Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဖြိုးသာရ - အလယ်တန်းအဆင့်သရုပ်ဖေါ်စာစီစာကုံးများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

နံနက်ခင်းလင်းအရုဏ်

             ဩကာသ လောကကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားလာတော့မည်။ ကောင်းကင်ဆီမှ ခြုံလွှာမည်းညစ်ညစ်တို့ ပြာရင့်ရင့်အရောင် ပြောင်းလဲခဲ့ပြီ။ တစ်ညတာဆင်နွဲခဲ့သော ကြယ်တာရာသဘင်လည်း ပြီးဆုံးသွားကာ ကြယ်စင် နတ်သမီးလေးများ ပြေးဝင်ပျောက်ကွယ်သွားပေပြီ။ ညတစ်ည၏နိဂုံးဖြစ်၍ နေ့တစ်နေ့၏နိဒါန်းကို စပေတော့မည်။ ။

          အရှေ့ကျွန်းမှ ထွက်ပေါ်လာတော့မည့်နေဝန်းကို ကြိုဆိုလိုက်သံကတော့ “အောက်အီအီးအွတ် ”ဟူသော လင်းကြက်ကြီး၏ ကျူးရင့်မှုပင် ဖြစ်တော့သည်။ ကြက်ဖတွန်သံတို့ ဟိုဟိုသည်သည်မှ ပျံ့လွင့်လာလေသည်။ အတော်အတန်မဝေး လှသော ဘုန်းတော်ကြီးကျောင်းဆီမှ ကုလားတက်ခေါက်သံသည်လည်း မရှေး မနှောင်းပေါ်လာလေသည်။ ဘုရားရှိခိုးသံသဲ့သဲ့နှင့်အတူ “ဒူဝေဝေ” ဟူသော ကြေး စည်သံကိုလည်း ကြားရပါသည်။ ဟိုအိမ်သည်အိမ်မှ မီးရောင်လဲ့လဲ့ဖြင့် ဆွမ်းချက်သံ၊ တီးတိုးစကားပြောသံများနှင့် မရှေးမနှောင်းမှာပင် ခလောက်သံ ကျောင်ချောင်ဂျင်ဂျင်ဖြင့် လယ်တောသူဦးကြီးများ၏ နွားလှည်းသံမှာလည်း လမ်းမထက်ဆီမှ လွင့်ပျံလာ ပါသည်။ ဓမ္မာရုံများဆီမှ ဓမ္မတေးသံကလည်း ဟိုးအဝေးဆီမှ ကြွေးသီလာပါသည်။ မေတ္တာပို့ ပရိတ်တရား ရွတ်ဖတ်သံနှင့်အတူ မင်္ဂလာရှိသော အရုဏ်ဦး၏အစမှာ ကြည်နူးဖွယ် ကောင်းလှပါတော့သည်။

          အလင်းသည် ချက်ချင်းပေါ်လွင်လာသည်မဟုတ်ပေ။ အလင်းသည် မလွန်ဆန်နိုင်စွာဖြင့် မကြာမီ ကြည်လင်သော အပြာရောင်မိုးသား ကောင်းကင်ကြီးကို တွေ့မြင်ကြရပါတော့မည်။

