ဗန်းမော်တင်အောင် - ကြေးစား
တောင်ကိုလျှောက်လာခဲ့ပြီးနောက် မြောက်အရပ်တစ်ခွင်သို့ မျှော် ရှုလိုက်လျှင် နှင်းသောက်နေသော ဥတ္တရတောင်ကုန်းတောင်တန်းကြီး များကို ခပ်ရေးရေးတွေ့မြင်နိုင်၏။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ခုနှစ်ထောင်သာသာခန့်မြင့်၏။ ယင်းတောင်ကုန်းတောင်တန်းကြီးများ ကို ဖုံးလွှမ်းလျက်ရှိသော သစ်တောကြီးများအတွင်း ပြောင်၊ ဆင်များနှင့် ကျားသစ် စသော သားရဲနှင့် တောကောင်ကြီးငယ်များ ထူပြောကျက် စားတတ်၏။ အလွန်တရာ ကြမ်းတမ်းရိုင်းစိုင်းသော အရပ်ဒေသဖြစ်၍ လူသူရောက်ခဲပေါက်ခဲ၏။
ဆောင်းရာသီများတွင် နှင်းဆောင်းလေ့ရှိသော ဥတ္တရတောင်ကုန်း တောင်တန်းများတစ်ဝိုက်တွင် ရွှေမင်းဝံသည် ချောင်းဖျားတိုက်၏ ။ တောင်ခြေတစ်ဝိုက်တွင် ထူပြောသော ကျောက်ခုတင်နှင့် ကျောက်ဆောင် ကြီးများအကြား ခုန်ပေါက်စီးဆင်းလေ့ရှိ၏။ ထို့နောက် စိမ့်ကြီးမြိုင်ကြီး ၍ နေရောင်ပင်ထိုးဖောက်ခြင်းငှာ မတတ်နိုင်သော သစ်တော၊ ဝါးတောကြီးများအကြား ဝါးလုံးထိုး ဖြတ်သန်း၏။ ယင်းသို့ သစ်တော၊ ဝါးတော ကြီးများအတွင်း တဝေါဝေါ အော်မြည်စီးဆင်းရင်း တစ်စထက်တစ်စ တောပါးလာပြီးနောက် ညီညာပြန့်ပြူးသောကွင်းအစပ်သို့ ဝင်ရောက်၏။
ယင်းသို့ တစ်စထက်တစ်စ ညီညာပြန့်ပြူးသော လယ်ကွင်းယာ တောနှင့် ကိုင်းရုံများ၊ ကျေးရွာများကို ကျော်လွှားဖြတ်သန်းရင်း ရွှေမင်းဝံ သည် မိမိ၏ရေအလျဉ်ကို တစ်စထက်တစ်စ ကိုယ်ရှိန်သတ်မှန်းမသိ သတ်ကာ မြန်မာနိုင်ငံကို မြောက်နှင့်တောင် တူးမြောင်းဖောက်၍ တသွင် သွင်စီးဆင်းလျက်ရှိသော မြစ်ကြီးဧရာနှင့် တွေ့ဆုံပေါင်းစည်း၍သွား ၏။ မြစ်ချောင်း မင်းဝံနှင့် ဧရာမြစ်မင်းတို့ တွေ့ဆုံပေါင်းစည်းရာ ကိုယ် တူခွဟုလည်း ဆိုရသော မြစ်လျှာစွန်းတွင် စည်သာမြို့ကို မြို့ရိုးများ ဖြင့်ကောင်းစွာစီရင်ထား၏။ လက်နက်ကိုင်တပ်များနှင့်လည်း ကောင်း စွာကာကွယ်ထား၏။
( ၂ )
မဇ္ဈိမခေတ် မြန်မာနိုင်ငံသမိုင်း၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဘုရင်များ ဘုန်းတန်ခိုးအာဏာ မသစ်ထွန်းမီက စည် သာသည် ဘုရင်အစိုးရအဆက်ဆက် မေ့လျော့ခြင်းခံခဲ့ရသော ကျေးရွာ ငယ်တစ်ရွာမျှသာဖြစ်၏ ။ လူနေအိမ်ခြေအစိတ်သုံးဆယ် ခန့်မျှပင်မရ တတ်။ အလွန်တရာလည်း ခေတ်နောက်ကျမွဲကျန်၏။ စီးပွားရေး လုပ်ငန်းဆို၍ လက်ညှိုးထိုးပြလောက်စရာမရှိ။ ရေမုဆိုးနှင့် တောင်ယာ ပဲခင်း စသော ဝမ်းစာလုပ်ငန်းကလေးမျှလောက်သာရှိ၏။ ထို့ကြောင့် လွှတ်တော်၏ စစ်တမ်းများတွင် စာရင်းအတို့မခံခဲ့ရပေ။
