Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဗန်းမော်တင်အောင် - ပျောက်ဆုံးနေသောလူတစ်ယောက်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type
ပျောက်ဆုံးနေသော လူတစ်ယောက်
အဆုံးနှင့်အစ၏ ကြားကာလ
( ၁ )

           ရှာရမည်။

          မရှာ၍ကား မဖြစ်။

          ခင်မေက သူ့ကိုရှာရမည်။ မတွေ့မချင်း ရှာရမည်။

          ခင်မေက သူ့ကိုလိုက်၍ ရှာနေပါသည်။

          “မောင်... မောင်... မောင်”

          မွတ်သိပ်ခြင်းပြင်းပြစွာနှင့် သူ့ကို ခင်မေက မြည်တမ်းတနေပါ၏။

           “ဘယ်မှာလဲ မောင်ရယ်...” ခင်မေက သူ့ကို တသသ မေးနေရှာသည်။

          သို့ရာတွင် သူ့ထံမှ အဖြေကိုကား မရ၊ ဘယ်မှာလဲ မောင်ရယ်..

          သူက မကြားနိုင်တော့၍များလားမသိ၊ ဒါမှမဟုတ်ဘဲနှင့် မကြား ချင်တော့၍ မကြားယောင်ပြုနေသလားမသိ၊ အမှန်ကို ခင်မေက ဘယ်လို လုပ်၍များ သိနိုင်ပါ့မတုံအရူးမကလေးလို ခင်မေက သူရှိနိုးနိုးရာမှာ တကောက်ကောက် လိုက်ရှာနေသည်။ မောရမှန်းမသိ၊ ပန်းရမှန်းမသိ၊ အို.. ရှက်ရကြောက်ရ မှန်းလည်း ခင်မေက မသိတော့ပါ။

          နေပူပူ မိုးရွာရွာ။ အို... နှင်းတွေကဝေလို့ ခိုက်ခိုက်တုန် ချမ်းချမ်း စီးစီးကြီးထဲမှာပဲ ဖြစ်နေဖြစ်နေ ခင်မေက သူမရဲ့ “မောင်”ကို ရှာနေပါ သည်။ မြည်တမ်းနေပါသည်။

          သည်လောက်ပင် ခင်မေက လိုက်ရှာနေပါလျက် သူ၏ အရိပ် အယောင်ကိုမျှပင် မမြင်၊ အစအနကိုလည်း သတင်းမကြားရ။ သူက မြေကြီးရဲ့ တစ်ဖက်စွန်းမှာလား။ သူသည် ပျောက်ဆုံးသွားပြီလား၊ သို့မဟုတ် ခင်မေ ရှာ၍မတွေ့သောနေရာမှ ခင်မေရဲ့ မြည်တမ်းတသံကို ပင် မကြားနိုင်တော့၍များလား။

          ရှာရမည်။

          မရှာ၍ကား မဖြစ်၊ ခင်မေက သူ့ကို ရှာရမည်၊ မတွေ့မချင်း ရှာ ရမည်။ အို မသေမချင်းလည်း ခင်မေက ရှာဦးမည်၊ အကယ်၍ သေသွား လို့ ဟိုဘက်တစ်ဘဝမှာ ရှာနိုင်ဦးမည်ဖြစ်က ခင်မေက ရှာနေလိမ့်ဦးမည် သာ ဖြစ်သည်။

          တောတောင်နှင့် မြစ်ချောင်းသမုဒ္ဒရာတို့က ကာဆီးလို့ပဲ နေပါစေ။ စိုးရွံ့စရာ ဘေးအန္တရာယ်တို့ကပဲ ဟန့်တားခြောက်လှန့်၍လည်း နေပါ စေ၊ ခင်မေဖို့ အရေးမဟုတ်၊ အို... နောက်ဆုံးသော နေ့၊ ရက်၊ နှစ်၊ လ နှင့် သည်ကပ်ကမ္ဘာကြီးပါ ကြွေလွင့်ကုန်ဆုံး၍ပင် သွားပါစေဦးတော့...

