ဖြိုးသာရ - သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုင်ရာပုံပြင်များ
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်စိုးစံသတဲ့။ အဲဒီ မင်းကြီးမှာ မဟိလာမုခလို့ခေါ်တဲ့ မင်္ဂလာဆင်တော်ရှိသတဲ့။ အဲဒီဆင်တော်ဟာ အကျင့် သီလနဲ့ပြည့်စုံပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နာကျင်အောင် မပြုတတ်ဘူးတဲ့ ကလေးတို့ရေ။
ဆင်တော်ကို ဥယျာဉ်တော်အတွင်း တောအုပ်အစပ်မှာ ဆင်တင်းကုပ်နဲ့ ထားတာ ဖြစ်တယ်။ တစ်နေ့မှာတော့ ခိုးသားတွေဟာ ဆင်တင်းကုပ်နားကို ရောက်လာကြသတဲ့။ သူတို့ဟာ တောအုပ်အတွင်း ခရီးသွားတွေဆီက ပစ္စည်းဥစ္စာတွေကို လုယက်ယူငင်ကြဖို့ တိုင်ပင်ကြတယ်။ လူကိုသတ်၊ ပစ္စည်းယူဖို့ အချင်းချင်း အကြံပြုကြတယ်။
ဆင်တော်ဟာ ခိုးသားဓားပြတွေရဲ့ စကားတွေကို ညစဉ်ကြားရသတဲ့။ ခိုးသားဓားပြ တွေကလည်း ညစဉ်လိုလို ဆင်တင်းကုပ်နားမှာလာပြီး တိုင်ပင်ကြတာကိုး။ အဲဒီမှာပဲ ဆင်တော်ဟာ ရုန့်ရင်းကြမ်းတမ်းတဲ့အပြုအမှုတွေကို ကြားရဖန်များပြီး နားယဉ်လာတော့ သတဲ့။
အဲဒီလိုနဲ့ ဆင်တော်ဟာ ရိုင်းပြတဲ့အသွင်ကို ပြောင်းလာတော့တယ်။ သူ့ဆီကို နံနက်တိုင်း ရောက်လာတဲ့လူကို ရန်မူတော့သတဲ့။
အဲဒီသတင်းကို ဘုရင်မင်းမြတ်ကြားသိတော်မူတဲ့အခါ အလွန်အံ့သြသွားတော့ တာပေါ့ ။ သူရဲ့ ဆင်တော်ဟာ အင်မတန်သိမ်မွေ့သီလကောင်းပြီး၊ နူးညံ့တဲ့အကျင့်ဓလေ့ရှိပါလျက် အခုလိုဖြစ်ရတဲ့အတွက် တော်တော်လည်း စိတ်မကောင်းဖြစ်သွားသတဲ့။
မင်းကြီးဟာ အမတ်ကြီးတစ်ယောက်ကို စေလွှတ်ပြီး ဒီအရေးစုံစမ်းပေးဖို့ မိန့်ကြား သတဲ့။ အဲဒီအမတ်ဟာ ဆင်ရဲ့ ကိုယ်ပေါ်မှာ ရောဂါရှာဖွေပေမယ့် မတွေ့ရဘူး။ ဘာ အကြောင်းကြောင့် အခုလို ဆင်တော်ပျက်စီးရသလဲ။ ဘယ်သူက ဆင်တော်ရဲ့ အကျင့်ကို ဖျက်ဆီးပစ်သလဲဆိုတာ စဉ်းစားဆင်ခြင်ရတော့တယ်။
အဲဒီအချိန်မှာပဲ အမတ်ကြီးက တွေးဆမိသွားတယ်။ တစ်စုံတစ်ယောက်ဟာ ဆင်တော်ရဲ့ အနီးမှာ မကောင်းတဲ့အမူအကျင့်တွေ ပြုမူပြောဆိုခြင်းဖြစ်နိုင်တယ်လို့ သုံးသပ် မိသွားတယ်။ ဒါနဲ့ ဆင်ထိန်းကို ခေါ်ပြီးမေးသတဲ့။
ဆင်ထိန်းလည်း အမေးကိုဖြေနိုင်ဖို့အတွက် နေ့နေ့ညည ဆင်တင်းကုပ်အနားမှာ တိတ်တဆိတ်ချောင်းမြောင်းစောင့်ကြည့်တော့တယ်။ အဲဒီမှာပဲ ညဘက်ခိုးသားဓားပြတို့ ဆင်တင်းကုပ်အနား စကားဆိုတိုင်ပင်ကြပုံကို တွေ့ရတော့တာပေါ့။ ဆင်ထိန်းလည်း အမတ်ကြီးကို ပြန်လျှောက်တင်လိုက်သတဲ့။ အမတ်ကြီးက သင့်တင့်အကြောင်းစုံသိရတဲ့ ဘုရင်ကြီးဟာ ဆင်တင်းကုပ်အနားပတ်ဝန်းကျင်ကို အစောင့်အကြပ်တွေချထားပြီး ညဘက်တွေမှာ ဆင်တင်းကုပ်အနီး သီလသမာဓိစကားတွေ ပြောကြားစေဖို့ စီစဉ်စေသတဲ့။
ဒီလိုနဲ့ ဆင်တော်ဟာ ယဉ်ကျေးသိမ်မွေ့တဲ့စကားတွေကို ကြားလာရပြီး၊ ရုန့်ရင်း ကြမ်းတမ်းတဲ့စိတ်တွေ ပျောက်ပျက်သွားရတော့တယ်။ ရဟန်း၊ ပုဏ္ဏားတို့ရဲ့ သီလသမာဓိ ရှိတဲ့ အပြောအဆိုတွေအပေါ်ယဉ်ပါးလာတဲ့ဆင်တော်ဟာ မင်္ဂလာရှိတဲ့ဆင်တော်အဖြစ်ကို ပြန်လည်ရောက်ရှိလာတော့တယ်။
တိရစ္ဆာန်သော်မှ လူမိုက်တွေရဲ့ အနီးအနားမှာရှိခဲ့ရင် ဆိုးသွမ်းစိတ်ဝင်တတ်သေး တာမို့ ကလေးတို့တစ်တွေလည်း လူမိုက်ကို မပေါင်းသင်းမပတ်သက်အပ်ဘူးဆိုတာ သတိပြုကြရအောင်နော်။