Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - လွမ်းရစ်တော့သက်လှယ်ရယ်

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out

ချစ်စဖွယ် ဆောင်းရိပ်ဦး

          ချစ်စဖွယ်ဆောင်းရိပ်ဦး၏ ညနေချမ်းကလေးပင် ဖြစ်လေသည်။ ဆည်းဆာကလည်း ချစ်စဖွယ်ပင် တောက်နေသည်။

          ချမ်းအေး၍ ဝေးသောမြောက်ယဉ်စွန်းဆီသို့ ပြေးသွားပုန်းအောင်း နေသော တောင်လေမုတ်သုန်လည်း မြောက်လေ ပြန်လောင်းလာပါပြီ။ သည်လိုမြောက်လေပြန်လောင်းလာစဉ် ဆွတ်ဆွတ်ဖြူလှသော ငွေနှင်း ဝတ်မှုန်ကလေးများကိုလည်း သူနှင့်အတူ ဆောင်ယူခဲ့လေသည်။

          ငွေနှင်းဝတ်ရည်ဖြင့် ဆမ်းထားသော ဆည်းဆာချမ်း၏ ရွှေဝါရောင် ခြည်ဦးဝယ် လူသူကင်းရှင်းကာ ဆိတ်ငြိမ်နေသော ကုက္ကိုင်းဘက်တစ်လျှောက်သည် အမြင့်ဆုံးလှပကာ သာယာအေးချမ်းနေရော့သလားလည်း ထင်ရလေသည်။

          တကယ်ဆိုတော့ ဆောင်းရိပ်ဦး၏ ဆည်းဆာအောက်မှ ကုက္ကိုင်း သည် ချစ်စဖွယ်ပင် တောက်ပနေပါသည်။

          စိမ်းစိုနေသော တောအုပ်များ အကြားမှ လှပသစ်လွင်သောအိမ် ကလေးတစ်လုံးသည် တစ်ဘာသာပဲ အထီးတည်းရပ်နေသည်။ အိမ်ရှေ့ ခြံစည်းရိုး၏ မျက်နှာစာတစ်လျှောက်တွင် လှပစွာပြုစုစိုက်ပျိုးထားသောပုဏ္ဍရိက်ပင်ကလေးများသည် မြောက်လေပြန်ဦးဝယ် မြူးတူးလှုပ်ကစား နေကြလေသည်။ ခြံအဝင် တံခါးပေါက်ဝယ် ဆိုင်းဘုတ်ကလေးတစ်ခု တော့ ချိတ်ဆွဲထားသည်။

ကုက္ကိုင်းရိပ်သာ

          ကုက္ကိုင်းရိပ်သာ၏ခံ့ညားသော ဧည့်ခန်းဆောင်မှာ အသက် ၂၀ ခန့် လှပချောမော၍ ခေတ်ဆန်ဆန် မိန်းမပျိုလေးတစ်ယောက်သာပဲ ထိုင် နေသည်။ သူမသည် ကုက္ကိုင်းရိပ်သာ၏ ဧကရီမယ်ကလေး မခင်စီ ဖြစ် ပါသည်။ မခင်စီသည် ပြတင်းပေါက်မှ အပြင်လမ်းမဘက်ဆီသို့ လှမ်း ကြည့်လိုက်လေသည်။ သူမသည် တစ်စုံတစ်ယောက်ကို မျှော်လင့်နေ ပုံရပေသည်။

          မြောက်လေပြန်ဦးမှာတော့ ပုဏ္ဍရိက်ပင်ကလေးများ ချစ်စဖွယ်ပင် လှုပ်ကစားနေကြလေသည်။ ခြံစည်းရိုးကို ကျော်လွန်၍သွားသောအခါ ကျယ်ပြန့်ငြိမ်သက်နေသော အင်းလျားရေပြင်၏တစ်ဖက်ကမ်းဆီမှ စိမ်း စိုသော တောတန်းသည် နောက်ခံကားသဖွယ် ရှိနေသည်။ တောတန်းမှ တစ်ဆင့်တက်ကျော်လွန်သွားသောအခါ ရွှေရောင်သစ်နေသောမိုးကုပ် စက်ဝိုင်းကို မခင်စီ မြင်ရလေ၏။ ချစ်စရာ ဗျိုင်းဖြူ ဖိုမ မောင်နှံလည်း ရွှေရောင်သစ်သော မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသွားနေကြပါသည်။