          ခင်မေက သူမရဲ့ “မောင်” ကို လိုက်၍လိုက်၍သာ ရှာနေပါလိမ့် မည်၊ လိုက်၍သာ ရှာနေပါသည်။

          “ဘယ်မှာလဲ မောင်ရယ်”

 

          မိုးသက်တဖွဲဖွဲအောက်မှာ သားရေသေတ္တာကို လက်တစ်ဖက်မှ ဆွဲကာ လွယ်အိတ်တစ်လုံးကိုလည်း ပခုံးတစ်ဖက်တွင် လွယ်ရင်း ခပ်သွက်သွက် လျှောက်လာခဲ့သော ခင်မေက ရန်ကုန်ဘူတာကြီး၏ ခုံးတံတားပေါ်သို့ တက်လာခဲ့လေသည်။ သည်လို ဝေလီဝေလင်း မိုးသက်တဖွဲဖွဲအောက်မှာ သည်လို ဝန်စည်စလယ်များဖြင့် ခင်မေက အရေးတကြီး ဘယ်ကိုများ သွားမှာမို့တုံး၊ ပြီးတော့ ငယ်ရွယ်သော ခင်မေသည် တစ်ယောက်တည်း။

          ခုံးတံတားထိပ်သို့ ရောက်သောအခါ ခင်မေက သားရေသေတ္တာ ကို ခေတ္တချ၍ အပန်းဖြေရင်း ခါးမှ လုံချည်ကို ခိုင်မြဲအောင်ပြင်၍ ဝတ် နေရသေးသည်။

          ဝေလီဝေလင်းပင် ဖြစ်သော်လည်း ရန်ကုန်ဘူတာကြီးက အသက် ဝင်လှုပ်ရှားနေ၏။

          ခေါင်းတွဲများ လှုပ်ရှားသံ၊ တွဲချိတ်သံ၊ ဥသြသံနှင့် လူသံသူသံ များမှာ နားရှုပ်စရာပင်ဖြစ်သည်။

          ခင်မေက ကြာကြာနား၍မနေနိုင်၊ တော်တော်ကြာ ရထားမမီလိုက် ၍ ခက်နေချေဦးမည်။ ထို့ကြောင့် ချထားသော သားရေသေတ္တာကို ပြန်၍ဆွဲယူကာ ခပ်သွက်သွက်ပဲ လျှောက်လာခဲ့ရပြန်သည်။

          “အမာ ကူလီဟဲ...” ကူလီကုလားသုံးယောက်က ငယ်ရွယ်လှပ သော ခင်မေ၏လက်မှ သားရေသေတ္တာကို လှမ်း၍တောင်းကြလေသည်။

          ခင်မေက ကူလီ၏အကူအညီကို မခံလို၊ မကုန်တန် မကုန်ရ အောင် သူမသည် သူမ၏ လုပ်အားကို အားကိုးရပေမည်။ ထို့ကြောင့် ကူလီများကို အရေးမစိုက်ဘဲ လက်မှတ်ရုံဘက်သို့သာ ခပ်သွက်သွက် လျှောက်လာခဲ့ရပေသည်။

          လက်မှတ်ပေါက်ဝတွင် လက်မှတ်ဝယ်သူတွေက ရှုပ်ယှက်ခတ် နေသေးသဖြင့် လူရှင်းသော ထောင့်တစ်ထောင့်မှာ ခင်မေက အသာပု၍ နေရသည်။ အတန်ကြာ၍ လူရှင်းသွားမှ မိမိအတွက် လက်မှတ်ကို ကမန်းကတန်း ဝယ်ယူပြီးနောက် မိမိစီးရမည့် ရထားထွက်ရာ ပလက် ဖောင်းသို့ လျှောက်လာခဲ့ရသည်။

          ငယ်ရွယ်နုပျိုလှသော ကလေးမအရွယ် ခင်မေက သည်လို ဝန်စည်စလယ်တွေနှင့် ပျာယီးပျာယာ တစ်ယောက်တည်း သွားလာနေပုံ ကို ဘေးမှလူများက အထူးအဆန်းလို ကြည့်နေကြပုံရသည်။ ခင်မေက တော့ ဘေးကသည်လို ကြည့်နေကြသော လူတွေကို သတိပင်မထားမိ။

