Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ဘုန်းမောင်တစ်ယောက်ထဲရယ်

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out
Type

ကိုဘုန်းနိုင်နှင့် ကျွန်တော်တို့တစ်တွေ

          ကိုဘုန်းနိုင်ဆိုသည်မှာ ဗန်းမော်တင်အောင်၏ ပထမဆုံး ဝတ္ထုရှည် ဖြစ်သည့် ဘုန်းမောင့် တစ်ယောက်ထဲရယ် မှ ဇာတ်ဆောင်တစ်ယောက် ဖြစ်သည်။ ၁၉၄၇ ခုနောက်ပိုင်း တွင် သူ့ဝတ္ထုထွက်လာသည်။ ဘုန်းမောင့်တစ်ယောက်တည်း ရယ်ကို ရေးသားရန် စိတ်ကူးရသည်မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးစကဖြစ်ပြီး ၁၉၄၇ ခု နှစ်လယ်ပိုင်းလောက်တွင်မှ ရေးခဲ့ သည်။ အကြောင်းအမျိုးမျိုးကြောင့် နှစ်ကုန်လောက်မှ ထုတ် ဝေ ဖြစ်သည်ဟု စာရေးသူက ဝတ္ထုပုံနှိပ်ခြင်း ၁၉၆၁ တွင် ဖော်ပြထားသည်။ ဤဝတ္ထုကို ရေးသည့်အချိန်တွင် ဗန်း မော်တင်အောင်၏ အသက် မှာ ၂၅ နှစ်ရှိနေပြီ။ ဝတ္ထုကို သုံးပိုင်းခွဲထားသည်။ ဝတ္ထုသက်သက်ပဲ ဖတ်ချင်သည်ဆိုလျှင် မူ ပထမပိုင်း (သူပုန်ကျောင်းသား) နှင့် ဒုတိယပိုင်း (ဒီမိုးဒီလေ ဒီလူတွေနဲ့) အခန်းများကို ကျော်သွားပြီး တတိယပိုင်း (အဆုံးစီရင်ပါပေါ့ကွယ်) မှစ၍ ဖတ်ရန်ကိုလည်း စာရေးသူ က အကြံပေးထားသည်။

           ဘုန်းမောင့်တစ်ယောက်တည်းရယ် ဝတ္ထုထွက်လာချိန် တွင် မြန်မာလူထုသည် လုံးဝလွတ်လပ်ရေးအတွက် တက် တက်ကြွကြွ တိုက်ပွဲဆင်နွှဲနေကြသည်။

          စစ်ပြီးလျှင် ဘုရင်ခံ ဒေါ်မန်စမစ်နှင့်အတူ စက္ကူဖြူ စာတမ်းပါလာသည်။ စက္ကူဖြူစာတမ်းအရ ဘုရင်ခံတွင် အာဏာကုန်ရှိသည်။ ဘုရင်ခံက ကိုယ်ပိုင်အာဏာဖြင့် သုံးနှစ်အုပ်ချုပ်မည်။ အင်္ဂလိပ်ဓနရှင်များ ပြန်လာပြီး မြန်မာ ပြည်စီးပွားရေးကို ဆင်းမလားတွင် ရေးဆွဲခဲ့သည့် စီမံ ကိန်း များ၊ ပရောဂျက်များအရ ထင်သလို ခြယ်လှယ်မည်။ ပြီး တော့မှ ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်လောက်ပေးမည်။ ဤသည်ကို မြန်မာလူထုက မကျေနပ်၊ ကန့်ကွက်သည်။ လုံးဝလွတ်လပ်ရေးကို တောင်းဆို သည်။

          စစ်ပြီးစတွင် တော်လှန်ရေးအရှိန်ဖြင့် လူငယ်များ တက်ကြွနေကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရှေ့ဆောင်မှုအောက်တွင် မကြုံစဖူး ပင် အမျိုးသားညီညွတ်ရေးသည် ထိပ်ဆုံးသို့ ရောက်လာ သည်။

          ၁၉၄၅၊ သြဂုတ်လ ၁၉ တွင် ကျင်းပသော နေသူရိန် အစည်းအဝေးကြီးက လုံးဝလွတ်လပ်ရေးကို တောင်းဆို သည်။ ၁၉၄၆ ခု၊ ဇန်နဝါရီ လတွင် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကို ရွှေတိဂုံအလယ်ပစ္စယာ၌ ကျင်းပသည်။

