Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ဖြစ်လေရာဘဝကွယ်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
လှဥမ္မာနှင့် နွားကျောင်းသား
(၁)

          လှနတ်မယ်က ဘာ့ကစားထားရော့သလား။ သို့တည်းမဟုတ်၊ ပြုစား၍များ ထားလိုက်လေပြီလော။

          ထွန်းလင်းသည် ၎င်း၏ ရောဂါကို ဝေခွဲခြင်းမပြုနိုင်အောင် ဖြစ်နေ သည်။ အဘယ် လူမမာသည် မိမိ၏ ကိုယ်၌ဖြစ်သော ရောဂါကို အမှန် အကန်အတိုင်း သိရှိနိုင်သနည်း။

          လှယမင်းသည် ထိုမျှနှင့်ပင် အားရတင်းတိမ်ခြင်း၊ ကျေနပ်ခြင်း မရှိသေးမူ၍ ရိုးအ လှသော ထွန်းလင်းအား ဖမ်းစားထားလိုက်လေပြီ လား။

          ထွန်းလင်းသည် အိပ်စက်၍မရနိုင်အောင် ဖြစ်နေသည်။ ၎င်း၏ အိပ်ရာထက်တွင် တလူးလူး တလွန့်လွန့်ဖြစ်နေသည်။ ဟိုဘက်စောင်း လိုက်၊ သည်ဘက်စောင်းလိုက် လုပ်နေသည်။ အိပ်ပျော်သွားစေရန် အတွက် အဘယ်မျှ ကြိုးပမ်းအားထုတ်စေကာမူလည်း အိပ်စက်၍ကား မရချေ။ မျက်လုံးများသည် ကြောင်၍သာနေလေသည်။

          ထွန်းလင်းသည် ၁၂ နာရီခန့်က မီးငြိမ်းကာ အိပ်ရာဝင်ခဲ့သည်။ အိပ်ချင်လှ၍တော့ကား မဟုတ်ချေ။ မအိပ်လျှင်မဖြစ်၍ အိပ်ရာဝင်ခဲ့ရ ခြင်းသာလျှင် ဖြစ်လေသည်။ အိပ်ရာထက်တွင် အဘယ်မျှ ကြာမြင့်နေ ပြီဆိုသည်ကိုလည်း သူသည် မသိတော့ချေ။ တော်တော်ကြာပြီဆိုသည်မျှလောက်ကိုသာ သိလေသည်။ အိပ်ချိန်တန်လျက်နှင့် အဘယ်သို့မျှ အိပ် စက်ခြင်းမပြုနိုင်သောအခါ အိပ်ရာထက်တွင် လဲလျောင်းခြင်း ပြုနေရသောအမှုသည် လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကဲ့သို့ ဖြစ်လာ သည်။ အနေရကျပ်၊ အထိုင်ရကျပ်ရုံသာမက အသက်ရှူများပင် ကျပ် လာတော့သည်။ ဦးခေါင်းထဲက ယားသလိုလို၊ ကျောပြင်ပဲ ယားသလိုလို နှင့် မနေတတ်၊ မထိုင်တတ်ဖြစ်လာသည်။ သက်ပြင်းကိုလည်း မကြာ ခဏချမိလေသည်။ အင်မတန်စိတ်ရှည်သူတစ်ယောက်ပင် ဖြစ်လင့် ကစား စိတ်များလည်း တိုတောင်းစပြုလာသည်။