          “ဘယ်လောက်များ...သာယာလိုက်သလဲနော်...” ခါတိုင်းသာဆို ရင်တော့ သဘာဝအလှကို ချစ်တတ်သောကုက္ကိုင်းရိပ်သာ ဧကရီမယ် ကလေးအတွက် အင်မတန်မှပဲသာယာကာ ချစ်စရာကောင်းသော ဆည်း ဆာချမ်းကလေးဖြစ်ပါလိမ့်မည်။ မှန်ပါသည်။ ချစ်စဖွယ် ဆည်းဆာ တောက်ပနေသော အချိန်ကလေးများကိုတော့ မခင်စီသည် အင်မတန်ပဲ ချစ်တတ်ပါသည်။ ဆည်းဆာတောက်ပနေသောလဟာပြင်ထဲမှာ လမ်းလျှောက်နေရခြင်းကို မခင်စီသည် သာယာကြည်နူးမိပါသည်။ တကယ် ပါပဲ၊           တစ်နေကုန် ကျောင်းမှာငြီးငွေ့ ပင်ပန်းစွာအချိန်များကို ကုန်လွန် သွားခဲ့စေပြီးနောက် အိမ်သို့ပြန်ရောက်သောအခါ မခင်စီ အတောင့်တ ဆုံးအရာမှာ ချစ်ဖွယ်တောက်ပနေသော ဆည်းဆာပင်ဖြစ်သည်။

          ဒါပေမဲ့ သည်နေ့ညနေချမ်း၏ ဆည်းဆာအလှသည် မခင်စီကို အဘယ်ပုံ အဘယ်နည်းနှင့်မျှ မဆွဲငင်မသာယာနိုင်ရှာ။ သစ်လွင်တောက်ပသောအိမ်ထောင်ပရိဘောဂများဖြင့် ခံ့ညားစွာဝင့်ကြွားနေသော ဧည့်ခန်းဆောင်မှာ အလိုမကျနိုင်သောအမူအရာဖြင့် ကုက္ကိုင်းရိပ်သာ၏ ဧကရီမယ်ကလေးတစ်ယောက်တည်းထိုင်နေပါသည်။ အပြာရင့်ရင့် ကတ္တီပါထဘီနှင့် ကြက်ဥနှစ်ရောင် သက္ကလတ်ကုတ်အင်္ကျီကို သပ်ရပ် စွာ ဝတ်ဆင်ထားလေရာ လတ်ဆတ်၍ ပြည့်ဖြိုးဝင်းဝါသော သူမ၏ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်နှင့် ကြည့်၍ အင်မတန်ကျက်သရေ ရှိလှသည်။ တကယ်တော့လည်း သည်လိုတောက်ပ၀င့်ကြွားနေသော ဧည့်ခန်းဆောင်မှာ သည်လိုကျက်သရေရှိသူထိုင်မှသာပဲ ကြည့်လို့ ကောင်းပါသည်။

          တစ်စုံတစ်ယောက်အား စောင့်နေရသည်မှာ စိတ်မရှည်နိုင်တော့ သကဲ့သို့ သူမ၏သေးငယ်သောရွှေရောင်လက်ပတ်နာရီကလေးကို မခင် စီသည် ငုံ၍ကြည့်လေသည်။ ၆ နာရီထိုးဖို့ရန် မိနစ် ၂၀ မျှသာလိုတော့ သည်။

          မခင်စီသည် ပြတင်းပေါက်မှ အပြင်လမ်းမဘက်ဆီသို့ လှမ်း၍ကြည့် လိုက်ပြန်သည်။ ကုက္ကိုင်းလမ်းမကြီးတစ်လျှောက်လုံးမှာတော့ အသွား အလာ ကင်းရှင်းလို့ နေပါသည်။

          “ကိုကျော်ဝင်းတစ်ယောက်ကလည်းပဲနော်..”စိတ်ပျက်စွာ မခင်စီက ညည်းညူလိုက်မိသည်။ အမှန်မှာ ကိုကျော်ဝင်းကိုတော့ မခင်စီသည်အပြစ်လည်းတင်လိုက်ပါသည်။ တင်မည်ဆိုတော့လည်း တင်စရာပင် ဖြစ်ပေသည်။ ကိုကျော်ဝင်းက သူမကို ၅ နာရီတွင် မော်တော်ကား နှင့်လာ၍ခေါ်ပါမည်ဟု သေသေချာချာပဲကတိပေးထားပြီးကာမှ ဟော ၅ နာရီခွဲသွားပြီး၍ ဆယ်မိနစ်ပင်လွန်သွားခဲ့ပါပကော။