          လွတ်လပ်ရေးရန်ပုံငွေ၊ ဖဆပလရန်ပုံငွေအတွက် အမျိုး သမီးများက ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသည့် ရွှေ၊ ငွေ၊ ရတနာများကို ချွတ်ပြီး လှူကြသည်။

          ၁၉၄၅ ခု၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သော ပြည်သူ့ ရဲဘော်တပ်ဖွဲ့ သည် နေ့ချင်းညချင်းပင် ကြီးထွားလာသည့် နိုင်ငံရေး အင်အားသစ်တစ်ခု ဖြစ်လာသည်။

          ဖဆပလ၏ တပ်တစ်တပ် ဖြစ်လာသည်။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့ ကို စစ်တပ်ဖွဲ့ စည်းပုံအတိုင်း ဖွဲ့စည်းသည်။ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်သည်။ ကန္ဒီစာချုပ်အရ အသစ်ဖွဲ့စည်းမည့် ဗမာ့တပ်မတော်သို့ မဝင်ရသည့် မျိုးချစ် ဗမာ့တပ်မတော်ထွက် လူငယ်များ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွင် အင်အားစုကြသည်။ တစ်ပြည်လုံးတွင် တပ်ဖွဲ့ဝင် တစ်သိန်းကျော်ရှိလာသည်။ ဤအင်အားသည် လွတ်လပ်ရေးအတွက် တိုက်ရဦးမည်ဆိုလျှင် အသုံးဝင်မည့်အင်အားဖြစ်သည်။ ဘုရင်ခံက ပြည်သူ့ ရဲဘော်အဖွဲ့ကို ဖျက်ရန် ကြိုးစားသည်။ ယူနီဖောင်းမဝတ်ရ၊ စစ်လေ့ကျင့်ခန်း မလုပ်ရဟု အမိန့်ထုတ် သည်။

          ၁၉၄၆ ခု၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတစ်ပင်မြို့၌ ပြည်သူ့ရဲဘော်၊ ဖဆပလနှင့် လယ်သမားများ စည်းဝေးဆန္ဒ ပြကြသည်။ စီတန်း လမ်းလျှောက်ရာတွင် အာဏာပိုင်တို့က ပစ်ခတ်သဖြင့် လယ်သမားကြီးလေးဦး သေနတ်မှန် သေဆုံး ခဲ့ကြသည်။ လူထုသည် အုံကြွလာသည်။ ဘုရင်ခံအစိုးရက အဖမ်းအဆီးများ ပြုလုပ်သည်။ ဖဆပလအဖွဲ့ ဝင်များကို သူခိုးဓားပြများ၊ ဆူပူသောင်းကျန်းသူများ၊ ရာဇဝတ်ကောင်များအဖြစ် ရုံးတင်တရားစွဲကာ ထောင်ချသည်။ ရန်ကုန် လူထုသည် ထန်းတစ်ပင် မြို့သို့ ဘတ်စ်ကားများဖြင့် ချီတက် ကာ ဆန္ဒပြကြသည်။

          ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ် သည်။ ကျွန် တော်တို့သည် ၁၉၄၆၊ မတ်လတွင် ဆယ်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး အောက်တိုဘာလတွင် တက္ကသိုလ်သို့ ရောက်လာကြသည်။ တက္ကသိုလ်တွင် သမဂ္ဂ များ ပြန်လည်ဖွဲ့စည်းသည်။ တက်ကြွသော လူငယ်ကျောင်းသား များသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သည့် ဖဆပလအဖွဲ့ ကို ထောက်ခံကြသည်။ လွတ်လပ်ရေး တိုက်ပွဲတွင် တစ်တပ်တစ်အား ပါဝင်ရန် စိတ်အားထက်သန် ကြသည်။