သို့ရာတွင် ကုန်းဘောင်မင်းဆက်ဘုရင်များ နိုင်ငံရေးတန်ခိုးအာဏာသစ်ထွန်းလာချိန်လောက်မှ အစပြုကာ စည်သာသည် နေပြည်တော် ၏ အရေးထားစာရင်းသွင်းခြင်းကို တစ်စထက်တစ်စ ခံယူရရှိလာ၏။ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတော်၏မြောက်အရပ်တစ်လွှားတွင် ငြိမ် ဝပ်ပိပြားရေးကိုစောင့်ကြပ်ကြည့်ရှုရန် ရည်မှန်းချက်ဖြင့် ကံကြွေးချဖွဲ့ စည်းခြင်းခံရသော စီရင်စုတစ်ခုဖြစ်လာ၏။ လွှတ်တော်စစ်တမ်းများ တွင် စာရင်းဝင်လာရ၏။ စည်သာစီရင်စုကို ဘုရင့်တပ်မတော်မှ မြင်း ခေါင်းတစ်ဦးက စီရင်ကွပ်ကဲ၏။ လူဦးရေလည်း တစ်စထက်တစ်စ တိုးပွားများပြားလာသဖြင့် ယခင်ကကဲ့သို့ တောင်ယာပဲခင်းလုပ်ငန်း ကလေးများလောက်သာမဟုတ်တော့ဘဲ လယ်မြေလုပ်ငန်းများပါ တိုး ချဲ့ ဖွံ့ဖြိုးလာ၏။ လယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မင်းဝံ ချောင်းရိုးတစ်လျှောက်တွင် ရွာသိမ်ရွာငယ်များ အလျှိုလျှို ပေါ်ပေါက် လာ၏။ စည်သာ၏စီးပွားရေးသည်လည်း သဘာဝစီးပွားရေးဘဝမှ ကုန်ထုတ်စီးပွားရေးဘဝသို့ တဖြည်းဖြည်းပြောင်းလွှဲလာ၏။ ကုန်ထုတ် စီးပွားရေးဘဝနှင့်တကွ ကုန်သည်ပွဲစားစသော ကြားလူတန်းစားတစ် ရပ်လည်း မသိမသာ မွေးဖွားလာ၏။ သို့ရာတွင် သန်သန်မာမာတော့ မဟုတ်၊ လျှာမွေးသာသာလောက်သာဖြစ်၏။
ကုန်းဘောင်ခေတ်လယ်ပိုင်းလောက်တွင်မူကား စည်သာသည် ကာကွယ်ရေးအတွက်မျှလောက်သာ မဟုတ်တော့ဘဲ စီးပွားရေးနှင့် ဘဏ္ဍာရေးများအရပါ တစ်စထက်တစ်စများစွာအရေးပါအရာရောက်သော စီရင်စုကြီးဖြစ်လာ၏။ မြေယာနှင့် သစ်တောထွက် ကုန်စည်များ ကို အကြောင်းပြုကာ ရွာကြီးရွာငယ် အမြောက်အများ မင်းဝံချောင်း ရိုးတစ်လျှောက်တွင် ပေါ်ထွန်း၏။ အချို့သော ရွာကြီးများသည် လူနေ အိမ်ခြေနှစ်ရာကျော်၏။ ရွာသိမ်ရွာငယ်များပင်လျှင် အိမ်ခြေငါးဆယ် ထက်မနည်းပေ။ ယင်းသို့ ရွာကြီး၊ ရွာငယ်နှင့် လူဦးရေခုန်ပျံ တိုးပွားလာသဖြင့် ဆန်စပါး၊ ကောက်ပဲသီးနှံနှင့် သစ်ဝါးစသော ကုန်စည်အထွက် များလာ၏။ နယ်မြေသုံးစားသည်ထက် များစွာပိုလျှံအောင်ထွက်၏။ ယင်းသို့ ဘုရင်အစိုးရ၏ ရွှေတိုက်နှင့် ကျီတော်များသို့ ဘဏ္ဍာတော် နှင့် ကုန်တော်များ တစ်စထက်တစ်စ တိုးတက်ဖြည့်တင်းပေးနိုင်သော စီရင်စုကြီးတစ်ခုဖြစ်လာသဖြင့် စည်သာကို မြို့ပြအဆင့်သို့ လွှတ်တော် က တိုးမြှင့်ပေးခဲ့၏။ စည်သာသည် မြို့ရိုးများ၊ ပြအိုးများနှင့် အခိုင်အခံ့ ဖြစ်လာ၏။ မြို့ပြဖြစ်လာသဖြင့် လွှတ်တော်က အရည်အချင်းရှိသော မြို့ဝန်မင်းအုပ်ချုပ်ရသော စီရင်စုဖြစ်လာသဖြင့် မြို့စောင့်တပ်ဖွဲ့များ၊ မြို့ဝန်မင်းရုံးများ၊ တရားရုံးများ၊ အကျဉ်းထောင်များပင် ရှိလာ၏။ စည်စည်ကားကားလည်းဖြစ်လာ၏။