          “အို..ဘယ်လောက်များစိတ်ဆိုးဖို့ ကောင်းသလဲ၊ ကိုကျော်ဝင်းတစ် ယောက်တော့လား ဟင်း နေပေစေဦး” တစ်ယောက်တည်းသာ ရန်ဖြစ် နေရသော ဧကရီမယ်ကလေးမှာခံရခက်နေရှာသည်။ မှန်ပေလိမ့်မည်။ သူမသည် ကျောင်းမှအိမ်သို့ ပြန်ရောက်သောအခါ လေးနာရီနှင့် မိနစ် ၂ဝ ပင်ရှိနေပါပြီ။ ကတိုက်ကရိုက်လက်ဖက်ရည်သောက်ရသည်။ ရေကို အပြေးအလွှားချိုးခဲ့ရသည်။ အမွှေးအကြိုင် အလှအပပြင်ဆင် ခေါင်းဖြီး၊ အဝတ်အစားလဲရတာနှင့်ပင် ၅ နာရီတွင် အဆင်သင့်ဖြစ်နိုင်ဖို့အရေး မနည်းကြီးကြိုးစားခဲ့ရပါသည်။ ၅ နာရီထိုးသည်နှင့် မခင်စီသည် ဧည့် ခန်းဆောင်တွင် အသင့်ပြင်ဆင်ပြီးဖြစ်၍ စောင့်နေပါပြီ..၊ ကိုကျော်ဝင်း ကသာ ပေါ်မလာသေး။

          ၅ နာရီနှင့် ၁၀ မိနစ်...သည်အထိစောင့်ရသည်မှာ စိတ်ကူးယဉ်ယဉ် နှင့်စောင့်သာပါသေး၏။ ၅ နာရီနှင့်မိနစ် ၂၀ စိတ်ကူးယဉ်ယဉ်ကလေး များ ကုန်သွားပြီဖြစ်သဖြင့် မခင်စီက ငြီးငွေ့စပြုလာသည်။

ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်မိပြန်လေသည်။ ကိုကျော် ဝင်းလာမည့်လမ်းဆီမှာ ဘာမှမမြင်။ ချစ်ဖွယ်လှုပ်ကစားနေသော ပုဏ္ဍရိက် ပင်ကလေးများကိုပင် မခင်စီရယ်မမြင်နိုင်ရှာ... ဝေးသော မိုးကုပ်စက်ဝိုင်း အရပ်ဆီမှာ ရွှေရောင်ခြည်ဦးကိုတော့ ထားလိုက်ပါဦး။

          “ကိုကျော်ဝင်း...ကိုကျော်ဝင်း..မုန်းဖို့ကောင်းပါတယ်..” တကယ်ဆို တော့ မခင်စီသည် ကိုကျော်ဝင်းကို မမုန်းနိုင်ပါ။ စိတ်မရှည်နိုင်တော့ လွန်း၍သာ ပြောလိုက်ခြင်းဖြစ်ပါ၏။ လာနိုင်ခဲသောသူကို စောင့်ရသည်မှာ အငြီးငွေ့ဆုံး၊ အပင်ပန်းဆုံးပင်ဖြစ်လေသည်။ ထို့ကြောင့် သာယာ မှုကို ရုတ်တရက်ရှာမိသည်။ သာယာမှုကိုသာရှာသည်။ ခါတိုင်းသူမ၏ အချစ်တော်ဆည်းဆာကလေး ဖိတ်ခေါ်နေသည်ကိုတော့ မေ့ရှာသည်။ ခေါင်းရင်းမှ ပီယာနိုကိုလည်းမတီးချင်၊ ဘေးတွင်ရှိသော ရေဒီယိုကို လည်း မဖွင့်ချင်။ စားပွဲပေါ်မှာ ခါတိုင်းရှိတတ်သော “ကောရိုးနက်” မဂ္ဂဇင်းကိုကြည့်မိသည်။ မဂ္ဂဇင်းကိုတော့မတွေ့ရ၊ အင်္ဂလိပ်သတင်း စာကြီးတစ်စောင်ကိုသာပဲ အဆင်သင့်တွေ့ရသဖြင့် လှမ်းယူ၍ ကြည့်မိ လေသည်။

