Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ရဲဘော်အောင်ဒင်

Regular price 12,000 MMK
Regular price Sale price 12,000 MMK
Sale Sold out
Type

“ မြနန္ဒာ ....”

          အတန်ကြာမျှ ငြိမ်သက်အားယူပြီးမှ ကျယ်ဝန်းလှသော ဤခြံကြီး ၏တံခါးဝတွင် ချိတ်ဆွဲ၍ထားသော ကြေးဝါဆိုင်းဘုတ်ကလေးကို လူရွယ် သည် ပြာဝေသော မျက်လုံးများဖြင့် လှမ်းမော့၍ ကြည့်ရှုလိုက်သည်။ ကြေး ဝါဆိုင်းဘုတ်ကလေးကို အချိန်အတန်ကြာမျှ သေသေချာချာနှင့် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် လူရွယ်သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ခြံကြီး အတွင်း မရဲတရဲနှင့် လှမ်းမျှော်၍ ကြည့်လိုက်ပြန်လေသည်။ “ဟုတ်မှဟုတ် ရဲ့ လား” ဆိုသော သံသယသည် ထိုလူရွယ်အား ခြောက်လှန့်ဟန့်တားလျက် ရှိနေဘိသကဲ့သို့ သူသည် ဝင်းတံခါးဝတွင် ဇဝေဇဝါနှင့် ချီတုံချတုံ ဖြစ်နေ ပြန်သည်။ မြနန္ဒာရဲတိုက်ကြီး၏ အဝင်ဝင်းတံခါးဝသို့ ပင်ပင်ပန်းပန်း လာခဲ့ရပြီးကာမှ သူသည် နောက်ပြန်၍ မဆုတ်သာသကဲ့သို့ ရှေ့သို့လည်း မတိုးဝံ့ မတိုးရဲ ဖြစ်နေပုံရလေသည်။

          လူရွယ်အားပြု၍ရပ်နေရသော ဝင်းတံခါးဝ၏ အနီးအနား ပတ် ဝန်းကျင်တွင် အရိပ်အာဝါသခိုကိုးစရာသစ်ပင် တစ်ပင်တလေမျှ မရှိချေ။ သို့ရာတွင် ငြိုးမာန်ကြီးလှသော နေဝန်းသည် ကမ္ဘာမြေပြင်အား လောင်တိုက် သွင်းတော့မည့်ပမာ မိမိ၏အပူရှိန် ရှိရှိသမျှတို့ကို မီးကုန်ယမ်းကုန် လွှတ် ထုတ်၍သာ နေလေသည်။

          ငြိမ်သက်ကြည်လင်လျက်ရှိသော အင်းလျားရေပြင်ကျယ်သို့ ခပ်ရှည်ရှည် ခပ်မျောမျော ထိုးထွက်၍နေသော ဧရာမကျွန်းဆွယ်ကြီးတစ်ခု၏အထက်တွင် ဗြိတိသျှရာဇဝင်မှ ထင်ရှားကျော်ကြားခြင်းရှိလှသော တူဒါ ခေတ်ရဲတိုက်ကြီးများနှင့်မခြား ဝင့်ဝင့်ကြွားကြွားနှင့် တခမ်းတနား မွမ်းမံဆောက်လုပ်၍ထားသော အဝါရောင်နှစ်ထပ်ကြီးတစ်လုံးကို ခြံအဝင် ဝင်း တံခါးမှပင် ကောင်းစွာလှမ်း၍ မြင်နိုင်လေသည်။ ခြံ၏အဝင် ဝင်းတံခါးမှ ရုတ်တရက်လှမ်းမျှော်၍ ကြည့်လိုက်မြင်လိုက်ရသော လူစိမ်းတစ်ဦးတစ်ယောက်အတွက် ဤကဲ့သို့ ခမ်းနားထည်ဝါလှသော အဆောက်အဦကြီးတွင် တိုင်းရင်းသားများထဲမှ နေထိုင်နိုင်ကြဖွယ်ရာမရှိဘဲ မြန်မာနိုင်ငံ၏ အရှင် သခင်များ ပြုလုပ်၍ နေခဲ့ကြသော ဗြိတိသျှအမျိုးသားတစ်ဦးဦးထဲမှသာလျှင် စံမြန်းနေထိုင်ဖွယ်ရာ ရှိလိမ့်မည်ဟုလည်း အထင်ရောက် အောက်မေ့စရာ ရှိလေသည်။