          မှန်ပြတင်းတံခါး အပြင်ဘက်တွင်မူ တီတီတာတာ၊ ကျီကျီကျာကျာ အသံ ကလေးများဖြင့် ငှက်ကလေးများ နံနက်ခင်းတေးသွားကို သီဆိုနေကြပါလေပြီ။ တစ်နေ့တာ အစာရှာထွက်ရန် အချင်းအချင်း နှိုးဆော်သတိပေးနေကြသည်ဟု ထင်ပါ သည်။ ပြတင်းတံခါးကို ထ၍ ဖွင့်လိုက်သည်နှင့် နံနက်ခင်းလေပြည်လေညင်းကလေး က မျက်နှာကို ထိတို့ကျီစယ်လိုက်ပါသည်။ ပန်းသတင်းလေညင်းဆောင်ဆိုသည့် အတိုင်း လေနှင့်အတူ မွှေးပျံ့သော ပန်းရနံ့ ကလေးများကလည်း အာရုံကို ကြည်လင် လန်းဆန်းသွားစေပါသည်။ လေညင်းကလေးတို့က နေ့သစ်တစ်ခု မွေးဖွားရန် အားသစ်အင်သစ်များ ဆောင်ကြဉ်းလာခဲ့ကြသည် ထင်ပါ၏။ ကျွန်တော်/ကျွန်မ၏ စိတ်ဓာတ်နှင့် နှလုံးသားတို့ တက်ကြွ နိုးကြားလှုပ်ရှားနိုးထလာပါသည်။

            မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်လိုက်သည်နှင့် နေခြည်လာရာ ဘက်ဆီသို့ မျှော်ဖူးနေကြသော ပန်းနေကြာတို့၏ အလှကို သဘာဝကျလွန်းစွာဖြင့် တွေ့ရပြန်ပါ သည်။ တစ်ညတာပွင့်ချပ်များကိုပိတ်၍ အိပ်စက်အနားယူခဲ့ကြသော သစ်ရွက်ကလေး များကလည်း နေခြည်လာသည်နှင့် အာဟာရအတွက် အစာချက်ကြရန် အသင့်စောင့် နေကြလေပြီ။ အရှေ့ရိုးမတောင်တန်းကြီးသည်လည်း ပြာရီမှိုင်းကာမို့မို့လွင်နေရာမှ အလင်းရောင် အနားသတ်လျက် ညိုညိုညိုကာ ဝါရည်သွေးလာပါသည်။ မြို့ဦးထိပ် က ခရေပင်ကြီးဆီတွင် ကလေးတို့ ခရေပန်းကောက်ကာ တေးဆိုနေကြပေတော့မည်။

 “မောင်လေးရေ ထပါတော့

ရောင်နီလာလှပေါ့

ညီမလေးရေ ထပါတော့

ရောင်နီလာလှပေါ့

တစ်ကျော့နှစ်ကျော့တေးကိုသီ

ငှက်ကျားနှုတ်ပလီ

တောင်ဆီနားက ခရေပန်း

ပင်အောက်ကြိုင်လို့လန်း ”

           ဟူသောကဗျာကလေးကို အမှတ်ရနေမိပါသည်။

           အိမ်ရှေ့ လမ်းမဆီမှ ပြုတ်” ဟူသော အသံချိုချိုကလည်း နံနက်ခင်း အာဟာရအတွက် ပုံမှန်ဆိုက်ရောက် လာပါတော့သည်။ မကြာမီ သံဃာတော်များ သပိတ်ကိုယ်စီဖြင့် အရုဏ်ခံကြွလာပေတော့မည်။ ဗုဒ္ဓဘာသာတို့၏ ကြည်နူးဖွယ်အရုဏ်ဆွမ်းလောင်းလှူ သည့် မြင်ကွင်းမှာ ကျက်သရေရှိလှပါ၏။ ဆောင်းအရုဏ် တွင်မူ တစ်မူထူးစွာတွေ့မြင်ရတတ်ပါသည်။ စောစောအိပ်လို့၊ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ နှင်းဇာပဝါကို နေခြည်ခွဲလုလု၌ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းယူကာ လမ်းလျှောက်၊ ပြေးလွှားကြသူများ မနည်း လှပါပေ။ ကျုံးနံဘေး၊ ကန်နံဘေး၊ မြစ်ကမ်းနံဘေး၊ ပင်လယ်ကမ်းနံဘေးတွင် အရုဏ်ဦးလေ့ကျင့်ခန်း ယူနေသူများမှာ စည်ကားအားတက်ဖွယ်ဖြစ်ပါသည်။