          မီးငြိမ်း၍ အိပ်ရာဝင်ခဲ့သည်မှာ ကြာပေပြီ။ မှောင်နှင့်မည်းမည်းထဲ တွင် ဝဋ်ကြွေးခံနေရသည်မှာလည်း ကြာပေပြီ။ အင်မတန်သိမ်မွေ့၍ စိတ်ရှည်လှသော ထွန်းလင်းသည် ကမ္ဘာမြေကြီးနှင့် ရန်ဖြစ်ချင်သလို ဖြစ်လာသည်။ ထို့ကြောင့် ခြုံထားသော သက္ကလတ်စောင်ကြီးကို ၎င်း၏ ကိုယ်မှ ရုတ်တရက် ခွာချပစ်လိုက်ပြီးနောက် ခြင်ထောင်ကို မ,ကာ ခုတင်ထက်မှ ခုန်ဆင်းလိုက်လေသည်။ ထိုသို့ စိတ်တိုတိုနှင့် ပြုလုပ်ချင် ရာကို ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်၍ ဘာလုပ်ရမည့် အစီအစဉ်မရှိသေး ရကား ထွန်းလင်းသည် မှောင်နှင့်မည်းမည်းထဲတွင် အတန်ကြာမျှ ငိုင်၍ ရပ်နေမိသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ၍နေသော ကမ္ဘာမြေကြီး ကို သူသည် ထောင်ထားခြားနား၍ကား ပြီးလေပြီ။ ရှေ့ဆက်၍ ဘာ လုပ်ဦးမည်နည်း။ သူသည် ဘာကိုမျှ စဉ်းစား၍မရသဖြင့် ခုတင်ခေါင်း ရင်း ဘေးဘက်တွင်ရှိသော စာကြည့်စားပွဲဆီသို့ ရောက်သွားပြီးလျှင်စားပွဲတင်မီးတိုင်ကို ဖွင့်လိုက်သည်။

          မှောင်မည်းနေသော အခန်းကလေးအတွင်း၌ ရုတ်တရက် မီးလင်း ၍ သွားလေသည်။ အခန်းတွင်း၌ ပစ္စည်းများများစားစားတော့ မရှိလှ ချေ။ မရှိလျှင်မဖြစ်သော ခုတင်၊ စားပွဲနှင့် ကုလားထိုင်တစ်လုံးအပြင် သောက်ရေတကောင်း တစ်လုံး၊ အဝတ်အစားများထည့်သော ယူနီ ဖောင်း သေတ္တာကြီးတစ်လုံးနှင့် စာအုပ်စင်တို့သာ ရှိကြသည်။ ခုတင် ခေါင်းရင်းဘေးရှိ စာကြည့်စားပွဲထက်တွင် တရိုတသေတင်ထားသော ဓာတ်ပုံတစ်ပုံလည်း ရှိလေသည်။ ဓာတ်ပုံရှင်မှာ အသက်ငါးဆယ်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရသော အမယ်ကြီးတစ်ဦးဖြစ်သည်။

          ထွန်းလင်းသည် ရင်တွင်း၌ ပူစပ်ပူလောင် ဖြစ်နေသကဲ့သို့ ရေ တကောင်းမှ သောက်ရေတစ်ခွက်ကို ခပ်ပြည့်ပြည့်ငဲ့ ကာ တဂွတ်ဂွတ် နှင့် မြည်အောင် အားရပါးရသောက်ချလိုက်သည်။ ထို့နောက် စာကြည့် စားပွဲတွင် ထိုင်လိုက်သည်။ စာကြည့်စားပွဲတွင် အတန်ကြာမျှ မတုန် မလှုပ် ထိုင်နေပြီးမှ ဦးခေါင်းကို တစ်ချက်မျှကုတ်ဖွကာ စားပွဲအံဆွဲကို ရုတ်တရက် ဆွဲဖွင့်လိုက်လေသည်။ ထို့နောက် စားပွဲအံဆွဲအတွင်းမှ သူ၏ ရွှေရောင်လက်ပတ်နာရီကို ထုတ်ယူ၍ ကြည့်လေသည်။

          အချိန်မှာ ညသန်းခေါင်ကျော်၊ နာရီပြန်နှစ်ချက်တီးခန့် ဖြစ်လေ သည်။ တိတိကျကျဆိုလျှင် နှစ်နာရီထိုးရန် ငါးမိနစ်မျှပင် မလိုတော့ ချေ။ ထို့ကြောင့် နံနက်လင်းရန် နာရီများစွာလည်း မကျန်ရှိတော့ချေ။ နာရီကို အတန်ကြာမျှ စူးစိုက်၍ကြည့်ရင်း တစ်လောကလုံး နှစ်နှစ် ခြိုက်ခြိုက်ကြီး အိပ်မောကျနေချိန်တွင် သူများနည်းတူ အိပ်စက်ခြင်း မပြုနိုင်သော မိမိ၏အဖြစ်ကို ထွန်းလင်းသည် များစွာ အံ့ဩ၍နေမိ သည်။ သူသည် နှစ်ပေါင်း နှစ်ဆယ်နီးပါးခန့်မျှ လူ့လောကတွင် နေ ထိုင်လာခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ ဤတစ်ကြိမ်သည် ပထမအကြိမ်ဖြစ်လေသည်။