          မြနန္ဒာရဲတိုက်ကြီးကို အတန်ကြာမျှ တအံ့တသြ ငေးမောကြည့်ရှု နေမိပြီးမှ လူရွယ်သည် အဆောက်အဦ၏ ရှေ့ဥပစာတွင် သားသားနားနား ပြုလုပ်၍ထားသော တင်းနစ်ဘောလုံးကစားကွင်းကို လှမ်းမျှော်၍ ကြည့် လိုက်ပြန်လေသည်။ တင်းနစ်ဘောလုံးကစားကွင်း၏ ရှေ့နောက်ဝဲယာ ပတ်ဝန်းကျင်တွင် တန်ခိုးအင်အားကြီးမားသော မီးသီးကြီးများကိုလည်း တခမ်းတနား တပ်ဆင်ထားလေသည်။ တင်းနစ်ဘောလုံးကစားကွင်းကို အတန်ကြာမျှ အံ့ဩမောလျက်နေပြီးမှ နှစ်ထပ်တိုက်ကြီး၏ ဘေးပတ် ဝန်းကျင်ကို လူရွယ်သည် လှည့်ပတ်ကြည့်ရှုနေပြန်လေသည်။ မြနန္ဒာရဲ တိုက်ကြီး၏ နောက်ဖေးဘက် မလှမ်းမကမ်းတွင် အိမ်ကြီး၏အခြွေအရံများ နှင့် အခိုင်းအစေများနေထိုင်ဖို့အတွက် တသီးတသန့်ဆောက်လုပ်ထားသော အုတ်ကြွပ်မိုး အိမ်တန်းလျားကြီးကြီးနှင့် ခပ်လှမ်းလှမ်းတွင် ဆောက်လုပ်ထားသော မော်တော်ကားဂိုဒေါင်မှာလည်း သာမန်နေအိမ်တစ်လုံးမျှ ကောင်းမွန် သပ်ရပ်နေပေသည်။

          မြနန္ဒာ၏ဘေးပတ်ပတ်လည်တွင် ဝေဝေဆာဆာနှင့် စည်စည်ကား ကား မွမ်းမံ၍စိုက်ပျိုးထားသော ပန်းရုံကြီးများနှင့် ပန်းပင်ကြီးများကို လူရွယ် သည် မျက်စိပသာဒတွေ့နေသည့်အလား တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှု နေပြန်လေသည်။ ကြီးမားလှပသော စံပယ်ရုံကြီးများ၊ နှင်းဆီရုံကြီးများနှင့် ဒေလီယာပန်းပင်ကြီးများကို ကြည့်ရှု၍ကောင်းအောင် ခင်းကျင်းစိုက်ပျိုးထားလေသည်။ ကျယ်ဝန်းလှသော ခြံကြီးအတွင်း၌လည်း ကံ့ကော်၊ ဗာဒံနှင့် ထင်းရှူးပင်များကို ကြည့်ရှု၍လှပအောင် သူ့နေရာနှင့်သူ အကွက်အကွင်း ကျကျ စိုက်ပျိုးထားလေသည်။

          မြနန္ဒာခြံကြီးအတွင်း၌တွေ့ နေ မြင်နေရသော ဧရာမထုထည်ကြီး များနှင့် အခမ်းအနား အဆောင်အယောင်တို့ကို တစ်ခုပြီးတစ်ခု လှည့်ပတ် ကြည့်ရှု၍နေရာမှ ထိုသို့ ဝင်းတံခါးဝမှရပ်ကာ ကြည့်ရှုလျက်ရှိသော လူရွယ် သည် ၎င်း၏ကိုယ်ကိုယ်ပင် ကောင်းစွာစိတ်မချလာသကဲ့သို့ ခပ်စောစော က တစ်ကြိမ် သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုထားခဲ့ပြီးဖြစ်သော ဝင်း တံခါးဝမှ ကြေးဝါဆိုင်းဘုတ်ကလေးကို နောက်ထပ်၍တစ်ကြိမ် ၎င်း၏မျက် လုံးများကို ပွတ်သပ်ပြီးနောက် ပြန်လည်မော့ကြည့်လိုက်ပြန်လေသည်။