စည်သာမြို့ကို ကျောထောက်နောက်ခံပေးသော ချောင်းရိုးတစ် လျှောက်နှင့်တစ်ဝိုက်တွင် သစ်ဝါး၊ ကြိမ်လျှော်နှင့် ကညင်ဆီ စသော သစ်တောထွက်ပစ္စည်းများသာမက မြေယာထွက်ဖြစ်သော ဆန်စပါး၊ ဝါဂွမ်း၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဆေးနှင့် ပြောင်း စသော ကောက်ပဲသီးနှံ အများအပြားထွက်၏။ မိမိသုံးထက် အမြောက်အမြား ပိုလျှံနေအောင် ပင်ထွက်၏။ ထို့ကြောင့် ထိုပိုလျှံသောကုန်စည်များကို စည်သာမြို့မှ စုဆောင်းကာ နေပြည်တော်သို့ ပို့ဆက်ရ၏။ ထို့ကြောင့် စည်သာမြို့ သည် တစ်နယ်လုံး၏ ဒိုင်ကြီးအလားဖြစ်လာ၏။ ကုန်ရုံ၊ ပွဲရုံများဖြင့် စည်ကားသည်ထက် စည်ကား၏။ ယင်းသို့ စည်သာက ပို့ဆက်သော ကုန်စည်များကို နေပြည်တော်ကမှတစ်ဆင့် မလုံမလောက်ဖြစ်နေသော အခြားအရပ်ဒေသများသို့လည်းကောင်း၊ ပြည်ပ ဈေးကွက်များသို့လည်း ကောင်း မြန်မာဘုရင့်အစိုးရက တင်ပို့ရောင်းချရန် စီမံခန့်ခွဲလေ့ရှိ၏။
ကုန်းဘောင်ခေတ်နောက်ပိုင်း အထူးသဖြင့် ဗြိတိန်-မြန်မာစစ်ပွဲ နှစ်ပွဲ အပြီးတွင်မူကား စည်သာသည် ရတနာပုံနေပြည်တော်အတွက်စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ကာကွယ်ရေးများအရပါ အလွန်တရာ အ လေးထားရသော၊ အားကိုးအားထားပြုရသော နယ်ကြီးတစ်နယ်ဖြစ်လာ ၏။ ဆန်စပါး၊ ငါးခြောက်၊ ငါးခြမ်း၊ ဆားနှင့် ပင်လယ်အမတော်ခွန် များ များစွာရရှိခဲ့သော မြန်မာနိုင်ငံ တောင်ဘက်တစ်လွှားကို လက်လွှတ် လိုက်ရပြီဖြစ်၍ နိုင်ငံတော်၏ အရပ်ရပ် အသုံးစရိတ်များကို စည်သာ နယ်က ဒိုင်ခံ၍ ရှာဖွေပေးလာရ၏။ ထို့ကြောင့် မြန်မာဘုရင့်အစိုးရ အဖွဲ့ က များစွာ အလေးထား အားပြုလာရ၏။ စေ့စေ့စပ်စပ်နှင့် တင်း တင်းကျပ်ကျပ် ချုပ်ကိုင်ရသော စီရင်စုကြီးတစ်ခုလည်းဖြစ်လာ၏။ ပြည် နယ်တစ်နယ်အလားလည်း ဖြစ်လာ၏။ လွှတ်တော်လောက်သာ မဟုတ်တော့ဘဲ ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့ကပါ သဘော တူမျှသောအထက်တန်း နိုင်ငံတော် ဝန်ထမ်းတစ်ဦးဦးကိုသော်လည်းကောင်း၊ သို့မဟုတ် ကောင်းစွာစိတ်ချ ယုံကြည်ရသော မင်းသားကြီး တစ်ပါးပါးကိုသော်လည်းကောင်း ဘုရင်ခံအဖြစ်ဖြင့် စည်သာနယ်ကြီး ကို စီရင်အုပ်ချုပ်ရန် တာဝန်ပေးခန့်အပ်ခြင်းပြုရသည့်အထိဖြစ်လာ၏။ အရေးပါလာ၏။ ထိုသို့ အရှင်နှစ်ပါးနှင့် လွှတ်တော်တို့ညီ၍ တာဝန် ပေးအပ်ခြင်းခံရသော အုပ်ချုပ်ရေးမှူး သို့မဟုတ် အကြီးအကဲကိုလည်း နေဝင်ဘုရင်တစ်ပါးနှင့် မခြားသော အခမ်းအနားအဆောင်အယောင် များသာမက အခွင့်အာဏာများကိုပါ ပေးအပ်လေ့ရှိတတ်ကြ၏။
ထို့ကြောင့် ရတနာပုံနေပြည်တော်ခေတ်တွင် စည်သာအုပ်ချုပ်ရေး မှူးရာထူးနှင့် တာဝန်သည် အလွန်တရာ အရေးကြီးသော တာဝန်နှင့် ရာထူးဖြစ်လာ၏။ မင်းညီမင်းသားများနှင့် လွှတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များ ငမ်းငမ်းတက်လိုချင်သော ရာထူးလည်းဖြစ်၏။ အဘယ်
ကြောင့်ဆိုသော် ထိုတာဝန်ရာထူးဖြင့် ဥစ္စာစီးပွားလည်း အဖြစ်မြန်သော ကြောင့်ဖြစ်၏။