          ၁၉၄၆၊ နှစ်လယ်တွင် ဘုရင်ခံ ဒေါ်မန်စမစ်ကို ဘိလပ်က ပြန်ခေါ်သည်။ သူနှင့် မြန်မာပြည်သူတို့ အစေးမကပ်။ သူက ဗိုလ်ချုပ်အောင် ဆန်းကို လူသတ်မှုဖြင့် တရားစွဲရန် ကြံစည် သည်။ ထိုအခါ မြန်မာပြည် သူတို့ ဆူပူထကြွကြလိမ့်မည်။ သူ့နောက်တွင် တက်ကြွသောလူထု၊ လွတ်လပ်ရေးကို မရ အရတိုက်ယူမည့် လူထုကြီးရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းလျှင် ဗမာ့တပ်မတော်တွင်ရှိနေသော ဗမာ့မျိုးချစ် တပ်မတော်မှ အရာရှိများ၊ ရဲဘော်များက တိုက်ကြလိမ့်မည်။

          သို့ဖြစ်ရာ မြန်မာပြည်ပေါ်လစီအသစ်ကို အကောင် အထည်ဖော်နိုင်ရန် လေဘာအစိုးရခေါင်းဆောင် အက်တလီ က ဆာဟူးဘတ်ရန့်ကို မြန်မာပြည် ဘုရင်ခံသစ်အဖြစ် ခန့် လိုက်သည်။

          ဘုရင်ခံသစ်ကို မြန်မာလူထုက လူထုဆန္ဒပြပွဲများ၊ သပိတ်များဖြင့် ကြိုဆိုကြသည်။ သပိတ်များ တစ်ခုပြီးတစ်ခု မှောက်ကြသည်။ စာတိုက်အလုပ်သမားသပိတ်၊ မီးရထား အလုပ်သမားသပိတ်၊ စာရေးဝန်ထမ်းသပိတ်များ ပေါ်လာ သည်။ ပုလိပ်အဖွဲ့ ကပင် သပိတ်မှောက်သည်။

         ဘုရင်ခံသစ်သည် ဖဆပလအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့်ဆွေးနွေးကာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဟောင်းကို ဖျက်သိမ်းပြီး ကောင်စီသစ်ဖွဲ့လျှင် ပါဝင် ဆောင်ရွက်ရန် ဖိတ်ခေါ်သည်။ အင်္ဂလိပ်များ မပါသော ဘုရင်ခံ၏ ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ဝန်ကြီးအဖွဲ့တွင် ဝန်ကြီးချုပ်က ခေါင်းဆောင် သည့်လုပ်ထုံးကို ကျင့်သုံးပါစေမည်ဟု ဘုရင်ခံက သဘော တူသည်။

          ၁၉၄၇၊ နှစ်ဦးတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အား လန်ဒန်သို့ လာ ရောက်ဆွေးနွေးရန် ဖိတ်ခေါ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားချိန်တွင် လုံးဝလွတ်လပ်ရေးကို ထောက်ခံသော အားဖြင့် ကျွန်တော်တို့ကျောင်းသားများ သပိတ်မှောက်ကြ သည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က သပိတ်များကို ဦးဆောင်သည်။

          ၁၉၄၇၊ နွေ ကျောင်းပိတ်ရက်တွင် ကျွန်တော်သည် အိမ်သို့မပြန်။ ကိုကြည်လင် (ကွယ်လွန်သူ စာရေးဆရာ မောင်ကြည်လင်) နှင့်အတူ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မအူပင်နှင့် ဘိုကလေးမြို့များသို့ သပိတ်စည်းရုံးရေး ဆင်းသည်။

        ကိုကြည်လင်သည် မူလက ပခုက္ကူ ကွန်မြူနစ်ပါတီတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ကွန်မြူနစ်ပါတီကွဲ သည်တွင် တက္ကသိုလ် သို့ ရောက်လာသူဖြစ်သည်။

          ကျွန်တော်လည်း ပခုက္ကူ၊ ပြည်သူ့ ရဲဘော်တပ်ဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေရာမှ နိုင်ငံရေးအကွဲအပြဲ များ ဖဆပလမှ (သူငယ်ချင်းများ ပါဝင်သည့်) ကွန်မြူနစ် ပါတီတို့ ထွက်သွားချိန်၌ စိတ်ပျက်ကာ တက္ကသိုလ်သို့ ရောက်လာသူဖြစ်သည်။ သူငယ်ချင်းများ အားလုံးလိုလို တက္ကသိုလ်ကျောင်းတက်ကြရန် ရန်ကုန်သို့ ဆင်းကြသည်။ ပြည်သူ့ရဲဘော် ပထမညီလာခံသို့တက်ရန် ဇွန်လဆန်း