          တစ်ဖက်ခြေရင်းမှ တခေါခေါနှင့် ဟောက်နေသော အသံကို ကြား လိုက်ရပြန်သောအခါ ယခုအချိန်အထိ အိပ်စက်ခြင်းမပြုနိုင်သော ၎င်း၏ ကိုယ်ကိုလည်း ထွန်းလင်းသည် မကျေမချမ်းဖြစ်လာမိသည်။ သူများ နည်းတူ မိမိကကော အဘယ်ကြောင့် အိပ်စက်ခြင်းမပြုနိုင်ရသနည်း။ ထွန်းလင်းသည် ၎င်း၏ ကိုယ်ကို တရားခံအဖြစ်ဖြင့် စွဲချက်တင်ကာ ၎င်းကိုယ်တိုင် တရားသူကြီးပြု၍ စစ်ဆေးလျက်ရှိသည်။ သို့ရာတွင် တရားမင်းနှင့် တရားခံတို့ တစ်ဦးတည်းသာဖြစ်နေသော အမှု၌ ထွန်း လင်းသည် အဘယ်ကဲ့သို့ ထင်ရှားအောင် စစ်ဆေးနိုင်ပါ့မည်နည်း။

          သူသည် ကုလားထိုင်ထက်တွင် လေးလေးလံလံ ထိုင်ချလိုက် သည်။ နာရီကို ပြန်ထည့်ထားလိုက်ပြီးနောက် စားပွဲအံဆွဲကို ပြန်၍ ပိတ်လိုက်သည်။ ထိုအခိုက် ကော်ရစ်ဒါအတွင်း ခပ်အုပ်အုပ်နင်းကာ ခပ်မှန်မှန် လျှောက်လာသော ခြေသံကို ကြားလိုက်ရသဖြင့် ညဦးပိုင်း က အဘယ်သို့မျှ ဖတ်ရှု၍မရသဖြင့် စားပွဲပေါ်၌ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေသော တက္ကဗေဒစာအုပ်ကို ကတိုက်ကရိုက် လှမ်းယူကာ စာကြည့် နေသယောင် ပြုနေလိုက်ရပြန်လေသည်။

* * *
( ၂ )

          ကျောင်းဆောင်၏ ကော်ရစ်ဒါအတိုင်း ခပ်အုပ်အုပ်၊ ခပ်မှန်မှန် လျှောက်လာသော ခြေသံသည် မီးလင်းနေသော ထွန်းလင်း၏ အခန်း ရှေ့သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်၍သွားလေသည်။ ထွန်း လင်းသည် မသိယောင်၊ မကြားယောင်ပြုကာ စာကြည့်ဟန်ဆောင်နေ လိုက်သည်။ အခန်းရှေ့တွင် ရပ်နေသူသည် တစ်အောင့်မျှ ငြိမ်သက်စွာစောင့်ဆိုင်းနေပြီးနောက် အပြင်ဘက်မှ တံခါးကို မတိုးမကျယ်ခေါက် လေသည်။

          ထွန်းလင်းသည် တက္ကဗေဒစာအုပ်ကို လက်မှမချဘဲ စာကြည့် စားပွဲမှ ထလာခဲ့ပြီးလျှင် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ သူ တွေး ဆသည့်အတိုင်းပင် အပြင်မှ တံခါးခေါက်သူသည် နည်းပြဆရာ အဆောင်မှူးဖြစ်နေကြောင်း တွေ့ရှိရလေသည်။ အအေးဒဏ်ကို ကာ ကွယ်ရန်အတွက် အဆောင်မှူးသည် သက္ကလတ် လောင်းကုတ်အင်္ကျီ ကြီးကို ဝတ်ဆင်လျက် လည်ပင်းတွင်လည်း သိုးမွေးနှင့် ရက်လုပ်ထား သော မာဖလာကို ရစ်သိုင်းထားလေသည်။