          မိမိစီးရမည့် ရထားပလက်ဖောင်းသို့ ရောက်သောအခါ သေချာ သည်ထက် သေချာအောင် တွဲထဲမှ ခရီးသည် ယောက်ျားကြီးတစ်ဦးအား “ဒီရထားဟာ ပြည်ကိုသွားမယ့် ရထားလား ဘကြီးရဲ့”ဟု စွန့်စွန့်စားစား မေးလိုက်မိပေသည်။

          “ဟုတ်တယ် သူငယ်မရဲ့ ” ထိုလူကြီးက ဒါပဲပြောသည်။ သည် တော့မှ စိတ်နှလုံး တုံးတုံးချသွားသကဲ့သို့ စိတ်ထဲတွင် ပေါ့သွားကာ မိမိ တစ်ယောက်အတွက် သက်သာရှင်းလင်းစွာ စီးရမည့်နေရာကို လိုက် လျှောက်၍ ကြည့်ရပြန်ပါ၏။

          တွဲတိုင်းတွဲတိုင်းမှာ လူတွေ တင်းကျမ်းပြည့်ကျပ်၍သာ နေလေ သည်။ သို့နှင့် မိမိတစ်ယောက်စာအတွက် နေရာတစ်နေရာစာပင် ရရှိဖို့ ခပ်ခက်ခက်ဖြစ်နေသောကြောင့် ခင်မေက စိတ်အားငယ်သွားသည်။ စိတ် အားငယ်၍ကား ပြီးနိုင်သည့် ကိစ္စမဟုတ်။ ထို့ကြောင့် ခင်မေက လိုက်၍ ရှာရပြန်လေသည်။

          သည်လို ခင်မေက သားရေသေတ္တာကို လက်တစ်ဖက်မှ အနိုင်နိုင် တွဲကာ ပခုံးတစ်ဖက်မှာလည်း လွယ်အိတ်တစ်လုံးနှင့် နေရာလိုက်၍ရှာနေခိုက် အသက်နှစ်ဆယ်ခန့် ခပ်ဖြူဖြူ၊ မိန်းမပျိုတစ်ယောက်က တစ်ခု သော တွဲ၏ ပြတင်းပေါက်မှ ခေါင်းပြူ၍ထွက်ကာ

          “ဟေး၊ ခင်မေ” ဟု လှမ်း၍ ခင်မေ့ကို ခေါ်လိုက်လေသည်။ မိမိ နာမည်ခေါ်သံကို ကြားရသဖြင့် ခင်မေက ရုတ်တရက် လှည့်၍ကြည့်မိရာ မှ “ဟေး နွဲ့၊ မင်းတို့ ဘယ်သွားကြမလို့လဲ” ဟု အားတက်လာသလို ပြန်၍မေးမိသည်။

          “သာယာဝတီကိုလေ၊ မင်းကော ဘယ်သွားမလို့လဲ၊ နေရာကောရပလား”

          “မင်းတို့တွဲမှာ နေရာတစ်နေရာစာလောက် ရပါ့ဦးမလားကွယ်” “မင်းတစ်ယောက်အတွက်တော့ ရပါတယ်၊ လာလေ”

          နွဲ့ဆိုသော အသိသူငယ်ချင်းတစ်ယောက်နှင့် အခန့်သင့်တွေ့၍ နေရာပေးသောကြောင့် ခင်မေ့မှာ ခဲခဲယဉ်းယဉ်းနှင့် တစ်နေရာစာရကာ ရထားပေါ်သို့ ရောက်ရတော့သည်။

          ရထားတွဲပေါ်သို့ရောက်ခါမှ စိတ်ချသွားသကဲ့သို့ သက်ပြင်းကို ချကာ ခင်မေက အမောဖြေရရှာသည်။

          “မင်းလည်း ဘယ်လိုက ဘာဖြစ်ပြီး ဘယ်ကလာလို့ ဘယ်ကို သွားရဦးမှာလဲကွယ်” နွဲ့ က အမောဖြေနေသော ခင်မေ့ကို နားမလည် သော်လည်း သနားကြင်နာစွာ မေးနေသည်။

          “ဘာဖြစ်ခဲ့တာကိုတော့ မေးမနေပါနဲ့တော့ကွယ်၊ ကိုယ် ခု ပြည်ကို လိုက်မလို့”

          “ပြည်ကို မင်းတစ်ယောက်တည်းလား၊ ဟိုမှာ အသိဘယ်သူရှိလို့တုံး”