            မြစ်ပြင်ဆီတွင်လည်း စာဖွဲ့၍ မမီနိုင်သော အလှတရားများရှိနေပါသည်။ သူရိန်မင်း၏ ရောင်ခြည်နုနုကြောင့် တလက်လက် တောက်ပလာသည့် ရေပြင်တွင် လှိုင်းကြက်ခွပ်ကလေးများက အရုဏ်တေးသွားနှင့် လိုက်ဖက်စွာ ဟာမိုနီပေးနေသည့် နှယ်ရှိသည်။ ဝမ်းစာရှာ တံငါလှေတို့ တစ်နေ့တာလုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြပေ ပြီ။ ထို့အတူ လမ်းပေါ်၌ စက်ဘီးကိုယ်စီဖြင့် အလုပ်ခွင်ဝင်ရန် သွားနေကြသူများကို တွေ့ရပါသည်။ လူတန်းစားအသီးသီးတို့ တစ်နေ့တာလုပ်ငန်း တာဝန်များ ထမ်း ဆောင်ကြရန် စတင်ပြင်ဆင်ခြေလှမ်းနေသော အခါသမယဖြစ်ပြီး ရောင်နီဦး၏ သစ် လွင်လတ်ဆတ်မှုနှင့်အတူ တက်ကြွရွှင်လန်းနေကြသည်ကိုလည်း တွေ့မြင်ရပါသည်။

           အရုဏ်ဦး၏အလှသည် နုသစ်လန်းဆန်းမှုဖြင့် ကျက်သရေမင်္ဂလာအပေါင်း ခညောင်းလျက်ရှိပြီး နေ့တစ်နေ့ကို အစပြုရန် အားသစ်လောင်းပေးနေသည့်နှယ် ဖြစ်ပါသည်။ လင်းအရုဏ်ကား အမှောင်ထုကို ဖြိုခွင်းရန် သဘာဝက ချီးမြှင့်လိုက်သော လက်ဆောင်မွန် တစ်ခုဖြစ်ပါသည်။ အမှောင်ဆိုသည်မှာ ရောင်နီလာလျှင် ကွယ်ပျောက်ရစမြဲပင် မဟုတ်ပါလား။ မဟူရာကောင်းကင်ပေါ်မှ စိန်ပွင့်ကလေးများ သဖွယ် တလက်လက်တောက်နေခဲ့သော ကြယ်ကလေးများသည်ပင် နေရောင်ကို အံမတုနိုင်ဘဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရပေသည်။ အရုဏ်ဦးကို မေတ္တာရှင် တစ်ပါးအဖြစ် တင်စားချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နံနက်ခင်းတွင် နိုးထ လာသည်နှင့် စိတ်ကြည်လင် ကြည်နူးမှု၏ အရသာကို မတောင်းခံရပါဘဲ ရရှိခံစား နိုင်သောကြောင့်ဖြစ်သည်။

          ထို့ပြင် အရုဏ်ဦးသည် သစ္စာရှင်တစ်ပါးလည်းဖြစ်ပေ သေးသည်။ လူသား တို့သည် ငြိမ်းအေးချမ်းမြေ့မှု၊ တက်ကြွရွှင်လန်းမှုတို့ကို အလိုရှိကြသူချည်းဖြစ်သည်။ အရုဏ်ဦးတွင် မည်သည့်နေရာမှ ပေါ်လာသည်မသိနိုင်သော အင်အားတစ်ရပ်ကို လူသားတို့ ရရှိနိုင်ကြသည်။ ရဲရင့်ခြင်း၊ တက်ကြွခြင်း၊ အမြင်ကြည်လင်ခြင်း၊ စိတ် လက်ပေါ့ပါးခြင်း စသည့် အကျိုးတရားများကို အရုဏ်ဦးက ပေးသွားခဲ့သည်။