          “တိုင်း” သို့မဟုတ် အင်္ဂလိပ်အစိုးရဂေဇက်၊ ခါတိုင်း မခင်စီသည် တိုင်းသတင်းစာကို ဘယ်တော့မှ မဖတ်ချင်။ ဒါပေမဲ့ ကိုကျော်ဝင်းကို စောင့်ရင်း သတင်းစာ၏ မာတိကာကို ဖတ်ကြည့်မိလေသည်။ “ရစ်ဘင်တရော့နှင့် စတာလင်တို့ တွေ့ဆုံကြခြင်း ” “ဂျာမဏီနှင့်ဆိုဗီယက်တို့ ပိုလန်ပြည်ကိုခွဲဝေ၍ယူလိုက်ကြပြီ” “မစ္စတာချိန်ဘာလင်၏ မှန်းခြေပေါက်ပါ့ မလား ... “မဟာမိတ်တပ်များနှင့် ဂျာမဏီတပ်များ ပြင်းထန်စွာတိုက်ပွဲ ဖြစ်ခြင်း ...”

          မခင်စီသည် မာတိကာမဆုံးမီ သတင်းစာကို ပြန်၍ချထားလိုက် မိသည်။ ဥရောပတိုက်တွင် လောဘအတောမသတ်နိုင်သောအရင်းရှင် ကြီးများနှင့် မိုက်မဲသောနိုင်ငံရေးသမားများကြောင့် လူတွေအချင်းချင်း တိုက်ကြ၊ ခိုက်ကြသဖြင့် ငတ်ကြ၊ ပြတ်ကြ၊ သတ်ကြ၊ သေကြရပေဦးတော့မည်။ သည်သတင်းများကိုသူမသည်မဖတ်ချင်။ ကောရိုက်မဂ္ဂဇင်း ကလည်းမရှိ ၊ ကိုကျော်ဝင်းမလာနိုင်လို့ စောင့်နေရသည်မှာ ငြီးငွေ့ စရာ ကောင်းနေသည့်အထဲ တိုင်းသတင်းစာကိုဖတ်ရသည်မှာ တကယ် တော့လည်း မခင်စီသည် စိတ်ပျက်မိပါသည်။ သည်လိုငြီးငွေ့၍ စိတ်ပျက်စရာဘဝများကို သူမသည် အနည်းငယ်မျှ မနှစ်သက်နိုင်ပါ။ သည်း ညည်းလည်းမခံချင်ပါ။ မခင်စီသည် နုပျိုငယ်ရွယ်သူဖြစ်သည်။ အသစ် အလွင်တောက်ပမှုများနှင့် ချစ်စရာအလှအပများကိုသာပဲ စိတ်ဝင်စား နှစ်သက်ပါသည်။ ချစ်ပါသည်။ သည်လိုဆိုရင်တော့ ဧည့်ခန်းဆောင်မှာ ပျင်းရိငြီးငွေ့ဖွယ် ထိုင်စောင့်နေမည့်အစား ဆည်းဆာတောက်နေသော ခြံထဲမှာဆင်းပြီး လမ်းလျှောက်နေသည်က ပို၍ကောင်းပေမည်။

မှန်သည်။

          ဆင်ဝင်ရှေ့မှာ ရဲရဲနီကာ ပွင့်နေရှာသော နှင်းဆီပန်းကလေးများ ရှိနေရှာသည်။ ခါတိုင်းသည်လိုဆည်းဆာတောက်ချိန်များ၌ မခင်စီသည် ခြံထဲသို့ ဆင်းကာ နှင်းဆီပန်းကလေးများကို ချစ်ခင်ယုယနေတတ်သည်။

          “နော် ...ချစ်စရာရွှေနှင်းဆီကလေးတွေ ...”သက်မဲ့နှင်းဆီပွင့်ကလေး များကို မခင်စီသည် နှုတ်ခွန်းဆက်လေ့ရှိသည်။ အချစ်ရည်လျှမ်းသော မျက်လုံးဝိုင်းကလေးများဖြင့် နှင်းဆီကလေးများကို ကြည်နူးနှစ်သိမ့်စွာ လည်းကြည့်နေတတ်သည်။