           “ဟေ... မင်း ခုထက်ထိ မအိပ်သေးဘူးလားကွ၊ မောင်ထွန်းလင်း” နည်းပြဆရာက များစွာ အံ့အားသင့်သောအမူအရာဖြင့် မေးမြန်းလေ သည်။

          “ကျွန်တော် ခုပဲ အိပ်တော့မလို့ပါဆရာ၊ ကြည့်ဖို့ စာကလေးမကုန် တတ်သေးတာနဲ့မို့ပါ” ကျောင်းသားတပည့်တို့၏ထုံးစံအတိုင်း ထွန်း လင်းသည် ဆရာဖြစ်သူအား လွယ်လင့်တကူပင် လိမ်လည်၍ ပြောဆို ခြင်းပြုလိုက်လေသည်။

          “ ဒါလောက်ညဉ့်နက်အောင်သာ စာကြည့်နေရင် မင်းကျန်းမာရေး ကို ထိခိုက်လိမ့်မယ် မောင်ထွန်းလင်း၊ ဘယ်အရာမဆို ချင့်ချင့်ချိန်ချိန် လုပ်မှပေါ့ကွာ” အဆောင်မှူးသည် ၎င်း၏ ဝတ္တရားအတိုင်း တပည့် ကျောင်းသားအား သတိပေးခြင်းပြုလေသည်။

          “ဟုတ်ကဲ့ဆရာ၊ ကျွန်တော်လည်း ခုပဲအိပ်တော့မလို့ပါ”ထွန်းလင်း သည် ဆရာသမားအား လေးလေးစားစား ပြန်လည်ပြောဆိုခြင်း ပြု လိုက်သည်။

          “မင်းကတော့ အောင်ရုံတင်မကဘူး ဒစ်စတင်းရှင်းတောင် ရနိုင်တဲ့သူပါကွာ၊ ကဲ... ကဲ အချိန်လည်းမရှိတော့ဘူးပေါ့၊ အိပ်တော့နော်၊ ဟုတ်လား” ဟု ၎င်းသတိပေး ပြောဆိုစရာရှိသော စကားများကို ပြော ဆိုပြီးနောက် အဆောင်မှူးသည် ကော်ရစ်ဒါအတိုင်း ဆက်လက်၍လျှောက်သွားသဖြင့် ထွန်းလင်းသည် အခန်းတံခါးကိုပိတ်ကာ စာကြည့် စားပွဲသို့ ပြန်လျှောက်လာခဲ့သည်။

           စာကြည့်စားပွဲတွင် ထိုင်ချလိုက်ပြီးနောက် အကြောင်းရင်းကို ဘာ မျှ မသိရှာသဖြင့် “မင်းကတော့ အောင်ရုံတင်မကဘူး၊ ဒစ်စတင်းရှင်းတောင် ရနိုင်တဲ့လူပါကွာ” ဟူ၍ ရိုးရိုးသားသားနှင့် ယုံယုံကြည်ကြည် ပြောဆိုအားပေးသွားသော ၎င်း၏ အတန်းဆရာလည်းဖြစ်၊ ၎င်းနေထိုင် လျက်ရှိသော သထုံကျောင်းဆောင်၏ အဆောင်မှူးလည်းဖြစ်သော ဆရာ ဦးကြည်၏စကားကို ပြန်လည်စဉ်းစားရင်း ထွန်းလင်းသည် ခုတ်ရာနှင့်ရှရာ တလွဲစီဖြစ်နေသော မိမိ၏ ဖြစ်အင်ကို ရယ်မောပစ်လိုက် ချင်သလို ဖြစ်လာသည်။ သို့ရာတွင် သူသည် ရယ်မောခြင်းကား မပြု နိုင်ချေ။ ဆရာဦးကြည်၏ ပြန်လှည့်လာသော ခြေသံကို ကြားလိုက်ရ သဖြင့် မီးခလုတ်ကို ကတိုက်ကရိုက် ပိတ်လိုက်ရလေသည်။