လောက်တွင် ရန်ကုန်သို့ ကျွန်တော် ဆင်းလာခဲ့သည်။ ညီလာခံအပြီး တက္ကသိုလ် နယ်မြေသို့ သွားရောက်လည်ပတ် သည်တွင် ကျောင်းနေရန် စိတ်ပါလာသည်။ သို့နှင့် မိဘများ ကို ပူဆာကာ တက္ကသိုလ်သို့ ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်စလုံး ဆယ်တန်းအောင် ကြသဖြင့် နှစ်ယောက်အတွက် ကျောင်းစရိတ် ထောက်ပံ့ရ မည်မှာ အတန်ငယ်ခက်ခဲသည်။ သို့ရာတွင် တို့ဖြစ်သလို စားမည်ဟုဆိုကာ နှစ်ယောက်စလုံးကို တက္ကသိုလ်သို့ပို့သည်။

          ကျွန်တော်ကား ကျောင်းသားသပိတ်အရေးတော်ပုံ ဒီရေကိုစီးကာ တက်ကြွနေသည်။ ကျောင်းသားညီလာခံ ကိုယ်စားလှယ်များနှင့်အတူ အတွင်းဝန်ရုံးသို့ သွားရောက် ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်။ သပိတ်လှန်ပြီး ဇာတိသို့ ပြန်လာ သည့်အခါတွင်မူ မြိုင်၊ မြစ်ခြေတို့၌ ဖဆပလအဖွဲ့ဝင် လူငယ်များကို စစ်သင်တန်း ပေးသည်။ ဖဆပလမှ ကိုကျော်ရှိန် (နောင်တွင် ဆိုရှယ်နီ၊ ကွယ်လွန်) က လွတ်လပ်ရေးတိုက်ပွဲ အတွက် အသင့်ပြင်ကြရာတွင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲ တန် ဆင်နွှဲရမည်။ ထို့ကြောင့် လက်နက် ကိုင်တော်လှန်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ကျွန်တော့်ကို စည်းရုံးသည်။

          ဗိုလ်ချုပ်အောင်ဆန်းက ဘိလပ်သွားခါနီးတွင် “တစ်နှစ် အတွင်း လွတ်လပ်ရေးရအောင် ကြိုးစားမယ်၊ မရရင် ချမယ်” ဟူသော မိန့်ခွန်းက ကျွန်တော်တို့ကို တပ်လှန့်နှိုးဆော် လိုက် ခြင်းဖြစ်သည်ဟု ယုံကြည် သည်။

           ဘိလပ်သို့အသွား အိန္ဒိယသို့ ဗိုလ်ချုပ်ဝင်ကာ ပန်ဒစ်နေ ရူးနှင့် ဆွေးနွေးသည်။ သတင်းစာဆရာများက “မြန်မာ့လွတ် လပ်ရေး ကြိုးပမ်းမှုတွင် အနုနည်းသုံးမလား၊ အကြမ်းနည်း သုံးမလား”ဟု မေးသည်တွင် ဗိုလ်ချုပ်က အခြေအနေအရ ပေါ့၊ ကျွန်တော်တို့ကတော့ လက်မနှေးပါဘူး” ဟု ဖြေသည်။

          လန်ဒန်မှ ဗိုလ်ချုပ်အောင်ဆန်း ပြန်လာသည့်အခါ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပြီး လွတ်လပ်သော မြန်မာပြည်၏ အခြေခံဥပဒေ ရေးဆွဲရန် သဘောတူခဲ့သည်။ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသားညီညွတ်ရေး ဥမကွဲသိုက်မပျက် ပြည်ထောင်စုတွင် ပါဝင်ရန် ပင်လုံ ညီလာခံ ကျင်းပသည်။ ထို့နောက် ဧပြီလတွင် ရွေးကောက်ပွဲ ကျင်းပသည်။ ဖဆပလ အပြတ်အသတ်နိုင်သည်။ သို့သော် ဇူလိုင် ၁၉ တွင်မူ ဗိုလ်ချုပ်နှင့် အာဇာနည်များ လုပ်ကြံခံရပြီး ရေတိမ်နစ်ခဲ့ကြရလေသည်။