          “ဧည့်ခန်းဆောင်က ပန်းအိုးကလေးထဲမှာ သည်နှင်းဆီပွင့်ကလေး တွေကိုစိုက်ထားရရင်တော့ ဘယ်လောက်များလှလိုက်မလဲနော်...” အလှအပများကိုချစ်တတ်သဖြင့် သည်လိုတော့ မခင်စီတွေးမိလေသည်။ ဒါပေမဲ့ သူမသည်တွေးမိရုံမျှသာပဲဖြစ်သည်။ ခူးကား မခူးရက်ရှာ။ အကယ်၍ ပန်းအိုးတွင်စိုက်ထားရပါမူ။ သုံးလေးရက်ကြာသောအခါ နှင်းဆီပွင့်ကလေးများ ညှိုးနွမ်း၍သွားရှာကြပေမည်။ မိခင်ပျိုပင်မမှသာ ပဲ သူ့သဘာဝအလျောက် အလှပန်းပွင့်နေကြသော နှင်းဆီပွင့်ကလေး များသည်သဘာဝ သယ်ယူပို့ဆောင်ထားရာအရပ်၌သာ ဖောက်ပြန်ယို ယွင်းခြင်းမရှိသော တည်တံ့လှပမှုများဖြင့် ဘုန်းတောက်ဝေဆာနိုင်ပေ မည်။ သဘာဝကို လူသည် အတိုက်အခံပြုခြင်းဖြင့် အသက်ရှင်နိုင်မည်မဟုတ်၊ သဘာဝနှင့်နားလည်မှုရအောင် ကြိုးစားခြင်းဖြင့်သာ လူသည် သဘာဝမိခင်၏ရတနာတိုက်ကို အသာတကြည် ဖွင့်ယူသုံးစွဲနိုင်ပေမည်။

          သို့ရာတွင် လူသည် သဘာဝမိခင်ပျိုအား မလေးမခန့်နှင့် ပြောင်ချော် နော်လုပ်ချင်သည်။ မြေကြီးပေါ်မှာ ပွင့်နေသောအလှပန်းကို ဧည့်ခန်း ဆောင်က ပန်းအိုးဆီသို့ ရွှေ့ပြောင်း၍မရနိုင်။ ပြီးတော့ မခင်စီ အံ့သြနေ တာတစ်ခုလည်းရှိပါသေးသည်။

          “ ဒီလောက်လှတဲ့ ချစ်စရာ နှင်းဆီပန်းကလေးတွေမှာ ဘာကြောင့် များ ဆူးကရှိနေရပြန်တာလဲနော်....”

          သည်လိုမခင်စီကတိုးတိုးကလေး မေးကြည့်မိလေသည်။ မြောက်လေပြန်အကျော့မှ နှင်းဆီပန်းကလေး တွေကနော့နေကြသည်။ သူမ မသိနားမလည်နိုင်သော ရုက္ခဗေဒ ဘာသာစကားဖြင့် နှင်းဆီပန်းကလေးများကတော့သူတို့ ၏ဘဝနှင့် ဆူးအကြောင်းကို ပြောပြနေကြပါလိမ့်မည်။ တက္ကသိုလ်ကျောင်းသူ မခင်စီတစ်ယောက်ဖြင့် သတ္တဗေဒဘာသာရပ်ကိုမယူ၊ တကယ်လို့ သတ္တ ဗေဒဘာသာရပ်ကိုယူသည်တိုင်အောင်လည်း နှင်းဆီပန်းကလေးများ၏ ဘဝနှင့် ဆူးအကြောင်းကို နားလည်နိုင်မည်မဟုတ်။ သတ္တဗေဒသည် အနှောင်းဆုံးအနုဆုံးသော လောကဓာတ်ပညာရပ်တစ်ခုသာဖြစ်သဖြင့် လည်း နှင်းဆီပန်းပွင့်ကလေးများ၏ ဘာသာစကားကိုသိနားလည်နိုင်ရန် ကြံဆဖို့ အင်မတန်စောနေပါသည်။ နှောင်း၍နုသေးသော သတ္တဗေဒ၏ အကူအညီဖြင့် မတတ်စွမ်းနိုင်ခဲ့သော် အသက်ရသောရူပနှင့် ဓာတုဗေဒ ပညာရပ်များ၏ အကူအညီနှင့်ကြံဆသော်လည်း ရမည်တော့မဟုတ်။

          “ထာဝရဘုရားသခင် ကြည့်ရှုဖန်ဆင်းသည်”