိုလေသည်။

[၅]

          သာအေးနှင့်တကွ အိမ်နီးနားချင်းများ မရိပ်မိရအောင် မရင်နှင့် ဦးထွန်းခင်တို့သည် ထိုကဲ့သို့ အခြေမပျက် ပိပိရိရိနှင့် တစ်နှစ်ခန့်မျှ တိတ် တိတ်ပုန်း ဆက်ဆံနေထိုင်ခဲ့ကြသည်။ သို့ရာတွင် ထိုအမှုမျိုးသည် ကြာ ရှည်လေးမြင့် ဖုံးကွယ်ထား၍ ရနိုင်ကောင်းသောအမှုကား မဟုတ်ချေ။ တစ်စ ထက်တစ်စ ဘေးလူများ သိလာကြသည်။ ထို့ကြောင့် မထူးတော့ပြီဖြစ်၍ အတိအလင်း နေထိုင်ခြင်း ပြုလိုက်ကြသည်။

          သာအေးသည် သိတတ်စပြုလာပြီဖြစ်သော အသက်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဦးထွန်းခင်ကဲ့သို့ လူကြီးတစ်ယောက်အား သူ့ အမေက လင်လုပ်နေခြင်းကို အနည်းငယ်မျှ သဘောမကျချေ။ ရှက်လေ သည်။ သို့ရာတွင် အမေနှင့် ပထွေးတို့နှင့် ကင်း၍လည်း မနေနိုင်ပြန်ချေ။

          သာအေးက ၎င်းအား သူ့အမေနှင့် အနည်းငယ်မျှ သဘောမတူ ခြင်းကို ဦးထွန်းခင် သိလေသည်။ ထို့ကြောင့် သာအေးကို ကျေနပ်အောင် အမျိုးမျိုး ချော့မော့နှစ်သိမ့်ကြည့်သည်။ ထိုသို့ နှစ်သိမ့်ချော့မော့ခြင်း ပြု လေလေ သာအေးသည် ပိုဆိုးလေလေဖြစ်သည်။ ရှက်သည်။