          မည်သူ ဒါနသီလပျက်ပျက် သူကတော့ပျက်ကွက်ခြင်းမရှိ။ သူ့သဘာဝဝတ္တရား ကို သစ္စာရှိစွာ ကျင့်ကြံခဲ့သူဖြစ်ပေရာ သူတော်စင်တစ်ပါးနှယ်ပင် တင်စားရပေသည်။

( အရုဏ်ကား မျိုးချစ်စိတ်ကိုပင် နိုးကြားစေနိုင်ခဲ့သူဖြစ်သည်။ ဆရာဒဂုန် တာရာ၏ မတ်လတော်လှန်ရေးကဗျာတွင်

 “မိုးကုပ်ကုပ်ဝယ်

အို.. ရုတ်တရက်၊ မျဉ်းဖြူစက်၍ .

ကွဲအက်ကြောင်းရာ၊ ပတ္တမြားရည်

 စီးလည်းအဟုန်၊ နီမြန်းကုန်သည်

အရုဏ်ပေါ်စ ဝိုးတဝါး”

          ဟု အရုဏ်တက်စ မြင်ကွင်းကို တော်လှန်ရေးသရုပ် ဖြင့် ရေးဖွဲ့ ထားခြင်းဖြစ်သည်။ ဤသို့ ကြီးကျယ်မြင့်မြတ်သော ဂုဏ်ပုဒ်များဖြင့် ရောက်ရှိလာသော အရုဏ်ဦးကို လူသားတိုင်း လှိုက်လှဲစွာ ကြိုဆိုသင့်ကြပါသည်။ နံနက်ခင်းက ပေးကမ်းစွန့်ကြဲသော ကျေးဇူးတရားများကိုလည်း ခံစားရယူအပ်ကြ ပါသည်။ အရုဏ်သည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါသော်လည်း အခြားသော ရေကြီး၊ မြေပြို၊ ငလျင် ဟူသည့် သဘာဝဖြစ်ရပ်များနှင့် မနှိုင်းအပ်သော လူသား လောကအကျိုးပြု ကိုယ်စားလှယ်တော်ကြီး ပင်ဖြစ်ပါသည်။

         အရုဏ်ဦးသည်မေတ္တာ၏ သင်္ကေတ၊ သတ္တိ၏ပြယုဂ်၊ သူတော်ကောင်းနှင့် သူရဲကောင်းတို့၏ အသွင်သဏ္ဌာန်ဖြစ်ပေရာ အရုဏ်ဦး၏ ကျေးဇူးကို တုံ့ပြန်သင့်ပါ သည်။ အရုဏ်ဦးတွင် ကြည်နူးဖွယ် သဘာဝတေးသံများနှင့်အတူ မင်္ဂလာရှိနေပြီးဖြစ် သည်။ နိုးကြားတက်ကြွသော လှုပ်ရှားမှုနှင့်အတူ ကျက်သရေရှိပြီးဖြစ်သည်။ ထိုမင်္ဂလာ ကျက်သရေအပေါင်းနှင့် ခညောင်းသော အရုဏ်ဦးကို ပိုမိုလှပခံ့ညားစေ ရန် ကျွန်တော်/ ကျွန်မ အားဖြည့်ရပါမည်။

       ကျွန်တော်/ကျွန်မသည် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ တစ်ဦးဖြစ်ပါသည်။ ပညာသင်ခြင်းသည် မင်္ဂလာတစ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် ပညာသင် ကျောင်းသား / ကျောင်းသူတစ်ဦး၏ စာအံသံသည်လည်း လောက၏ အလှတစ်ပါးပင်ဖြစ်သည်။ သို့ဖြစ်ရာ နံနက်ချိန်ခါ သင်အံစာ ဉာဏ်မှာ ပွင့်လင်း သည်”ဟူသည့်အတိုင်း နံနက်ခင်းလင်းအရုဏ်အတွက် စာအံသံဖြင့် ထပ်ဆင့်မင်္ဂလာ ရှိပါစေသတည်း။